မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့အဘယ်မှ လာကြသနည်း

ကျွန်ုပ်တို့အဘယ်မှ လာကြသနည်း

ကျွန်ုပ်တို့အဘယ်မှ လာကြသနည်း

ယင်းမေးခွန်း၏အဖြေသည် အဘယ်ကြောင့်အရေးကြီးသနည်း။ ကမ္ဘာပေါ်ရှိသက်ရှိများသည် မတော်တဆတိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာခဲ့သည်ဟု လူအများသွန်သင်ခံရသည်။ ဖြစ်နိုင်ဖွယ်မရှိသော၊ မတော်တဆဖြစ်ပျက်သော ဆင့်ကဲဖြစ်စဉ်များအားဖြင့် စိတ်ခံစားချက်၊ အသိဉာဏ်နှင့် ဘဝအဓိပ္ပာယ်ကို ပိုမိုလေးနက်စွာရှာဖွေလိုသည့် စိတ်ဆန္ဒရှိသော လူသားမျိုးနွယ်ကို ဖြစ်ပေါ်စေသည်ဟု သူတို့သွန်သင်ခံခဲ့ရသည်။

သို့သော် စဉ်းစားကြည့်ပါ– ကျွန်ုပ်တို့သည် တကယ်ပင် ဆင့်ကဲဖြစ်စဉ်မှဖြစ်လာကြသူများဖြစ်ပြီး ဖန်ဆင်းရှင်မရှိပါက လူသားမျိုးနွယ်သည် မိဘမဲ့ကလေးတစ်ဦးကဲ့သို့ ဖြစ်ချေမည်။ လူတို့တွင် တိုင်ပင်ဆွေးနွေးရန် ထူးကဲမြင့်မားသည့်ဉာဏ်ပညာ၏ရင်းမြစ်ရှိတော့မည်မဟုတ်၊ ကျွန်ုပ်တို့၏ပြဿနာများကို ကူညီဖြေရှင်းပေးမည့်သူတစ်ဦးမျှ ရှိတော့မည်မဟုတ်။ ဝန်းကျင်ဆိုင်ရာဘေးအန္တရာယ်ကို ရှောင်ရန်၊ နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏ပြဿနာများကို လမ်းညွှန်ပေးရန် လူ့ဉာဏ်ပညာကို မှီခိုအားထားရပေလိမ့်မည်။

ထိုရှုမြင်ချက်များက စိတ်ငြိမ်သက်မှုဖြစ်စေပါသလော။ မဖြစ်စေပါက နောက်တစ်ခုဖြစ်သော ထူးကဲမြင့်မားသည့်ဉာဏ်ပညာရှင်ရှိသည်ဟူသည့်အချက်ကို စဉ်းစားကြည့်ပါ။ ယင်းသည် ပို၍နှစ်သက်ဖွယ်ကောင်းရုံမက ဆင်ခြင်တုံတရားနှင့်လည်း ပို၍ညီညွတ်သည်။

သမ္မာကျမ်းစာမိန့်ဆိုသည့်အရာ

လူတို့သည် ဘုရားသခင်၏တိုက်ရိုက်ဖန်ဆင်းရာဖြစ်သည်ဟု သမ္မာကျမ်းစာသွန်သင်သည်။ ကျွန်ုပ်တို့သည် ဂရုစိုက်ခံရမှုမရှိသော၊ စဉ်းစားဉာဏ်မဲ့သောဆင့်ကဲဖြစ်စဉ်မှ ဖြစ်လာသည်မဟုတ်။ ယင်းအစား ကျွန်ုပ်တို့သည် မေတ္တာရှိပြီး ဉာဏ်ပညာရှိသောဖခင်၏သားသမီးများ ဖြစ်ကြသည်။ သမ္မာကျမ်းစာတွင်ပါသည့် ရှင်းလင်းသောဤဖော်ပြချက်များကို မှတ်သားပါ။

ကမ္ဘာဦး ၁:၂၇“ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား လူမိန်းမကို ဖန်ဆင်းတော်မူ၏။”

ဆာလံ ၁၃၉:၁၄“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏။”

မဿဲ ၁၉:၄-၆“အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။ ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်။”

တမန်တော် ၁၇:၂၄၊ ၂၅“လောကဓာတ်မှစ၍ လောကဓာတ်၌ရှိလေသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအရှင်ဖြစ်၍ လူတို့လက်ဖြင့်လုပ်သောဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍ တစ်စုံတစ်ခုကိုအလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။”

ဗျာ. ၄:၁၁‘အိုယေဟောဝါ၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။’

သမ္မာကျမ်းစာအဖြေက စစ်မှန်သောစိတ်ငြိမ်သက်မှု ဖြစ်စေပုံ

“မိသားစုတိုင်းသည် ကိုယ်တော်ကြောင့် အမည်နာမရရှိ” ကြောင်းသိရခြင်းက အခြားသူများအပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကို ပြောင်းလဲစေသည်။ (ဧဖက် ၃:၁၅ကဘ) ထိုသို့သောအသိပညာရှိခြင်းက ကျွန်ုပ်တို့ကိုယ်ကိုနှင့် ကျွန်ုပ်တို့၏ပြဿနာများအပေါ် ရှုမြင်ပုံကိုလည်း အကျိုးသက်ရောက်စေသည်။ ကျွန်ုပ်တို့၏အတွေးအခေါ်သည် အောက်ပါနည်းလမ်းများတွင် အကျိုးသက်ရောက်ပါလိမ့်မည်။

ခက်ခဲသောဆုံးဖြတ်ချက်များချရသည့်အချိန်တွင် တစ်ဦးတစ်ယောက်၏ဖီလာဆန့်ကျင်သော ထင်မြင်ယူဆချက်များကြောင့် ကျွန်ုပ်တို့အလွန်အကျွံစိုးရိမ်ကြမည်မဟုတ်ပါ။ ယင်းအစား ကျမ်းစာလမ်းညွှန်ချက်ကို ယုံကြည်စိတ်ချစွာ အားထားပါလိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလို့ငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ [ဆုံးမ] ခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏။”—⁠၂ တိမောသေ ၃:၁၆၊ ၁၇

မှန်ပါသည်၊ သမ္မာကျမ်းစာအကြံပေးချက်ကို လက်တွေ့ကျင့်သုံးခြင်းတွင် ကြိုးစားအားထုတ်မှုနှင့် မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှုတို့ပါဝင်၏။ တစ်ခါတစ်ရံ ယင်း၏လမ်းညွှန်ချက်သည် ကျွန်ုပ်တို့၏စိတ်အလိုနှင့်ဆန့်ကျင်ပုံပေါက်သည့် နည်းလမ်းများဖြင့် ပြုမူရန်ပင် တောင်းဆိုပေမည်။ (ကမ္ဘာဦး ၈:၂၁) သို့သော် ကျွန်ုပ်တို့သည် မေတ္တာရှိသောကောင်းကင်ခမည်းတော်တစ်ဦးအားဖြင့် ဖန်ဆင်းခံရသူများဖြစ်သည်ကို လက်ခံပါက လိုက်လျှောက်ရမည့်အကောင်းဆုံးလမ်းစဉ်ကို ကိုယ်တော်သိတော်မူသည်ဟူ၍ ကောက်ချက်ချရန် ကျိုးကြောင်းညီညွတ်မှုရှိလှသည်။ (ဟေရှာယ ၅၅:၉) ထို့ကြောင့် ကိုယ်တော့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့အား ဤသို့အာမခံထား၏– ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။’ (သု. ၃:၅၊ ၆) ထိုအကြံပေးချက်ကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးပါက ပြဿနာများနှင့်ရင်ဆိုင်ရချိန်၊ ဆုံးဖြတ်ချက်များချချိန်တွင် ကျွန်ုပ်တို့တွေ့ကြုံသည့် စိုးရိမ်ပူပန်မှုများစွာကို ကင်းရှင်းစေပါလိမ့်မည်။

စိတ်စွန်းကွက်မှုနှင့်ရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့သည် အခြားလူမျိုး သို့မဟုတ် အခြားယဉ်ကျေးမှုနောက်ခံရှိသူတို့ထက် တစ်နည်းနည်းဖြင့် နိမ့်ကျသည်ဟူ၍ စဉ်းစားကာ သိမ်ငယ်စိတ်ကြောင့် အနှောင့်အယှက်ဖြစ်မည်မဟုတ်ပါ။ ယင်းအစား၊ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုလေးစားသော မျှတသည့်အမြင်ကို မွေးမြူကြမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏ဖခင်၊ ယေဟောဝါဘုရားသခင်သည် “မျက်နှာလိုက်တော်မမူ၊ . . . လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။”—⁠တမန်တော် ၁၀:၃၄၊ ၃၅ကဘ။

ဤသို့သိထားခြင်းဖြင့် စိတ်စွန်းကွက်မှုကြောင့် အခြားသူတို့အပေါ်ထားရှိသော ကျွန်ုပ်တို့၏စိတ်နေသဘောထားမပြောင်းသွားစေရန် ကျွန်ုပ်တို့ကို ကာကွယ်ပါလိမ့်မည်။ ဘုရားသခင်သည် “မြေတစ်ပြင်လုံး၌နေရသောလူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ” သည်ဖြစ်၍ အခြားမျိုးနွယ်ထက် မြင့်မြတ်သည်ဟု ခံစားရန် ခိုင်လုံသောအကြောင်းရင်းမရှိကြောင်း ကျွန်ုပ်တို့နားလည်လာပါလိမ့်မည်။—⁠တမန်တော် ၁၇:၂၆

သေချာသည်ကား ကျွန်ုပ်တို့သည် ဖန်ဆင်းခံရသူများဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည်  ကျွန်ုပ်တို့ကိုဂရုစိုက်ကြောင်းသိထားခြင်းက  စစ်မှန်သောစိတ်ငြိမ်သက်မှုရှိရန်  အုတ်မြစ်ချပေးသည်။ သို့သော် အတွင်းငြိမ်သက်မှုကို ဆက်လက်ထိန်းသိမ်းဖို့ဆိုလျှင် နောက်ထပ်လိုအပ်သည့်အရာရှိသေး၏။

[စာမျက်နှာ ၄ ပါပုံစာ]

လူသားမျိုးနွယ်သည် ဆင့်ကဲဖြစ်လာ ခဲ့သလော

[စာမျက်နှာ ၅ ပါပုံစာ]

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကိုဂရုစိုက်ကြောင်း သိထားခြင်းက စစ်မှန်သောစိတ်ငြိမ်သက်မှုရရှိစေနိုင်