ဆယ်ကျော်သက်များ “ဆက်သွယ်မှု လိုအပ်ချိန်”
ဆယ်ကျော်သက်များ “ဆက်သွယ်မှု လိုအပ်ချိန်”
လမ်းလျှောက်ခါစကလေးများသည် မေတ္တာဖြင့် ဂရုစိုက်ခံရသည့်အခါ ကျန်းမာဖွံ့ဖြိုးလာကြောင်း၊ ပွေ့ဖက်ခံလိုသည့်အခါ မိဘ၏ပေါင်ပေါ်သို့ တွားတက်တတ်ကြောင်း သားသမီးများကိုချစ်မြတ်နိုးသော မိဘတိုင်းက သိရှိကြသည်။ သူတို့သည် ကြီးကောင်ဝင်စအရွယ်ရောက်လေသော် မိဘများနှင့် ခပ်ခွာခွာနေလိုကြသည်ဟု အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အော့ကလန်မြို့ရှိ ကလေးဆေးရုံနှင့် ဆေးသုတေသနဌာနမှ ကြီးကောင်ဝင်စအရွယ်ဆိုင်ရာ ဆေးပညာဒါရိုက်တာဖြစ်သူ ဒေါက်တာဘာဘရာ စတာဂါစ်ကဆိုသည်။ သို့တိုင် သူတို့အသက်တာတွင် မိဘများ၏ဂရုစိုက်မှု အလိုအပ်ဆုံးအချိန်မှာ ကြီးကောင်ဝင်စအရွယ်ဖြစ်၏။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။
စတာဂါစ်၏အဆိုအရ ကြီးကောင်ဝင်စအရွယ်တွင် ကြပ်မတ်မခံရချိန်များခြင်းက ဆယ်ကျော်သက်များရင်ဆိုင်နေရသော အကြီးမားဆုံးအန္တရာယ်တစ်ခုဖြစ်သည်။ “ဆယ်ကျော်သက်များက မိမိတို့မည်သူမည်ဝါဖြစ်ပြီး မိမိတို့ဝန်းကျင်နှင့် မည်သို့အံဝင်အောင်နေရမည်ကို သင်ယူနေသည့်အချိန်မှာ “ကြီးကောင်ဝင်စအရွယ်” တွင်ဖြစ်သည်။ အရဲစွန့်လိုသည့်ဉာဉ်နှင့် ရွယ်တူချင်းဖိအား၏သြဇာတို့ ပေါင်းစပ်သွားသောအခါ အန္တရာယ်မှာ အလွန်ကြီးမားလာနိုင်သည်” ဟုတိုရွန်တိုစတားသတင်းစာတွင် စတာဂါစ်ကဖော်ပြထားသည်။ ကြီးကောင်ဝင်စအရွယ်တွင် ဖွံ့ဖြိုးမှုအဆင့်ဆင့်ရှိပြီး ယင်းသည် အသက်အရွယ်နှင့်မဆိုင်ချေ။ စတာဂါစ်၏အဆိုအရ “[ဆယ်ကျော်သက်များ] သည် သိလာသောအချက်အလက်များကို မည်သို့စဉ်းစားတွေးတောပြီး မည်သို့လက်တွေ့စမ်းသပ်သည်တို့နှင့်သက်ဆိုင်သည်။” ကြီးကောင်ဝင်စအချိန်တွင် မိမိကိုယ်ကို အလွန်ဂရုစိုက်လွန်းသည်သာမက ခန္ဓာကိုယ်ပြောင်းလဲမှုများကို စိုးရိမ်ကာ စိတ်လိုက်မာန်ပါပြုလုပ်တတ်၏။ ကြီးကောင်ဝင်ချိန် အလယ်ပိုင်းအဆင့်တွင် လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြပြီး နောက်ဆုံးအဆင့်တွင် လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်လာကြသည်။
မှန်ပါသည်၊ ဆယ်ကျော်သက်အရွယ်သည် စိတ်လှုပ်ရှားစရာကောင်းသည်၊ သို့သော် မိဘများနှင့် သူတို့အတွက် စိတ်ရှုပ်ထွေးစရာလည်းဖြစ်နိုင်၏။ သူတို့ထဲမှအများစုသည် “ဂရုစိုက်စောင့်ရှောက်တတ်သည့် လူကြီးတစ်ဦးနှင့် ဆက်သွယ်မှုပြုရန်အချိန်လိုသည်” ဟုကြီးကောင်ဝင်သူများကို အနှစ် ၂၀ ကျော်ကြာ ကြည့်ရှုစောင့်ရှောက်ခဲ့သည့် စတာဂါစ်ကဆိုသည်။ မည်သို့ပြုလုပ်နိုင်သနည်း။
ဆက်သွယ်ရေးလမ်းကြောင်းကို အမြဲဖွင့်ထားပါ။ မိဘတို့၊ သားသမီးများ၏စကားကို ကောင်းစွာနားထောင်ပေးခြင်းဖြင့် သူတို့ကို ဂရုစိုက်ကြောင်း စိတ်ချစေပါ။ အတွေးအခေါ်များနှင့် အကြံအစည်များကို ဆက်စပ်တတ်စေရန်နှင့် သူတို့ပြုလုပ်နိုင်သည့် ပညာမဲ့ဆုံးဖြတ်ချက်များ၏ဆိုးကျိုးများကို ခွဲခြားသိရှိစေရန် အကူအညီဖြစ်စေသော မေးခွန်းများမေးခြင်းဖြင့် သူတို့ကို သင်ဂရုစိုက်ကြောင်းဖော်ပြပါ။ မှန်ကန်သည့်ဆုံးဖြတ်ချက်များမှ ရရှိလာသော ကောင်းကျိုးများနှင့်ပတ်သက်၍ အားပေးတိုက်တွန်းပါ။ အဘယ်အမူအကျင့်က လက်ခံဖွယ်ရာဖြစ်ကြောင်း သူတို့ကိုသိရှိစေပါ။
ပြဿနာများကို သားသမီးတို့ဘာသာ ကိုင်တွယ်ဖြေရှင်းတတ်ရမည်ဟူသော အများလက်ခံထားသည့်အယူအဆကို မိဘများက လိုက်လျှောက်ကြမည်ဆိုလျှင် လူငယ်များသည် အကျင့်သိက္ခာမရှိ၊ စည်းကမ်းမဲ့သူများ၏ ဩဇာလွှမ်းမိုးမှုအောက် ရောက်ရှိသွားလိမ့်မည်။ (သု. ၁၃:၂၀) တစ်ဖက်တွင် သမ္မာကျမ်းစာ၏ဆုံးမစကားကို ကျင့်သုံးသော မိဘများသည် မိမိတို့သားသမီးများ ကြီးကောင်ဝင်သည့်အရွယ်ကို အောင်မြင်စွာ ကျော်လွှားပြီး တာဝန်သိတတ်သူအဖြစ် ကြီးပြင်းလာရန် အတတ်နိုင်ဆုံးလုပ်ဆောင်ကြမည်။ ထို့ကြောင့် မိဘများသည် “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်” ကြရမည်။—သု. ၂၂:၆။
ဆယ်ကျော်သက်သားသမီးများကို ထိရောက်စွာ ဆက်သွယ်ခြင်း၊ လေ့ကျင့်ပေးခြင်းတို့နှင့်ပတ်သက်၍ လက်တွေ့ကျအကြံပြုချက်သည် မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် စာအုပ်တွင် ပါရှိသည်။ * ထိုစာအုပ်တွင် အိမ်သားတစ်ဦးစီအတွက် လက်တွေ့ကျကျမ်းစာဆုံးမစကားကိုလည်း ဖော်ပြပေးထားသည်။ (g05-E 10/8)
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 ယေဟောဝါသက်သေများ ထုတ်ဝေသည်။