မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကို တန်ဖိုးထားတော်မူသောအရှင်

ကျွန်ုပ်တို့ကို တန်ဖိုးထားတော်မူသောအရှင်

ဘုရားသခင်၌ချဉ်းကပ်ကြလော့

ကျွန်ုပ်တို့ကို တန်ဖိုးထားတော်မူသောအရှင်

လုကာ ၁၂:၆၊ ၇

“ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်” တတ်၏။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏စိတ်နှလုံးသည် မိမိကိုယ်ကို အလွန်အမင်း အပြစ်တင်ဝေဖန်တတ်သည့်သဘောရှိနိုင်ကြောင်း သမ္မာကျမ်းစာက ထိုသို့အသိအမှတ်ပြုထားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာနှင့်ဂရုစိုက်မှုကို အမှန်ပင် မရရှိထိုက်ဟူ၍ အမြဲလိုလိုခံစားနေရပေမည်။ သို့ရာတွင် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့စိတ်ချစေသည်– “ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍ အလုံးစုံတို့ကိုသိတော်မူသည်။” (၁ ယောဟန် ၃:၁၉၊ ၂၀) ကျွန်ုပ်တို့ ကိုယ်ကိုကိုယ်သိသည်ထက် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သာ၍သိတော်မူသည်။ ကျွန်ုပ်တို့ကို ဘုရားသခင်ရှုမြင်ပုံသည် ကျွန်ုပ်တို့ကိုယ်ကိုရှုမြင်ပုံနှင့် အလွန်ပင်ကွာခြားနိုင်သည်။ သို့ဆိုလျှင် ယေဟောဝါဘုရားသခင်၏အမြင်သည် အရေးကြီးသောကြောင့် ကိုယ်တော့်ရှေ့တွင် ကျွန်ုပ်တို့ မည်မျှအဖိုးထိုက်သနည်း။ အချိန်အခါနှစ်ခုတွင် ယေရှုအသုံးပြုခဲ့သည့် ထိမိသောပုံဥပမာ၌ အဖြေရှာတွေ့ နိုင်ပါသည်။

တစ်ကြိမ်တွင် ယေရှုက “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားဖိုးနှင့် ဝယ်ရသည်” ဟုဆိုခဲ့သည်။ (မဿဲ ၁၀:၂၉၊ ၃၁) ထို့ပြင် လုကာ ၁၂:၆၊ ၇ တွင် ယေရှုဤသို့မိန့်ဆို၏– “စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။ . . . ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” ရိုးရှင်းထိရောက်သော ထိုပုံဥပမာက မိမိအားဝတ်ပြုကိုးကွယ်သူတစ်ဦးစီကို ယေဟောဝါမည်သို့ရှုမြင်ကြောင်း သွန်သင်ပေးသည်။

အစာအဖြစ်စားသုံးသောငှက်များတွင် စာငှက်သည် ဈေးအပေါဆုံးဖြစ်သည်။ မိသားစုကိုကျွေးမွေးရန် ထိုသေးငယ်သည့်ငှက်များကို ဈေးတွင်ဝယ်နေသော ဆင်းရဲသည့်အမျိုးသမီးများကို ယေရှုသတိပြုမိခဲ့သည်မှာ သေချာသည်။ ကိုယ်တော်၏မိခင်လည်း ယင်းတို့ကို ဝယ်ကောင်းဝယ်ခဲ့ပေမည်။ ခေတ်သစ်တန်ဖိုးအရ အမေရိကန်ငွေငါးဆင့်ပင်မရှိသည့် အဿရိတစ်ပြားဖြင့် စာငှက်နှစ်ကောင် ဝယ်နိုင်သည်။ အဿရိနှစ်ပြားဖိုးဝယ်လျှင် စာငှက်လေးကောင်မဟုတ်ဘဲ ငါးကောင်ရနိုင်သည်၊ အဆစ်တစ်ကောင် ပိုထည့်ပေးလိုက်ခြင်းအတွက် ငွေထပ်ပေးစရာ မလိုသည့်အထိ ဈေးပေါလွန်းသည်။

ထိုစာငှက်တစ်ကောင်ကိုမျှ “ဘုရားသခင်မေ့လျော့တော်မမူ” သို့မဟုတ် “သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ” ဟုယေရှုရှင်းပြခဲ့သည်။ (မဿဲ ၁၀:၂၉) ဒဏ်ရာရ၍ဖြစ်စေ၊ အစာရှာရန်မြေပြင်ပေါ်သို့ ထိုးဆင်းသည်ဖြစ်စေ စာငှက်တစ်ကောင် မြေပေါ်သို့ကျလိုက်တိုင်း ယေဟောဝါသတိပြုတော်မူသည်။ အလွန်သေးနုပ်ပုံပေါက်သောငှက်များကို ယေဟောဝါဖန်ဆင်းခဲ့သည်ဖြစ်ရာ ၎င်းတို့ကို ကိုယ်တော်အမှတ်မရဘဲ နေမည်မဟုတ်ပေ။ ၎င်းတို့သည် အဖိုးတန်သောသက်ရှိများဖြစ်သောကြောင့် ကိုယ်တော် အမှန်ပင် တန်ဖိုးထားတော်မူသည်။ ယေရှုမိန့်ဆိုခဲ့သောဥပမာ၏ ဆိုလိုရင်းကို သင်သဘောပေါက်ပါသလော။

ယေရှုသည် သေးငယ်သောအရာနှင့် ကြီးမားသောအရာကို နှိုင်းယှဉ်ပြ၍ သွန်သင်လေ့ရှိသည်။ ဥပမာ၊ ကိုယ်တော် ဤသို့ဆိုခဲ့သည်– “ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ။ သို့သော်လည်း ဘုရားသခင်သည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” (လုကာ ၁၂:၂၄) ယခု စာငှက်များနှင့်ပတ်သက်သော ယေရှုစကား၏ဆိုလိုရင်းမှာ ရှင်းလင်းလာသည်။ ထိုသေးငယ်သော ငှက်ကလေးများကို ယေဟောဝါဂရုစိုက်တော်မူလျှင် မိမိကိုချစ်၍ ဝတ်ပြုကိုးကွယ်သူများကို ကိုယ်တော် ပို၍ပင် ဂရုစိုက်တော်မူသည်။

ယေရှု၏စကားအရ “[ကျွန်ုပ်] တို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်” သောဘုရားသခင်၏ ဂရုစိုက်စောင့်ရှောက်မှုခံရရန် မထိုက်တန်လွန်းဟု ခံစားစရာ မလိုအပ်ပေ။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ကိုယ်တိုင်မသိနိုင်သည့်အရာများကို ဖန်ဆင်းရှင်သိမြင်နိုင်ကြောင်း နားလည်ရခြင်းက နှစ်သိမ့်မှုဖြစ်စေသည် မဟုတ်လော။

[Picture Credit Line on page 9]

စာငှက်များ– © Arco/D. Usher/age fotostock