မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

မာဂုပညာရှိတို့သည် အဘယ်အချိန်တွင် ယေရှုထံ သွားရောက်လည်ပတ်ခဲ့ကြသနည်း။

‘အရှေ့ပြည်မှ မာဂုပညာရှိတို့’ သည်ယေရှုထံ လာရောက်လည်ပတ်ခဲ့ပြီး သူငယ်အတွက် လက်ဆောင်များယူဆောင်လာကြကြောင်း မဿဲခရစ်ဝင်ကျမ်းတွင် ကျွန်ုပ်တို့သိရှိရသည်။ (မဿဲ ၂:၁-၁၂) သူငယ်ယေရှုထံ လာရောက်လည်ပတ်ခဲ့သော ဤမာဂုပညာရှိများ သို့မဟုတ် နက္ခတ်ဗေဒင်ဆရာတို့ ဘယ်နှစ်ယောက်ဖြစ်သည်ဟူ၍ မဖော်ပြထားသည့်အပြင် သုံးယောက်ဖြစ်သည်ဟူသော အစဉ်အလာအယူအဆအတွက် ခိုင်လုံသောအခြေအမြစ်မရှိပါ၊ ကျမ်းစာမှတ်တမ်းတွင် သူတို့နာမည်ဖော်ပြထားခြင်းလည်းမရှိပါ။

စာအုပ်တစ်အုပ် (New International Version Study Bible) က မဿဲ ၂:၁၁ နှင့်ပတ်သက်၍ ဤသို့မှတ်ချက်ပေးထားသည်– “ထုံးထမ်းစဉ်လာနှင့်ဆန့်ကျင်လျက် မာဂုပညာရှိတို့သည် နွားစားခွက်ထဲရှိယေရှုကို သိုးထိန်းများသွားရောက်ကြည့်ရှုခဲ့သကဲ့သို့ သူငယ်ဖွားမြင်သည့်ညတွင် ယေရှုထံ မလည်ပတ်ခဲ့ကြပါ။ သူတို့သည် လအတန်ကြာပြီးနောက်မှ လာခဲ့ကြခြင်းဖြစ်ပြီး ‘အိမ်’ ထဲရှိ ‘သူငယ်’ အရွယ် ယေရှုထံလည်ပတ်ခဲ့ကြသည်။” ယင်းသည် ကလေးငယ်ကို သတ်ရန်ရှာကြံနေသောဟေရုဒ်မင်းက ဗက်လင်မြို့နှင့် ယင်းခရိုင်တစ်လျှောက်ရှိ နှစ်,နှစ်အရွယ်နှင့် နှစ်,နှစ်အောက်သားယောက်ျားမှန်သမျှကို သတ်ရန် သတ်ဖြတ်သူတို့အား အမိန့်ပေးခဲ့သည်ဟူသောအချက်နှင့် ကိုက်ညီ၏။ သူသည် “နက္ခတ်ဗေဒင်ဆရာတို့ထံမှ သေချာစွာ မေးမြန်းသိရှိထားသည့်အချိန်ကိုထောက်၍” ထိုအသက်အရွယ်အုပ်စုကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။—မဿဲ ၂:၁၆ကဘ။

ဤနက္ခတ်ဗေဒင်ဆရာများသည် သူငယ်ဖွားမြင်သောညတွင် ယေရှုထံ လာရောက်လည်ပတ်ခဲ့ပြီး ရွှေနှင့် အခြားအဖိုးတန်လက်ဆောင်များ ယူဆောင်ခဲ့ကြသည်ဆိုလျှင် မာရိသည် ရက်ပေါင်း ၄၀ ကြာသည့်နောက် ယေရုရှလင်မြို့ရှိဝတ်ပြုရာအိမ်တော်၌ ယေရှုကို ခေါ်ဆောင်ခဲ့ချိန်တွင် ငှက်နှစ်ကောင်သာ ဆက်သဖို့အကြောင်းမရှိချေ။ (လုကာ ၂:၂၂-၂၄) ယင်းသည် သိုးသငယ်ကို မတတ်နိုင်သော ဆင်းရဲသားများအတွက် ပညတ်တရားပါ အစီအစဉ်ဖြစ်၏။ (ဝတ်ပြုရာ ၁၂:၆-၈) သို့သော် ဤအဖိုးတန်လက်ဆောင်များသည် အီဂျစ်ပြည်တွင် ယေရှု၏မိသားစုနေထိုင်သုံးစွဲဖို့အတွက် အချိန်မီရောက်လာ၍ အသုံးတည့်သွားခြင်းဖြစ်ခဲ့ပေမည်။—မဿဲ ၂:၁၃-၁၅

ယေရှုသည် လာဇရုသင်္ချိုင်းဂူသို့ရောက်ရန် အဘယ်ကြောင့် လေးရက်ကြာခဲ့ရသနည်း။

အခြေခံအားဖြင့်၊ ကိစ္စရပ်များ ထိုသို့ဖြစ်ရန် ယေရှုစီစဉ်ခဲ့ပုံရသည်။ အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။ ယောဟန် အခန်းကြီး ၁၁ တွင်မှတ်တမ်းတင်ခဲ့သော ဖြစ်ပျက်ပုံကို သုံးသပ်ကြည့်ပါ။

ဗေသနိရွာတွင်နေထိုင်သူ၊ ယေရှု၏မိတ်ဆွေတစ်ဦးလည်းဖြစ်သူ လာဇရုသည် အသည်းအသန်ဖျားရာ သူ့အစ်မများက ယေရှုထံ သတင်းပို့ခဲ့သည်။ (အခန်းငယ် ၁-၃) ထိုအချိန်တွင် ယေရှုသည် ဗေသနိရွာမှ နှစ်ရက်ခရီးအကွာလောက်တွင် ရှိနေခဲ့သည်။ (ယောဟန် ၁၀:၄၀) ယေရှုထံ သတင်းရောက်သွားချိန်လောက်တွင် လာဇရုသေဆုံးသွားကြောင်း ထင်ရှား၏။ ယေရှု အဘယ်အရာပြုတော်မူခဲ့သနည်း။ ကိုယ်တော်သည် “ထိုအရပ်၌ နှစ်ရက်နေတော်မူ” ပြီးနောက် ဗေသနိရွာသို့ ထွက်ခဲ့သည်။ (အခန်းငယ် ၆၊ ၇) ထို့ကြောင့် နှစ်ရက်စောင့်ပြီးနောက် နှစ်ရက်ကြာခရီးသွားရခြင်းကြောင့် လာဇရုသေဆုံးပြီး လေးရက်ကြာမှ သင်္ချိုင်းဂူသို့ ကိုယ်တော်ရောက်ရှိခဲ့သည်။—အခန်းငယ် ၁၇

စောစောပိုင်းတွင် ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းအမှုနှစ်ခုကို ပြုတော်မူခဲ့သည်၊ တစ်ခုမှာ သေဆုံးသည်နှင့် ချက်ချင်းထမြောက်ပေးခြင်းဖြစ်ပြီး နောက်တစ်ခုမှာ သေဆုံးသည့်နေ့အတွင်းမှာပင် သေဆုံးပြီးအချိန်အတန်အရာကြာပြီးနောက် ရှင်ပြန်ထမြောက်ပေးခြင်းဖြစ်သည်။ (လုကာ ၇:၁၁-၁၇; ၈:၄၉-၅၅) သေဆုံးသည်မှာလေးရက်ကြာပြီဖြစ်ပြီး ရုပ်အလောင်းယိုယွင်းပျက်စီးစရှိသူကို ကိုယ်တော်ထမြောက်စေနိုင်ပါသလော။ (အခန်းငယ် ၃၉) စိတ်ဝင်စားစရာမှာ ကျမ်းစာရည်ညွှန်းစာအုပ်တစ်အုပ်က “လူတစ်ယောက်သေလွန်ပြီး လေးရက်ကြာလျှင် ရုပ်အလောင်းမှာ ပုပ်ပျက်စပြုနေပြီ၊ ရုပ်အလောင်းပေါ်တွင် သုံးရက်အထိ ရစ်ဝဲနေသည်ဟုယူဆသည့် ဝိညာဉ်စိုးလ်သည်ထွက်ခွာသွားပြီ” ဖြစ်၍ မျှော်လင့်ချက်မရှိနိုင်တော့ပါဟု ဂျူးလူမျိုးများယုံကြည်ကြောင်း ဆိုထားသည်။

အကယ်၍ သင်္ချိုင်းဂူ၌ စုရုံးရောက်ရှိနေသူတို့ထဲတွင် သံသယရှိသူရှိမည်ဆိုလျှင် သေခြင်းကိုအစိုးရသော ယေရှု၏တန်ခိုးကို မျက်မြင်ကိုယ်တွေ့ တွေ့ ကြရတော့မည်ဖြစ်၏။ ယေရှုသည် ပွင့်နေသောသင်္ချိုင်းဂူရှေ့ရပ်ကာ ကြီးသောအသံနှင့် ဤသို့ဟစ်ခေါ်၏– “လာဇရု ထွက်၍လာလော့!” ထိုအခါ “သေလွန်သောသူသည် . . . ထွက်လာ၏။” (အခန်းငယ် ၄၃၊ ၄၄) ရှင်ပြန်ထမြောက်ခြင်းသည် သေဆုံးပြီးနောက် ဝိညာဉ်စိုးလ်ဆက်ရှင်သည်ဟူသော လူအများ၏မှားယွင်းသည့်ယူဆချက်မဟုတ်ဘဲ သေလွန်သူတို့အတွက် စစ်မှန်သောမျှော်လင့်ချက်ပင်ဖြစ်သည်။—ယေဇကျေလ ၁၈:၄; ယောဟန် ၁၁:၂၅