မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်တော်မြတ်ပွဲတော်—ထုံးတမ်းစဉ်လာနောက်ကွယ်မှ အမှန်တရားများ

ကိုယ်တော်မြတ်ပွဲတော်—ထုံးတမ်းစဉ်လာနောက်ကွယ်မှ အမှန်တရားများ

ကိုယ်တော်မြတ်ပွဲတော်—ထုံးတမ်းစဉ်လာနောက်ကွယ်မှ အမှန်တရားများ

ကမ္ဘာတစ်ဝန်းရှိ လူတို့သည် ကိုယ်တော်မြတ်ပွဲတော်ကို တစ်နှစ်တွင် အကြိမ်ကြိမ်ဖြစ်စေ၊ ပတ်စဉ်ဖြစ်စေ သို့မဟုတ် နေ့စဉ်ပင်ဖြစ်စေ ပုံမှန်ကျင်းပကြသည်။ သို့တိုင် ထိုပွဲတော်ကို ယုံကြည်ခြင်း၏လျှို့ဝှက်နက်နဲရာဟုခေါ်​ပြီး ကျင်းပသူအများစုသည် ယင်းကို နားမလည်ကြပေ။ ယင်းကို မြင့်မြတ်ရာဟုသဘောထားကြပြီး အံ့သြဖွယ်ဖြစ်သည်ဟုပင် ယူဆကြ၏။

ကက်သလစ်မစ္ဆားပွဲဖြစ်သော ကိုယ်တော်မြတ်ပွဲတော်တွင် ခရစ်ယာန်ဘုန်းကြီးသည် မုန့်နှင့်စပျစ်ရည်အတွက် ဆုတောင်းပြီး ပွဲတော်မင်္ဂလာတွင် ခရစ်တော်ကိုခံယူရန် အသင်းတော်အား ဖိတ်ခေါ်သည်။ * ၁၆ ယောက်မြောက် ပုပ်ရဟန်းမင်းဘင်နီဒစ်က ဤပွဲတော်သည် ကက်သလစ်များအတွက် “ယုံကြည်ခြင်း၏အနှစ်ချုပ်” ဖြစ်သည်ဟုဆို၏။ မကြာသေးမီက “ကိုယ်တော်မြတ်ပွဲတော်နှစ်” သည် “ကိုယ်တော်မြတ်ပွဲတော်အပေါ် ယုံကြည်ခြင်းကို ပြန်လည်ရှင်သန်၊ တိုးပွားစေသော” ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်ဟု ချာ့ခ်ျက ယူမှတ်ခဲ့သည်။

မိမိတို့၏ယုံကြည်ချက်ကို နားလည်ရန်ကြိုးစားနေရသော ကက်သလစ်များပင် ဤထုံးတမ်းစဉ်လာပွဲတော်နှင့်ပတ်သက်လျှင် အလေးအနက်ထားကြသည်။ ဥပမာ၊ တိုင်းမ်မဂ္ဂဇင်းမှ စာတမ်းတစ်စောင်တွင် အတွေးသစ်အမြင်သစ်ရှိသော ကက်သလစ်အမျိုးသမီးငယ်တစ်ဦး ဤသို့ရေး၏– “ကက်သလစ်ချာ့ခ်ျ၏အယူဝါဒနှင့်ပတ်သက်၍ ကျွန်မတို့ မည်သို့ပင်ကောက်ချက်ချပါစေ ကက်သလစ်ဘာသာတွင် ကျွန်မတို့အား စည်းလုံးစေသည့်အရာကို ကျွန်မတို့ တွယ်ကပ်နေဆဲဖြစ်သည်။ ယင်းမှာ ကိုယ်တော်မြတ်ပွဲ ကျင်းပခြင်းပင်ဖြစ်သည်။”

သို့သော် ကိုယ်တော်မြတ်ပွဲတော်ဟူသည် အဘယ်နည်း။ ခရစ်တော်၏နောက်လိုက်များ ယင်းကိုကျင်းပဖို့လိုသလော။ ဦးစွာ၊ ထိုထုံးတမ်းစဉ်လာပွဲတော် အစပြုခဲ့ပုံကို သုံးသပ်ကြည့်ကြစို့။ သို့ဆိုလျှင် ယင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ နီးပါးက ယေရှုခရစ်ကျင်းပခဲ့သော ပွဲတော်နှင့် အမှန်ပင်ကိုက်ညီသလောဟူသည့် ပိုအရေးပါသောမေးခွန်းကို အာရုံစိုက်နိုင်ပါလိမ့်မည်။

ကိုယ်တော်မြတ်ပွဲတော်နှင့် ခရစ်ယာန်ဘောင်

ကိုယ်တော်မြတ်ပွဲတော်အား အံ့သြဖွယ်အဖြစ် ယူဆရသည့်အကြောင်းရင်းကို နားလည်နိုင်ပါသည်။ ထိုပွဲတော်၏အရေးကြီးဆုံးအချိန်ပိုင်းမှာ မုန့်နှင့်စပျစ်ရည်အတွက် ဆုတောင်းချိန်ဖြစ်၏။ ယင်းနှင့်ပတ်သက်၍ ကက်သလစ်ချာ့ခ်ျ၏အမေးအဖြေစာအရ “ဆုတောင်းစကားများ၏တန်ခိုး၊ ခရစ်တော်၏လုပ်ဆောင်မှုနှင့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး” တို့က ယေရှု၏ကိုယ်ခန္ဓာနှင့်အသွေးကို “သန့်ရှင်းမြင့်မြတ်သောနည်းဖြင့် ရောက်ရှိ” စေသည်။ ခရစ်ယာန်ဘုန်းကြီးသည် မုန့်နှင့်စပျစ်ရည်ကို စားသုံးပြီးနောက် ယုံကြည်သူများအား ပွဲတော်မင်္ဂလာတွင် ပါဝင်ရန်ဖိတ်ခေါ်သည်။ သူတို့သည် မုန့်ကိုသာစားသုံးလေ့ရှိသည်။

မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ပကတိအသား၊ အသွေးအဖြစ်သို့ အံ့ဖွယ်နည်းဖြင့် ပြောင်းလဲသွားသည်ဟု ကက်သလစ်ချာ့ခ်ျက သွန်သင်ပြီး ယင်းအယူဝါဒကို ဒြပ်တော်ပြောင်းခြင်းဟုခေါ်သည်။ ထိုသွန်သင်ချက်သည် တဖြည်းဖြည်းပျံ့နှံ့လာပြီး အစပိုင်းတွင် နှုတ်ဖြင့်သတ်မှတ်ခဲ့ကာ ၁၃ ရာစုတွင် တရားဝင်ပြဋ္ဌာန်းခဲ့၏။ ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးကာလတွင် ကက်သလစ်ကိုယ်တော်မြတ်ပွဲတော်၏ကဏ္ဍအချို့ကို အငြင်းပွားခဲ့ကြသည်။ လူသာသည် ဒြပ်တော်ပြောင်းခြင်းအယူဝါဒကို ငြင်းပယ်ပြီး ဒြပ်တော်ပေါင်းစပ်ခြင်းအယူဝါဒကို ထောက်ခံသည်။ ထိုအယူဝါဒနှစ်ခုမှာ သိပ်မကွာခြားပေ။ မုန့်နှင့်စပျစ်ရည်သည် ယေရှု၏အသားနှင့်အသွေးအဖြစ် ပြောင်းလဲသွားခြင်းမဟုတ်၊ ယင်းတို့သည် ယေရှု၏အသား၊ အသွေးနှင့်အတူ ပေါင်းစပ်တည်ရှိနေသည်ဟု လူသာသွန်သင်ခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ ကိုယ်တော်မြတ်ပွဲတော်၏အဓိပ္ပာယ်၊ ပွဲတော်ကျင်းပပုံ၊ ကျင်းပသည့်အကြိမ်ပေါင်းစသည်တို့နှင့်ပတ်သက်၍ ခရစ်ယာန်ဘောင်ဂိုဏ်းဂဏများအတွင်း အမျိုးမျိုးကွဲပြားလာသည်။ မည်သို့ပင်ဖြစ်စေ ဤထုံးတမ်းစဉ်လာပွဲတော်သည် ခရစ်ယာန်ဘောင်အတွင်း အရေးကြီးသောအရာအဖြစ် ဆက်ရှိနေဆဲပင်။ သို့သော် ယေရှုကျင်းပခဲ့သော ဦးဆုံးပွဲတော်သည် မည်သို့သောပုံစံမျိုးဖြစ်သနည်း။

“သခင့်ညစာစားပွဲ” ကျင်းပခြင်း

“သခင့်ညစာစားပွဲ” သို့မဟုတ် မိမိ၏သေခြင်း သတိရအောက်မေ့ပွဲကို ယေရှုကိုယ်တိုင် ကျင်းပခဲ့သည်။ (၁ ကောရိန္သု ၁၁:၂၀၊ ၂၄ကဘ) သို့သော် ကိုယ်တော်သည် မိမိနောက်လိုက်များ မိမိ၏ပကတိအသားနှင့်အသွေးကို စားသုံးကြမည့် လျှို့ဝှက်ဆန်းကြယ်သော ထုံးတမ်းစဉ်လာပွဲတော်တစ်ခုကို ကျင်းပခဲ့သလော။

ယေရှုသည် ဂျူးတို့၏ပသခါပွဲကို ကျင်းပပြီးသည်နှင့် မိမိအား သစ္စာဖောက်အပ်နှံတော့မည့် တမန်တော်ယုဒရှကာရုတ်ကို ထွက်သွားစေခဲ့သည်။ ကျန်ရှိသည့်တမန်တော် ၁၁ ပါးတွင် ပါဝင်သူ မဿဲက ဤသို့မှတ်တမ်းတင်၏– ‘စားလျက်နေကြစဉ်တွင် ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ “ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့” ဟုမိန့်တော်မူလျက် တပည့်တို့အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ “သင်တို့ရှိသမျှသည် သောက်ကြလော့။ ဤခွက်ကား “ပဋိညာဉ်တရားသစ်” နှင့်ဆိုင်၍ လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာ သွန်းသော ငါ၏သွေးဖြစ်၏။” ’—မဿဲ ၂၆:၂၆-၂၈

အစားအစာအတွက် ဆုတောင်းခြင်းသည် ယေရှုအတွက်သာမက ဘုရားသခင့်ကျေးကျွန်အားလုံးအတွက် လုပ်ရိုးလုပ်စဉ်ဖြစ်၏။ (တရားဟောရာ ၈:၁၀; မဿဲ ၆:၁၁; ၁၄:၁၉; ၁၅:၃၆; မာကု ၆:၄၁; ၈:၆; ယောဟန် ၆:၁၁၊ ၂၃; တမန်တော် ၂၇:၃၅; ရောမ ၁၄:၆) ယေရှုသည် ဆုတောင်းခြင်းဖြင့် မိမိနောက်လိုက်များ မိမိ၏ပကတိအသားနှင့်အသွေးကို စားသုံးနိုင်စေရန် အံ့ဖွယ်အမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ယုံကြည်စရာအကြောင်းရှိပါသလော။

“ဆိုလို၏” လော သို့မဟုတ် “ဖြစ်၏” လော

ဘာသာပြန်ကျမ်းအချို့သည် ယေရှု၏စကားများကို ဤသို့ပြန်ဆိုကြ၏– “ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။” “သင်တို့ရှိသမျှသည် သောက်ကြလော့။ ယင်းကား . . . ငါ၏သွေးဖြစ်၏။” (မဿဲ ၂၆:၂၆-၂၈ယေရုရှလင်ကျမ်းစာသစ်) “ဖြစ်ရန်” ဟူသော ဂရိကြိယာ၏ပုံစံတစ်မျိုးဖြစ်သည့် ဂရိစကားလုံး အက်စ်တင်သည် အခြေခံအားဖြင့် “ဖြစ်သည်” ဟူ၍အဓိပ္ပာယ်ရှိသည်မှာ မှန်ပါသည်။ သို့သော် ထိုကြိယာသည် “ဆိုလိုသည်” ဟူ၍လည်း အဓိပ္ပာယ်ရှိ၏။ စိတ်ဝင်စားစရာမှာ၊ ဘာသာပြန်ကျမ်းများစွာတွင် ယင်းကို “ဆိုလိုသည်” သို့မဟုတ် “ကိုယ်စားပြုသည်” ဟုပြန်ဆိုလေ့ရှိသည်။ * အတိကျဆုံးပြန်ဆိုချက်ကို စကားစပ်က ဆုံးဖြတ်ပေး၏။ ဥပမာ၊ မဿဲ ၁၂:၇ တွင်ပါသော အက်စ်တင်ကို ဘာသာပြန်ကျမ်းများစွာက “ဆိုလိုသည်၊ အဓိပ္ပာယ်ရှိသည်” ဟူ၍ပြန်ဆိုပြီး ဤသို့ဆို၏– “ငါသည် သနားကြင်နာခြင်းကို ယဇ်ပူဇော်ခြင်းထက် ပို၍နှစ်သက်၏ဟု ကျမ်းစကား၏အနက်အဓိပ္ပာယ်ကို နားလည်ပါမူ သင်တို့သည် အပြစ်မရှိသူများကို ပြစ်တင်ရှုတ်ချကြလိမ့်မည်မဟုတ်။”—ခေတ်သုံးမြန်မာကျမ်း။

ယခုကိစ္စတွင် “ဖြစ်သည်” ဟူသောစကားလုံးသည် ယေရှုပြောနေသောအဓိပ္ပာယ်၏ တိကျသောပြန်ဆိုချက်မဟုတ်ဟု အထင်ကရကျမ်းစာပညာရှင်များက သဘောတူကြသည်။ ဥပမာ၊ ဇက်ဒူပွန်က ယေရှုလက်ထက်မှ ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းကို သုံးသပ်ပြီးနောက် ထိုအခန်းငယ်၏ “သဘာဝအကျဆုံး” ပြန်ဆိုချက်မှာ “ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာကို ဆိုလို၏” သို့မဟုတ် “ဤမုန့်ကား ငါ၏ကိုယ်ခန္ဓာကို ကိုယ်စားပြု၏” ဟူ၍ဖြစ်သင့်သည်ဟု ကောက်ချက်ချခဲ့သည်။

မည်သို့ပင်ဆိုစေ၊ ယေရှုသည် မိမိနောက်လိုက်များ မိမိ၏ပကတိအသားနှင့်အသွေးကို စားသုံးကြမည်ဟု ဆိုလိုခြင်းမဖြစ်နိုင်ပေ။ အဘယ်ကြောင့်နည်း။ ဘုရားသခင်သည် နောဧခေတ်ရေလွှမ်းမိုးဘေးပြီးနောက် လူတို့အား တိရစ္ဆာန်အသားကိုစားရန် ခွင့်ပြုသော်လည်း အသွေးစားခြင်းကို တိုက်ရိုက်တားမြစ်ခဲ့၏။ (ကမ္ဘာဦး ၉:၃၊ ၄) ထိုပညတ်ကို မောရှေပညတ်တွင် ထပ်မံထည့်သွင်းထားပြီး ယင်းကို ယေရှု အပြည့်အဝနာခံခဲ့သည်။ (တရားဟောရာ ၁၂:၂၃; ၁ ပေတရု ၂:၂၂) တမန်တော်များလည်း သွေးမစားရဟူသောပညတ်ကို ထပ်မံအတည်ပြုရန် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် လှုံ့ဆော်ခံရပြီး ထိုပညတ်ကို ခရစ်ယာန်အားလုံး လိုက်နာရန်တာဝန်ရှိသည်။ (တမန်တော် ၁၅:၂၀၊ ၂၈၊ ၂၉) မိမိ၏နောက်လိုက်များအနေဖြင့် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်၏အမိန့်တော်ကို ဖီဆန်ရာရောက်စေမည့် ပွဲတော်ကို ယေရှုကျင်းပခဲ့မည်လော။ လုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် ယေရှုသည် မုန့်နှင့်စပျစ်ရည်ကို အထိမ်းအမှတ်များအဖြစ် အသုံးပြုခဲ့ကြောင်း ရှင်းနေပါသည်။ တဆေးမဲ့မုန့်သည် ယဇ်အဖြစ်ပူဇော်မည့် ကိုယ်တော်၏အပြစ်မဲ့သောကိုယ်ခန္ဓာကို ဆိုလိုသည် သို့မဟုတ် တင်စားသည်။ အနီရောင်ဝိုင်သည် “လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာ” သွန်းလောင်းသော ကိုယ်တော်၏အသွေးကို တင်စားသည်။—မဿဲ ၂၆:၂၈

သခင့်ညစာစားပွဲ၏ရည်ရွယ်ချက်

ဦးဆုံးအကြိမ်ကျင်းပသော သခင့်ညစာစားပွဲကို ဤစကားများဖြင့် ယေရှု နိဂုံးချုပ်ခဲ့၏– “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့။” (လုကာ ၂၂:၁၉) ထိုပွဲတော်သည် ယေရှုကိုသတိရအောက်မေ့ရန်၊ ကိုယ်တော်၏သေခြင်းဖြင့် ပြီးမြောက်ခဲ့သည့် ကောင်းမြတ်ရာများကို သတိရအောက်မေ့ရန် ကျွန်ုပ်တို့ကို အမှန်ပင်ကူညီပေးသည်။ ယင်းက ယေရှုသည် မိမိခမည်းတော် ယေဟောဝါ၏ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ထောက်ခံကြောင်း သတိရစေသည်။ ထို့ပြင် ယေရှုသည် စုံလင်၍ အပြစ်မဲ့သော လူသားတစ်ဦးအဖြစ် သေဆုံးခြင်းဖြင့် “မိမိအသက်ကိုစွန့်၍ လူများကိုရွေး” ခဲ့ကြောင်း သတိရစေသည်။ ထိုရွေးနုတ်ဖိုးသည် ကိုယ်တော်၏ပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြသူ မည်သူမဆိုအား အပြစ်မှလွတ်မြောက်စေနိုင်ကာ ထာဝရအသက်ရရှိစေနိုင်သည်။—မဿဲ ၂၀:၂၈

သို့သော် သခင့်ညစာစားပွဲသည် အမှန်အားဖြင့် မိတ်သဟာယစားပွဲဖြစ်၏။ ထိုတွင်ပါဝင်သူတို့မှာ (၁) ရွေးနုတ်ဖိုးကိုပြင်ဆင်ပေးသူ ယေဟောဝါဘုရားသခင်၊ (၂) ရွေးနုတ်ဖိုးပေးသူ၊ “ဘုရားသခင်၏သိုးသငယ်” ယေရှုခရစ်၊ (၃) ယေရှု၏ဝိညာဉ်ရေးညီတော်များ ဖြစ်သည်။ ယေရှု၏ညီတော်များသည် မုန့်နှင့်စပျစ်ရည်ကို စားသုံးခြင်းဖြင့် ခရစ်တော်နှင့် အပြည့်အဝ တစည်းတလုံးတည်းဖြစ်ကြောင်း ဖော်ပြကြသည်။ (ယောဟန် ၁:၂၉; ၁ ကောရိန္သု ၁၀:၁၆၊ ၁၇) ထို့ပြင် ယေရှု၏ဝိညာဉ်တော်ဖွားတပည့်များအနေဖြင့် “ပဋိညာဉ်တရားသစ်” တွင်ပါဝင်ကြောင်းကိုလည်း သူတို့ဖော်ပြကြသည်။ သူတို့သည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူ ဘုရင်များ၊ ယဇ်ပုရောဟိတ်များအဖြစ် စိုးစံမည့်သူများဖြစ်သည်။—လုကာ ၂၂:၂၀; ယောဟန် ၁၄:၂၊ ၃; ဗျာ. ၅:၉၊ ၁၀

အောက်မေ့ရာပွဲကို မည်သည့်အချိန်တွင် ကျင်းပသင့်သနည်း။ ယေရှုသည် အောက်မေ့ရာပွဲကျင်းပရန် တိကျသောရက်စွဲဖြစ်သည့် ပသခါပွဲနေ့ကို ရွေးချယ်ခဲ့ကြောင်း သုံးသပ်ကြည့်မည်ဆိုလျှင် အဖြေမှာ ရှင်းနေပါသည်။ ယေဟောဝါ၏လူမျိုးတော်သည် ကိုယ်တော်ပြုလုပ်ခဲ့သော အံ့ဖွယ်ကယ်တင်ခြင်းကို ပြန်လည်သတိရအောက်မေ့ရန် ၎င်းတို့၏ပြက္ခဒိန်အရ နိသန်လ ၁၄ ရက်တွင် ပသခါပွဲကို နှစ်ပေါင်း ၁,၅၀၀ ကျော်တိုင် နှစ်စဉ်ကျင်းပခဲ့ကြသည်။ ရှင်းနေသည်မှာ၊ ခရစ်တော်၏သေခြင်းအားဖြင့် ဘုရားသခင်ပြုလုပ်မည့် သာ၍ကြီးမားသောကယ်တင်ခြင်းလုပ်ရပ်ကို ပြန်လည်သတိရအောက်မေ့ရန် ထိုနေ့ကိုပင် အသုံးပြုဖို့ နောက်လိုက်များကို ယေရှုညွှန်ကြားခဲ့သည်။ ထို့ကြောင့် ယေရှု၏နောက်လိုက်စစ်များသည် ဟေဗြဲပြက္ခဒိန်အရ နိသန်လ ၁၄ ရက်နှင့်ကိုက်ညီသည့်နေ့တွင် သခင့်ညစာစားပွဲကို နှစ်စဉ်ကျင်းပကြသည်။

သူတို့သည် ထုံးတမ်းစဉ်လာအရ တက်ရောက်ခြင်းသာဖြစ်သလော။ အမှန်အတိုင်းဆိုရလျှင်၊ ကိုယ်တော်မြတ်ပွဲတော် ကျင်းပသူများစွာသည် ထုံးတမ်းစဉ်လာအရ တက်ရောက်ခြင်းသာဖြစ်၏။ အထက်တွင်ဖော်ပြခဲ့သော တိုင်းမ်မဂ္ဂဇင်းမှ စာတမ်းရေးသားသူက “လူများစွာကျင်းပတဲ့ ရှေးဘာသာရေးထုံးတမ်းတွေမှာ ပါဝင်ရတာ အရမ်းကို စိတ်အေးချမ်းစေတယ်” ဟုဆိုသည်။ ယနေ့ ကက်သလစ်ဘာသာဝင်များစွာနည်းတူ သူလည်း ထိုပွဲနေ့ကို ရှေးခေတ်က ကျင်းပသည့်ပုံစံအတိုင်း လက်တင်ဘာသာစကားဖြင့် ကျင်းပခြင်းကို သာ၍နှစ်သက်သည်။ အဘယ်ကြောင့်နည်း။ “မစ္ဆားပွဲတော်သီချင်းကို ကျွန်မနားမလည်တဲ့ဘာသာစကားနဲ့ပဲ နားထောင်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်စကားနဲ့ဆိုတဲ့သီချင်းကို ကျွန်မ,မကြိုက်ဘူး” ဟုသူရေးသားခဲ့သည်။

ယေဟောဝါသက်သေများနှင့်တကွ စိတ်ဝင်စားသူ သန်းပေါင်းများစွာသည် မည်သည့်ဒေသတွင်ပင် နေထိုင်ပါစေ မိမိတို့ကိုယ်ပိုင်ဘာသာစကားဖြင့် ကျင်းပသော သခင့်ညစာစားပွဲကို တက်ရောက်ခြင်းဖြင့် ရွှင်လန်းမှုခံစားရသည်။ ခရစ်တော်သေခြင်း၏အဓိပ္ပာယ်နှင့် တန်ဖိုးကို သာ၍နားလည်သဘောပေါက်လာသဖြင့် သူတို့ပျော်ရွှင်ကြသည်။ ထိုအမှန်တရားများကို တစ်နှစ်ပတ်လုံး တွေးတောဆင်ခြင်ပြီး ပြောဆိုဆွေးနွေးထိုက်ပေသည်။ အောက်မေ့ရာပွဲကျင်းပခြင်းသည် ယေဟောဝါဘုရားသခင်နှင့် သားတော်ယေရှုခရစ်တို့၏ ကြီးမားနက်ရှိုင်းလှသောမေတ္တာကို ဆက်သတိရနေစေသည့် အကောင်းဆုံးနည်းဖြစ်ကြောင်း သက်သေခံများ သိရှိကြသည်။ ယင်းက “သခင်၏အသေခံတော်မူခြင်းကို ကြွလာတော်မူသည်တိုင်အောင် ကြွေးကြော်နေကြ” ရန် သူတို့ကိုကူညီပေးသည်။—၁ ကောရိန္သု ၁၁:၂၆ကဘ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ထိုပွဲတော်ကို သခင့်ညစာစားပွဲ၊ သန့်ရှင်းသောပူဇော်ရာယဇ်ပွဲ၊ ပွဲတော်မင်္ဂလာ၊ မစ္ဆားပွဲဟူ၍လည်း ခေါ်ကြသည်။

[စာမျက်နှာ ၂၇ ပါအဓိကအချက်]

ယေရှုကျင်းပခဲ့သော ဦးဆုံး ပွဲတော်သည် မည်သို့သော ပုံစံမျိုးဖြစ်သနည်း

[စာမျက်နှာ ၂၈ ပါပုံစာ]

ယေရှုသည် မိမိ၏သေခြင်းအောက်မေ့ရာပွဲကို ကျင်းပခဲ့

[စာမျက်နှာ ၂၉ ပါပုံစာ]

ယေရှုခရစ်၏သေခြင်းအောက်မေ့ရာပွဲ ကျင်းပခြင်း