မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေများသည် ဝတ်ပြုကိုးကွယ်ရေးတွင် အဘယ်ကြောင့် လက်ဝါးကားတိုင် သို့မဟုတ် ခရော့စ် (cross) ကိုအသုံးမပြုကြသနည်း

ယေဟောဝါသက်သေများသည် ဝတ်ပြုကိုးကွယ်ရေးတွင် အဘယ်ကြောင့် လက်ဝါးကားတိုင် သို့မဟုတ် ခရော့စ် (cross) ကိုအသုံးမပြုကြသနည်း

စာရှုသူများအမေး

ယေဟောဝါသက်သေများသည် ဝတ်ပြုကိုးကွယ်ရေးတွင် အဘယ်ကြောင့် လက်ဝါးကားတိုင် သို့မဟုတ် ခရော့စ် (cross) ကိုအသုံးမပြုကြသနည်း

ယေရှုခရစ်၏သေခြင်းသည် ရွေးနုတ်ဖိုးကိုဖြစ်စေခဲ့ပြီး ယင်းက ကိုယ်တော်အားယုံကြည်ကြောင်းတင်ပြသူတို့အတွက် ထာဝရအသက်ရရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ယေဟောဝါသက်သေများ အခိုင်အမာယုံကြည်ကြသည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) သို့သော် အစဉ်အလာရုပ်ပုံများတွင် ဖော်ပြလေ့ရှိသကဲ့သို့ ယေရှုသည် လက်ဝါးကားတိုင် (cross) ပေါ်သေဆုံးခဲ့သည်ဟု သူတို့မယုံကြည်ပါ။ ကန့်လန့်ဖြတ်မဟုတ်သောတိုင်ဖြောင့်တစ်ချောင်းပေါ်တွင် ယေရှုသေဆုံးခဲ့သည်ဟု သူတို့ယုံကြည်ကြသည်။

ခရစ်တော်မတိုင်မီ နှစ်ပေါင်းနှစ်ထောင်တွင် မက်ဆိုပိုတေးမီးယားဒေသ၌ လက်ဝါးကားတိုင်အသုံးပြုခြင်းကို ပြန်၍ခြေရာကောက်နိုင်သည်။ ယေရှုမမွေးဖွားမီ ရာစုနှစ်များစွာဖြစ်သော ကြေးခေတ်အတွင်း စကင်ဒီနေးဗီးယားကျောက်တုံးပေါ်တွင်ပင် လက်ဝါးကားတိုင်များကို ထွင်းထုအလှဆင်ထားကြသည်။ ထိုခရစ်ယာန်မဟုတ်သူများသည် လက်ဝါးကားတိုင်ကို “မှော်အတတ်ပညာ၏သင်္ကေတတစ်ခုအဖြစ် . . . ကာကွယ်မှုပေးခြင်း၊ လာဘ်ကောင်းဆောင်ယူလာခြင်း” အတွက် အသုံးပြုခဲ့ကြောင်းကို ဒတ်ခ်ျလူမျိုး သမိုင်းနှင့်အထိမ်းအမှတ်ဆိုင်ရာကျွမ်းကျင်ပညာရှင် စဗဲန် တီတို အာခန်၏စာအုပ် (Symbols Around Us) တွင်ရေးသားခဲ့သည်။ ယင်းသည် အံ့ဩစရာမဟုတ်ကြောင်း ကက်သလစ်စွယ်စုံကျမ်းသစ်က ဤသို့ဝန်ခံ၏– “လက်ဝါးကားတိုင်ကို ခရစ်ယာန်ခေတ်မတိုင်မီနှင့် ခရစ်ယာန်မဟုတ်သူတို့၏ယဉ်ကျေးမှုတို့တွင် တွေ့ ရှိရသည်၊ ယင်းသည် အများအားဖြင့် စကြဝဠာ သို့မဟုတ် ကောင်းကင်ရှိသဘာဝအရာများကို ရည်ညွှန်းသည်။” သို့ဖြစ်လျှင် ချာ့ခ်ျများသည် လက်ဝါးကားတိုင်ကို မိမိတို့၏အလွန်မြင့်မြတ်သောအထိမ်းအမှတ်အဖြစ် အဘယ်ကြောင့်ရွေးချယ်သနည်း။

ရိုသေလေးစားခံရသောဗြိတိသျှပညာရှင် ဒဗလျူ. အီး. ဗိုင်းက ခိုင်မာလှသော ဤအချက်အလက်မှန်များကိုပေးသည်– “အေဒီ ၃ ရာစုအလယ်ရောက်သောအခါတွင် . . . အယူမှားသူများကို ချာ့ခ်ျများကလက်ခံခဲ့သည် . . . သူတို့၏အယူမှားသင်္ကေတနှင့် အထိမ်းအမှတ်အတော်များများကို စွဲကိုင်ခွင့်ပြုခဲ့သည်။ သို့နှင့် ကန့်လန့်ဖြတ်အပိုင်းကိုနှိမ့်ထားသော . . . တော (Tau) သို့မဟုတ် တီ (T) ကိုခံယူခဲ့ကြသည်။”—Vine’s Expository Dictionary of Old and New Testament Words.

ဗိုင်းကဆက်လက်၍ နာမ်ဖြစ်သော “လက်ဝါးကားတိုင်” နှင့် ကြိယာဖြစ်သော “ကားတိုင်တင်ခြင်း” နှစ်ခုစလုံးကို ရည်ညွှန်းရန်အသုံးပြုသော “သစ်တိုင် သို့မဟုတ် တိုင်ဖြောင့်သည် . . . ဘာသာရေးဆိုင်ရာပုံစံဖြစ်သော ကန့်လန့်ဖြတ်လက်ဝါးကားတိုင်နှင့် ကွာခြားသည်” ဟုဆိုသည်။ ယင်းနှင့်သဘောတူညီလျက် အောက်စဖို့ဒ်တက္ကသိုလ်၏ စာအုပ်တစ်အုပ် (Companion Bible) ကဤသို့ဆို၏– “ထင်ရှားသည်မှာ . . . သခင်သည် တိုင်ဖြောင့်တစ်ချောင်းပေါ်တွင် အသတ်ခံခဲ့ရသည်၊ ကန့်လန့်ဖြတ်ထားသော သစ်နှစ်ချောင်းပေါ်တွင် မဟုတ်ချေ။” ရှင်းနေသည်မှာ ချာ့ခ်ျများသည် ကျမ်းစာမှမဟုတ်သောဓလေ့ထုံးတမ်းကို ခံယူထားခြင်းဖြစ်သည်။

သမိုင်းပညာရှင် အာခန်က အထက်ပါအချက်များကိုကိုးကားလျက် ဤသို့မှတ်ချက်ချသည်– “ယေရှုသေဆုံးပြီးနောက် ရာစုနှစ်ခုအတွင်းတွင် ခရစ်ယာန်များသည် လက်ဝါးကားတိုင်အမှတ်လက္ခဏာကို အသုံးပြုခဲ့ပုံမရချေ။” အစောပိုင်းခရစ်ယာန်များအတွက် လက်ဝါးကားတိုင်သည် “သေခြင်းနှင့်မကောင်းမှု၏ အဓိကအမှတ်လက္ခဏာဖြစ်ခဲ့ပေမည်၊ နောက်ပိုင်းလူမျိုးဆက်တို့အတွက် ခေါင်းဖြတ်စက် သို့မဟုတ် သေဒဏ်ပေးသည့်လျှပ်စစ်ကုလားထိုင်ကဲ့သို့ဖြစ်သည်” ဟုသူထပ်ဆင့်ဆိုသည်။

ပို၍အရေးကြီးသည်မှာ ယေရှုကိုညှဉ်းဆဲပြီးကွပ်မျက်ရန် မည်သည့်အရာကိုသုံးသည်ဖြစ်ပါစေ ယင်းသည် ခရစ်ယာန်များအတွက် ဝတ်ပြုကိုးကွယ်ရေးတွင် ရုပ်ပုံ သို့မဟုတ် အထိမ်းအမှတ်မဖြစ်လာသင့်ချေ။ သမ္မာကျမ်းစာက ‘ရုပ်ပုံကို ကြဉ်ရှောင်ကြလော့’ ဟုပညတ်ထား၏။ (၁ ကောရိန္သု ၁၀:၁၄) ယေရှုကိုယ်တိုင် မိမိနောက်လိုက်စစ်များကို ခွဲခြားသိမြင်စေသည့် စစ်မှန်သောအမှတ်အသားကိုပေးခဲ့သည်။ ကိုယ်တော်ဤသို့ပြောခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။”—ယောဟန် ၁၃:၃၅

ယေဟောဝါသက်သေတို့သည် ဝတ်ပြုရေးဆိုင်ရာကိစ္စရပ်အားလုံးတို့တွင် ပထမရာစုမှခရစ်ယာန်များကဲ့သို့ ထုံးတမ်းစဉ်လာထက် သမ္မာကျမ်းစာအတိုင်းလိုက်လျှောက်ရန် ကြိုးစားကြသည်။ (ရောမ ၃:၄; ကောလောသဲ ၂:၈) ထို့အတွက်ကြောင့် သူတို့သည် ဝတ်ပြုရေးတွင် လက်ဝါးကားတိုင်ကို အသုံးမပြုကြခြင်းဖြစ်သည်။

[စာမျက်နှာ ၂၂ ပါပုံစာ]

ဘီစီ ၈၀၀ ခန့်က လက်ဝါးကားတိုင်ပုံကို လည်ဆွဲထားသည့် အယူမှားအာရှုရိ ရှင်ဘုရင်တစ်ပါး၏ ရုပ်ကြွပန်းချီ

[အသိအမှတ်ပြုစာ]

Photograph taken by courtesy of the British Museum