မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏ သေခြင်းက သင့်အား ကယ်တင်နိုင်ပုံ

ယေရှု၏ သေခြင်းက သင့်အား ကယ်တင်နိုင်ပုံ

လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးဖြစ်သော အေဒီ ၃၃၊ ဂျူးပသခါပွဲနေ့တွင် အခြားသူများ အသက်ရှင်နိုင်ရန် အပြစ်မဲ့သူတစ်ဦး သေဆုံးခဲ့သည်။ ထိုသူကား အဘယ်သူနည်း။ သူသည် နာဇရက်မြို့သား ယေရှုဖြစ်၏။ ထိုမြင့်မြတ်သောလုပ်ရပ်မှ မည်သူတို့ အကျိုးခံစားနိုင်သနည်း။ လူသားမျိုးနွယ်တစ်ခုလုံး ဖြစ်၏။ လူသိများသော ကျမ်းချက်တစ်ချက်က ထိုအသက်ကယ်တင်ပေးနိုင်သော ပူဇော်ရာယဇ်ကို ဤသို့ အကျဉ်းချုပ် ဖော်ပြထားသည်– ‘ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏။’​—⁠ယောဟန် ၃:​၁၆

လူအတော်များများ ဤကျမ်းချက်ကို အကျွမ်းတဝင်ရှိသော်လည်း ယင်း၏အဓိပ္ပာယ်ကို အမှန်တကယ် နားလည်သူ မရှိသလောက်ပင်။ သူတို့ ဤသို့စဉ်းစားသည်– ‘ကျွန်ုပ်တို့သည် ခရစ်တော်၏ ပူဇော်ရာယဇ်ကို အဘယ်ကြောင့် လိုအပ်သနည်း။ လူတစ်ဦး၏ သေခြင်းက လူသားမျိုးနွယ်အား အဆုံးမသတ်နိုင်သော သေခြင်း၏ အကျိုးဆက်များမှ မည်သို့ ကယ်တင်နိုင်သနည်။’ ထိုမေးခွန်းများအတွက် ရှင်းလင်းပြီး စိတ်ကျေနပ်ဖွယ်အဖြေကို သမ္မာကျမ်းစာက ပေးထားသည်။

သေခြင်းက လူသားမျိုးနွယ်ကို မည်သို့ အစိုးရပုံ

လူသားများသည် ကမ္ဘာပေါ်တွင် တစ်ခဏမျှ အသက်ရှင်မည်၊ ပြဿနာများ ကြုံတွေ့မည်၊ ပျော်ရွှင်မှု အတော်အတန် ခံစားမည်၊ ပြီးနောက် သေဆုံးသွားကာ ပို၍ကောင်းသောနေရာဆီသို့ ထွက်ခွာသွားရန် ဖန်ဆင်းခံရသည်ဟု လူတချို့ ယုံကြည်ကြသည်။ ဤအယူအဆအရ သေခြင်းသည် လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်ထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည်။ သို့သော် လူသားမျိုးနွယ်အား သေခြင်း နှိပ်စက်နေသည်မှာ တခြားအကြောင်းရင်းကြောင့်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ ဤသို့ဆိုထားသည်– “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။” (ရောမ ၅:၁၂) အပြစ်၏ အကျိုးဆက်အနေဖြင့် လူတို့ သေဆုံးရသည်ဟု ဤအခန်းငယ်က ဖော်ပြသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်ကို အပြစ်၏ ဆိုးဝါးသော အကျိုးဆက်များ ခံစားစေသည့် ထို “တစ်ယောက်သောသူ” ကား မည်သူနည်း။

လူသားအားလုံးသည် ရင်းမြစ်တစ်ခုတည်းမှ ဆင်းသက်လာခဲ့ကြသည်ဟူ၍ သိပ္ပံပညာရှင်အများစု ယုံကြည်ကြောင်း ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းက ဖော်ပြထားပြီး သမ္မာကျမ်းစာက ထိုရင်းမြစ်တစ်ခုတည်းမှာ “တစ်ယောက်သောသူ” ဟူ၍ ရှင်းလင်းစွာ ဖော်ပြထားသည်။ ကမ္ဘာဦးကျမ်း ၁:၂၇ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား လူမိန်းမကို ဖန်ဆင်းတော်မူ၏။” ထို့ကြောင့် ပထမလူမောင်နှံစုံသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင့် ဖန်ဆင်းခြင်း၏အထွတ် ဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။

ပထမလူသားကို ယေဟောဝါဘုရားသခင် ဖန်ဆင်းပြီးနောက်ပိုင်း လူသားဘဝနှင့်ပတ်သက်သော ထပ်ဆင့်အသေးစိတ်အချက်များကို ကမ္ဘာဦးကျမ်းမှတ်တမ်းက ဖော်ပြထားသည်။ ဘုရားသခင်သည် မနာခံမှု၏ အကျိုးဆက်အဖြစ် သေခြင်းအကြောင်း ဖော်ပြထားသည်မှလွဲ၍ ထိုမှတ်တမ်းတစ်ခုလုံးတွင် သေခြင်းအကြောင်း မဖော်ပြထားခြင်းမှာ ထူးခြား၏။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) ကိုယ်တော်သည် လူသားများကို လှပသောပရဒိသုမြေကြီးပေါ်တွင် ပျော်ရွှင်စွာ၊ ကျန်းမာစွာထာဝစဉ်အသက်ရှင်စေလိုတော်မူ၏။ ကိုယ်တော်သည် သူတို့အား အသက်အရွယ် အိုမင်းခြင်း၏ အကျိုးဆက်များကို ခံစားစေပြီး နောက်ဆုံးတွင် သေဆုံးသွားကြရန် အလိုမရှိခဲ့ပါ။ သို့ဆိုလျှင် သေခြင်းသည် မည်သို့ လူသားအားလုံးကို ထိန်းချုပ်လာခဲ့သနည်း။

ကမ္ဘာဦးကျမ်း အခန်းကြီး ၃ တွင် ပထမလူသားမောင်နှံသည် သူတို့၏ အသက်ပေးရှင်၊ ယေဟောဝါဘုရားသခင်အား မနာခံရန် စိတ်လိုကိုယ်လျောက် ဆုံးဖြတ်ခဲ့ကြပုံကို မှတ်တမ်းတင်ထားသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့အား ကြိုတင်အသိပေးထားသည့်အတိုင်း လုပ်ဆောင်တော်မူခဲ့သည်။ ကိုယ်တော်သည် လူကို ဤသို့မိန့်တော်မူခဲ့သည်– “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်။” (ကမ္ဘာဦး ၃:၁၉) ဘုရားသခင့်နှုတ်မြွက်တော် အတိုင်းပင် နာခံမှုမရှိသော လူသားနှစ်ဦးသည် နောက်ဆုံးတွင် သေဆုံးခဲ့ကြသည်။

သို့သော် ပထမလူသားမောင်နှံတို့သာ ထိခိုက်နစ်နာခဲ့ကြသည် မဟုတ်။ သူတို့၏ မနာခံမှုက သူတို့၏ သားစဉ်မြေးဆက်များ ခံစားရမည့် စုံလင်သောအသက်တာ အလားအလာကို ဖျက်ဆီးခဲ့သည်။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်တွင် ထိုမမွေးသေးသောလူသားများ ပါဝင်ခဲ့ကြောင်း အာဒံနှင့်ဧဝကို ကိုယ်တော် ဤသို့မိန့်တော်မူရာတွင် သိနိုင်သည်– “အချင်းတို့ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” (ကမ္ဘာဦး ၁:၂၈) အချိန်တန်သောအခါ လူ့မိသားစုဖြင့် ကမ္ဘာကို ပြည့်စေပြီး သေခြင်းမရှိဘဲ ဘဝကို အလွန်မွေ့လျော် ခံစားကြမည် ဖြစ်သည်။ သို့သော် “တစ်ယောက်သောသူ” ဖြစ်သော သူတို့၏ဘိုးဘေးအာဒံသည် သူတို့အား ရှောင်လွဲ၍မရသော ဇာတ်သိမ်းအဖြစ် အပြစ်နှင့် သေခြင်းအောက် ကျွန်များအဖြစ် ရောင်းစားခဲ့သည်။ ပထမလူသားမှ ဆင်းသက်လာသူ တစ်ဦးဖြစ်သော တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။”​—⁠ရောမ ၇:၁၄

မကြာသေးမီက လူရမ်းကားများသည် တန်ဖိုးကြီးလှသော အနုပညာလက်ရာများကို ဖျက်ဆီးခဲ့ကြသကဲ့သို့ အာဒံသည်လည်း အပြစ်ပြုခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ်ဖန်ဆင်းရာဖြစ်သော လူသားတို့ကို ဆိုးရွားစွာ ဖျက်ဆီးပစ်ခဲ့သည်။ အာဒံ၏ သားသမီးများသည် သူတို့ကိုယ်တိုင် သားသမီးများ ရလာကြပြီး ထိုမှတစ်ဆင့် မြေးများစသည်ဖြင့် ပွားများလာခဲ့ကြသည်။ လူမျိုးအဆက်ဆက်သည် မွေးဖွားပြီး အသက်အရွယ် ရလာကြကာ သားသမီးများ မွေးဖွားပြီးနောက် နောက်ဆုံး သေဆုံးသွားခဲ့ကြသည်။ အဘယ်ကြောင့် သူတို့အားလုံး သေဆုံးသွားခဲ့ကြသနည်း။ အကြောင်းမှာ သူတို့အားလုံးသည် အာဒံထံမှ ဆင်းသက်လာကြသူများ ဖြစ်ကြသောကြောင့်တည်း။ သမ္မာကျမ်းစာ ဤသို့ဖော်ပြထားသည်– “လူတစ်ယောက်သည် ပြစ်မှားသောအားဖြင့် လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။” (ရောမ ၅:၁၅) ဖျားနာခြင်း၊ အသက်အရွယ် ကြီးရင့်ခြင်း၊ မကောင်းသည့်အရာများဘက် စိတ်တိမ်းညွတ်ခြင်းနှင့် သေခြင်းကိုယ်နှိုက်တို့သည် အာဒံ သူ့မိသားစုအပေါ် သစ္စာဖောက်ခြင်းကြောင့် ဖြစ်လာသည့် ဝမ်းနည်းဖွယ် အကျိုးဆက်များ ဖြစ်ကြသည်။ ထိုမိသားစုတွင် ကျွန်ုပ်တို့အားလုံး ပါဝင်ကြသည်။

တမန်တော်ပေါလုသည် ရောမမြို့ရှိ ခရစ်ယာန်များထံရေးသော သူ၏စာစောင်တွင် သူအပါအဝင် မစုံလင်သောလူသားများ၏ သနားဖွယ်ကောင်းသော အခြေအနေနှင့် အပြစ်၏အကျိုးဆက်များကို စိတ်ပျက်ဖွယ် တိုက်လှန်နေရကြောင်း ရေးသားခဲ့သည်။ သူ ဤသို့ဆိုခဲ့သည်– “ငါ့အဖြစ် ဆိုးလိုက်လေခြင်း။ ငါ့ကို သေခြင်းသို့ ပို့ဆောင်သော ဤခန္ဓာကိုယ်မှ မည်သူ ကယ်နုတ်မည်နည်း။” အချက်ကျလှသောမေးခွန်း မဟုတ်ပေလော။ ကယ်တင်ခြင်းကို လိုလားတောင့်တသော ပေါလုနှင့် အခြားသူအားလုံးကို အပြစ်နှင့်သေခြင်း၏ ကျွန်ဘဝမှ မည်သူ ကယ်တင်မည်နည်း။ ပေါလုကိုယ်တိုင် ဤသို့ အဖြေပေးခဲ့သည်– “ငါတို့သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ကြီးလှပေ၏။” (ရောမ ၇:၁၄-၂၅ကဘ) မှန်ပါသည်၊ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် ကိုယ်တော့်သားတော် ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့အား ကယ်တင်ရန် အစီအစဉ် ပြုလုပ်တော်မူခဲ့သည်။

လူသားတို့ကို ဘုရားသခင် ကယ်တင်ရာတွင် ယေရှု၏ အခန်းကဏ္ဍ

ယေရှုသည် လူသားတို့ကို သေစေနိုင်သော အပြစ်၏ကျွန် ဖြစ်ရခြင်းမှ ကယ်တင်ရာတွင် မိမိ၏ အခန်းကဏ္ဍကို ဖော်ပြခဲ့သည်။ “လူသားသည် . . . လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကို စွန့်ရန် ကြွလာတော်မူ၏” ဟု ကိုယ်တော် မိန့်တော်မူခဲ့သည်။ (မဿဲ ၂၀:​၂၈ကဘ) ယေရှု၏ အသက်သည် ရွေးနုတ်ဖိုးအဖြစ် မည်သို့ လုပ်ဆောင်သနည်း။ ကိုယ်တော်၏ သေခြင်းက ကျွန်ုပ်တို့အား မည်သို့ အကျိုးပြုသနည်း။

ယေရှုသည် အာဒံ၏အပြစ်ကြောင့် ခံစားရသော ဆိုးကျိုးများကို ချေဖျက်ရန် မိမိ၏အသက်ကို ပေးဆပ်ခဲ့

သမ္မာကျမ်းစာက ယေရှုကို “အပြစ်နှင့် ကင်းလွတ်တော်မူ” ပြီး “အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ” ကြောင်း ဖော်ပြထားသည်။ ယေရှုသည် ဘဝအသက်တာတစ်လျှောက်တွင် ဘုရားသခင့်ပညတ်ကို ပြည့်ပြည့်ဝဝ နာခံတော်မူခဲ့သည်။ (ဟေဗြဲ ၄:၁၅; ၇:၂၆) ထို့ကြောင့် ယေရှု၏ သေခြင်းသည် အာဒံကဲ့သို့ မနာခံမှုနှင့် အပြစ်၏ အကျိုးဆက်ကြောင့် မဟုတ်ပါ။ (ယေဇကျေလ ၁၈:၄) ယင်းအစား၊ ယေရှုသည် အပြစ်နှင့်သေခြင်းမှ လူသားတို့ကို ကယ်တင်ရန်ဟူသော မိမိခမည်းတော်၏အလိုတော်ကို ဆောင်ရွက်နိုင်ဖို့ ကိုယ်တော် မခံထိုက်သောသေခြင်းကို လက်ခံတော်မူခဲ့သည်။ အထက်တွင်ဖော်ပြထားသည့်အတိုင်း ယေရှုသည် “ရွေးနုတ်ဖိုးအဖြစ် အသက်ကို စွန့်ရန်” လိုလိုလားလား ကြွလာခဲ့သည်။ လူ့သမိုင်းတွင် မရှိခဲ့ဖူးသည့် ပြိုင်ဘက်ကင်းသော မေတ္တာဖြင့် ယေရှုသည် လိုလိုလားလား ‘လူခပ်သိမ်းတို့အတွက် အသေခံတော်မူခဲ့သည်။’​—⁠ဟေဗြဲ ၂:​၉သမ္မာ။

ယေရှုပူဇော်သော အသက်သည် အာဒံအပြစ်ပြုခဲ့ချိန်က ဆုံးရှုံးခဲ့သောအသက်နှင့် အတိအကျ ညီမျှသည်။ ယေရှုသေခြင်း၏ ရလဒ်ကား အဘယ်နည်း။ ယေဟောဝါသည် ထိုပူဇော်ရာယဇ်ကို “လူအပေါင်းတို့အဖို့ တန်ဖိုးတူရွေးနုတ်ဖိုး” အဖြစ် လက်ခံတော်မူခဲ့သည်။ (၁ တိမောသေ ၂:​၆ကဘ) အမှန်မှာ ဘုရားသခင်သည် လူသားတို့ကို အပြစ်နှင့် သေခြင်း၏ ကျွန်ဘဝမှ ပြန်ဝယ်ယူရန် သို့မဟုတ် ရွေးယူရန် ယေရှုအသက်၏ တန်ဖိုးကို အသုံးပြုတော်မူခဲ့သည်။

လူသားတို့၏ ဖန်ဆင်းရှင် တင်ပြသော ကြီးမြတ်လှသည့် ဤမေတ္တာလုပ်ရပ်ကို သမ္မာကျမ်းစာတွင် အကြိမ်ကြိမ် ဖော်ပြထားသည်။ ပေါလုသည် ခရစ်ယာန်များအား သူတို့သည် “အဖိုးနှင့်ဝယ်တော်မူ” ရာဖြစ်သည်ဟု သတိပေးခဲ့သည်။ (၁ ကောရိန္သု ၆:၂၀; ၇:၂၃) ပေတရုက ခရစ်ယာန်များအား သေခြင်းသို့ဦးတည်သောဘဝမှ ကယ်တင်ရန် ဘုရားသခင်သည် ရွှေ၊ ငွေတို့ဖြင့်မဟုတ်ဘဲ မိမိသားတော်၏အသွေးကို အသုံးပြုတော်မူခဲ့ကြောင်း ရေးသားခဲ့သည်။ (၁ ပေတရု ၁:၁၈၊ ၁၉) ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်ရာယဇ်အားဖြင့် ယေဟောဝါသည် လူသားများကို အစဉ်သေဆုံးနေရသည့် အခြေအနေမှ ကယ်တင်ရန် စီစဉ်တော်မူခဲ့သည်။

ခရစ်တော်၏ ရွေးနုတ်ဖိုးမှ သင် အကျိုး ခံစားရမည်လော

ခရစ်တော်၏ ရွေးနုတ်ဖိုးမှ အကျိုး ခံစားနိုင်သည့် အတိုင်းအတာနှင့်ပတ်သက်၍ တမန်တော်ယောဟန် ဤသို့ရေးသားခဲ့သည်– “[ယေရှုခရစ်] သည် ငါတို့၏အပြစ်များအတွက်သာမက တစ်လောကလုံးအတွက် အပြစ်ဖြေရာယဇ် ဖြစ်တော်မူ၏။” (၁ ယောဟန် ၂:​၂ကဘ) မှန်ပါသည်၊ ခရစ်တော်၏ ရွေးနုတ်ဖိုးသည် လူသားအားလုံးအတွက် ဖြစ်သည်။ ယင်းက ထိုတန်ဖိုးကြီးမားလှသော အစီအစဉ်မှ လူတိုင်း အလိုအလျောက် အကျိုးခံစားနိုင်သည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ ပထမဆောင်းပါးတွင် ဖော်ပြထားသော ကယ်တင်ခံရပုံကို သတိရပါ။ ပိတ်မိနေသော ကျောက်မီးသွေး တွင်းတူးသမားများကို ကြိုးစားကယ်တင်ရန် ကယ်ဆယ်ရေးလှောင်ချိုင့်ကို သူတို့ရှိရာသို့ ချပေးခဲ့သည်၊ သို့သော် ပိတ်မိနေသူယောက်တိုင်း ထိုလှောင်ချိုင့်ထဲ ဝင်ရန်လိုအပ်သည်။ ထိုနည်းအတိုင်းပင် ခရစ်တော်၏ ရွေးနုတ်ဖိုး ပူဇော်ရာယဇ်မှ အကျိုးခံစားလိုသူတို့သည် ဘုရားသခင့် ကောင်းချီးများကို စောင့်နေရုံမျှနှင့် မရရှိနိုင်ပါ။ သူတို့သည် လုပ်ဆောင်ဖို့ လိုအပ်သည်။

မည်သည့် လုပ်ဆောင်မှုကို ဘုရားသခင် တောင်းဆိုတော်မူသနည်း။ ယောဟန် ၃:၃၆ က ကျွန်ုပ်တို့အား ဤသို့ ပြောပြသည်– “သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေသည်။” ကျွန်ုပ်တို့သည် ခရစ်တော်၏ ပူဇော်ရာယဇ်ကို ယုံကြည်ရန် ဘုရားသခင်တောင်းဆိုတော်မူသည်။ ထို့ပြင် ထပ်ဆင့်လုပ်ဆောင်ရန် ရှိသေး၏။ “ထို [ယေရှု] ကို ကိုယ်တိုင် သိကျွမ်းသည်ကို အဘယ်သို့ သိရသနည်း ဟူမူကား ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။” (၁ ယောဟန် ၂:၃) သို့ဆိုလျှင် အပြစ်နှင့် သေခြင်းမှ ကယ်တင်ခံရရန် အရေးကြီးသော အချက်မှာ ခရစ်တော်၏ ရွေးနုတ်ဖိုးကို ယုံကြည်ပြီး ခရစ်တော်၏ ပညတ်တော်များကို စောင့်ရှောက်ခြင်း ဖြစ်သည်မှာ ထင်ရှားသည်။

ယေရှု၏ ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်း တင်ပြနိုင်သော အရေးကြီးသည့် နည်းတစ်နည်းမှာ ကိုယ်တော် မိန့်မှာထားသည့်အတိုင်း ကိုယ်တော်၏ သေခြင်းကို အောက်မေ့သတိရခြင်းအားဖြင့် ယင်းကို လေးမြတ်တန်ဖိုးထားကြောင်း တင်ပြခြင်း ဖြစ်သည်။ ယေရှု မသေဆုံးမီတွင် မိမိ၏တည်ကြည်သော တမန်တော်များနှင့်အတူ ပုံဆောင်စားသောက်ပွဲတစ်ခုကို စီစဉ်ခဲ့ပြီး သူတို့ကို ဤသို့မိန့်တော်မူခဲ့၏– “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” (လုကာ ၂၂:၁၉) ယေဟောဝါသက်သေများသည် ဘုရားသခင့် သားတော်နှင့် မိတ်ဆွေဖွဲ့ခြင်းကို အလွန်တန်ဖိုးထားကြသောကြောင့် ထိုမိန့်မှာချက်ကို လိုက်နာကြသည်။ ဤနှစ်တွင် ယေရှုခရစ်၏သေခြင်း သတိရအောက်မေ့ပွဲကို မတ်လ ၂၂ ရက်၊ စနေနေ့ နေဝင်ပြီးနောက် ကျင်းပပါလိမ့်မည်။ ယေရှု၏ မိန့်မှာချက်ကို နာခံသည့်အနေနှင့် ထိုအထူးအစည်းအဝေးကို တက်ရောက်ရန် သင့်အား လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်ပါသည်။ သင့်ဒေသရှိ ယေဟောဝါသက်သေများသည် ထိုအခါသမယအတွက် အချိန်နှင့် နေရာကိုသိရန် သင့်အား ပြောပြနိုင်ပါသည်။ ခရစ်တော်၏ ရွေးနုတ်ဖိုးက အာဒံအပြစ်၏ ဆိုးရွားလှသော အကျိုးဆက်များမှ သင့်အား လွတ်မြောက်စေနိုင်ရန် သင် အဘယ်အရာ လုပ်ဆောင်ဖို့လိုသည်ကို ထိုအောက်မေ့ရာပွဲတွင် ပို၍ သင်ယူနိုင်ပါလိမ့်မည်။

ပျက်စီးခြင်းမှ လူတို့ကို ကယ်တင်ရန် ဖန်ဆင်းရှင်နှင့် ကိုယ်တော့်သားတော်တို့ လုပ်ဆောင်ခဲ့သည့် ကြီးမြတ်လှသော ထိုပူဇော်ရာယဇ်ကို တန်ဖိုးထားလေးမြတ်သူတို့မှာ ယနေ့အချိန်တွင် အလွန်နည်းပါးလှသည်။ ထိုပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း တင်ပြသူတို့သည် အထူးပျော်ရွှင်မှုကို တွေ့ ကြုံခံစားကြသည်။ တမန်တော်ပေတရုသည် ခရစ်ယာန်ချင်းများနှင့်ပတ်သက်၍ ဤသို့စာရေးခဲ့သည်– ‘သင်တို့သည် [ယေရှု] ကိုယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့်စပ်ဆိုင်သော ပြော၍မမီနိုင်သော ရွှင်လန်းသောစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏အကျိုးကို ခံရကြ၏။’ (၁ ပေတရု ၁:၈၊ ၉) ယေရှုခရစ်ကို ချစ်သောမေတ္တာနှင့် ကိုယ်တော့်ရွေးနုတ်ဖိုး ပူဇော်ရာယဇ်၌ ယုံကြည်ခြင်းကို တိုးပွားစေခြင်းအားဖြင့် ယခု သင့်ဘဝကို ပျော်ရွှင်မှုဖြင့် ပြည့်စေနိုင်ပြီး အပြစ်နှင့်သေခြင်းမှ ကယ်တင်ခံရရန် မျှော်လင့်နိုင်ပါသည်။