မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ပြန်ရှင်အောင် ပြုလုပ်နိုင်တော်မူသောအရှင်

အသက်ပြန်ရှင်အောင် ပြုလုပ်နိုင်တော်မူသောအရှင်

ဘုရားသခင်၌ချဉ်းကပ်ကြလော့

အသက်ပြန်ရှင်အောင် ပြုလုပ်နိုင်တော်မူသောအရှင်

လုကာ ၇:၁၁-၁၅

သင်နှင့်ရင်းနှီးသူတစ်ဦးကို သေခြင်းတွင် ဆုံးရှုံးဖူးပါသလော။ ဆုံးရှုံးခဲ့ဖူးမည်ဆိုလျှင် သင်သည် ဝမ်းနည်းဖွယ်အကောင်းဆုံး ဘဝအတွေ့အကြုံများထဲမှတစ်ခုကို ကြုံခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် သင်၏ဝမ်းနည်းကြေကွဲမှုကို နားလည်သဘောပေါက်ပါသည်။ ထို့ပြင် ကိုယ်တော်သည် သေခြင်း၏အကျိုးဆက်ကို ပပျောက်စေနိုင်တော်မူသည်။ သမ္မာကျမ်းစာတွင် ဘုရားသခင်သည် အသက်ပေးရှင်အဖြစ်သာမဟုတ်ဘဲ အသက်ကို ပြန်ရှင်အောင်ပြုလုပ်နိုင်သောအရှင်ဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ် အတိတ်က ရှင်ပြန်ထမြောက်ခြင်းမှတ်တမ်းကို ဖော်ပြထားသည်။ သားတော်ယေရှုခရစ်ကို လုပ်ဆောင်စေခဲ့သော ရှင်ပြန်ထမြောက်ခြင်းအဖြစ်အပျက်တစ်ခုကို သုံးသပ်ကြည့်ကြစို့။ ယင်းအံ့ဖွယ်အမှုကို လုကာ ၇:၁၁-၁၅ တွင်မှတ်တမ်းတင်ထားသည်။

ခုနှစ်မှာ အေဒီ ၃၁ တွင်ဖြစ်သည်။ ယေရှုသည် ဂါလိလဲနယ် နာဣနမြို့သို့ ကြွတော်မူ၏။ (အခန်းငယ် ၁၁) မြို့ဆင်ခြေဖုံးနားသို့ရောက်ချိန်သည် ညနေပိုင်းအချိန်ဖြစ်ပုံရသည်။ သမ္မာကျမ်းစာက ဤသို့ မှတ်တမ်းတင်၏– “မြို့တံခါးအနီးသို့ရောက်သောအခါ မုဆိုးမ၌ တစ်ယောက်တည်းသောသားအသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာထုတ်သွား၍ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။” (အခန်းငယ် ၁၂) မုဆိုးမဖြစ်သူမိခင်၏ ဝမ်းနည်းကြေကွဲမှုကို သင်မြင်ယောင်ကြည့်နိုင်သလော။ တစ်ယောက်တည်းသောသား သေဆုံးခြင်းက သူ့အား ပြုစုစောင့်ရှောက်သူ၊ ကာကွယ်ပေးသူကို ဒုတိယအကြိမ်ဆုံးရှုံးခြင်းဖြစ်သည်။

သားဖြစ်သူ၏အလောင်းကို သယ်ဆောင်လာသော တလားအနီးတွင်လျှောက်နေခြင်းဖြစ်နိုင်သော ဝမ်းနည်းကြေကွဲနေသည့် မိခင်ဖြစ်သူကို ယေရှုအာရုံစိုက်ခဲ့သည်။ မှတ်တမ်းကဤသို့ဆို၏– ‘သခင်သည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍ “မငိုနှင့်” ဟုမိန့်တော်မူ၏။’ (အခန်းငယ် ၁၃) ယေရှုသည် မုဆိုးမ၏ ဝမ်းနည်းဖွယ်အခြေအနေကြောင့် အလွန်စိတ်ထိခိုက်ခဲ့သည်။ ထိုအချိန်တွင် မုဆိုးမဖြစ်နေဖွယ်ရှိပြီး မကြာမီ မိမိအတွက် ဝမ်းနည်းကြေကွဲမှုခံစားရတော့မည်ဖြစ်သည့် မိမိ၏မိခင်အကြောင်း ကိုယ်တော်စဉ်းစားမိပုံရသည်။

ယေရှုသည် အနားသို့ချဉ်းကပ်သွားသည်—သို့သော် လိုက်လံပို့ဆောင်ရန် ချဉ်းကပ်သွားခြင်းမဟုတ်ပါ။ အခွင့်အာဏာရှိသည့်အမူအရာဖြင့် “တလားကိုလက်နှင့်တို့တော်မူ” ပြီး လူအုပ်ကိုရပ်တန့်စေခဲ့သည်။ ထို့နောက် သေခြင်းကိုအောင်နိုင်ရန် တန်ခိုးပေးအပ်ခံရသူတစ်ဦး၏အသံနှင့် “အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်” ဟုမိန့်တော်မူခဲ့သည်။ “သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အားအပ်ပေးတော်မူ၏။” (အခန်းငယ် ၁၄၊ ၁၅) လုလင်ဖြစ်သူသေဆုံးသွားချိန်တွင် သူသည် သူ၏မိခင်နှင့် မသက်ဆိုင်တော့ပါ။ ထို့ကြောင့် ယေရှုက “ထိုသူကို မိခင်အားအပ်ပေး” သောအခါ သူတို့သည် တစ်ဖန် မိသားစုပြန်ဖြစ်လာသည်။ မုဆိုးမ၏ဝမ်းနည်းကြေကွဲမှုသည် ဝမ်းသာမျက်ရည်ဖြင့် အစားထိုးခဲ့မည်မှာ သေချာသည်။

သေဆုံးသွားသောချစ်မြတ်နိုးရသူတစ်ဦးနှင့် ပြန်လည်ဆုံစည်းခြင်းဖြစ်သည့် ထိုကဲ့သို့သောရွှင်လန်းဖွယ်အတွေ့အကြုံကို သင်တောင့်တပါသလော။ ဘုရားသခင်သည် သင့်အတွက်ခံစားပေးကြောင်း ယုံကြည်စိတ်ချပါ။ ဝမ်းနည်းကြေကွဲနေသော မုဆိုးမကို ယေရှုထောက်စာသနားခဲ့ခြင်းက ဘုရားသခင်ကိုယ်တော်တိုင်၏ ထောက်ထားစာနာမှုကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်၊ အကြောင်းမှာ ယေရှုသည် ခမည်းတော်၏ဥပဓိရုပ်ကို အပြည့်အဝတုပသောကြောင့်ဖြစ်သည်။ (ယောဟန် ၁၄:၉) ဘုရားသခင်၏မှတ်ဉာဏ်တွင်ရှိသော သေဆုံးနေသူတို့ကို ပြန်အသက်ရှင်စေရန် ကိုယ်တော်တောင့်တသည်ဟု သမ္မာကျမ်းစာကသွန်သင်သည်။ (ယောဘ ၁၄:၁၄၊ ၁၅သမ္မာ) ကိုယ်တော်၏နှုတ်မြွက်စကားတော်ဖြစ်သော သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အံ့ချီးဖွယ်မျှော်လင့်ချက်တစ်ခုပေးသည်၊ ၎င်းမှာ မြေကြီးပရဒိသုတွင် အသက်ရှင်ခွင့်ရရှိပြီး ကျွန်ုပ်တို့ချစ်မြတ်နိုးသောသေဆုံးသွားသူတို့ ရှင်ပြန်ထမြောက်လာသည်ကို မြင်တွေ့ခွင့်အလားအလာဖြစ်သည်။ (လုကာ ၂၃:၄၃; ယောဟန် ၅:၂၈၊ ၂၉) အသက်ပြန်ရှင်အောင် ပြုလုပ်ပေးနိုင်သောအရှင်အကြောင်းနှင့် ယင်းမျှော်လင့်ချက်ကို သင့်ကိုယ်ပိုင်ဖြစ်စေနိုင်ပုံတို့ကို ပို၍သင်ယူရန် ကျွန်ုပ်တို့အားပေးပါသည်။

[စာမျက်နှာ ၂၃ ပါပုံစာ]

“သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အား အပ်ပေးတော်မူ၏”