မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ ကမ္ဘာ ဖျက်ဆီးခံရမည်လော

ကျွန်ုပ်တို့၏ ကမ္ဘာ ဖျက်ဆီးခံရမည်လော

ကျွန်ုပ်တို့၏ ကမ္ဘာ ဖျက်ဆီးခံရမည်လော

‘ကမ္ဘာကြီး၏အနာဂတ် မည်သို့ဖြစ်လာမည်နည်း’ ဟုသင်စဉ်းစားဖူးသလော။ လူများစွာသည် လှပသောကမ္ဘာဂြိုဟ်တွင် ဖြစ်ပျက်နေသောအရာများကိုကြည့်ကာ ကမ္ဘာကြီး ဆက်လက်တည်တံ့နိုင်မည်မဟုတ်ဟု ယုံကြည်ကြသည်။

မှန်ပါသည်၊ ယနေ့ကမ္ဘာမြေကြီးသည် ရေ၊ သစ်တောများနှင့် သင့်တင့်မျှတသည့် လေထုကဲ့သို့သော အဖိုးတန်အရင်းအမြစ်များကို အလွဲသုံးမှုကြောင့် ပျက်စီးနေ၏။ ထို့ပြင် ဥက္ကာပျံကြီးတစ်ခု ကြွေကျခြင်း၊ ကြယ်တံခွန်ပေါက်ကွဲခြင်း သို့မဟုတ် နေ၏ဟိုက်ဒရိုဂျင်လောင်စာ ကုန်ခန်းခြင်းစသည်တို့ကြောင့် ကမ္ဘာနှင့်ယင်း၏သက်ရှိအားလုံး ဖျက်ဆီးခံရနိုင်သည်ဟု သိပ္ပံပညာရှင်အချို့ သတိပေးနေသည်။

သိပ္ပံပညာရှင်များက ကမ္ဘာဂြိုဟ်သည် နှစ်သန်းပေါင်းများစွာကြာလျှင် လူ့အသက်ကို ထောက်ပံ့ပေးနိုင်စွမ်း တဖြည်းဖြည်းလျော့နည်းလာမည်ဟု ယုံကြည်ကြသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းက ယင်းကို “ကစဉ့်ကလျားဖြစ်ခြင်းသို့ ဦးတည်နေသော မပြောင်းလဲနိုင်သည့်အခြေအနေ” အဖြစ် ဖော်ပြသည်။

ဝမ်းသာစရာကား ကမ္ဘာကို ပျက်စီးကာ လူသူကင်းမဲ့စေရန် ယေဟောဝါဘုရားသခင် ခွင့်ပြုမည်မဟုတ်ကြောင်း သမ္မာကျမ်းစာက ကျွန်ုတို့အား ယုံကြည်စိတ်ချစေသည်။ ဖန်ဆင်းရှင်အနေဖြင့် ကိုယ်တော်သည် အတိုင်းအဆမဲ့ “ခွန်အားကြီး” ရကား စကြဝဠာကို အချိန်ကာလအကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်တော်မူသည်။ (ဟေရှာယ ၄၀:၂၆) ထို့ကြောင့် ဤစကားများကို သင်ယုံကြည်စိတ်ချနိုင်သည်– ‘မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူသောဘုရားသခင်ပေတည်း။’ ‘နေ၊ လတို့ ထာဝရဘုရားသခင်ကို ချီးမွမ်းကြလော့။ ထွန်းလင်းသောကြယ်အပေါင်းတို့ ချီးမွမ်းကြလော့။ . . . ထိုအရာတို့ကိုအမိန့်တော်ရှိ၍ ဖန်ဆင်းတော်မူ၏။ ထိုအရာတို့ကို ကာလအစဉ်အဆက် အမြဲတည်စေတော်မူ၏။’—ဆာလံ ၁၀၄:၅; ၁၄၈:၃-၆

ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်

ကမ္ဘာမြေကို ယနေ့ခေတ်ကဲ့သို့ အလွဲသုံးစားပြု၍ညစ်ညမ်းစေရန် ဘုရားသခင်မရည်ရွယ်ခဲ့ချေ။ ယင်းအစား ဘုရားသခင်သည် ပထမလူယောက်ျားနှင့်မိန်းမဖြစ်သော အာဒံနှင့်ဧဝကိုဖန်ဆင်းကာ လှပသည့်ဥယျာဉ်တစ်ခုတွင် နေရာချပေးခဲ့သည်။ မှန်ပါသည်၊ သူတို့၏ပရဒိသုစံအိမ်သည် သူ့အလိုအလျောက် ဆက်၍လှပနေမည်တော့ မဟုတ်ပါ။ “ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ” သူတို့ကို ဘုရားသခင် တာဝန်ပေးခဲ့သည်။ (ကမ္ဘာဦး ၂:၈၊ ၉၊ ၁၅) ကျွန်ုပ်တို့၏စုံလင်သောမိဘကို ဘုရားသခင်ပေးခဲ့သည့်အလုပ်သည် အလွန်ပျော်ရွှင်ကျေနပ်ဖွယ်ပင်!

သို့သော် ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်တွင် ထိုမူလဥယျာဉ်ကို ပြုစုစောင့်ရှောက်ရုံထက်မက ပါဝင်သည်။ ကိုယ်တော်သည် ကမ္ဘာတစ်ခုလုံး ပရဒိသုအဖြစ်ပြောင်းလဲရန် ဆန္ဒရှိတော်မူသည်။ ထို့ကြောင့် အာဒံနှင့်ဧဝကို ကိုယ်တော် ဤသို့မိန့်မှာ၏– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”—ကမ္ဘာဦး ၁:၂၈

ဝမ်းနည်းစရာကား၊ စာတန်ဖြစ်လာသူ မာနကြီးသော ကောင်းကင်တမန်တစ်ပါးက ဘုရားသခင့်ရည်ရွယ်ချက်ကို ဆန့်ကျင်ခဲ့သည်။ အာဒံနှင့်ဧဝတို့၏ ဝတ်ပြုကိုးကွယ်မှုကို သူအလွန်လိုချင်ခဲ့သည်။ သို့နှင့် မြွေတစ်ကောင်ကို မိမိကိုယ်စားပြောဆိုပေးသူအဖြစ် အသုံးပြုကာ ဘုရားသခင့်အုပ်ချုပ်မှုကို သူတို့ဆန့်ကျင်ပုန်ကန်ရန် လုပ်ဆောင်ခဲ့သည်။ (ကမ္ဘာဦး ၃:၁-၆; ဗျာ. ၁၂:၉) သူတို့၏ အတ္တဆန်၍လေးမြတ်မှုကင်းမဲ့သည့်လုပ်ရပ်က ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကို နာကျင်စေလိုက်မည်ဖြစ်ခြင်း! သို့သော် သူတို့၏ပုန်ကန်မှုက ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို မပြောင်းလဲစေခဲ့ပါ။ ကိုယ်တော်ဤသို့မိန့်တော်မူသည်– ‘ငါ၏နှုတ်မြွက်စကားသည် . . . အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’—ဟေရှာယ ၅၅:၁၁

အကြောင်းကောင်းရှိ၍သာ ယေဟောဝါသည် ကျွန်ုပ်တို့ခေတ်အထိ စာတန်၏ပုန်ကန်မှုကို ဆက်ရှိနေစေရန် ခွင့်ပြုရခြင်းဖြစ်သည်။ ဤအချိန်အတောအတွင်း လူသားများအနေဖြင့် မိမိတို့ဘာသာအုပ်ချုပ်မှုပုံစံအမျိုးမျိုးကို စမ်းသပ်နိုင်ခဲ့ပြီး အကျိုးရလဒ်များက ဘုရားသခင်အား မကိုးစားရန် စာတန်လှုံ့ဆော်ခဲ့သောလမ်းစဉ်သည် လုံးဝရှုံးနိမ့်ကြောင်း ထင်ရှားလာသည်။ *ယေရမိ ၁၀:၂၃

ရလဒ်ကောင်းအနေဖြင့် ကုန်လွန်ခဲ့သော နှစ်ထောင်ချီကာလအတောအတွင်း ယေဟောဝါသည် စိတ်နှလုံးရိုးဖြောင့်သူများကို ကောင်းချီးပေးခဲ့သည်။ ကိုယ်တော်၏အုပ်ချုပ်မှုကို နာခံခြင်းနှင့် မနာခံခြင်း၏ အကျိုးဆက်များကိုလည်း ကျမ်းစာ၌ မှတ်တမ်းတင်ကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့၏။ ထို့ပြင် ယေဟောဝါသည် ကျွန်ုပ်တို့၏ အနာဂတ်ကောင်းကျိုးအတွက် ထူးခြားကောင်းမွန်လှသည့်အရာများကို ပြုလုပ်ပေးခဲ့သည်။ ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့် အကောင်းဆုံးလမ်းစဉ်ကို သွန်သင်ပေးရန်နှင့် ကျွန်ုပ်တို့အတွက် အသက်စွန့်ရန် မိမိ၏ချစ်သားတော် ယေရှုခရစ်ကို စေလွှတ်ခြင်းဖြင့် လူသားထုအတွက် ကယ်တင်ရှင်တစ်ဦးကို မေတ္တာပါစွာ ပြင်ဆင်ပေးခဲ့သည်။ (ယောဟန် ၃:၁၆) အာဒံနှင့်ဧဝတို့ဆုံးရှုံးခဲ့သော ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်မည့်မျှော်လင့်ချက်ကို ပြန်လည်ဝယ်ယူရန် ယေရှု၏သေခြင်းကို တရားဝင်နည်းလမ်းအဖြစ် ဘုရားသခင်အသုံးပြုခဲ့သည်။ အကြောင်းမှာ ကိုယ်တော်သည် မသေထိုက်သောကြောင့်ဖြစ်၏။ * ယေဟောဝါဘုရားသခင်သည် လူသားထုတစ်ရပ်လုံးကို အုပ်စိုးရန် ကောင်းကင်အစိုးရတစ်ခုကို ဖွဲ့စည်းခဲ့ပြီး ရှင်ပြန်ထမြောက်လာသည့် သားတော်ယေရှုခရစ်ကို ဘုရင်အဖြစ် ခန့်အပ်တော်မူသည်။ ယင်းအံ့ချီးဖွယ်အစီအစဉ်က ကမ္ဘာမြေအတွက် ဘုရားသခင့်ရည်ရွယ်ချက်များ ပြည့်စုံလာမည်ကို သေချာစေသည်။—မဿဲ ၆:၉၊ ၁၀

ထို့ကြောင့် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ဤအံ့ချီးဖွယ်ကတိတော်များကို သင်အပြည့်အဝ ယုံကြည်စိတ်ချနိုင်သည်– ‘ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားသခင်ကို မျှော်လင့်သောသူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။’ “‘ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။’ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောသူကလည်း ‘ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်’ ဟုမိန့်တော်မူ၏။”—ဆာလံ ၃၇:၉၊ ၂၉; ဗျာ. ၂၁:၃-၅

သမ္မာကျမ်းစာသည် အတွင်းသဘောချင်းညီညွတ်

သို့သော် အချို့က ဤသို့တွေးတောကြပေမည်– ‘အထက်ပိုင်းမှာ ညွှန်းထားတဲ့ကျမ်းပိုဒ်တွေက ကမ္ဘာအဆုံးသတ်တော့မယ့်ပုံစံမျိုးရေးထားတဲ့ တခြားကျမ်းချက်တွေနဲ့ ဘယ်လိုကိုက်ညီမလဲ။’ သာဓကအချို့ကို သုံးသပ်ကြည့်ပါ။ ထိုသို့ဆန်းစစ်ခြင်းက ကျမ်းစာသည် အတွင်းသဘောချင်းညီညွတ်ကြောင်း ဖော်ပြပေမည်။

ရုပ်လောက၏ ‘ကစဉ့်ကလျားဖြစ်ခြင်းသို့ ဦးတည်နေသော အခြေအနေ’ ကို သိပ္ပံပညာရှင်များအသိအမှတ်မပြုမီ ကာလကြာမြင့်စွာကတည်းကပင် ကျမ်းစာ၌ ဆာလံဆရာ ဤသို့ရေးခဲ့သည်– “ကိုယ်တော်သည် . . . မြေကြီးကိုတည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။ ထိုအရာတို့သည် ပျက်စီးခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းခြင်းသို့ရောက်၍ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့် ပြောင်းလဲခြင်းရှိကြသော်လည်း ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။”—ဆာလံ ၁၀၂:၂၅-၂၇

ယင်းစကားများကို မှတ်တမ်းတင်ရာတွင် ဆာလံဆရာသည် ကမ္ဘာမြေအတွက် ဘုရားသခင့်ထာဝရရည်ရွယ်ချက်ကို ဆန့်ကျင်နေခြင်း မဟုတ်ပါ။ ယင်းအစား ဘုရားသခင်၏ထာဝရတည်ရှိမှုကို ကိုယ်တော်ဖန်ဆင်းခဲ့သည့် ရုပ်ဝတ္ထုများ၏ ပျက်စီးယိုယွင်းတတ်မှုနှင့် နှိုင်းယှဉ်နေခြင်းသာဖြစ်သည်။ ဘုရားသခင်၏အဆုံးမဲ့သော အသစ်ပြန်လည်ပြုပြင်နိုင်စွမ်းသာမရှိလျှင် အလင်းရောင်၊ စွမ်းအင်နှင့် ကမ္ဘာပတ်လမ်းကြောင်း၏ တည်ငြိမ်မှုအတွက် ကျွန်ုပ်တို့မှီခိုအားထားနေရသည့် နေအဖွဲ့အစည်းအပါအဝင် စကြဝဠာကြီးသည် လုံးဝဖရိုဖရဲဖြစ်ကာ နောက်ဆုံးတွင်ပျက်စီးရပေမည်။ ထို့ကြောင့် မထိန်းသိမ်းဘဲ ဤအတိုင်းသာထားပါက ကမ္ဘာသည် “ဟောင်းနွမ်းခြင်းသို့ရောက်” မည် သို့မဟုတ် ထာဝစဉ်ပျက်သုဉ်းသွားပေလိမ့်မည်။

ကမ္ဘာမြေနှင့်ပတ်သက်၍ ဘုရားသခင်ကြိုပြောခဲ့သည့်ရည်ရွယ်ချက်နှင့် အစပိုင်းတွင်ဆန့်ကျင်ဟန်ရှိသော ကျမ်းပိုဒ်အချို့ ကျမ်းစာတွင်ပါရှိသည်။ ဥပမာ၊ ကောင်းကင်နှင့်မြေကြီးသည် “ရွေ့သွားကြပြီ” ဟုကျမ်းစာဆို၏။ (ဗျာ. ၂၁:၁) ထိုစကားများသည် ယေရှု၏ ဤကတိတော်နှင့် အမှန်ပင်မဆန့်ကျင်ပါ– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် [“မြေကြီး၊” ကဘ] ကို အမွေခံရကြလတ္တံ့။” (မဿဲ ၅:၅) သို့ဆိုလျှင် ကျမ်းစာက ကောင်းကင်နှင့်မြေကြီးသည် “ရွေ့သွားကြပြီ” ဟုဆိုရာ၌ ဘာကိုဆိုလိုသနည်း။

ကျမ်းစာတွင် “မြေကြီး” ဟူသောအသုံးအနှုန်းကို လူ့အဖွဲ့အစည်းဟူသည့် အဓိပ္ပာယ်ဖြင့် ပုံဆောင်သဘောအရ သုံးလေ့ရှိသည်။ ဥပမာ၊ အောက်ပါကျမ်းပိုဒ်ကို သုံးသပ်ကြည့်ပါ– “မြေကြီးလုံးကို စီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော။” (ကမ္ဘာဦး ၁၈:၂၅) ဤတွင် “မြေကြီးလုံး” ဟူသည် ကမ္ဘာပေါ်တွင်နေထိုင်သော လူသားများကို ရည်ညွှန်းကြောင်း ထင်ရှားပါသည်။ အခြားဥပမာတစ်ခုမှာ ဆာလံ ၉၇:၁ တွင် ဤသို့ဖော်ပြထားသည်‘ထာဝရဘုရားသခင်သည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။’ ထိုကျမ်းပိုဒ်နှင့် အခြားကျမ်းချက်များတွင် “မြေကြီး” ဟူသောစကားလုံးကို လူသားများအား ရည်ညွှန်းရန် ပုံဆောင်သဘောဖြင့်သုံးနှုန်းကြောင်း ရှင်းနေပါသည်။—ဆာလံ ၉၆:၁၁

ကျမ်းစာတွင် မြေကြီးပေါ်ရှိ အုပ်ချုပ်မှုအာဏာစက်များကို ကောင်းကင် သို့မဟုတ် ကောင်းကင်တန်ဆာများနှင့် တစ်ခါတစ်ရံ နှိုင်းယှဉ်ဖော်ပြတတ်သည်။ သာဓကတစ်ခုမှာ ဖိနှိပ်ချုပ်ချယ်သော ဗာဗုလုန်အုပ်စိုးရှင်များသည် မိမိတို့ကိုယ်ကို အခြားသူများထက် ချီးမြှင့်ကြသောကြောင့် သူတို့ကို ကြယ်နှင့်တူသည်ဟု ဖော်ပြထားသည်။ (ဟေရှာယ ၁၄:၁၂-၁၄) ကြိုဟောထားသည့်အတိုင်း ပုံဆောင် “ကောင်းကင်” ဖြစ်သော ဗာဗုလုန်အုပ်စိုးရှင်များနှင့် သူတို့ကိုထောက်ခံသူများဖြစ်သော “မြေကြီး” သည် ဘီစီ ၅၃၉ တွင် အဆုံးတိုင်ခဲ့လေသည်။ (ဟေရှာယ ၅၁:၆) ယင်းကြောင့် နောင်တရသောဂျူးလူမျိုးများသည် ယေရုရှလင်မြို့သို့ ပြန်ခွင့်ရခဲ့သည်။ သို့ဖြင့် “မိုးကောင်းကင်သစ်” ဖြစ်သော အုပ်ချုပ်မှုအသစ်သည် ဖြောင့်မတ်သည့်လူ့အဖွဲ့အစည်းဖြစ်သော “မြေကြီးသစ်” ကိုအုပ်ချုပ်နိုင်ခဲ့သည်။—ဟေရှာယ ၆၅:၁၇

ကောင်းကင်နှင့်မြေကြီး “ရွေ့သွားကြပြီ” ဟူသော ကျမ်းစာပါစကားလုံးသည် လက်ရှိယိုယွင်းသည့် လူ့အုပ်ချုပ်မှုနှင့် ယင်းကိုထောက်ခံသော တရားမဲ့သူများ၏အဆုံးကို ရည်ညွှန်းကြောင်း သိသာပါသည်။ (၂ ပေတရု ၃:၇) သို့ဖြင့် ဘုရားသခင့်ကောင်းကင်ဆိုင်ရာ အုပ်ချုပ်မှုအသစ်သည် ဖြောင့်မတ်သည့် လူ့အဖွဲ့အစည်းသစ်ကို ကောင်းချီးပေးရန် လမ်းပွင့်သွားပါလိမ့်မည်။ အကြောင်းမှာ “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ” သောကြောင့်ဖြစ်သည်။—၂ ပေတရု ၃:၁၃

ထို့ကြောင့် မြေကြီးစံအိမ်သည် ထာဝစဉ်တည်တံ့မည်ဟူသော ဘုရားသခင့်ကတိတော်ကို သင်ယုံကြည်စိတ်ချနိုင်ပါသည်။ ထို့ပြင် မြေကြီးကို ကမ္ဘာချီပရဒိသုအဖြစ်သို့ ပြောင်းလဲမည့် ထူးကဲလှသည့် အခါသမယတွင်ပါဝင်ရန် သင်ဘာလုပ်ရမည်ကို သမ္မာကျမ်းစာက ဖော်ပြသည်။ ယေရှု ဤသို့ဆိုခဲ့၏– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ကမ္ဘာမြေနှင့်လူသားတို့၏ အနာဂတ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာကို လေ့လာဆန်းစစ်ရန် ပန်းတိုင်ထားပါ။ သင့်ဒေသရှိ ယေဟောဝါသက်သေများသည် ယင်းနှင့်ပတ်သက်၍ သင့်အား ဝမ်းမြောက်ဝမ်းသာ ကူညီပေးကြပါလိမ့်မည်။

[Footnotes]

^ အပိုဒ်၊ 10 ဆင်းရဲခက်ခဲမှုကို ဘုရားသခင်အဘယ်ကြောင့် ခွင့်ပြုရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးချက်ကို ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၁၀၆-၁၄ တွင်ရှု။

^ အပိုဒ်၊ 11 ပူဇော်ရာယဇ်အဖြစ် ယေရှု၏သေခြင်းနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၄၇-၅၆ တွင်ရှု။

[အကြောင်းအရာအကျဉ်း]

သမ္မာကျမ်းစာက ကျွန်ုပ်တို့၏ ကမ္ဘာ့စံအိမ်သည် ထာဝစဉ်တည်တံ့မည်ဟု ကတိပြုသည်

[Picture Credit Lines on page 10]

နောက်ခံကမ္ဘာလုံး– Nasa/The Visible Earth (http://visibleearth.nasa.gov/); ပိုလာဝက်ဝံ– © Bryan and Cherry Alexander Photography