မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငါ့ကို တရားလမ်းထဲသို့ သွေးဆောင်တော်မူ၏’

‘ငါ့ကို တရားလမ်းထဲသို့ သွေးဆောင်တော်မူ၏’

‘ငါ့ကို တရားလမ်းထဲသို့ သွေးဆောင်တော်မူ၏’

အော်လ်ဂါ ကမ်ဘယ်လ် ပြောပြသည်

“ကောင်းတဲ့ပုံသက်သေဟာ တခြားသူတွေလာဖို့အတွက် အချက်ပေးတဲ့ ခေါင်းလောင်းနဲ့တူတယ်။ အစ်မက ခေါင်းလောင်းတီးတဲ့အတွက် ကျွန်မတုံ့ပြန်ခဲ့တယ်” လို့ ညီမလေး အယ်မလီက ပြောပါတယ်။ အချိန်ပြည့်အမှုတော်ဆောင်လုပ်ငန်းမှာ နှစ်ပေါင်း ၆၀ ပြည့်တဲ့နှစ်မှာ ဝမ်းသာဂုဏ်ယူတဲ့အကြောင်း သူအဲ့လိုစာရေးခဲ့တယ်။ ကျွန်မရဲ့အစောပိုင်းဘဝအသက်တာနဲ့ ဒီနှစ်ရှည်ကြာတဲ့အလုပ်ကို စပြီးဘယ်လိုလုပ်ဆောင်ခဲ့ပုံကို ပြောပြပါရစေ။

ကျွန်မကို ဇန်နဝါရီ ၁၉၊ ၁၉၂၇ မှာ ကနေဒါနိုင်ငံ အနောက်အလယ်ပိုင်း ဆက်စ်ခက်ချဝမ်ပြည်နယ်၊ ဝါကာမြို့နားမှာနေတဲ့ ယူကရိန်းလူမျိုး လယ်သမားမိသားစုကနေ မွေးဖွားခဲ့တယ်။ ကျွန်မရဲ့အမြွှာမောင်လေးဘီလ်နဲ့ ကျွန်မက ကလေးရှစ်ယောက်ထဲက ခြောက်ယောက်မြောက်နဲ့ ခုနစ်ယောက်မြောက်ကလေးတွေဖြစ်တယ်။ ကျွန်မတို့ကလေးတစ်သိုက်ဟာ အလုပ်ကြိုးစားတဲ့အဖေ့ကို လယ်ကွင်းမှာအကူအညီပေးခဲ့ကြတယ်။ ကျွန်မတို့ရဲ့အိမ်သေးသေးလေးမှာ အမေဟာ အဆစ်ရောင်ရောဂါကြောင့် အကြီးအကျယ်နာကျင်နေတဲ့ကြားက ကျွန်မတို့ကို ကျွေးမွေးပြုစုခဲ့တယ်၊ အဲ့ဒီရောဂါနဲ့ပဲ အမေဆုံးပါးသွားတယ်။ အမေဆုံးတဲ့အချိန်မှာ အသက် ၃၇ နှစ်ပဲရှိသေးတယ်၊ ကျွန်မကတော့ ၄ နှစ်ပါ။

အမေဆုံးပြီး ခြောက်လကြာတဲ့အခါ အဖေ နောက်အိမ်ထောင်ပြုခဲ့တယ်။ မကြာခင်မှာပဲ ကျွန်မတို့အိမ်ဟာ အဖေတူအမေကွဲ နောက်ထပ်ညီမငါးယောက်ရှိလာတော့ ကျွန်မတို့အိမ်ဟာ အခြေအနေတင်းမာမှုတွေနဲ့ ပြည့်လာခဲ့တယ်။ မိထွေးကိုရိုသေဖို့ ကျွန်မကြိုးစားခဲ့ပေမဲ့လည်း ကျွန်မအစ်ကိုဂျွန်ကတော့ အခြေအနေပိုတင်းမာလာခဲ့တယ်။

၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့နှောင်းပိုင်းနှစ်တွေမှာ ဘီလ်နဲ့ကျွန်မ အလယ်တန်းကျောင်းတက်ရတဲ့အတွက် အိမ်မှာဖြစ်နေတဲ့စိတ်သောကတွေကနေ ကင်းလွတ်နိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်စဖြစ်ခါနီးတဲ့အတွက် မျိုးချစ်စိတ်ဓာတ်ပြည့်လွှမ်းနေတယ်။ ကျွန်မတို့ရဲ့ဆရာမအသစ်က အမျိုးသားအထိမ်းအမှတ်ကို အရိုအသေပြုတဲ့အမှတ်အသား လုပ်ခိုင်းတယ်၊ မိန်းကလေးတစ်ယောက်က မလုပ်ဘဲငြင်းဆိုခဲ့တယ်။ ကျောင်းသူ ကျောင်းသားတွေဟာ သူ့ကိုရိုင်းရိုင်းစိုင်းစိုင်းပြောဆိုကြတော့တယ်။ ဒါပေမဲ့လည်း သူ့ရဲ့သတ္တိကို ကျွန်မအံ့သြတဲ့အတွက် ဘာဖြစ်လို့ငြင်းတာလဲလို့ သူ့ကိုမေးခဲ့တယ်။ သူက ယေဟောဝါသက်သေတွေကို အဲ့ဒီအချိန်တုန်းကခေါ်ခဲ့တဲ့ ကျမ်းစာကျောင်းသားတစ်ဦးဖြစ်တဲ့အကြောင်း၊ ဘုရားသခင်တစ်ပါးတည်းကိုသာ မသွေမဖည်တည်ကြည်တဲ့အကြောင်း ရှင်းပြတယ်။—ထွက်မြောက်ရာ ၂၀:၂၊ ၃; တမန်တော် ၅:၂၉

မိမိဘာသာရုန်းကန်ခြင်း

၁၉၄၃ ခုနှစ်မှာ ပရင့်စ်အဲလဘတ်မြို့မှာ အလုပ်တစ်ခုရခဲ့တယ်၊ အအေးဘူးတွေကို ကုန်တင်ကားတွေပေါ် တင်ပေးရပြီး လိုက်ပို့ရတဲ့အလုပ်ဖြစ်တယ်။ ဘုရားသခင်ဆီက လမ်းညွှန်မှုရလိုတဲ့အတွက် သမ္မာကျမ်းစာအုပ်တစ်အုပ်ဝယ်လိုက်တယ်၊ ဒါပေမဲ့ နားလည်ဖို့ခက်လွန်းတာကြောင့် စိတ်ပျက်ပျက်နဲ့ မျက်ရည်ကျခဲ့ရတယ်။ သမ္မာကျမ်းစာနဲ့ပတ်သက်တဲ့ ကျွန်မသိသမျှအသိပညာအားလုံးပေါင်းလိုက်ရင် သခင့်ဆုတောင်းချက်ပဲရှိတယ်။—မဿဲ ၆:၉-၁၃

တနင်္ဂနွေနေ့တစ်နေ့မှာ ချာ့ခ်ျသွားနေကျဖြစ်တဲ့ ကျွန်မတို့ရဲ့အိမ်ရှင်အမျိုးသမီးက “ကျမ်းစာအမျိုးသမီး” တစ်ဦးကို တံခါးပေါက်ကနေ မောင်းထုတ်လိုက်တဲ့အကြောင်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ပြောပြတယ်။ ‘မယဉ်ကျေးလိုက်တာ’ လို့ကျွန်မစဉ်းစားမိတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာပြီးတဲ့နောက် ကျွန်မနေသိပ်မကောင်းတာနဲ့ ချာ့ခ်ျမသွားဘဲ အိမ်မှာနေခဲ့တယ်။ အဲ့ဒီနေ့မှာပဲ “ကျမ်းစာအမျိုးသမီး” ပြန်လာတယ်။

“ဆုတောင်းလား” လို့ကျွန်မကို သူမေးတယ်။

“သခင့်ဆုတောင်းချက်ကို တောင်းတယ်” လို့ကျွန်မပြန်ဖြေတယ်။

ယေရှုရဲ့ဆုတောင်းချက်အဓိပ္ပာယ်ကို သူရှင်းပြတဲ့အခါ စိတ်ဝင်တစားနဲ့ ကျွန်မနားထောင်ခဲ့တယ်။ လာမယ့်ဗုဒ္ဓဟူးနေ့ပြန်လာမယ်လို့ သူကတိပေးခဲ့တယ်။

ကျွန်မတို့ရဲ့အိမ်ရှင်အမျိုးသမီး အိမ်ပြန်ရောက်လာတဲ့အခါ ယေဟောဝါသက်သေတစ်ဦးဖြစ်တဲ့ “ကျမ်းစာအမျိုးသမီး” အကြောင်း စိတ်လှုပ်ရှားစွာနဲ့ သူ့ကိုပြောပြလိုက်တယ်။ အိမ်ရှင်အမျိုးသမီးက “သူ ဗုဒ္ဓဟူးနေ့ပြန်လာမယ်ဆိုရင် သူ့ကိုရော၊ မင်းကိုရော နှစ်ယောက်စလုံးကို အိမ်ကနေ ငါမောင်းထုတ်မယ်” လို့ခြိမ်းခြောက်တဲ့အတွက် ကျွန်မလန့်သွားတယ်။

မစ္စစ် ရမ်ပယ်လို့ကျွန်မသိခဲ့ရတဲ့ သက်သေခံအမျိုးသမီးကို အနီးအနားပတ်ဝန်းကျင်မှာ ပိုက်စိပ်တိုက်ရှာဖွေခဲ့တယ်။ သူ့ကိုတွေ့တဲ့အခါ ကျွန်မရဲ့အခက်အခဲကို ရှင်းပြပြီး သမ္မာကျမ်းစာအကြောင်း သူသိထားသလောက် ကျွန်မကိုပြောပြဖို့ သူ့ကိုတောင်းဆိုခဲ့တယ်။ ကျမ်းစာအစအဆုံး တစ်အုပ်လုံးကို ကျွန်မတို့ခြုံငုံသုံးသပ်ခဲ့ပုံရတယ်။ ဘုရားသခင်ဟာ မဖြောင့်မတ်တဲ့လောကကို အဆုံးတိုင်စေခဲ့ပြီး နောဧနဲ့ သူ့မိသားစုကို သန့်ရှင်းတဲ့ကမ္ဘာထဲ ကယ်နုတ်ခဲ့တဲ့ နောဧခေတ်နဲ့ အခုအစီအစဉ်စနစ်ကို နှိုင်းယှဉ်ပြခဲ့တယ်။—မဿဲ ၂၄:၃၇-၃၉; ၂ ပေတရု ၂:၅; ၃:၅-၇၊ ၁၂

အချိန်အတော်ကြာဆွေးနွေးပြီးသွားတဲ့အခါ မစ္စစ် ရမ်ပယ်က ဒီလိုကောက်ချက်ချတယ်– “ဒီသမ္မာကျမ်းစာသွန်သင်ချက်တွေကို အမှန်တရားအဖြစ် မင်းလက်ခံတယ်ဆိုတာကို ငါတွေ့ရတယ်။ လာမယ့်နှစ်ပတ်လောက်မှာ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲတစ်ခုရှိတယ်၊ အဲ့ဒီမှာ မင်းနှစ်ခြင်းခံသင့်တယ်။” အဲ့ဒီညမှာ ကျွန်မသိရှိခဲ့တဲ့အရာအားလုံးကို ပြန်စဉ်းစားနေတဲ့အတွက် လုံးလုံးကိုနိုးနေခဲ့တယ်။ နှစ်ခြင်းခံတာဟာ ကျွန်မအတွက် တကယ့်ကိုအရေးတကြီးလုပ်ဆောင်ရမယ့် ခြေလှမ်းတစ်ခု ဖြစ်နေတော့တယ်။ ဒါပေမဲ့ ကျွန်မ ဘုရားသခင့်အလိုတော်ဆောင်ချင်တယ်။ ကျွန်မရဲ့သမ္မာကျမ်းစာအသိပညာက အကန့်အသတ်သာဖြစ်ပေမဲ့လည်း အောက်တိုဘာ ၁၅၊ ၁၉၄၃၊ ကျွန်မအသက် ၁၆ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။

နိုင်ငံတစ်ဖက်သို့ ပြောင်းရွှေ့ခြင်း

နိုဝင်ဘာလမှာ ကျွန်မအစ်ကို ဖရက်ဒ်က ကနေဒါနိုင်ငံ အရှေ့ပိုင်း တိုရွန်တိုမြို့မှာရှိတဲ့ သူ့ရဲ့သုံးထပ်အဆောက်အအုံမှာ အိမ်မှုစီမံသူအနေနဲ့ အလုပ်လုပ်ပေးဖို့ ကျွန်မကိုတောင်းဆိုခဲ့တယ်။ အဲ့ဒီမှာ ယေဟောဝါကိုဝတ်ပြုကိုးကွယ်ဖို့ ပိုပြီးလွတ်လပ်ခွင့်ရနိုင်တယ်လို့ မျှော်လင့်ချက်နဲ့ ကျွန်မလက်ခံခဲ့တယ်။ ကျွန်မမသွားခင် ဆက်စ်ခက်ချဝမ်ပြည်နယ်နားမှာနေဆဲဖြစ်တဲ့ ကျွန်မအစ်မ အန်းဆီကိုလည်ပတ်ခဲ့တယ်။ သူနဲ့ အစ်မဒေါရစ်တို့က ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေပြီး ကျွန်မကိုလည်း လေ့လာဖို့အားပေးတဲ့အခါ ကျွန်မအံ့သြခဲ့ရတယ်။ ဒါနဲ့ ကျွန်မရဲ့လျှို့ဝှက်ချက်ဖြစ်တဲ့ ကျွန်မဟာ နှစ်ခြင်းခံပြီးသားသက်သေခံတစ်ယောက်ဖြစ်တဲ့အကြောင်း ပြောပြလိုက်တယ်။

ကျွန်မရဲ့ညီမ အယ်မလီနဲ့ ကျွန်မဟာ  တိုရွန်တိုမြို့ကို ရထားစီးပြီးခရီးရှည်နှင်လာခဲ့ကြတယ်။ ဘီလ်က ကျွန်မတို့ကို ဘူတာရုံမှာလာကြိုပြီး ဖရက်ဒ်နဲ့ဂျွန်တို့အတူနေတဲ့အိမ်ကို ကျွန်မတို့ကိုခေါ်သွားတယ်။ ဒီအိမ်မှာ တခြားဘယ်သူနေသေးသလဲလို့ ဖရက်ဒ်ကို ကျွန်မမေးလိုက်တယ်။ သူက “မင်းယုံနိုင်မှာမဟုတ်ဘူး။ ငါတို့ဇာတိမြို့က အဲလက်စ် ရိဒ်ကိုသိတယ်မဟုတ်လား။ သူအပေါ်ထပ်မှာနေတယ်၊ အဲ့ဒီငပေါက ကျမ်းစာကျောင်းသားတွေကို စိတ်ဝင်စားနေတယ်” လို့ပြောတယ်။ ကျွန်မဖြင့် ဝမ်းသာသွားတာပဲ။

အဲလက်စ်ကိုတွေ့ဖို့ ခြေသံဖော့ဖော့နင်းပြီး အပေါ်ထပ်ကိုတက်သွားလိုက်တယ်၊ အဲ့ဒီညမှာကျင်းပတဲ့ အစည်းအဝေးကိုတက်ဖို့ စီစဉ်လိုက်တယ်။ ကျွန်မရဲ့အစ်ကိုတွေ ကျွန်မကိုမတားနိုင်ခင် အဲ့ဒီညမှာပဲချက်ချင်းတက်ချင်ခဲ့တယ်။ မကြာခင်မှာပဲ ကျမ်းစာသင်အံမှုကို စနစ်တကျတစ်ခါမှမသင်ခဲ့ရပေမဲ့ ဦးဆုံးအကြိမ် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ ကျွန်မကလေးဘဝကတတ်ထားတဲ့ ယူကရိန်းဘာသာစကားကိုသုံးပြီး ဟောပြောရတာ ဝမ်းသာစရာပါ။

ဘီလ်ဟာ ကင်းမျှော်စင်ဖတ်တာကို နှစ်သက်တယ်၊ သူ့အခန်းထဲမှာ ကျွန်မမကြာခဏ ထားထားပေးတယ်။ ကနေဒါအနောက်ပိုင်း ဗြိတိသျှ ကိုလံဘီယာပြည်နယ်ကို သူပြောင်းသွားပြီးတဲ့နောက် ကင်းမျှော်စင်နှစ်စဉ်ကြေး လက်ဆောင်ကို ကျွန်မပို့ပေးခဲ့တယ်။ သူဟာ စကားနည်းတဲ့သူဖြစ်ပေမဲ့ သူ့ရဲ့ကျေးဇူးတင်မှုကို စာဆယ်မျက်နှာရေးပြီး ဖော်ပြခဲ့တယ်။ အချိန်တန်တဲ့အခါ သူ့ရဲ့အသက်တာကို ယေဟောဝါထံအပ်နှံပြီး ထက်သန်တဲ့ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦး ဖြစ်လာခဲ့တယ်။ ကျွန်မရဲ့မွေးချင်းတွေထဲက ငါးယောက်ဖြစ်တဲ့ ဘီလ်၊ အန်း၊ ဖရက်ဒ်၊ ဒေါရစ်နဲ့ အယ်မလီတို့ဟာ ယေဟောဝါကိုအပ်နှံတဲ့ ဝတ်ပြုကိုးကွယ်သူတွေဖြစ်လာတဲ့အတွက် ကျွန်မအရမ်းဝမ်းသာခဲ့ရတယ်။

မေ ၂၂၊ ၁၉၄၅ ခုနှစ်မှာ ကနေဒါအစိုးရက ယေဟောဝါသက်သေတွေရဲ့လုပ်ငန်း ပိတ်ပင်ထားတာကို ပယ်ဖျက်ပေးခဲ့တယ်။ * တကယ်တော့ အဲ့ဒီကြေညာချက်ကို မကြားရသေးခင်က ကျွန်မတို့ဟာ ပိတ်ပင်မှုအောက်မှာရှိနေတယ်ဆိုတာ ကျွန်မမသိခဲ့ဘူး။ ကျွန်မသူငယ်ချင်း ဂျူဒီ လူကာစ်နဲ့ကျွန်မဟာ ပိုပြီးအရှေ့ပိုင်းကျတဲ့ ပြင်သစ်စကားပြော ကွီဘက်ပြည်နယ်မှာ ရှေ့ဆောင်တွေအနေနဲ့ အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အစ်မဒေါရစ်နဲ့ ညီမအယ်မလီက ကျွန်မတို့ရဲ့အစီအစဉ်ကိုကြားတဲ့အခါ သူတို့ကလည်း နိုင်ငံရဲ့တခြားတစ်ဖက်ဖြစ်တဲ့ ဗြိတိသျှကိုလံဘီယာပြည်နယ် ဗဲန်ကူးဗားမှာ ရှေ့ဆောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။

ကွီဘက်တွင် သက်သေခံတို့အပေါ် စိတ်စွန်းကွက်မှု

ကွီဘက်ကိုပြောင်းသွားတာဟာ နေရာပြောင်းရုံလောက်ဘဲမဟုတ်ခဲ့ဘူး။ သက်သေခံတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကြောင့် ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကို ကြုံတွေ့ခဲ့ရတယ်။ * ဘုရားသခင်နှင့် ခရစ်တော်ကို ကွီဘက် အပြင်းအထန်မုန်းတီးခြင်းနှင့် လွတ်လပ်မှုသည် ကနေဒါလူမျိုးအတွက် ရှက်ဖွယ်ဖြစ် ဆိုတဲ့ ဝေစာကိုဝေငှတဲ့နေရာမှာပါဝင်ရတာ တကယ့်ပျော်စရာပါ။ သက်သေခံတွေအပေါ် စိတ်စွန်းကွက်မှုအကြောင်း အဲ့ဒီဝေစာမှာ ပွင့်ပွင့်လင်းလင်းဖော်ပြထားတယ်။

၁၆ ရက်လုံးလုံး မနက်နှစ်နာရီကစပြီး အိမ်တံခါးပေါက်တွေရဲ့အောက်ကနေ ဝေစာတွေကို တိတ်တဆိတ်လျှောသွင်းခဲ့ကြတယ်။ တိုက်ခန်းတွဲအိမ်တစ်လုံးမှာရှိနေတုန်း ရဲသားတွေ ကျွန်မတို့ကိုဖမ်းဖို့လာနေတာကို တွေ့လိုက်တယ်။ လမ်းသွယ်လေးတစ်ခုမှာ ပုန်းနေလိုက်တဲ့အတွက် အဖမ်းမခံရဘဲလွတ်သွားတယ်။ နောက်နေ့မှာ ကင်းမျှော်စင်နဲ့ နိုးလော့!ဝေဖို့အတွက် လမ်းမတွေပေါ်ပြန်သွားကြတယ်။ လတွေကုန်လာတာနဲ့အမျှ ကျွန်မတို့မရေမတွက်နိုင်တော့တဲ့အထိ အကြိမ်ကြိမ်အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရတဲ့အခါ အဆင်သင့်ဖြစ်ဖို့အတွက် သွားတိုက်တံနဲ့ မျက်ခုံးမွေးဆွဲတံကို အမြဲယူသွားခဲ့တယ်။

၁၉၄၆၊ နိုဝင်ဘာလမှာ သက်သေခံတွေရဲ့ ကမ္ဘာချီလုပ်ငန်းကို ဦးဆောင်နေတဲ့ နေသန် နောရ်က နယူးယောက်၊ ဘရွတ်ကလင်ကနေ လာလည်ပတ်ခဲ့တယ်။ ကွီဘက်မှာရှိတဲ့ ရှေ့ဆောင် ၆၄ ယောက်ကို နယူးယောက်၊ လန်စင်းတောင်ပိုင်းမှာရှိတဲ့ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း နဝမအကြိမ်မြောက်သင်တန်းကိုတက်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဲ့ဒီကျောင်းမှာ ကျမ်းစာသွန်သင်ချက်တွေကို ငါးလကြာအာရုံစိုက်လေ့လာခဲ့ရတယ်။ ၁၉၄၇၊ ဩဂုတ်လမှာသင်တန်းဆင်းပြီး ကျွန်မတို့ကို ကွီဘက်ပြည်နယ်တစ်လျှောက်မှာရှိတဲ့ မြို့ငယ်လေးတွေမှာ အသင်းတော်သစ်တွေစဖွဲ့စည်းဖို့ စေလွှတ်ခဲ့တယ်။

အကျိုးဖြစ်ထွန်းသော အမှုဆောင်လုပ်ငန်း

ကျွန်မတို့ အမျိုးသမီးငယ်လေးယောက်ကို ချဲဘရုတ်ခ်မြို့ကို စေလွှတ်ခဲ့တယ်။ ဟောပြောမယ့်ရပ်ကွက်ကို လမ်းလျှောက်ပြီး အသွားအပြန်လုပ်တဲ့အချိန်တွေမှာ ကြိယာပုဒ်ရင်းကိုမူတည်ပြီး အသွင်အမျိုးမျိုးပြောင်းတဲ့စကားလုံးတွေကို အထပ်ထပ်ရွတ်ဆိုပြီး ပြင်သစ်စကားကို လုံ့လစိုက်ထုတ်လေ့ကျင့်ခဲ့ကြတယ်။ တစ်ခါတလေ နေ့လယ်စာစားချိန်မှာ စားစရာဝယ်ဖို့ပိုက်ဆံမရှိတဲ့အခါ အိမ်ပြန်ကြပြီး လေ့လာမှုလုပ်ခဲ့ကြတယ်။ ကျွန်မရဲ့တွဲဖက် ကေး လင်ဟို့စ်ဟာ သဒ္ဒါပိုင်းမှာ အရမ်းကျွမ်းကျင်တယ်။ သူက ကျွန်မ ပြင်သစ်သဒ္ဒါကို နားလည်နိုင်ဖို့အတွက် အင်္ဂလိပ်သဒ္ဒါကို အရင်သင်ပေးခဲ့တယ်။

ကျွန်မရှေ့ဆောင်လုပ်တုန်းက မှတ်မှတ်ရရဖြစ်ခဲ့တာက ဗစ်တိုးရီးယားဗီလာမြို့မှာဖြစ်တယ်၊ အဲ့ဒီအချိန်တုန်းက အဲ့ဒီမြို့မှာ လူဦးရေ ၁၅,၀၀၀ လောက်ရှိတယ်။ အင်္ဂလိပ်စကားပြောတဲ့သူ မရှိသလောက်ပဲ၊ ဒါကြောင့် ကျွန်မတို့ ပြင်သစ်စကားတိုးတက်လာစေတဲ့ အကောင်းဆုံးဝန်းကျင်ဖြစ်ခဲ့တယ်။ ကျွန်မတို့ရဲ့ဦးဆုံးရက်သတ္တပတ်ကတော့ တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းခဲ့တယ်။ ကျွန်မတို့သွားတဲ့ ဘယ်နေရာမှာမဆို လူတွေဟာ ကျွန်မတို့ရဲ့စာပေတွေကို လက်ခံခဲ့ကြတယ်။ ကျွန်မတို့ပြန်လည်ပတ်တဲ့အခါ တံခါးအားလုံးပိတ်ထားကြပြီး ပြတင်းပေါက်လိုက်ကာတွေပါ ချထားကြတယ်။ ဘာဖြစ်သွားကြတာလဲ။

ဒေသခံခရစ်ယာန်ဘုန်းကြီးက ကျွန်မတို့ရဲ့စကားကိုနားမထောင်ဖို့ လူတွေကို သတိပေးခဲ့တယ်။ ဒါကြောင့် ကျွန်မတို့ တံခါးတစ်ခုကနေ နောက်တစ်ခုသွားတဲ့အခါ ကလေးတွေဟာ ခပ်လှမ်းလှမ်းကနေ ကျွန်မတို့နောက်ကလိုက်လာပြီး ကျောက်ခဲတွေ၊ ဆီးနှင်းဘော်လုံးတွေနဲ့ ပေါက်ခဲ့ကြတယ်။ ဒါပေမဲ့ လူတော်တော်များများကတော့ သမ္မာကျမ်းစာသတင်းစကားကို နားထောင်လိုစိတ်ရှိကြတယ်။ ပထမပိုင်းတော့ သူတို့က ကျွန်မတို့ကို ညအချိန်ကျမှ လည်ပတ်ဖို့ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ကျမ်းစာအသိပညာတိုးတက်လာတာနဲ့အမျှ အိမ်နီးချင်းတွေမကြိုက်ပေမဲ့လည်း ပွင့်ပွင့်လင်းလင်းပဲ လေ့လာခဲ့ကြတယ်။

၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ကျွန်မတို့ညီအစ်မတွေ ဝါကာမြို့ကို ပြန်လည်ပတ်ခဲ့ကြတယ်။ အသင်းတော်အစည်းအဝေးတစ်ခုမှာ ကျွန်မတို့ရဲ့ ဟောပြောခြင်းအတွေ့အကြုံတွေကို ပြန်ပြောပြခဲ့တယ်။ ပြီးတဲ့နောက် ဦးစီးကြီးကြပ်မှူးက “ညီမတို့ရဲ့အမေ ရှင်ပြန်ထမြောက်လာတဲ့အခါ သူ့ရဲ့ကလေးတွေ ယေဟောဝါသက်သေတွေဖြစ်လာတယ်ဆိုတာ သိလိုက်ရတဲ့အခါ သူအရမ်းဝမ်းသာမှာပဲ” လို့ပြောတယ်။ အမေမဆုံးခင်က သက်သေခံတစ်ဦးနဲ့ ကျမ်းစာလေ့လာခဲ့တဲ့အကြောင်း သူရှင်းပြခဲ့တယ်။ အမေသာ ငယ်ငယ်ရွယ်ရွယ်နဲ့ မဆုံးခဲ့ဘူးဆိုရင် သမ္မာကျမ်းစာအမှန်တရားကို လက်ခံခဲ့မှာဖြစ်ပြီး ကျွန်မတို့ကိုလည်း ဝေမျှပေးခဲ့မှာသေချာတယ်ဆိုတာ သိရတဲ့အခါ ကျွန်မတို့တွေ မျက်ရည်ကျခဲ့ရတယ်။

အိမ်ထောင်ပြုပြီး အတူအမှုတော်ဆောင်ခဲ့

၁၉၅၆ ခုနှစ်မှာ ကျွန်မ မာရ်တန် ကမ်ဘယ်လ်နဲ့တွေ့ဆုံခဲ့တယ်၊ သူက ဒုတိယကမ္ဘာစစ်အတွင်းမှာ ခရစ်ယာန်ကြားနေမှုကိုစောင့်ထိန်းတဲ့အတွက် ၂၇ လကြာထောင်ကျခံခဲ့ရသူဖြစ်တယ်။ သူက ယေဟောဝါသက်သေတွေရဲ့ ဘရွတ်ကလင်ဌာနချုပ်မှာအမှုဆောင်တာ ဆယ်နှစ်နီးပါးရှိနေပြီ။ မာရ်တန်ဆီမှာ သမ္မာကျမ်းစာလေ့လာခြင်းကနေရရှိတဲ့ အရည်သွေးကောင်းတွေ တော်တော်များများရှိပြီး ခင်ပွန်းကောင်းတစ်ဦးဖြစ်နိုင်တယ်ဆိုတာကို ကျွန်မတွေ့ခဲ့တယ်။ လအနည်းငယ်ကြာ စာအဆက်အသွယ်ရှိကြပြီး ကျွန်မတို့အချင်းချင်း လေးမြတ်မှုနဲ့မေတ္တာ ပိုနက်ရှိုင်းလာခဲ့တယ်။

မာရ်တန်နဲ့ကျွန်မ ၁၉၆၀၊ စက်တင်ဘာ ၂၄ ရက်နေ့မှာလက်ထပ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၄၇ နှစ်လုံးလုံး သမ္မာကျမ်းစာမူတွေကို တကယ်ပဲကျင့်သုံးခဲ့တဲ့သူနဲ့ အတူနေခွင့်ရခဲ့တာဟာ ကောင်းချီးတစ်ခုပါပဲ။ မာရ်တန်ဟာ အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တွေကို အကူအညီပေး၊ ဦးစီးညွှန်ကြားရတဲ့ လုပ်ငန်းတော်ဌာနမှာ ၅၈ နှစ်ကြာအမှုဆောင်ခဲ့တယ်။ နှစ်ပေါင်း ၃၀ လုံးလုံး ဘရွတ်ကလင်မှာ ကျွန်မလုပ်ရတဲ့အလုပ်ကတော့ ဧည့်သည်အခန်းတွေကို ပြင်ဆင်ပေးရတဲ့တာဝန်ဖြစ်ပြီး နောက်ပိုင်း နယူးယောက်မြို့ဒေသမှာရှိတဲ့ စည်းဝေးပွဲခန်းမကြီးတွေကို ပြင်ဆင်ပေးခဲ့ရတယ်။ အဲ့ဒီနောက် ၁၉၉၅ ခုနှစ်မှာ မာရ်တန်နဲ့ကျွန်မဟာ နယူးယောက်မြို့ကနေ မြောက်ဘက်မိုင် ၇၀ အကွာ ပက်တာစင်မှာရှိတဲ့ ကင်းမျှော်စင်ပညာပေးဌာနကို ပြောင်းရွှေ့ခဲ့ရတယ်။

အသက် ၁၂ နှစ်အရွယ် အိမ်ကနေထွက်ခဲ့တုန်းက တစ်နေ့ကျရင် ကျွန်မရဲ့မွေးချင်းတွေအပါအဝင် ဒီလောက်များတဲ့ ယုံကြည်ခြင်းတူတဲ့ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူနေရတဲ့ မိသားစုကြီးထဲရောက်နေမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဖူးဘူး။ ဘုရားသခင်ရဲ့ကမ္ဘာသစ်ရောက်တဲ့အခါ ကျွန်မတို့တွေဟာ အမေ့ရဲ့အနားမှာဝိုင်းနေပြီး အမေသေခြင်းမှာအိပ်ပျော်နေတဲ့အချိန်အတွင်း ဖြစ်ခဲ့တဲ့အကြောင်းတွေ—အထူးသဖြင့် ယေဟောဝါဘုရားသခင်ဟာ အမေ့ရဲ့ကလေးတွေကို ကိုယ်တော့်ကိုသိလာဖို့ မေတ္တာနဲ့ကူညီပေးခဲ့တာတွေကို ပြောပြခွင့်ရမယ့်အချိန်ကို ကျွန်မမျှော်လင့်စောင့်စားနေပါတယ်။ ယေဟောဝါဟာ ကျွန်မတို့ကို “တရားလမ်းထဲ” ခေါ်ဆောင်ခဲ့တဲ့အတွက် ကျွန်မတို့ အရမ်းကိုဝမ်းသာတယ်။—ဆာလံ ၂၃:၃

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 21 ယေဟောဝါသက်သေတို့၏ ကြားနေရပ်တည်မှုကြောင့် အစိုးရက ဇူလိုင် ၄၊ ၁၉၄၀ တွင် အဖွဲ့အစည်းကိုပိတ်ပင်ခဲ့သည်။

^ အပိုဒ်၊ 23 ကွီဘက်တွင် သက်သေခံတို့အပေါ်စိတ်စွန်းကွက်မှုအကြောင်း ပို၍အသေးစိတ်အချက်အလက်အတွက် ဧပြီ ၂၂၊ ၂၀၀၀ နိုးလော့! စာမျက်နှာ ၂၀-၂၃ [လိပ်] ကိုရှု။

[စာမျက်နှာ ၂၇ ပါပုံစာ]

ကျွန်မမိဘ၏ပုံနှင့် မွေးချင်းခုနစ်ယောက်နှင့်အတူ အဖေ၊ အမေ၊ ကျွန်မနေခဲ့သောအိမ်

[စာမျက်နှာ ၂၉ ပါပုံစာ]

၁၉၅၂ ခုနှစ်၊ အိုတာဝါမြို့၌အမှုဆောင်ချိန် ကျွန်မ၏တွဲဖက်များနှင့်အတူ

[စာမျက်နှာ ၂၉ ပါပုံစာ]

ကျွန်မရဲ့မွေးချင်းများ (ဝဲမှယာသို့) အန်း၊ မေရီ၊ ဖရက်ဒ်၊ ဒေါရစ်၊ ဂျွန်၊ ကျွန်မ၊ ဘီလ်နှင့် အယ်မလီ

[စာမျက်နှာ ၂၉ ပါပုံစာ]

ယနေ့ မာရ်တန်နှင့်အတူ