မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်သားသမီး တစ်ဦးဖြစ်လာခြင်း

ဘုရားသခင့်သားသမီး တစ်ဦးဖြစ်လာခြင်း

ဘုရားသခင့်သားသမီး တစ်ဦးဖြစ်လာခြင်း

ကိုရီးယားစစ်ဖြစ်ပြီးနောက် နှစ်ပေါင်း ၃၀ ခန့်တွင် စစ်ကြောင့်မိသားစုနှင့်ကွဲသွားခဲ့ကြသောမိသားစုဝင်များကို ရှာဖွေရာတွင် လူတို့အားကူညီပေးမည့်အစီအစဉ်တစ်ခုကို ကိုရီးယားအသံလွှင့်ဌာနက စတင်ဆောင်ရွက်ခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ ​လူပေါင်း ၁၁,၀၀၀ ကျော်တို့သည် သူတို့ချစ်မြတ်နိုးရသူများနှင့် ပြန်လည်ဆုံစည်းခဲ့ကြရာ မျက်ရည်များကျကြ၊ ငိုကြ၊ ပွေ့ဖက်ခဲ့ကြသည်။ ကိုရီးယားတိုင်းမ်က ဤသို့ဖော်ပြခဲ့သည်– “ကိုရီးယားလူတို့သည် ဝမ်းမြောက်မှုကြောင့် အလိုအလျောက်၊ တစ်ပြိုင်တည်းဖြင့် ဤမျှများသောမျက်ရည်များစီးကျလာသည့်အဖြစ်မျိုး သူတို့သမိုင်းတွင် တစ်ခါမျှမရှိခဲ့ဖူးချေ။”

ဘရာဇီးနိုင်ငံတွင် စေးဇာသည် အကြွေးအဖြစ်ပေးချေခံရသော ကလေးငယ်တစ်ဦးဖြစ်သည်။ နောက်ဆယ်နှစ်ခန့်အကြာတွင် ​သူသည် မိခင်ရင်းနှင့် ပြန်ဆုံခဲ့ရာ အလွန်ပျော်ရွှင်ပြီး မိခင်ရင်းနှင့်အတူနေရန် ချမ်းသာသည့်မွေးစားမိဘတို့ကို စွန့်ခဲ့သည်။

မိသားစုဝင်များသည်  မိသားစုနှင့်ကွဲသွားကြပြီးနောက် ​တစ်ယောက်နှင့်တစ်ယောက်ပြန်တွေ့ဆုံချိန်တွင် မည်မျှပျော်ရွှင်ကြသည်တကား! လူသားများသည် ဘုရားသခင့်မိသားစုမှ ကွဲကွာသွားခဲ့သည့် ဝမ်းနည်းဖွယ်အဖြစ်ကို သမ္မာကျမ်းစာက ဖော်ပြထားသည်။ ယခု သူတို့ ရွှင်လန်းစွာပြန်လည်ပေါင်းစည်းခဲ့ကြပုံကိုလည်း ဖော်ပြ၏။ ယင်းသို့ မည်သို့ ဖြစ်ခဲ့သနည်း။ ထိုရွှင်လန်းမှုတွင် သင်မည်သို့​ပါဝင်ခံစားနိုင်သနည်း။

ဘုရားသခင့်မိသားစု ကွဲကွာသွားခဲ့ပုံ

ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ ဆာလံ​ဆရာက ဤသို့ပြောဆိုခဲ့သည်– “ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။” (ဆာလံ ၃၆:၉) ယေဟောဝါသည် တည်ကြည်သောအသိဉာဏ်ရှိသတ္တဝါများဖြင့် ဖွဲ့စည်းထားသည့် စကြဝဠာ​မိသားစုကြီး၏ ဖခင်တစ်ဦးဖြစ်သည်။ ထိုမိသားစုကြီးတွင် ကိုယ်တော်၏​ဝိညာဉ်သတ္တဝါသားများဖြစ်သော ကောင်းကင်တမန်များဖြင့်ဖွဲ့စည်းထားသည့် ကောင်းကင်ဆိုင်ရာအပိုင်းနှင့် ကိုယ်တော်၏မြေကြီး​ဆိုင်ရာသားသမီးများဖြစ်ကြသည့် လူသားများဖြင့်ဖွဲ့စည်းထားသော မြေကြီးဆိုင်ရာအပိုင်းတို့ ပါဝင်သည်။

ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း ဘုရားသခင်၏သားတစ်ဦးဖြစ်သော ကနဦးလူသားအာဒံပုန်ကန်ခဲ့သောအခါ ​လူသားမျိုးနွယ်သည် သူတို့၏ဖခင် ဖန်ဆင်းရှင်ထံမှ ကွဲကွာသွားခဲ့သည်မှာ ဝမ်းနည်းစရာပင်။ (လုကာ ၃:၃၈) ယင်းသို့ဖြစ်ရခြင်းမှာ အာဒံသည် သူ၏ပုန်ကန်မှုကြောင့် သူကိုယ်တိုင်နှင့် သူ၏မမွေးသေးသောသားစဉ်မြေးဆက်အတွက် ဘုရားသခင့်သားသမီးများဖြစ်ရသည့်အခွင့်ထူးကို ဆုံးရှုံးစေခဲ့သည်။ ဘုရားသခင်သည် မိမိ၏​ကျေးကျွန်မောရှေမှတစ်ဆင့် ဖြစ်ပျက်ခဲ့သည့်အကျိုးဆက်များကို ဤသို့ဖော်ပြခဲ့သည်– “သူတို့သည် ဖောက်ပြန်ကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အပြစ်အနာရှိသူသာဖြစ်ကြ၏။” “အပြစ်အနာ” ​သို့မဟုတ် အပြစ်ပြုလိုသည့်သဘောသဘာဝက သန့်ရှင်းတော်မူသော၊ အဘက်ဘက်တွင်စုံလင်တော်မူသောအရှင် ဘုရားသခင်ထံမှ လူသားများကို ကင်းကွာစေခဲ့သည်။ (တရားဟောရာ ၃၂:၄၊ ၅သမ္မာ; ​ဟေရှာယ ၆:၃) သို့ဖြင့် လူသားတို့သည် ပျောက်သွားသော ဖတဆိုးလေးများဖြစ်လာခဲ့သည်။​—⁠ဧဖက် ၂:၁၂

လူသားတို့၏ကင်းကွာနေမှုအတိုင်းအတာကို အလေးပေးရန် သမ္မာကျမ်းစာက ဘုရားသခင့်မိသားစုအပြင်ဘက်ရှိသူများကို ​“ရန်သူ” အဖြစ်ရည်ညွှန်း၏။ (ရောမ ၅:၈၊ ၁၀ကဘ) ဘုရားသခင့်ထံမှ ကင်းကွာသွားသောလူသားများသည် စာတန်၏ရက်စက်ကြမ်းကြုတ်သောအုပ်ချုပ်မှုအောက် ဆင်းရဲဝေဒနာခံရကြပြီး အမွေရသောအပြစ်နှင့် မစုံလင်မှု၏ဆိုးဝါးသောအကျိုးဆက်များကို ​ခံစားခဲ့ရသည်။ (ရောမ ၅:၁၂; ၁ ယောဟန် ၅:၁၉) အပြစ်သားများသည် ဘုရားသခင့်မိသားစုအဝင် ဖြစ်လာနိုင်သလော။ မစုံလင်သောလူသားများသည် အာဒံနှင့်ဧဝတို့ အပြစ်မပြုမီက အခြေအနေအတိုင်း အပြည့်ဝဆုံးသဘောဖြင့် ဘုရားသခင့်သားသမီးများဖြစ်လာနိုင်သလော။

ကွဲကွာခဲ့သောသားသမီးများ ပြန်လည်စုရုံးခြင်း

ယေဟောဝါသည် ကိုယ်တော့်ကိုချစ်သော မစုံလင်သည့်လူသားများအကျိုးအတွက် မေတ္တာပါအစီအစဉ်များ ပြုလုပ်တော်မူ၏။ (၁ ကောရိန္သု ၂:၉) တမန်တော်ပေါလု ဤသို့ရှင်းပြသည်– ​“ဘုရားသခင်သည် ခရစ်တော်အားဖြင့် လောကကို မိမိနှင့် ပြန်လည်​သင့်မြတ်စေတော်မူ၍ သူတို့၏အပြစ်များကို မှတ်တော်မမူခြင်းဖြစ်၏။” (၂ ကောရိန္သု ၅:​၁၉ကဘ) ရှေ့ဆောင်းပါးတွင် ရှင်းပြခဲ့သည့်အတိုင်း ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များအတွက် ယေရှုခရစ်အားဖြင့် ရွေးနုတ်ဖိုးကို စီစဉ်ပေးခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ကျေးဇူးတင်လေးမြတ်စိတ်ဖြင့် တမန်တော်​ယောဟန် ဤသို့ရေးခဲ့သည်– “ငါတို့သည် ဘုရားသခင်၏သားသမီးများဟု ခေါ်ဆိုခံရသဖြင့် ငါတို့ကို ခမည်းတော် မည်မျှချစ်တော်မူကြောင်း ဆင်ခြင်ကြလော့။” (၁ ယောဟန် ၃:​၁ကဘ) ထို့ကြောင့် နာခံသောလူများအတွက် ယေဟောဝါ၏မိသားစုဝင်ဖြစ်လာရန် ပြန်၍လမ်းပွင့်လာခဲ့သည်။

ဘုရားသခင့်မိသားစုထဲသို့ စုဝေးလာခဲ့ကြသည့် လူသားအားလုံးသည် သူတို့၏ကောင်းကင်ခမည်းတော် ဂရုစိုက်စောင့်ရှောက်မှုအောက်တွင် အထူးကောင်းမွန်သောစည်းလုံးမှု ခံစားကြမည်ဖြစ်သော်လည်း အုပ်စုနှစ်ခုအဖြစ် စုဝေးလာကြမည့် ထိုသူတို့အကြောင်း သမ္မာကျမ်းစာဖော်ပြထားပုံကို မှတ်သားပါ။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ထိုလျှို့ဝှက်တော်မူရာသည် [ဘုရားသခင်] ၏သဘောတော်နှင့် ရည်ရွယ်တော်မူချက်အတိုင်းဖြစ်၏။ ဤသို့ဖြင့် ကိုယ်တော်သည် ချိန်းချက်သည့်ကာလစေ့သောအခါ ကောင်းကင်ပေါ်ရှိအရာများနှင့် မြေကြီးပေါ်ရှိအရာများကို ခရစ်တော်၌ ပြန်လည်စုစည်းရန် စီမံခန့်ခွဲတော်မူ၏။” (ဧဖက် ၁:၉၊ ၁၀ကဘ) ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့စီမံခန့်ခွဲတော်မူသနည်း။

ယေဟောဝါသည် မိမိ၏သားသမီးများကို အုပ်စုနှစ်ခုဖြင့် စီစဉ်ပုံနည်းလမ်းက အမှန်ပင် ကိုယ်တော်၏မိသားစုကို ညီညွတ်မှုရှိစေသည်။ ယင်း၏အကြောင်းရင်းကို နားလည်ရန် မခဲယဉ်းပါ။ ဘုရားသခင်၏မိသားစုသည် ကြီးမားလွန်းရကား နိုင်ငံတစ်နိုင်ငံနှင့် ​နှိုင်းယှဉ်နိုင်၏။ မည်သည့်နိုင်ငံတွင်မဆို လူနည်းစုကို အုပ်စိုးသူများအဖြစ်ဖွဲ့စည်းရန် ရွေးချယ်ခဲ့ကြသည်၊ ကျန်လူများ ငြိမ်ဝပ်အေးချမ်းစွာနေနိုင်ရန်အလို့ငှာဖြစ်သည်။ မှန်ပါသည်၊ မည်သည့်လူ့အုပ်ချုပ်ရေးကမျှ စစ်မှန်သောငြိမ်သက်မှုကို မဆောင်ကြဉ်းပေးခဲ့ပါ၊ သို့သော် ဘုရားသခင်သည် ကိုယ်တော့်မိသားစုအတွက် စုံလင်သောအုပ်ချုပ်ရေးတစ်ခုကို စီစဉ်ပေးတော်မူ၏။ ပထမအုပ်စုဖြစ်သော ​“ကောင်းကင်ပေါ်ရှိအရာများ” တွင် ကောင်းကင်၌အုပ်စိုးရန် သို့မဟုတ် နိုင်ငံတစ်ခုတည်ထောင်ရန် ယေဟောဝါရွေးချယ်သော ​ဘုရားသခင့်သားသမီးများ ပါဝင်သည်။ ကောင်းကင်မှ ‘မြေကြီးကို ​စိုးစံကြမည်။’​—⁠ဗျာ. ၅:၁၀

မြေကြီးပေါ်ရှိ ဘုရားသခင့်သားသမီးများ

ယေဟောဝါသည် “မြေကြီးပေါ်ရှိအရာများ” ဖြစ်သည့် ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသောသူတို့ကို နောက်ဆုံးတွင် ကိုယ်တော်၏ မြေကြီးဆိုင်ရာသားသမီးများဖြစ်လာနိုင်ရန်လည်း စုသိမ်းလျက်ရှိသည်။ ကြင်နာတတ်သောဖခင်တစ်ဦးအနေနှင့် ကိုယ်တော်သည် ​သူတို့အား ကိုယ်တော်၏မေတ္တာတော်နည်းလမ်းများကို သင်ပေးတော်မူ၏၊ သို့ဖြင့် သူတို့သည် လူမျိုးပေါင်းစုံဖြစ်သော်လည်း ​စည်းလုံးညီညွတ်မှုရှိခဲ့ကြသည်။ အကြမ်းဖက်၊ တစ်ကိုယ်ကောင်းဆန်၊ အကျင့်ပျက်ပြီး ဘုရားသခင်အားမနာခံသူတို့သည်ပင် “ဘုရားသခင်နှင့်​မိတ်သဟာယဖွဲ့” ရန် ဖိတ်ခေါ်ခံခဲ့ကြရသည်။​—⁠၂ ကောရိန္သု ၅:၂၀

ဘုရားသခင့်သားသမီးများအဖြစ် ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရန် ဘုရားသခင့်ဖိတ်ခေါ်ချက်ကို ငြင်းပယ်သူများကော အသို့နည်း။ ယေဟောဝါသည် မိမိ၏မိသားစုတွင် ငြိမ်သက်မှုနှင့် ညီညွတ်မှုရှိစေရန် ထိုသို့သောသူတို့အပေါ် ပြတ်ပြတ်သားသားလုပ်ဆောင်ပါလိမ့်မည်။ ‘တရားဆုံးဖြတ်၍ လူဆိုးတို့ကိုဖျက်ဆီးသောနေ့ရက်’ ရှိပါလိမ့်မည်။ (၂ ပေတရု ၃:၇) ဘုရားသခင်သည် ကမ္ဘာပေါ်ရှိ​ပုန်ကန်သူတို့ကို သုတ်သင်ရှင်းလင်းပါလိမ့်မည်။ နာခံမှုရှိသူတို့အတွက် မည်မျှ​သက်သာရာရပါလိမ့်မည်တကား!​—⁠ဆာလံ ၃၇:၁၀၊ ၁၁

“တရားစီရင်ရာနေ့” အပြီးတွင် ငြိမ်သက်မှုရှိသောအနှစ်​တစ်ထောင်လိုက်ပါလာလိမ့်မည်၊ ထိုအတောအတွင်း ဘုရားသခင့်မေတ္တာတော်ကို တုံ့ပြန်သူအားလုံး အာဒံဆုံးရှုံးခဲ့သောစုံလင်သည့်အသက်ကို တဖြည်းဖြည်းပြန်ရရှိကြပါလိမ့်မည်။ သေလွန်သူများပင် ပြန်ရှင်လာကြမည်။ (ယောဟန် ၅:၂၈၊ ၂၉; ဗျာ. ၂၀:၆; ၂၁:၃၊ ၄) ထို့ကြောင့် ဘုရားသခင်သည် ဤကတိတော်ကို ပြည့်စုံစေပါလိမ့်မည်– ‘ဖန်ဆင်းခံအရာများ [လူသားတို့] သည်ဖောက်ပြန်ပျက်စီးခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့် သားသမီးတို့၏ လွတ်လပ်မှု ဘုန်းအသရေကို ခံစားရလိမ့်မည်။’​—⁠ရောမ ၈:​၂၁ကဘ။

သင့်ဖခင်နှင့် ပြန်လည်စည်းလုံးလာခြင်း

ဤဆောင်းပါးအစတွင် ဖော်ပြထားသည့် စေးဇာနှင့် ထောင်ချီသောကိုရီးယားလူတို့သည် သူတို့၏မိသားစုများနှင့် ပြန်လည်​ဆုံစည်းရန် တစ်စုံတစ်ရာလုပ်ဆောင်ဖို့ လိုအပ်သည်။ ကိုရီးယား​နိုင်ငံရှိထိုသူတို့သည် အစီအစဉ်တွင် ပါဝင်ဖို့လို၏၊ စေးဇာသည်လည်း ​သူ၏မွေးစားမိဘတို့ကို စွန့်ရန်လို၏။ အလားတူပင်၊ သင့်ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်နှင့် ပြန်လည်သင့်မြတ်မှုရရန်နှင့် ကိုယ်တော်၏မိသားစုဝင်ဖြစ်လာရန် သင်သည် ပြတ်သားသောလုပ်ဆောင်မှုပြုဖို့ လိုပေမည်။ သင်အဘယ်အရာလုပ်သင့်သနည်း။

သင့်ဖခင်အဖြစ် ဘုရားသခင်ထံ ချဉ်းကပ်ရန် ကိုယ်တော့်​နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို လေ့လာဆည်းပူးရမည်၊ ​သို့မှသာ ကိုယ်တော်နှင့် ကိုယ်တော့်ကတိတော်များအပေါ် ခိုင်မြဲသောယုံကြည်ခြင်းရှိရန် အထောက်အကူပြုပါလိမ့်မည်။ သင်အဘယ်အရာလုပ်ရမည်နှင့်ပတ်သက်သော ဘုရားသခင်မိန့်တော်မူရာများသည် သင့်အကျိုးအတွက်ဖြစ်သည်ကို ယုံကြည်လာပါလိမ့်မည်။ သင်သည် ဘုရားသခင့်ပြုပြင်တည့်မတ်ပေးမှုနှင့် ဆုံးမမှုတို့ကို လက်ခံဖို့လည်း လို၏၊ အကြောင်းမှာ ခရစ်ယာန်များကို သမ္မာကျမ်းစာဤသို့ဆိုထား၏– “သားတို့ကိုပြုသကဲ့သို့ ဘုရားသခင်သည် ​သင်တို့ကိုပြုတော်မူ၏။ အကြောင်းမူကား အဘမဆုံးမသောသား တစ်စုံတစ်ယောက်ရှိသလော။”​—⁠ဟေဗြဲ ၁၂:⁠၇

ထိုသို့သောခြေလှမ်းများ တက်လှမ်းခြင်းက သင့်အသက်တာ​တစ်ခုလုံးကို ပြောင်းလဲစေပါလိမ့်မည်။ သမ္မာကျမ်းစာ ဤသို့​ဆိုထားသည်– “သင်တို့၏စိတ်သဘောကို အသစ်ပြုပြင်ကြရမည်။ ​ထို့ပြင် စစ်မှန်သော ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းတို့နှင့်အညီ ​ဘုရားသခင်၏ အလိုတော်အတိုင်း ဖန်ဆင်းခံရသော လူသစ်ကို ယူတင်ဝတ်ဆောင်သင့်၏။” (ဧဖက် ၄:၂၃၊ ၂၄ကဘ) ထို့နောက် တမန်တော်ပေတရု၏ ဤတိုက်တွန်းချက်ကို လက်တွေ့ကျင့်သုံးပါ– ‘အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သောတပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ၊ နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်ကြလော့။’​—⁠၁ ပေတရု ၁:၁၄

သင့်မိသားစုအမှန်ကို ရှာတွေ့ခြင်း

စေးဇာသည် သူ့မိခင်ကိုရှာတွေ့သောအခါ သူ့တွင် အစ်ကို​တစ်ယောက်နှင့် အစ်မတစ်ယောက်လည်းရှိကြောင်း သိလိုက်ရာ အလွန်ဝမ်းသာခဲ့သည်။ အလားတူပင် သင်သည် သင့်ကောင်းကင်​ခမည်းတော်ထံ ချဉ်းကပ်သောအခါ ခရစ်ယာန်အသင်းတော်တွင် သင့်ညီအစ်ကို၊ ညီအစ်မများစွာရှိကြောင်း သိရှိပါလိမ့်မည်။ သင်သည် သူတို့နှင့်ပေါင်းသင်းသည်နှင့်အမျှ သင့်သွေးရင်းသားရင်း​မိသားစုဝင်များထက်ပင် သူတို့နှင့်ပို၍ရင်းနှီးလာသည်ဟု ခံစားပေမည်။​—⁠တမန်တော် ၂၈:၁၄၊ ၁၅; ဟေဗြဲ ၁၀:၂၄၊ ၂၅

စစ်မှန်သောဖခင်၊ စစ်မှန်သောညီအစ်ကို ညီအစ်မများနှင့် ပေါင်းစည်းရန် သင့်အား ဖိတ်ခေါ်ပါသည်။ သင်တွေ့ကြုံခံစားရမည့်​ရွှင်လန်းမှုသည် စေးဇာနှင့် ကိုရီးယားနိုင်ငံရှိထောင်ချီသောသူတို့ သူတို့၏မိသားစုများနှင့် ပြန်တွေ့ဆုံသောအခါ ခံစားခဲ့ရသည့်​ရွှင်လန်းမှုတမျှ ဖြစ်ပါလိမ့်မည်။

[စာမျက်နှာ ၈ ပါပုံစာ]

စေးဇာ ၁၉ နှစ်အရွယ်က သူ၏မိခင်နှင့်အတူ

[စာမျက်နှာ ၁၀ ပါပုံစာ]

ဘုရားသခင်ထံချဉ်းကပ်ရန် ခြေလှမ်းများ တက်လှမ်းပါ