မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

တိမောသေ—အမှုဆောင်ရန် အဆင်သင့်ရှိပြီး အမှုဆောင်လိုစိတ် ရှိသူ

တိမောသေ—အမှုဆောင်ရန် အဆင်သင့်ရှိပြီး အမှုဆောင်လိုစိတ် ရှိသူ

အဆင်သင့်ဖြစ်ပြီလား။” ကလေးတို့ ဒီလိုအမေးခံရဖူးသလား။— တကယ်တော့ အဲဒီလိုမေးတဲ့သူက ကလေးတို့ အသင့်ပြင်ဆင်ထားမထား သိချင်လို့ ဖြစ်တယ်။ ဥပမာ၊ ‘ကလေးတို့မှာ လေ့လာမယ့် စာအုပ်တွေ ရှိပြီလား။ ကလေးတို့ရဲ့ ကျောင်းသင်ခန်းစာတွေကို ဖတ်ပြီးပြီလား’ ဆိုတာကို သူသိချင်လို့ ဖြစ်မယ်။ တို့တစ်တွေ သိရမှာဖြစ်တဲ့အတိုင်း တိမောသေကတော့ အဆင်သင့် ရှိနေခဲ့တယ်။

တိမောသေက တလိုတလားစိတ်ထား ရှိသူလည်း ဖြစ်တယ်။ အဲဒီအဓိပ္ပာယ်ကို ကလေးတို့ သိသလား။— တိမောသေက ဘုရားသခင့် အမှုတော်ဆောင်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ “အကျွန်ုပ် ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” လို့ပြောခဲ့တဲ့ ဘုရားသခင့် ကျေးကျွန်တစ်ဦးရဲ့ သဘောထားမျိုး တင်ပြခဲ့တယ်။ (ဟေရှာယ ၆:၈) ပြီးတော့ သူက အမှုဆောင်ဖို့ အဆင်သင့်ရှိနေပြီး အမှုဆောင်လိုစိတ်လည်း ရှိတာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ အသက်တာကို ပိုင်ဆိုင်ခဲ့တယ်။ အဲဒီအကြောင်းကို ကလေးတို့ သိချင်သလား။—

ယေရုရှလင်မြို့နဲ့ မိုင်ရာချီဝေးတဲ့ လုတ္တရမြို့မှာ တိမောသေ မွေးဖွားလာတယ်။ သူ့အဘွား လောဣနဲ့ အမေ ဥနိတ်က သမ္မာကျမ်းစာကို ကောင်းကောင်းလေ့လာသူတွေ ဖြစ်တယ်။ ပြီးတော့ တိမောသေကို ကလေးဘဝကတည်းက ကျမ်းစာ သင်ပေးခဲ့တယ်။—၂ တိမောသေ ၁:၅။ ၃:၁၅

ဘာတွေဖြစ်ပျက်နေသလဲ

တမန်တော်ပေါလုက သူ့ရဲ့ဦးဆုံးအကြိမ် ဟောပြောခြင်း ခရီးရှည်မှာ ဗာနဗနဲ့အတူ လုတ္တရမြို့ကို လာလည်ပတ်တုန်းက တိမောသေ ဆယ်ကျော်သက်အရွယ်လောက်ပဲ ရှိသေးတယ်။ အဲဒီတုန်းက တိမောသေရဲ့အမေနဲ့ အဘွားဟာ ခရစ်ယာန်တွေ ဖြစ်နေပုံရတယ်။ ပေါလုနဲ့ ဗာနဗတို့ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ကလေးတို့ သိချင်သလား။— ခရစ်ယာန်တွေကို မကြိုက်တဲ့သူတွေက ပေါလုကို ကျောက်ခဲနဲ့ ပေါက်၊ ကန်ကျောက်ပြီးတော့ မြို့ပြင်ဆွဲထုတ်သွားကြတယ်။ ပေါလု သေပြီလို့ သူတို့ ထင်တာကိုး။

ပေါလုရဲ့သွန်သင်ချက်ကို ယုံကြည်သူတွေက သူ့အနားမှာ စုရုံးရောက်ရှိလာပြီး ပေါလုလည်း မေ့မြောရာက ပြန်သတိရလာတယ်။ နောက်တစ်နေ့မှာ ပေါလုနဲ့ ဗာနဗ ထွက်ခွာသွားတယ်၊ သိပ်မကြာခင်မှာပဲ လုတ္တရမြို့ကို သူတို့ ပြန်ရောက်လာတယ်။ အဲဒီမှာ ပေါလုက ဟောပြောချက်တစ်ခုပေးပြီး “ငါတို့သည် များပြားသောဆင်းရဲ . . . ကိုခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရကြမည်” ဆိုပြီး ပြောတယ်။ (တမန်တော် ၁၄:၈-၂၂) ပေါလု ဘာကို ဆိုလိုတယ်ဆိုတာ ကလေးတို့ သိသလား။— ဘုရားသခင့် အမှုဆောင်သူတွေကို တခြားသူတွေ နှောင့်ယှက်ဆန့်ကျင်ကြလိမ့်မယ်လို့ သူဆိုလိုနေတာ ဖြစ်တယ်။ နောက်ပိုင်းမှာ ပေါလုက ‘ဘုရားသခင်ဝတ်၌ မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူ အပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်’ ဆိုပြီး တိမောသေဆီ စာရေးခဲ့တယ်။—၂ တိမောသေ ၃:၁၂။ ယောဟန် ၁၅:၂၀

ပေါလုနဲ့ ဗာနဗ လုတ္တရမြို့ကနေ ထွက်ခွာပြီး အိမ်ကို ပြန်သွားကြတယ်။ လအနည်းငယ်ကြာတော့ ပေါလုက သိလနဲ့အတူ ခရီးလှည့်လည်ပြီး အရင်က သူလည်ပတ်ခဲ့တဲ့ ဒေသတွေမှာရှိတဲ့ ယေရှုရဲ့တပည့်သစ်တွေကို အားပေးဖို့ ပြန်သွားကြတယ်။ လုတ္တရမြို့ကို ပြန်ရောက်လာတဲ့ ပေါလုကို တွေ့ရတဲ့အခါ တိမောသေ ဘယ်လောက် ပျော်လိုက်မလဲ။ ပေါလု၊ သိလနဲ့အတူ ခရီးထွက်ဖို့ ဖိတ်ခေါ်ခံရတော့ တိမောသေ ပိုလို့တောင် ပျော်သွားတယ်။ အဲဒီဖိတ်ခေါ်ချက်ကို တိမောသေ လက်ခံခဲ့တယ်။ သူတို့နဲ့အတူ သွားဖို့ အဆင်သင့်ဖြစ်နေပြီး သွားလိုစိတ်လည်း ရှိခဲ့တယ်။—တမန်တော် ၁၅:၄၀–၁၆:၅

ဒါနဲ့ သူတို့သုံးယောက် အတူတူ ခရီးထွက်ခဲ့ကြတယ်၊ မိုင်ပေါင်းများစွာ ခြေကျင်လျှောက်ပြီးတဲ့နောက် ရွက်သင်္ဘော စီးကြတယ်။ ကမ်းကပ်တာနဲ့ ဂရိနိုင်ငံ၊ သက်သာလောနိတ်မြို့ကို လမ်းလျှောက်သွားကြတယ်။ အဲဒီမြို့မှာ လူတွေအများကြီး ခရစ်ယာန် ဖြစ်လာကြတယ်။ ဒါပေမဲ့ တခြားသူတွေက ဒေါသထွက်ပြီး အုပ်စုဖွဲ့ ဆန့်ကျင်ကြတယ်။ ပေါလု၊ သိလနဲ့ တိမောသေတို့လည်း အသက်အန္တရာယ်ရှိတဲ့အတွက် ဗေရိမြို့ကို ထွက်ခွာသွားတယ်။—တမန်တော် ၁၇:၁-၁၀

သက်သာလောနိတ်မြို့မှာရှိတဲ့ ယုံကြည်သူလူသစ်တွေအတွက် ပေါလု စိုးရိမ်မိတယ်၊ ဒါကြောင့် အဲဒီကိုပြန်သွားဖို့ တိမောသေကို စေလွှတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတာ ကလေးတို့ သိသလား။— ‘သင်တို့ကို မြဲမြံစေ၍ ယုံကြည်ခြင်းအရာ၌ သင်တို့ကို တိုက်တွန်းနှိုးဆော်စေ’ ဖို့ ဖြစ်တယ် ဆိုပြီး သက်သာလောနိတ်မြို့က ခရစ်ယာန်တွေကို နောက်ပိုင်းမှာ ပေါလု ရှင်းပြခဲ့တယ်။ အန္တရာယ်ရှိတဲ့ ဒီလိုတာဝန်ကို ထမ်းဆောင်ဖို့ လူငယ်တိမောသေကို ပေါလု ဘာကြောင့် စေလွှတ်ရသလဲ ကလေးတို့ သိသလား။— ဆန့်ကျင်သူတွေက တိမောသေကို သိပ်မသိသေးတဲ့အပြင် သူကိုယ်တိုင်လည်း အဲဒီနေရာကို သွားချင်တဲ့အတွက် ဖြစ်တယ်။ ဒီလိုလုပ်နိုင်ဖို့ အတော့်ကို သတ္တိရှိရမယ်။ သူ့ရဲ့လည်ပတ်မှု ဘယ်လို ဖြစ်ခဲ့သလဲ။ တိမောသေက ပေါလုဆီ ပြန်ရောက်လာတဲ့အခါ သက်သာလောနိတ်မြို့သားတွေ ဘယ်လောက် သစ္စာရှိကြတယ်ဆိုတာ ပြန်ပြောပြခဲ့တယ်။ ဒါကြောင့် ပေါလုက “ငါတို့သည် . . . သင်တို့၏ ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ ရောက်ကြ၏” ဆိုပြီး သူတို့ဆီ စာရေးခဲ့တာပေါ့။—၁ သက်သာလောနိတ် ၃:၂-၇

တိမောသေက နောက်ထပ်ဆယ်နှစ်အထိ ပေါလုနဲ့အတူ အမှုဆောင်ခဲ့တယ်။ ရောမမြို့မှာ ပေါလု အကျဉ်းကျတဲ့အခါ တိမောသေ ကိုယ်တိုင်လည်း ထောင်ကလွတ်လာခါစ ဖြစ်ပေမဲ့ ပေါလုနဲ့အတူ နေပေးခဲ့တယ်။ ပေါလု အကျဉ်းကျနေချိန်မှာ ဖိလိပ္ပိမြို့သားတွေအတွက် စာတစ်စောင်ရေးခဲ့ပြီး တိမောသေကို အတွင်းရေးမှူးအဖြစ် အသုံးပြုခဲ့ပုံ ရတယ်။ ‘ငါသည် တိမောသေကို သင်တို့ရှိရာသို့ စေလွှတ်မည်။ အကြောင်းမူကား ထိုသူကဲ့သို့ အလွန်သစ္စာရှိပြီး သင်တို့အကျိုးကို ပို၍ထမ်းဆောင်မည့်သူ တစ်ယောက်မျှ ငါတို့၌ မရှိ’ ဆိုပြီး ပေါလု ပြောခဲ့တယ်။—ဖိလိပ္ပိ ၂:၁၉-၂၂။ ဟေဗြဲ ၁၃:၂၃

အဲဒီစကားတွေကြောင့် တိမောသေ ဘယ်လောက် ပျော်လိုက်မလဲ။ သူက အမှုဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီး အမှုဆောင်လိုစိတ်လည်း ရှိတဲ့အတွက် သူ့ကို ပေါလု သိပ်ချစ်တာပေါ့။ ကလေးတို့လည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။