မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကယ်တင်ဖို့ လိုအပ်!

ကယ်တင်ဖို့ လိုအပ်!

အမေရိကန်ပြည်ထောင်စု၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့အနီးရှိ ကျောက်မီးသွေးတွင်းတစ်ခုသည် သန်းနှင့်ချီသော ရေဂါလံများစွာကြောင့် ရုတ်တရက် ရေဖုံးလွှမ်းသွားခဲ့သည်။ ကျောက်မီးသွေး တွင်းတူးသမား ကိုးယောက်သည် မြေအောက် ပေ ၂၄၀ ရှိ လေခိုနေသည့်နေရာလေးတစ်ခုတွင် ပိတ်မိခဲ့ကြသည်။ သုံးရက်အကြာတွင် သူတို့သည် ဘေးမသီရန်မခ ကျန်းကျန်းမာမာ မြေပြင်ပေါ်သို့ ပြန်ရောက်ရှိလာခဲ့ကြသည်။ မည်သို့ ကယ်တင်ခံခဲ့ရကြသနည်း။

ကျောက်မီးသွေးတွင်း မြေပုံနှင့် ကမ္ဘာ့နေရာဒေသများပြ နည်းစနစ် အကူအညီဖြင့် ကယ်ဆယ်သူများသည် လက်မ ၃၀ ကျယ်သောအပေါက်ကို ဖောက်ပြီး ရှည်မျောမျော လှောင်ချိုင့်ကို ထိုလူစုရှိရာသို့ ချပေးသည်။ ထိုလှောင်ချိုင့်ဖြင့် ကျောက်မီးသွေး တွင်းတူးသမားများကို သူတို့၏ သေတွင်းဖြစ်နိုင်သည့်နေရာမှ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ သယ်ထုတ်ခဲ့ကြသည်။ ကယ်တင်ခံရသူအားလုံးသည် ပျော်ရွှင်၊ စိတ်သက်သာရာရခဲ့ကြပြီး သူတို့ကယ်တင်ခံရသည့်အတွက် ကျေးဇူးတင်ကြသည်။

ကျွန်ုပ်တို့ အများစုသည်  ထိုကျောက်မီးသွေး တွင်းတူးသမား ကိုးယောက်ကဲ့သို့ မြေအောက်တွင် တစ်ခါမျှ ပိတ်မိမခံခဲ့ရ သို့မဟုတ် ရုတ်တရက် အကြီးအကျယ်ဖြစ်ပွားသည့်ဘေးတွင် အသက်အန္တရာယ် ကြုံဖူးကြမည် မဟုတ်ပါ။ သို့သော် ကျွန်ုပ်တို့အားလုံး ကယ်တင်ခံရဖို့ လိုသည်၊ အကြောင်းမှာ ဖျားနာမှု၊ အသက်အရွယ်ကြီးရင့်မှုနှင့် နောက်ဆုံး သေခြင်း၏ အကျိုးဆက်များမှ မလွတ်မြောက်နိုင်ကြသောကြောင့် ဖြစ်သည်။ ‘လူသည် မိန်းမဖွားသောသူဖြစ်သဖြင့် အသက်တို၍ ဆင်းရဲခြင်းနှင့် ပြည့်စုံပါ၏။ ပန်းပွင့်ကဲ့သို့ ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်’ သည်ဟု တည်ကြည်သူ ဘိုးဘေးယောဘ ဖော်ပြခဲ့သည်။ (ယောဘ ၁၄:၁၊ ၂) နှစ်ပေါင်း ၃,၅၀၀ ခန့်ကျော်ပြီဖြစ်သော ယနေ့အချိန်တွင် ထိုစကားများ ဆက်၍မှန်ကန်နေဆဲပင်၊ အကြောင်းမှာ ကျွန်ုပ်တို့ထဲမှ အဘယ်သူသည် ဘဝ၏ ဆိုးဝါးသောနိဂုံးဖြစ်သည့် သေခြင်းမှ လွတ်မြောက်နိုင်သနည်း။ ကျွန်ုပ်တို့သည် မည်သည့်နေရာတွင် နေထိုင်ပါစေ၊ ကျွန်ုပ်တို့၏ကျန်းမာရေးကို မည်မျှပင် ဂရုစိုက်သည်ဖြစ်ပါစေ ဆင်းရဲခက်ခဲခြင်း၊ အသက်အရွယ် အိုမင်းခြင်းနှင့် သေခြင်းတို့၏ ချုပ်နှောင်မှုမှ ကယ်တင်ခံရဖို့ လိုအပ်၏။

သိပ္ပံပညာရှင်များနှင့် အခြားသုတေသီများသည် သာမန်လူ့သက်တမ်းအဖြစ် ယနေ့လူတို့ ရှုမြင်ကြသည့် သက်တမ်းထက် ကျော်လွန်၍ အသက်ကို ပိုရှည်စေရန် ကြိုးစားအားထုတ်ကြသည်။ အဖွဲ့အစည်းတစ်ခုက ၎င်း၏ရည်မှန်းချက်မှာ “ရှောင်လွှဲ၍မရသော သေခြင်းကို အောင်နိုင်ရန်” နှင့် “လူ့ကိုယ်ခန္ဓာကို မသေနိုင်သည့်အဖြစ်သို့ ရောက်ရှိနိုင်စေရန် ကြိုးစားရာ၌ အထမြောက်အောင်မြင်အောင် ၎င်း၏အဖွဲ့ဝင်များအား ကူညီပေးဖို့” ဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော် တိုးတက်သော သိပ္ပံပညာနှင့် အောင်မြင်ရန် ပြင်းပြသောဆန္ဒတို့ ပေါင်းစပ်ထားမှုတို့သည်ပင် လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ က မောရှေ ဖော်ပြခဲ့သော လူ့သက်တမ်းအနှစ် ၇၀ သို့မဟုတ် ၈၀ ကိုကျော်၍ မတိုးစေနိုင်ခဲ့ချေ။​—⁠ဆာလံ ၉၀:၁၀

ဘဝနှင့် သေခြင်းအပေါ် ယောဘ၏ ခံစားချက်များကို သင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ရှောင်လွဲ၍မရသောအရာမှာ နှစ်များကုန်လွန်သည်နှင့်အမျှ သင်လည်း သင့်မိတ်ဆွေများ၊ မိသားစု၊ အိမ်နှင့် သင့်ပြီးမြောက်အောင်မြင်ခဲ့မှုများမှ “အရိပ်ကဲ့သို့ ရွေ့သွား” ပြီး သေခြင်းသို့ ရောက်ရသည်။ ရှေးပညာရှိဘုရင်ရှောလမုန် ဤသို့ရေးသားခဲ့သည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကို သိ၏။ သေသောသူမူကား အဘယ်အရာကိုမျှ မသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။”​—⁠ဒေ. ၉:⁠၅

သမ္မာကျမ်းစာ ရှင်းပြသည့်အတိုင်း ဝမ်းနည်းဖွယ်ကောင်းသော အဖြစ်မှန်ကား သေခြင်းသည် ရက်စက်ကြမ်းကြုတ်သော မင်းတစ်ပါးကဲ့သို့ လူသားတို့အပေါ်တွင် “အစိုးရ၏” ဟူသည့် အချက်ဖြစ်သည်။ မှန်ပါသည်၊ နောက်ဆုံးရန်သူတည်းဟူသော သေခြင်းမှ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ လိုအပ်သည်။ (ရောမ ၅:၁၄။ ၁ ကောရိန္သု ၁၅:၂၆) ကမ္ဘာပေါ်ရှိ အကောင်းဆုံးလေ့ကျင့်မှုနှင့် အကောင်းဆုံးပစ္စည်းများကိုသုံးသည့် အရေးပေါ်လုပ်သားများက သင့်အား ထာဝစဉ် မကယ်တင်နိုင်ပါ။ သို့သော် လူ့ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ထိုသို့သောကယ်တင်ခြင်းကို စနစ်တကျ စီစဉ်ခဲ့သည်။.