မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး”

“ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး”

ဒိုမီနီကန် ပြည်သူ့သမ္မတနိုင်ငံမှစာ

“ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး”

ဒီအပတ် ကျွန်မတို့ရဲ့အသင်းတော်မှာ နီရူကာဟာ ပထမဆုံးအကြိမ် သမ္မာကျမ်းစာတင်ဆက်မှုတစ်ခုကို လုပ်ဆောင်သွားတယ်။ သူပြောမယ့်စကားတွေကို မျက်မမြင်စာကနေပြင်ဆင်ပြီး အဲ့ဒါကိုအလွတ်ရအောင်ကျက်ခဲ့တယ်။ ကျွန်မကတော့ သမ္မာကျမ်းစာအမှန်တရား သင်ယူလိုတဲ့သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ဖို့ သူနဲ့အတူစင်မြင့်ပေါ်မှာရှိနေခဲ့တယ်။ မိုက်နဲ့ပြောတဲ့ကျွန်မရဲ့အသံကို နားကျပ်ကနေ သူကြားနိုင်ခဲ့တယ်။ တင်ဆက်မှုပြီးသွားတဲ့အခါ လေးမြတ်ကြတဲ့ပရိသတ်က သူကြားနိုင်လောက်တဲ့အထိ လက်ခုပ်တီးချီးမွမ်းခဲ့ကြတယ်။ သူတကယ်ပဲပျော်တယ်၊ ကျေနပ်တယ်ဆိုတာကို သူ့ရဲ့အပြုံးမှာပေါ်နေတယ်။ ကျွန်မလည်း ဝမ်းသာတယ်။ ဒါက ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ လုပ်ဆောင်ခဲ့လို့ ရရှိတဲ့အကျိုးကျေးဇူးပါ။

နီရူကာကို ဦးဆုံးတွေ့ခဲ့ချိန်ကို ကျွန်မပြန်အမှတ်ရမိတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကပါ။ ဖုန်ထူတဲ့ကျေးလက်လမ်းတွေမှာ နာရီဝက်ကြာ ကားမောင်းပြီးတဲ့နောက် သူ့ကိုဦးဆုံးတွေ့ခဲ့တယ်။ သစ်သား၊ ချော်အုတ်တွေနဲ့ဆောက်ထားပြီး သံချေးတက်နေတဲ့သွပ်မိုး၊ ကျေးလက်ဒေသရဲ့ ရိုးရိုးရှင်းရှင်းအိမ် ဝရန်တာမှာ ထိုင်နေတာဖြစ်တယ်။ ဆိတ်တွေ၊ ယုန်တွေ၊ ခွေးတွေရဲ့အသံတွေကြားရတယ်၊ သူတို့ရဲ့အနံ့တွေလည်းရတယ်။ နီရူကာဟာ အထီးကျန်ပြီး စိတ်ဓာတ်ကျနေတဲ့ပုံနဲ့ ခေါက်ငိုက်စိုက်ချ ခြေပစ်လက်ပစ်ထိုင်နေတယ်။ သူ့အသက် ၃၄ နှစ်ထက် ပိုပြီးအိုစာနေတယ်။

ကျွန်မက သူ့ပခုံးကို ညင်ညင်သာသာပုတ်လိုက်တဲ့အခါ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက မျက်စိကွယ်သွားတဲ့အတွက် မမြင်နိုင်တဲ့မျက်ဝန်းအစုံနဲ့ ကျွန်မတို့ကိုမော့ကြည့်တယ်။ သူ့ရဲ့နား,နားမှာကပ်အော်ပြောပြီး ကျွန်မနဲ့ ကျွန်မရဲ့ဟောပြောဖော်ကို မိတ်ဆက်လိုက်တယ်။ နီရူကာဟာ နာကျင်မှုဝေဒနာအများကြီးခံစားရတဲ့ မျိုးရိုးလိုက်ရောဂါလက္ခဏာ (Marfan Syndrome) ကို ခံစားနေရတယ်ဆိုတာ နောက်ပိုင်း ကျွန်မတို့သိလိုက်ရတယ်။ သွေးမှာသကြားဓာတ်ပါဝင်မှု များမများကို မပြတ်စစ်ဆေးဖို့လိုတဲ့ အခြေအနေဆိုးဝါးနေတဲ့ ဆီးချိုရောဂါလည်း နီရူကာမှာ ရှိနေတယ်။

ကျွန်မက သမ္မာကျမ်းစာအုပ်ကို သူ့လက်ထဲထည့်ပေးလိုက်တဲ့အခါ ကျမ်းစာဖြစ်မှန်းသူသိတယ်၊ သူမျက်စိမကွယ်ခင်က ကျမ်းစာဖတ်ရတာကို နှစ်သက်တဲ့အကြောင်း ပြောပြတယ်။ ဒါပေမဲ့ အထီးကျန်နေပြီး နှိမ့်ချမှုရှိတဲ့ စိတ်ကျိုးပဲ့ကြေကွဲနေသူတစ်ယောက်ကို လန်းဆန်းမှုဖြစ်စေတဲ့ ဘုရားသခင့်နှုတ်မြွက်စကားပါ အမှန်တရားကို ကျွန်မဘယ်လိုသင်ပေးရမလဲ။ အက္ခရာစကားလုံးကို သူသိတဲ့အတွက် သူ့ရဲ့လက်ထဲကို ပလက်စတစ်စာလုံးတွေကို စမ်းခိုင်းပြီး စ,စကားပြောခဲ့တယ်။ မကြာခင်မှာပဲ အဲ့ဒါတွေကို သူအကျွမ်းဝင်ခွဲခြားသိလာတယ်။ နောက်တော့ ကျွန်မရဲ့လက်အမှတ်အသားနဲ့ အမေရိကန်လက်ဟန်ပြဘာသာစကားအက္ခရာတွေ၊ အက္ခရာချိတ်ဆက်ပုံတွေကို သူသင်ယူခဲ့တယ်။ တဖြည်းဖြည်းနဲ့ တခြားလက်ဟန်အမူအရာတွေကိုလည်း သူသိလာခဲ့တယ်။ ကျွန်မက ကျွန်မဘာသာ လက်ဟန်ပြဘာသာစကားကို စသင်ယူခဲ့တဲ့အတွက် သင်ခန်းစာတစ်ခုစီကို ကြိုတင်ပြင်ဆင်တာ နာရီနဲ့ချီကြာတယ်။ ဒါပေမဲ့လည်း နီရူကာနဲ့ ကျွန်မနှစ်ယောက်စလုံး အရမ်းကိုစိတ်တက်ကြွတဲ့အတွက်ကြောင့် လက်ဟန်ပြဘာသာစကားကို မြန်မြန်ပဲတတ်လာခဲ့တယ်။

ထောက်ပံ့ရေးအဖွဲ့အစည်းတစ်ခုက နီရူကာအတွက် နားကြားဖို့အထောက်အကူပစ္စည်း ပေးလှူတဲ့အခါမှာတော့ သူ့ရဲ့တိုးတက်မှုဟာ ပိုလို့တောင်မြန်လာတယ်။ အဲ့ဒီပစ္စည်းဟာ နောက်ဆုံးပေါ်ပစ္စည်းမဟုတ်တာတောင် သူ့အတွက် အများကြီးအထောက်အကူဖြစ်ခဲ့တယ်။ မျက်စိကွယ်ပြီး လုံးဝနီးပါးမကြားရတဲ့အခြေအနေနဲ့ ဆယ်နှစ်ကျော်နေလာရပြီးတဲ့နောက် သူ့ဘာသာသူ ထီးတည်းပဲဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့တန်ခိုးတော်က အသိပညာ၊ မျှော်လင့်ချက်၊ မေတ္တာတွေဖြည့်ပေးပြီး သူ့ရဲ့စိတ်နှလုံးကို လှုပ်နိုးခဲ့တယ်။ မကြာခင်မှာပဲ တုတ်ကောက်သုံးကာ သူ့ရဲ့အိမ်နီးဝန်းကျင်မှာ လမ်းလျှောက်သွားပြီး တခြားသူတွေကို သမ္မာကျမ်းစာအမှန်တရား ဝေမျှခဲ့တယ်။

နီရူကာဟာ သူ့ရဲ့ဒေါ်လေးနဲ့ သူ့ဝမ်းကွဲညီမနှစ်ယောက်နဲ့အတူ ကျမ်းစာသင်အံမှုကျင်းပနေတယ်။ သင်ခန်းစာတစ်ခုစီကို အလွတ်မှတ်မိဖို့အတွက် လုံ့လစိုက်ထုတ်ပြီး ကြိုတင်ပြင်ဆင်တယ်။ သူ့ရဲ့သင်သားတွေက အပိုဒ်ဖတ်တယ်၊ ပြီးနောက် နီရူကာက သူ့ရဲ့မျက်မမြင်စာအုပ်ကနေ မေးခွန်းဖတ်တယ်။ နီရူကာနဲ့လိုက်တဲ့အဖော်က အဖြေတွေကို သူ့ရဲ့နား,နားမှာ ပြောပြတယ်၊ ဒါမှမဟုတ် သူ့ရဲ့လက်ကိုကိုင်ပြီး လက်ဟန်ပြစကားနဲ့ပြောပြတယ်။

အသင်းတော်တစ်ခုလုံးက နီရူကာကို ကူညီအားပေးကြတယ်။ ခရစ်ယာန်ညီအစ်ကိုတော်တော်များများက အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေတက်နိုင်အောင် ကူညီပေးခဲ့တယ်။ တခြားသူတွေက သူနဲ့အတူတွဲပြီး အမှုဆောင်လုပ်ငန်းမှာ ပါဝင်ကြတယ်။ မကြာသေးခင်က နီရူကာ ကျွန်မကို ဒီလိုပြောတယ်– “ဒီလိုမျိုးမေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးဘူး။” လာမယ့်ခရိုင်စည်းဝေးကြီးမှာ နှစ်ခြင်းခံဖို့ သူမျှော်လင့်နေပါတယ်။

နီရူကာနေတဲ့လမ်းကို ကျွန်မတို့ချိုးကွေ့လိုက်တဲ့အခါ ခေါင်းကိုမတ်မတ်ထားပြီး ပြုံးနေတဲ့မျက်နှာနဲ့ နေရောင်အောက် ဝရန်တာမှာထိုင်နေတာကို ကျွန်မတို့တွေ့ရတယ်။ ဘာလို့ပြုံးနေတာလဲလို့ သူ့ကိုမေးတဲ့အခါ “ဒီကမ္ဘာမြေကြီး ပရဒိသုဖြစ်လာမယ့် အနာဂတ်အကြောင်းကို ကျွန်မစဉ်းစားနေတာပါ။ ကျွန်မ ပရဒိသုမှာရောက်နေသလို ကျွန်မမြင်ယောင်နေလို့ပါ” လို့ သူပြန်ဖြေတယ်။

[စာမျက်နှာ ၂၅ ပါပုံစာ]

ဝတ်ပြုရာခန်းမရှေ့တွင် နီရူကာနှင့် အသင်းတော်မှညီအစ်ကို၊ ညီအစ်မတချို့

[စာမျက်နှာ ၂၅ ပါပုံစာ]

နီရူကာသည် သူသင်ယူသိရှိရာတို့ကို အခြားသူတို့အား ပြန်လည်ဝေမျှ