မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ပျက်စရာ ရှိငြား သင်ပျော်ရွှင်နိုင်

စိတ်ပျက်စရာ ရှိငြား သင်ပျော်ရွှင်နိုင်

စိတ်ပျက်စရာ ရှိငြား သင်ပျော်ရွှင်နိုင်

တစ်ခါမျှ စိတ်မပျက်ဖူးသောသူ မည်သူရှိသနည်း။ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်ပင်လျှင် စိတ်ပျက်နာကျင်မှုကို ခံစားရသည်။ ဥပမာ၊ ကိုယ်တော်သည် ဣသရေလလူမျိုးကို အီဂျစ်ပြည်ကျွန်ဘဝမှကယ်နုတ်ခဲ့ပြီး ကောင်းချီးအလျှံပယ်သွန်းလောင်းခဲ့သည်။ သို့တိုင် သမ္မာကျမ်းစာ၌ ဤသို့ဆိုထား၏– ‘ဘုရားသခင်ကို အဖန်ဖန်စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု [“စိတ်တော်နာကျင်အောင်ပြု၊” ကဘ] ကြပါသည်တကား။’ (ဆာလံ ၇၈:၄၁) သို့သော် ယေဟောဝါသည် အစဉ်အမြဲ “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ခဲ့သည်။—၁ တိမောသေ ၁:၁၁ကဘ။

စိတ်ပျက်စရာအကြောင်းရင်းများစွာရှိပါသည်။ ယင်းတို့က ကျွန်ုပ်တို့၏ပျော်ရွှင်မှုကို မလုယူသွားစေရန် မည်သို့ကာကွယ်နိုင်သနည်း။ စိတ်ပျက်ဖွယ်အခြေအနေများကို ယေဟောဝါဘုရားသခင် ကိုင်တွယ်ပုံနည်းလမ်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

စိတ်ပျက်စေသည့်အရာများ

ကျွန်ုပ်တို့အားလုံးသည် “အချိန်နှင့် ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” ကိုကြုံတွေ့ကြရသည်ဟု ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ဖော်ပြထား၏။ (ဒေ. ၉:၁၁ကဘ) မမျှော်လင့်ဘဲ ရာဇဝတ်မှုတစ်ခု၊ မတော်တဆဖြစ်မှုတစ်ခု သို့မဟုတ် ရောဂါတစ်ခုကြောင့် အကြီးအကျယ်ပူပင်သောကရောက်ကာ စိတ်ပျက်နိုင်ပါသည်။ “မျှော်လင့်သောအရာသည်ဖင့်နွှဲလျှင် စိတ်နှလုံးကိုပူပန်စေတတ်၏” ဟူ၍လည်း သမ္မာကျမ်းစာ၌ဆိုထား၏။ (သု. ၁၃:၁၂) နှစ်သက်ဖွယ်ကောင်းသောအရာတစ်ခုခုကို စိတ်အားထက်သန်စွာမျှော်လင့်ခြင်းသည် ရွှင်လန်းမှုနှင့်ပြည့်စေသော်လည်း ယင်းမျှော်လင့်ချက် မြန်မြန်မပြည့်ပါက စိတ်ပျက်လက်ပျက်ဖြစ်ပေမည်။ ဥပမာ၊ ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် ဆက်လုပ်ဆောင်ရန် အမြဲစိတ်ထက်သန်နေခဲ့သူ ဒန်ကန် *သည် ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် နှစ်ပေါင်းများစွာ အမှုဆောင်ပြီးနောက် သူနှင့်သူ့ဇနီးတို့သည် အိမ်ပြန်ဖို့ဖြစ်လာခဲ့သည်။ “ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် လုံးလုံးစိတ်ဓာတ်ကျခဲ့တယ်။ ဘာပန်းတိုင်မှမရှိတော့ဘူး။ အရေးကြီးတဲ့အရာ ဘာမှမရှိတော့သလိုပဲ” ဟုသူပြောသည်။ ခလဲ၏အဖြစ်တွင်ကဲ့သို့ စိတ်ဓာတ်ကျသည့်နာကျင်မှုကို ကြာရှည်စွာ ခံစားရနိုင်ပါသည်။ သူဤသို့ရှင်းပြ၏– “ကျွန်မ ကလေးပျက်ကျတုန်းက ကလေးဟာ ဗိုက်ထဲမှာခုနစ်လရှိနေပြီ။ ဒီအဖြစ်အပျက်ဟာ ကြာခဲ့ပြီဖြစ်ပေမဲ့လည်း ယောက်ျားလေးတစ်ယောက် စင်မြင့်ပေါ်မှာ ဟောပြောချက်ပေးတာကို မြင်ရရင် ‘ငါ့သားသာရှိရင် ဒီအရွယ်ပဲ’ ဆိုပြီး အခုအချိန်အထိ ကိုယ့်ဘာသာကိုယ် စဉ်းစားနေမိတယ်။”

သမီးရည်းစားပြတ်သွားချိန်၊ အိမ်ထောင်ဖက်ကို ဆုံးရှုံးရချိန်၊ ကလေးတစ်ဦးပုန်ကန်သွားချိန်၊ မိတ်ဆွေတစ်ဦးသစ္စာဖောက်ချိန် သို့မဟုတ် သူငယ်ချင်းတစ်ဦး ကျေးဇူးကန်းချိန်ကဲ့သို့သော တစ်ဦးတစ်ယောက်က သင့်အားစိတ်ပျက်စေသည့်အခါတွင်လည်း စိတ်နာကျင်မှုခံစားရနိုင်သည်။ ကျွန်ုပ်တို့သည် မစုံလင်သောလူသားများအကြားနှင့် ခက်ခဲကျပ်တည်းသောကာလတွင် အသက်ရှင်နေထိုင်နေရသောကြောင့် စိတ်ပျက်စရာများနှင့် ကြုံရနိုင်စရာရှိသည်။

ကျွန်ုပ်တို့ကိုယ်တိုင်၏ မှားယွင်းပျက်ကွက်မှုများကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါသည်။ ဥပမာ၊ စာမေးပွဲကျသည့်အခါ၊ အလုပ်မရသည့်အခါ၊ တစ်စုံတစ်ဦး၏နှစ်သက်မြတ်နိုးမှုမရသည့်အခါတို့တွင် ကျွန်ုပ်တို့သည် အသုံးမကျသူဟု ခံစားရပေမည်။ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတစ်ဦး ခရစ်ယာန်တစ်ဦးအဖြစ် ဆက်မလုပ်ဆောင်တော့ချိန်တွင်လည်း စိတ်ဓာတ်ကျနိုင်သည်။ မေရီဤသို့ပြောပြ၏– “ကြည့်ရင်တော့ ကျွန်မရဲ့သမီးက ထက်သန်တဲ့ခရစ်ယာန်တစ်ယောက်လို့ ထင်ရတယ်။ သူ့အတွက် ကျွန်မပုံသက်သေကောင်းပြနေတယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ သူယေဟောဝါဘုရားသခင်နဲ့ မိသားစုစံနှုန်းတွေကို ကျောခိုင်းသွားတဲ့အခါ ကျွန်မဟာ အရည်အချင်းလုံးဝမရှိတဲ့သူလို့ ခံစားခဲ့ရတယ်။ ဘဝအသက်တာရဲ့တခြားကဏ္ဍတွေမှာ ကျွန်မလုပ်ဆောင်ခဲ့တဲ့ ဘယ်အောင်မြင်မှုတွေကမှ အဲ့ဒီအတွက် အစားမထိုးနိုင်ခဲ့ဘူး။ အရမ်းကိုစိတ်ဓာတ်ကျခဲ့တယ်။”

ထိုသို့သောစိတ်ပျက်လက်ပျက်ဖြစ်မှုကို မည်သို့ဖြေရှင်းနိုင်သနည်း။ အဖြေရရန် စိတ်ဓာတ်ကျမှုကို ယေဟောဝါကိုင်တွယ်ဖြေရှင်းပုံ နမူနာကို သုံးသပ်ကြည့်ပါ။

ဖြေရှင်းနည်းကို အာရုံစိုက်ပါ

ယေဟောဝါဘုရားသခင်သည် ပထမလူမောင်နှံကို မေတ္တာပြည့်ဝစွာ စီစဉ်ပေးခဲ့သော်လည်း သူတို့သည် လေးမြတ်မှုမပြဘဲ ပုန်ကန်ခဲ့ကြသည်။ (ကမ္ဘာဦးအခန်းကြီး ၂ နှင့် ) ယင်းနောက် သူတို့၏သား ကာဣနသည် မကောင်းသည့်စိတ်သဘောထားကို မွေးမြူခဲ့သည်။ ကာဣနသည် ယေဟောဝါ၏သတိပေးချက်ကို လျစ်လျူရှုကာ မိမိ၏ညီအရင်းကို သတ်ခဲ့သည်။ (ကမ္ဘာဦး ၄:၁-၈) ယေဟောဝါ မည်မျှစိတ်ပျက်မည်ကို သင်မြင်ယောင်နိုင်သလော။

ယင်းစိတ်ပျက်မှုက ဘုရားသခင်၏ ပျော်ရွှင်မှုကို အဘယ်ကြောင့်မတိုက်စားခဲ့သနည်း။ အကြောင်းမှာ ကိုယ်တော်သည် မြေကြီးကို စုံလင်သောလူသားတို့နှင့် ပြည့်စေမည်ဟု ကတိပြုတော်မူခဲ့ပြီး ယင်းရည်ရွယ်ချက် အထမြောက်အောင်မြင်စေရန် ဆက်ဆောင်ရွက်ခဲ့သောကြောင့်ဖြစ်သည်။ (ယောဟန် ၅:၁၇) ထိုရည်ရွယ်ချက်ကြောင့် ကိုယ်တော်သည် ရွေးနုတ်ဖိုးပူဇော်ရာယဇ်နှင့် ဘုရားသခင့်နိုင်ငံတော်တို့ကို စီစဉ်ခဲ့ခြင်းဖြစ်သည်။ (မဿဲ ၆:၉၊ ၁၀; ရောမ ၅:၁၈၊ ၁၉) ယေဟောဝါဘုရားသခင်သည် ပြဿနာအပေါ်အာရုံမစိုက်ခဲ့ဘဲ ဖြေရှင်းနည်းကိုအာရုံစိုက်ခဲ့သည်။

ဒီလိုဖြစ်ခဲ့ရမှာ သို့မဟုတ် ဒီလိုလုပ်ခဲ့ရမှာ ဟူသည့်အချက်အပေါ်အာရုံမစိုက်ဘဲ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့်အရာများအပေါ် အာရုံစိုက်ဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်က အားပေးသည်။ ဤသို့ဆိုထား၏– “မှန်ကန်သောအရာရှိသမျှ၊ အလေးအနက်ထားရမည့်အရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ စင်ကြယ်သောအရာရှိသမျှ၊ ချစ်ဖွယ်သောအရာရှိသမျှ၊ အသရေရှိသောအရာရှိသမျှ၊ မွန်မြတ်သောအရာရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို ဆက်၍ဆင်ခြင်သုံးသပ်ကြလော့။”—ဖိလိပ္ပိ ၄:၈ကဘ။

စိတ်ပျက်စရာနှင့်ပတ်သက်၍ မှန်ကန်သောအမြင်

ကျွန်ုပ်တို့၏အသက်တာကို သိသိသာသာပြောင်းလဲသွားစေနိုင်သည့် အခြင်းအရာများ ဖြစ်ပျက်နိုင်ပါသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ရုတ်တရက်အလုပ်လက်မဲ့ဖြစ်သွားနိုင်သည်၊ အိမ်ထောင်ဖက်ဆုံးရှုံးသွားနိုင်သည် သို့မဟုတ် အခွင့်ထူးများကို လက်လွတ်ဆုံးရှုံးသွားနိုင်သည်။ ကျန်းမာရေး၊ အိမ် သို့မဟုတ် မိတ်ဆွေများကို ဆုံးရှုံးသွားနိုင်သည်။ ထိုအပြောင်းအလဲများကို ကျွန်ုပ်တို့ မည်သို့ဖြေရှင်းနိုင်သနည်း။

ဦးစားထားရမည့်အရာများကို သတ်မှတ်ခြင်းသည် အထောက်အကူပြုကြောင်း အချို့သူတို့တွေ့ရှိခဲ့ကြသည်။ အစပိုင်းတွင်ဖော်ပြခဲ့သော ဒန်ကန်ဤသို့ပြော၏– “ကျွန်တော်နဲ့ ကျွန်တော့်ဇနီးဟာ အရင်ဘဝပုံစံကို ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုတာ သိရတဲ့အခါ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရတယ်။ နောက်ဆုံးတော့ ဦးစားထားရမယ့်အရာနှစ်ခုကို သတ်မှတ်လိုက်တယ်– ကျွန်တော်တို့ အမေကိုပြုစုမယ်၊ တတ်နိုင်သလောက် အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာလည်း ဆက်ပါဝင်မယ်။ ဆုံးဖြတ်ချက်ချစရာနဲ့ကြုံရတဲ့အခါ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်က အဲဒီဦးစားထားရမယ့်အရာတွေကို ထိခိုက်သလားဆိုတာကို ကျွန်တော်တို့သုံးသပ်တယ်။ အဲ့ဒီလိုလုပ်လို့ အရာရာဟာ ပိုလွယ်ကူလာတယ်။”

ကျွန်ုပ်တို့အများစုသည် စိတ်ပျက်စရာများနှင့်ကြုံရသည့်အခါ အပျက်သဘောထားကို အကျယ်ချဲ့တတ်ကြသည်။ ဥပမာ၊ ကလေးပြုစုပျိုးထောင်ရာတွင်၊ အလုပ်အရည်အသွေးပြည့်မီစေရာတွင် သို့မဟုတ် နိုင်ငံရပ်ခြား၌ သတင်းကောင်းဟောပြောရာတွင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများသည် မျှော်မှန်းထားသည့်ရလဒ် မရရှိဘဲဖြစ်ပေမည်။ ‘ငါဟာ အရည်အချင်းမရှိတဲ့သူပဲ’ ဟုစဉ်းစားလာပေမည်။ သို့သော် လူသားမျိုးနွယ်အစပိုင်းတွင်ဖြစ်ခဲ့သော စိတ်ပျက်စရာက ဘုရားသခင်အား အရည်အချင်းမရှိသူမဖြစ်စေခဲ့သကဲ့သို့ပင် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများက အစပိုင်းတွင် ကျွန်ုပ်တို့ကို စိတ်ပျက်စေသောကြောင့် ကျွန်ုပ်တို့သည် အရည်အချင်းမရှိသူမဖြစ်စေပါ။—တရားဟောရာ ၃၂:၄၊ ၅

လူများက ကျွန်ုပ်တို့အား စိတ်ပျက်စေသည့်အခါ အကြီးအကျယ်စိတ်မကျေမနပ်ဖြင့် ပြန်တုံ့ပြန်ဖို့လွယ်ကူသည်။ ယေဟောဝါသည် ထိုသို့မတုံ့ပြန်ပါ။ ဘုရင်ဒါဝိဒ်သည် သူ့သားအိမ်ရာပြစ်မှားပြီး ယင်းနောက် ထိုအမျိုးသမီး၏ခင်ပွန်းကို သတ်ခဲ့သည့်အခါ ယေဟောဝါသည် ဒါဝိဒ်ကို စိတ်ပျက်ခဲ့သည်။ သို့တိုင် ယေဟောဝါသည် ဒါဝိဒ်၏နောင်တအစစ်အမှန်ကို တွေ့မြင်ခဲ့ပြီး မိမိ၏ကျေးကျွန်အဖြစ် ဒါဝိဒ်ကို ဆက်အသုံးပြုခဲ့သည်။ အလားတူပင် တည်ကြည်သောဘုရင်ယောရှဖတ်သည် ဘုရားသခင်၏ရန်သူများနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် အမှားပြုခဲ့သည်။ ယေဟောဝါ၏ပရောဖက်က ဤသို့ဆိုခဲ့သည်– ‘ဤအမှုကြောင့် ထာဝရဘုရားသခင်၏အမျက်တော်သည် ဘုရင်မင်းအပေါ်သို့သက်ရောက်လေပြီ၊ သို့သော်လည်း . . . ဘုရင်မင်း၌ ကောင်းမွန်သောအရာရှိပါသေး၏။’ (၂ ရာဇဝင်ချုပ် ၁၉:၂၊ ၃သမ္မာ) ယောရှဖတ် အမှားတစ်ခုပြုမိခြင်းက ယေဟောဝါအား လုံးလုံးစွန့်ပစ်ခြင်းမဟုတ်ကြောင်း ကိုယ်တော်သိတော်မူခဲ့သည်။ အလားတူပင် မိတ်ဆွေများအမှားပြုသည့်အခါ အလွန်အမင်းမတုံ့ပြန်ပါက မိတ်ဆွေဆုံးရှုံးရသည့်အဖြစ်ကို ရှောင်နိုင်ပါသည်။ ကျွန်ုပ်တို့ကိုစိတ်ပျက်စေသော မိတ်ဆွေများတွင် အရည်အသွေးကောင်းများ ရှိဆဲဖြစ်ပေမည်။—ကောလောသဲ ၃:၁၃

စိတ်ပျက်စရာများသည် အောင်မြင်မှုရစေသောလမ်းတွင် မလွဲမသွေကြုံတွေ့ရမည့်အရာအဖြစ် ရှုမြင်နိုင်သည်။ ကျွန်ုပ်တို့သည် အပြစ်တစ်ခုပြုမိချိန်တွင် မိမိကိုယ်ကို စိတ်ပျက်ပေမည်။ သို့တိုင် သင့်လျော်သော၊ ခိုင်မာပြတ်သားသောလုပ်ဆောင်မှုပြုကာ ရှေ့ဆက်ကြိုးစားမည်ဆိုလျှင် ပြန်၍စိတ်တည်ငြိမ်လာနိုင်သည်။ ဘုရင်ဒါဝိဒ်သည် မိမိကိုယ်ကို အလွန်အမင်းစိတ်ပျက်နေချိန်တွင် သူဤသို့ရေးခဲ့၏– ‘ငါသည် . . . တစ်နေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ခြင်းသို့ရောက်ကြ၏။ . . . တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို [ယေဟောဝါ] ရှေ့တော်၌ဝန်ချ . . . သောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။’ (ဆာလံ ၃၂:၃-၅) ကျွန်ုပ်တို့ထံမှ ဘုရားသခင်မျှော်လင့်ရာကို ကျွန်ုပ်တို့မလုပ်ကြောင်း သတိပြုမိလျှင် ဘုရားသခင်ထံမှ ခွင့်လွှတ်မှုတောင်းဆိုပြီး ကျွန်ုပ်တို့၏လမ်းစဉ်ကိုပြောင်းလဲကာ အနာဂတ်တွင် ဘုရားသခင်၏ဆုံးမစကားကို ပို၍အနီးကပ်လိုက်လျှောက်ရန် သန္နိဋ္ဌာန်ချသင့်သည်။—၁ ယောဟန် ၂:၁၊ ၂

စိတ်ပျက်စရာအတွက် ယခုပြင်ဆင်ပါ

ကျွန်ုပ်တို့အားလုံးသည် အနာဂတ်တွင် စိတ်ပျက်စရာတစ်မျိုးမျိုးနှင့် ကြုံတွေ့ရမည်မှာ သေချာသည်။ ကျွန်ုပ်တို့ မည်သို့ပြင်ဆင်ထားနိုင်သနည်း။ မိမိ၏ဘဝပုံစံကိုပြောင်းလဲခဲ့သော စိတ်ပျက်စရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည့် အသက်ကြီးခရစ်ယာန်တစ်ဦးဖြစ်သူ ဘရူနို၏မှတ်ချက်များသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ သူဤသို့ပြော၏– “ကျွန်တော့်အဖြစ်အရပြောရရင် စိတ်ပျက်စရာကိုဖြေရှင်းတဲ့အခါ အရေးအကြီးဆုံးအချက်ကတော့ ဘုရားသခင်နဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကို ခိုင်မြဲစေခဲ့တဲ့ အရင်ကကျွန်တော်လုပ်ဆောင်ခဲ့တဲ့အရာကို ဆက်လုပ်ဆောင်ခြင်းဖြစ်တယ်။ ဘုရားသခင်ဟာ ဒီရက်စက်ကြမ်းကြုတ်တဲ့အစီအစဉ်စနစ်ကို ဘာကြောင့် ဆက်ခွင့်ပြုထားတယ်ဆိုတာ ကျွန်တော်သိခဲ့ရပြီ။ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် နှစ်ပေါင်းများစွာ ကျွန်တော်သုံးခဲ့ပြီးပြီ။ အဲ့ဒါတွေကို လုပ်ဆောင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းကျေးဇူးတင်မိတယ်။ ကျွန်တော်ခံစားခဲ့ရတဲ့ စိတ်ပျက်အားလျော့မှုကို ခံနိုင်ရည်ရှိအောင် ကိုယ်တော်ကူညီခဲ့တာကိုသိရတာက နှစ်သိမ့်မှုပါပဲ။”

ကျွန်ုပ်တို့သည် အနာဂတ်ကို စေ့စေ့စဉ်းစားကြည့်သည့်အခါ ဤအချက်တစ်ချက်ကို စိတ်ချနိုင်ပါသည်– ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကိုစိတ်ပျက်နိုင်သည် သို့မဟုတ် အခြားသူတို့က ကျွန်ုပ်တို့ကိုစိတ်ပျက်စေနိုင်သည်၊ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့ကို ဘယ်တော့မျှစိတ်ပျက်စေမည်မဟုတ်ပါ။ အမှန်မှာ၊ ဘုရားသခင်က မိမိ၏နာမတော် ယေဟောဝါမှာ “ငါဖြစ်စေမည့်အရာကို ငါဖြစ်စေမည်” ဟုအဓိပ္ပာယ်ရှိကြောင်း ဖော်ပြခဲ့သည်။ (ထွက်မြောက်ရာ ၃:၁၄ကဘ) ယင်းက ကိုယ်တော်၏ကတိတော်များပြည့်စုံစေရန်အလို့ငှာ လိုအပ်သည့်အဘယ်အရာမဆို ကိုယ်တော်ဖြစ်စေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကိုယုံကြည်စိတ်ချစေသည်။ ဘုရားသခင်၏နိုင်ငံတော်အားဖြင့် ကိုယ်တော်၏အလိုတော်သည် “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံ” မည်ဖြစ်ကြောင်း ကိုယ်တော်ကတိပြုထားသည်။ သို့ဖြစ်၍ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ . . . အခြားမည်သည့်ဖန်ဆင်းခံအရာမျှ . . . ယေရှုခရစ်၌ရှိသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါယုံကြည်စိတ်ချ၏။”—မဿဲ ၆:၁၀; ရောမ ၈:၃၈၊ ၃၉ကဘ။

ပရောဖက်ဟေရှာယမှတစ်ဆင့် ဘုရားသခင်၏ ဤကတိတော်ပြည့်စုံမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချစွာ မျှော်လင့်နိုင်ပါသည်– “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။” (ဟေရှာယ ၆၅:၁၇) စိတ်ပျက်ဖွယ်ကောင်းသော အမှတ်ရစရာအားလုံးသည် အတိတ်မှအရာအဖြစ်သာထင်ကျန်ရစ်မည့်အချိန် ရောက်ရှိလာတော့မည်ဟူသည် အလွန်ကောင်းမွန်သောအလားအလာပင်တည်း!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 နာမည်အချို့ ပြောင်းထားသည်။

[စာမျက်နှာ ၁၃ ပါပုံစာ]

ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများက အစပိုင်းတွင် ကျွန်ုပ်တို့ကို စိတ်ပျက်စေသောကြောင့် ကျွန်ုပ်တို့ကို အရည်အချင်းမရှိသူမဖြစ်စေပါ

[စာမျက်နှာ ၁၄ ပါပုံစာ]

ဒီလိုဖြစ်ခဲ့ရမှာဟူသည့်အချက်အပေါ် အာရုံမစိုက်ဘဲ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့်အရာများအပေါ် အာရုံစိုက်ဖို့ ဘုရားသခင့်နှုတ်မြွက်စကားတော်က အားပေးထား

[စာမျက်နှာ ၁၅ ပါပုံစာ]

လူသားတို့သည် ယိုယွင်းဖောက်ပြန်ခဲ့ကြသော်လည်း ဘုရားသခင်သည် မိမိ၏ရည်ရွယ်ချက် အမှန်ပြည့်စုံမည်ဖြစ်သောကြောင့် ကိုယ်တော်ပျော်ရွှင်

[စာမျက်နှာ ၁၆ ပါပုံစာ]

စိတ်ပျက်စရာများကိုရင်ဆိုင် ဖြေရှင်းရာတွင် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကိုခိုင်မြဲစေသည့် ဦးစားထားရာများသတ်မှတ်ထားခြင်းက အထောက်အကူပြု