မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထင်ရာစိုင်းသော လောကတွင် သားသမီးများကို ပြုစုပျိုးထောင်ခြင်း

ထင်ရာစိုင်းသော လောကတွင် သားသမီးများကို ပြုစုပျိုးထောင်ခြင်း

ထင်ရာစိုင်းသော လောကတွင် သားသမီးများကို ပြုစုပျိုးထောင်ခြင်း

မိဘဖြစ်သူ မဝယ်ပေးလိုသော ကစားစရာအရုပ်တစ်ခုကိုဝယ်ပေးဖို့ ကလေးတစ်ဦး နားပူနားဆာလုပ်နေသည်ကို သင်တွေ့မြင်ဖူးသလော။ သို့မဟုတ် မိဘဖြစ်သူက “ငြိမ်ငြိမ်နေ” ဟုပြောဆိုသည့်တိုင် ပြေးလွှားဆော့ကစားလိုသော ကလေးတစ်ဦးကို သင်တွေ့မြင်ဖူးသလော။ ထိုသို့သောအခြေအနေမျိုးတွင် မိဘဖြစ်သူသည် ကလေးအတွက် အကောင်းဆုံးအရာကို လုပ်ဆောင်လိုကြောင်း သင်သိနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ကလေးတစ်ဦး တကျည်ကျည်ပူဆာသောအခါ ကလေး၏ဆန္ဒကို မိဘအားလုံး လိုက်လျောလေ့ရှိသည်။

မိဘကောင်းဖြစ်ခြင်းဟူသည် အရာရာတိုင်းနီးပါးတွင် သားသမီးတို့ကို အလိုလိုက်ခြင်းဖြစ်သည်ဟု မိဘအများစု ယူဆထားပုံရ၏။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၂ မှ ၁၇ နှစ်ကြား သားသမီး ၇၅၀ တို့ကို ဆန္ဒမဲကောက်ယူခဲ့သည်။ မိဘတို့က မလုပ်ရဟုတားမြစ်သည့်အခါ သူတို့မည်သို့တုံ့ပြန်ကြောင်းမေးမြန်းခဲ့ရာ သားသမီး ၆၀ ရာခိုင်နှုန်းနီးပါးက ဆက်၍နားပူနားဆာလုပ်ခဲ့သည်ဟုပြောဆို၏။ ထိုနည်းစနစ်သည် သားသမီး ၅၅ ရာခိုင်နှုန်းခန့်အတွက် အောင်မြင်လေ့ရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထိုသို့အလိုလိုက်ခြင်းကို မေတ္တာပြရာရောက်သည်ဟု သူတို့၏မိဘများ ယူဆကြပေမည်၊ သို့သော် ထိုသို့ဟုတ်ပါသလော။

သမ္မာကျမ်းစာမှ ဤပညာရှိစကားကို သုံးသပ်ကြည့်ပါ– “ကျွန်သည် ငယ်သောအရွယ်မှစ၍ ပျော်ပါးအောင်ကျွေးမွေးခြင်းကိုခံရလျှင် နောက်ဆုံး၌ [“ကျေးဇူးမသိတတ်သောသူ၊” ကဘ] ဖြစ်လာလိမ့်မည်။” (သု. ၂၉:၂၁) ကလေးတစ်ဦးသည် ကျွန်တစ်ဦးမဟုတ်သည်မှာ မှန်ပါသည်။ သို့သော် ထိုမူသည် သားသမီးပြုစုပျိုးထောင်ခြင်းနှင့် သက်ဆိုင်မှုရှိကြောင်း သင်သဘောတူသည်မဟုတ်လော။ ကလေးကိုအလိုလိုက်ပြီး သူတို့လိုချင်ရာမှန်သမျှပေးခြင်းက သူတို့ကို “ကျေးဇူးမသိတတ်သောသူ၊” တစ်နည်းအားဖြင့် အလိုလိုက်၍အမိုက်စော်ကားသူ၊ ခေါင်းမာသူ၊ ကျေးဇူးကန်းသူများအဖြစ် ကြီးပြင်းလာစေသည်။

ထို့ကြောင့် ကျမ်းစာက မိဘများကို “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့” ဟုအကြံပြုသည်။ (သု. ၂၂:၆) ပညာရှိမိဘများသည် ဤအကြံပေးချက်ကိုလိုက်နာပြီး ရှင်းလင်းသော၊ တစ်သမတ်တည်းဖြစ်သော၊ အကျိုးသင့်အကြောင်းသင့်ရှိသော စည်းမျဉ်းများကို ချမှတ်၍လိုက်နာစေသည်။ သူတို့သည် မေတ္တာနှင့် အလိုလိုက်ခြင်းကို မရောထွေးစေကြပါ၊ ကလေးများ၏ နားပူနားဆာလုပ်ခြင်း၊ တကျည်ကျည်လုပ်ခြင်း၊ ဝုန်းဒိုင်းကြဲဒေါသထွက်ခြင်းကို အလျှော့မပေးကြပါ။ ယင်းအစား “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့” ဟူသော ယေရှု၏ပညာရှိစကားကို သူတို့သဘောတူကြသည်။ (မဿဲ ၅:၃၇) သားသမီးများကို လေ့ကျင့်ပေးရာတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။ ထိရောက်သောသရုပ်ဖော်ချက်တစ်ခုကို သုံးသပ်ကြည့်ပါ။

“လက်၌ရှိသော မြားကဲ့သို့ဖြစ်ကြ၏”

ကလေးတစ်ဦးသည် မိဘ၏လမ်းညွှန်မှု လိုအပ်ကြောင်း ပေါ်လွင်စေသောနည်းဖြင့် မိဘနှင့်သားသမီး၏ဆက်ဆံရေးကို သမ္မာကျမ်းစာက သရုပ်ဖော်ထားသည်။ ဆာလံ ၁၂၇:၄၊ ၅ တွင် ဤသို့ဆိုသည်– “အသက်ပျိုစဉ် ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသော မြားကဲ့သို့ဖြစ်ကြ၏။ မိမိမြားတောင့်ကို သူတို့နှင့်ပြည့်စေသောသူသည် မင်္ဂလာရှိ၏။” ထို့ကြောင့် ကလေးတို့သည် မြားနှင့်တူပြီး မိဘတို့သည် ခွန်အားကြီးသောစစ်သူရဲနှင့်တူ၏။ မိမိ၏မြားသည် ပစ်မှတ်ဆီသို့ မတော်တဆထိမှန်မည်မဟုတ်ကြောင်း လေးသမားတစ်ဦး ကောင်းစွာသိသကဲ့သို့ သားသမီးပြုစုပျိုးထောင်ရေးကို ဖြစ်ကတတ်ဆန်းကိစ္စတစ်ခုအဖြစ် မယူမှတ်နိုင်ကြောင်း မေတ္တာရှိသောမိဘများ သိထားကြ၏။ မိဘတို့သည် သားသမီးများကို “ပစ်မှတ်” ထိမှန်စေလိုကြသည်၊ တစ်နည်းအားဖြင့် ဘဝတွင် ပျော်ရွှင်သော၊ တာဝန်ယူတတ်သော လူကြီးများအဖြစ် ကြီးပြင်းစေလိုကြသည်။ ထို့ပြင် သားသမီးများကို ဆုံးဖြတ်ချက်ကောင်းများ ချစေလိုသည်၊ ပညာရှိစေလိုသည်၊ မလိုအပ်သောပြဿနာများကို ရှောင်စေလိုသည်၊ အကျိုးရှိသောပန်းတိုင်များသို့ ရောက်ရှိစေလိုသည်။ သို့သော် ယင်းတို့ကို အလိုရှိရုံဖြင့် မလုံလောက်ပါ။

မြားတစ်စင်းသည် ပစ်မှတ်ကိုထိမှန်နိုင်ရန် အဘယ်အရာလိုအပ်သနည်း။ အသေအချာပြင်ဆင်မှု၊ ကောင်းစွာကာကွယ်မှုနှင့် ထိရောက်စွာလမ်းညွှန်မှုတို့ လိုအပ်သည်။ အလားတူ၊ လူကြီးဘဝသို့ဦးတည်ရာ ဘဝလမ်းခရီးတွင် သားသမီးများအောင်မြင်နိုင်ရန် ပြင်ဆင်ပေးဖို့၊ ကာကွယ်ပေးဖို့နှင့် လမ်းညွှန်ပေးဖို့လိုသည်။ သားသမီးများပြုစုပျိုးထောင်ခြင်း၏ ထိုကဏ္ဍသုံးခုကို တစ်ခုစီသုံးသပ်ကြည့်ကြစို့။

မြားကို အသေအချာပြင်ဆင်ထားခြင်း

ကျမ်းစာခေတ်က လေးသမားများအသုံးပြုသော မြားများကို အသေအချာပြင်ဆင်ထားသည်။ မြားတံကို ပေါ့ပါးသောသစ်သားဖြင့် ပြုလုပ်ထားခြင်းဖြစ်နိုင်ပြီး အဖြောင့်ဆုံးဖြစ်စေရန် ဓားဖြင့်သပ်ရသည်။ မြားခေါင်းကို ချွန်ထက်နေစေရသည်။ မြားတံကိုတည်ငြိမ်စေရန်နှင့် လမ်းကြောင်းမှန်အတိုင်း ဖြောင့်တန်းစွာပစ်လွှတ်နိုင်ရန် မြားတံ၏တစ်ဖက်စွန်းတွင် ငှက်တောင်ကို တပ်ထားရသည်။

မိဘများသည် သားသမီးများကို ဖြောင့်တန်းသော၊ သွေဖည်ခြင်းကင်းသော ထိုမြားများကဲ့သို့ ဖြစ်စေလိုကြသည်။ ထို့ကြောင့် ကြီးလေးသောချွတ်ယွင်းချက်များကို လျစ်လျူမရှုဘဲ ယင်းကိုအောင်မြင်နိုင်ရန်၊ ပြုပြင်နိုင်ရန် မေတ္တာပါပါကူညီပေးခြင်းက ပညာရှိရာရောက်သည်။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ” သောကြောင့် ထိုသို့ကူညီပေးစရာများစွာ ရှိပေမည်။ (သု. ၂၂:၁၅) ထို့ကြောင့် သားသမီးများကို ဆုံးမသွန်သင်ရန် မိဘတို့အား ကျမ်းစာတိုက်တွန်းထားသည်။ (ဧဖက် ၆:၄) ကလေးတစ်ဦး၏စိတ်နှင့်အကျင့်စရိုက်ကို ပုံသွင်းပေးပြီး ပြုပြင်တည့်မတ်ပေးရာတွင် ဆုံးမပဲ့ပြင်မှုသည် အလွန်အရေးပါသည်။

ထို့ကြောင့် “ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟူ၍ နယပုံပြင် ၁၃:၂၄ တွင် ဆိုရခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ ထိုကျမ်းချက်၏စကားစပ်တွင် ဆုံးမပဲ့ပြင်သောကြိမ်လုံးဟူသည် ဆုံးမပဲ့ပြင်နည်းကို ဆိုလိုသည်၊ ဆုံးမပဲ့ပြင်နည်းမှာ အမျိုးမျိုးရှိနိုင်သည်။ မိဘတစ်ဦးသည် မေတ္တာပါပါဆုံးမပဲ့ပြင်ခြင်းဖြင့် ကလေး၏အမှားများကို တည့်မတ်ပေး၏၊ ယင်းတို့သာ နက်ရှိုင်းစွာအမြစ်စွဲသွားပါက လူကြီးဘဝတွင် စိတ်ဆင်းရဲစရာများ ကြုံတွေ့နိုင်သည်။ မဆုံးမဘဲနေခြင်းသည် မေတ္တာမဲ့ရာရောက်ပြီး ဆုံးမပဲ့ပြင်ခြင်းမူကား မေတ္တာပြရာရောက်သည်။

မေတ္တာရှိသောမိဘတစ်ဦးသည် စည်းမျဉ်းများချရသည့်အကြောင်းရင်းကို ကလေးနားလည်အောင် ကူညီပေးသည်။ ဤနည်းဖြင့် ဆုံးမပဲ့ပြင်ခြင်းတွင် အမိန့်ပေးခြင်း၊ ဒဏ်ပေးခြင်းမျှသာ ပါဝင်သည်မဟုတ်ဘဲ ပို၍အရေးကြီးသည်ကား ထိုသို့ပေးရသည့်အကြောင်းရင်းကို သိနားလည်ခြင်းဖြင့် ပညာရှိလာစေရန် ကူညီပေးခြင်းပါဝင်သည်။ “တရားကိုစောင့်သောသူသည် ပညာရှိသောသားဖြစ်၏” ဟုသမ္မာကျမ်းစာဆိုသည်။—သု. ၂၈:၇

လေးသမားတစ်ဦး၏မြားတံ၌ တပ်ထားသောငှက်တောင်များသည် လေးမှပစ်လွှတ်ရာတွင် တန်းတန်းမတ်မတ်သွားနိုင်ရန် ကူညီပေးသည်။ အလားတူ၊ မိသားစုအစီအစဉ်ကိုအစပြုသောအရှင်ထံမှ ကျမ်းစာသွန်သင်ချက်များသည် သားသမီးများ အိမ်မှထွက်ခွာသွားပြီးနောက် ဘဝတစ်လျှောက်လုံးအထိပင် အကျိုးပြုနိုင်သည်။ (ဧဖက် ၃:၁၄၊ ၁၅) ငှက်တောင်များသည် မြားတံတွင်စွဲမြဲနေသကဲ့သို့ ထိုသွန်သင်ချက်များသည် သားသမီးများတွင် “စွဲမြဲ” နေကြောင်း မိဘများ မည်သို့သေချာစေနိုင်သနည်း။

မောရှေခေတ်မှ ဣသရေလလူမျိုးမိဘများကိုပေးသော ဘုရားသခင့်ပညတ်ကို သုံးသပ်ကြည့်ပါ– “ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။” (တရားဟောရာ ၆:၆၊ ၇) ထို့ကြောင့် မိဘများသည် အချက်နှစ်ချက်ကို လုပ်ဆောင်ဖို့လိုသည်။ ဦးစွာ၊ သူတို့သည် ဘုရားသခင့်နှုတ်မြွက်စကားကို ကိုယ်တိုင်လေ့လာကျင့်သုံးဖို့လိုပြီး ကိုယ်တော့်ပညတ်များကို အမှန်ချစ်မြတ်နိုးကြရမည်။ (ဆာလံ ၁၁၉:၉၇) သို့မှသာ ကျမ်းချက်၏ဒုတိယအပိုင်းဖြစ်သော ဘုရားသခင်၏ပညတ်များကို သားသမီးတို့အား “သွန်သင်” ပေးနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ထိရောက်စွာသွန်သင်ခြင်း၊ အထပ်ထပ်သွန်သင်ခြင်းအားဖြင့် သားသမီးတို့၏စိတ်နှလုံးတွင် ထိုပညတ်များ၏အရေးကြီးမှုကို စွဲမှတ်စေခြင်းဖြစ်သည်။

ရှင်းနေသည်မှာ ကျမ်းစာမူများကိုသွန်သင်ခြင်း၊ ကြီးလေးသောအမှားများကို ပြုပြင်တည့်မတ်ရန် မေတ္တာပါပါဆုံးမခြင်းတို့သည် ခေတ်နောက်ကျနေသောအရာမဟုတ်ပါ။ အဖိုးထိုက်လှသော “မြား” တို့ကို လူကြီးဘဝသို့ ဖြောင့်တန်းတည်ငြိမ်စွာဦးတည်နိုင်ရန် ပြင်ဆင်ရာတွင် ယင်းတို့သည် အရေးပါသောနည်းများဖြစ်၏။

မြားကို ကာကွယ်ပေးခြင်း

ဆာလံ ၁၂၇:၄၊ ၅ တွင်မှတ်တမ်းတင်ထားသော သရုပ်ဖော်ချက်ကို ပြန်သုံးသပ်ကြည့်ကြစို့။ လေးသမားသည် “မိမိမြားတောင့်ကို” မြားတို့နှင့်ပြည့်စေကြောင်း အမှတ်ရပါ။ မြားကို ပြင်ဆင်ပြီးသည်နှင့်တစ်ပြိုင်နက် ကာကွယ်ပေးဖို့လိုသည်။ ထို့ကြောင့် လေးသမားသည် မြားတို့ကို အလွယ်တကူ မပျက်စီး၊ မကျိုးပဲ့စေရန် မြားတောင့်တွင် ထည့်၍သယ်ဆောင်သည်။ စိတ်ဝင်စားစရာမှာ သမ္မာကျမ်းစာတွင် မေရှိယကို ခမည်းတော်၏ “မြားတောင့်ထဲမှာ ဝှက်ထား” သည့် ပြောင်လက်သောမြားအဖြစ် ဖော်ပြထားသည်။ (ဟေရှာယ ၄၉:၂) မေတ္တာအရှိဆုံးခမည်းတော် ယေဟောဝါဘုရားသခင်သည် မိမိ၏ချစ်သားတော်ယေရှုကို ကြိုဟောခဲ့သည့်အတိုင်း မေရှိယအဖြစ်အသေခံရန် သတ်မှတ်ချိန်အထိ အဘယ်ထိခိုက်မှုမျှမရှိစေဖို့ ကာကွယ်တော်မူသည်။ ထို့နောက် မိမိသားတော်ကို ထာဝရသေဆုံးခြင်းမှကာကွယ်ကာ ကောင်းကင်အသက်တာသို့ ဘေးကင်းစွာထမြောက်စေပြီး ထာဝစဉ်အသက်ရှင်စေခဲ့သည်။

အလားတူ၊ မိဘကောင်းတို့သည် သားသမီးများကို ယုတ်ညံ့သောလောက၏အန္တရာယ်များမှ ကာကွယ်ပေးလိုကြသည်။ သားသမီးများကို အန္တရာယ်ရှိသောသြဇာများ မလိုအပ်ဘဲမလွှမ်းမိုးစေရန် အချို့လုပ်ဆောင်မှုများကို တားမြစ်ရပေမည်။ ဥပမာ၊ “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟူသောမူကို ပညာရှိသောမိဘများ အလေးအနက်ထားကြသည်။ (၁ ကောရိန္သု ၁၅:၃၃) ကျမ်းစာကျင့်ဝတ်စံနှုန်းများကို မလေးမြတ်သူတို့နှင့်မပေါင်းသင်းရန် သားသမီးများကို ကာကွယ်ပေးခြင်းက ထိခိုက်နစ်နာစေသော၊ အသက်ဆုံးရှုံးသည့်အထိပင်ဖြစ်စေနိုင်သော အမှားများကျူးလွန်ခြင်းကို ရှောင်ရှားစေပေမည်။

ကလေးများသည် မိဘတို့၏ကာကွယ်မှုကို အမြဲပင် လေးမြတ်ကြမည်မဟုတ်ပေ။ ကာကွယ်ပေးခြင်းဟူသည် မလုပ်ရဟုတားမြစ်ခြင်းကို ဆိုလိုလေ့ရှိသောကြောင့် တစ်ခါတစ်ရံ သူတို့ စိတ်ဆိုးနာကြည်းကြပေမည်။ ကလေးပြုစုပျိုးထောင်ရေးစာအုပ်များ၏ နာမည်ကျော်စာရေးဆရာတစ်ဦးက ဤသို့မှတ်ချက်ချသည်– “ကလေးများသည် ထိုအခိုက်အတန့်တွင် သင့်ကို ကျေးဇူးတင်မည်မဟုတ်ပေ၊ သို့သော် သူတို့ဘဝအတွက် ယုံကြည်အားထားရသော လမ်းညွှန်မှုများကို မိဘများထံမှ အမှန်တကယ်ရရှိလိုကြသည်။ ကျွန်ုပ်တို့သည် ကလေးတို့၏အမူအကျင့်များတွင် စည်းကမ်းများသတ်မှတ်ပြီး မိဘအခွင့်အာဏာကို အပြည့်အဝကျင့်သုံးခြင်းဖြင့် ထိုသို့လုပ်ဆောင်နိုင်ပါသည်။”

ကလေးများ၏ငြိမ်သက်မှု၊ အပြစ်ကင်းစင်မှု သို့မဟုတ် ဘုရားသခင်ရှေ့ သူတို့၏စင်ကြယ်သောရပ်တည်မှုကို ထိခိုက်ပျက်စီးစေသောအရာမှန်သမျှမှ ကာကွယ်ပေးခြင်းသည် သူတို့ကိုချစ်ကြောင်းပြနိုင်သည့် အရေးကြီးသောနည်းဖြစ်သည်။ အချိန်တန်သော် ကလေးများသည် သင့်ရည်ရွယ်ချက်ကို သဘောပေါက်လာပြီး သင်၏မေတ္တာပါသောကာကွယ်မှုကို တန်ဖိုးထားလာပေမည်။

မြားကို လမ်းညွှန်ပေးခြင်း

ဆာလံ ၁၂၇:၄၊ ၅ တွင် မိဘကို “သူရဲ” နှင့်ခိုင်းနှိုင်းထားကြောင်း သတိပြုပါ။ ယင်းက ဖခင်တစ်ဦးတည်းသာ ဩဇာရှိသည်ဟု ဆိုလိုသလော။ လုံးဝမဟုတ်ပါ။ အမှန်မှာ ထိုသရုပ်ဖော်ချက်တွင်ပါသောမူသည် မိခင်၊ ဖခင်အပြင် ကြင်ဖော်မဲ့မိဘများနှင့်ပါ သက်ဆိုင်သည်။ (သု. ၁:၈) “သူရဲ” ဟူသောစကားစုက မြားကိုပစ်လွှတ်ရန် အတော်အတန်ခွန်အားစိုက်ထုတ်ဖို့လိုကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ကျမ်းစာခေတ်တွင် တစ်ခါတစ်ရံ လေးတို့ကို ကြေးနီဖြင့်ကွပ်ထားပြီး စစ်သားတစ်ဦးသည် ‘လေးကိုခြေဖြင့်နင်း’ ရန် မိန့်မှာခံရသည်၊ ယင်းက လေးညှို့တင်နိုင်ရန် လေးကို ခြေဖြင့်ကန်ထားရခြင်းဖြစ်ပေမည်။ (ယေရမိ ၅၀:၁၄၊ ၂၉ကဘ) မြားကို ပစ်မှတ်ဆီသို့လွှတ်ရာတွင် လေးကြိုးကိုတင်းတင်းဆွဲထားနိုင်ရန် ခွန်အားနှင့်အားစိုက်မှု အတော်လိုအပ်သည်မှာ ရှင်းနေပါသည်။

အလားတူ၊ သားသမီးများကို ပြုစုပျိုးထောင်ရာတွင် အတော်ခွန်အားစိုက်ရသည်။ မြားတစ်စင်းသည် မိမိဘာသာ ပစ်မှတ်ကိုထိမှန်နိုင်မည်မဟုတ်သကဲ့သို့ ကလေးများသည် ၎င်းတို့ဘာသာ ကောင်းစွာကြီးပြင်းလာမည်မဟုတ်ပါ။ ဝမ်းနည်းစရာမှာ ယနေ့မိဘများစွာသည် ကလေးများကို ကောင်းစွာပျိုးထောင်နိုင်ရန် ထိုသို့ခွန်အားမစိုက်လိုကြပေ။ လွယ်ကူသောလမ်းစဉ်ကို သူတို့ရွေးချယ်ကြ၏။ သားသမီးများအား အမှားအမှန်၊ ကျင့်ဝတ်များ၊ လိင်နှင့်ပတ်သက်သည့်အကြောင်းများကို ရုပ်မြင်သံကြား၊ ကျောင်းနှင့် ရွယ်တူချင်းများထံမှ သင်ယူစေကြသည်။ သားသမီးများအလိုရှိရာမှန်သမျှ သူတို့လိုက်လျောကြသည်။ ထို့ပြင် ကလေးတို့အား မလုပ်ရဟူ၍ တားမြစ်ရသည်မှာ ခက်ခဲသည်ဟု သူတို့ယူမှတ်ပုံရသောကြောင့် လုပ်ခွင့်ပေးလိုက်ကြသည်၊ ကလေးများကို စိတ်မထိခိုက်စေလို၍ဟုပြောခြင်းဖြင့် သူတို့၏ဆုံးဖြတ်ချက်အတွက် ဆင်ခြေပေးတတ်ကြ၏။ အမှန်မှာ ထိုသို့အလိုလိုက်ခြင်းက ကလေးများအတွက် ရေရှည်ထိခိုက်နစ်နာမှုကိုပင် ဖြစ်သွားစေပေမည်။

သားသမီးပြုစုပျိုးထောင်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်၏။ ယင်းကို ဘုရားသခင့်နှုတ်မြွက်တော်လမ်းညွှန်ချက်အတိုင်း စိတ်နှလုံးအကြွင်းမဲ့လုပ်ဆောင်ခြင်းသည် အမှန်ပင် ကြိုးစားအားထုတ်ရသော်လည်း ရလဒ်များမှာ တန်ဖိုးမဖြတ်နိုင်ပေ။ မိဘများမဂ္ဂဇင်းက ဤသို့ဆို၏– “သားသမီးများကို ထောက်ကူဖေးမပြီး ခိုင်မာပြတ်သားသည့်စည်းကမ်းများ ချမှတ်ကာ မေတ္တာဖြင့်ဆုံးမပဲ့ပြင်သော မိဘတို့၏ ကလေးများသည် အလိုလိုက်လွန်းသော သို့မဟုတ် တင်းကျပ်လွန်းသော မိဘတို့၏ ကလေးများထက် အလွန်ထူးချွန်သည်၊ လူမှုရေးအရည်အသွေးများ ပို၍တိုးတက်လာသည်၊ မိမိကိုယ်ကို ကျေနပ်မှုခံစားရပြီး ပို၍ပျော်ရွှင်သောကလေးများဖြစ်ကြသည်ဟု လေ့လာမှုများက ဖော်ပြသည်။”

ပိုမိုကောင်းမွန်သောရလဒ်တစ်ခု ရှိပါသေးသည်။ နယပုံပြင် ၂၂:၆ မှ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့” ဟူသောအပိုင်းကို အစောပိုင်းတွင် ကျွန်ုပ်တို့သုံးသပ်ခဲ့ကြသည်။ ထိုအခန်းငယ်တွင် “သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” ဟုဆက်ဆို၏။ ဤမှုတ်သွင်းခံပညာရှိစကားက အောင်မြင်မှုအတွက် အာမခံချက်ပေးနေခြင်းလော။ မဟုတ်ပါ။ သင့်ကလေးတွင် လွတ်လပ်စွာရွေးချယ်ခွင့်ရှိပြီး သူကြီးပြင်းလာသည့်အခါ ထိုသို့ပင် လွတ်လပ်စွာရွေးချယ်လုပ်ဆောင်ပေမည်။ သို့သော် ထိုအခန်းငယ်က မိဘများကို မေတ္တာပါပါအာမခံချက်တစ်ခုပေးထားသည်။ အဘယ်အရာနည်း။

သင်သည် သားသမီးများကို ကျမ်းစာအကြံပြုချက်နှင့်အညီ လေ့ကျင့်ပေးပါက ရလဒ်ကောင်းရရှိစေမည့်အခြေအနေများကို ဖန်တီးနေခြင်းဖြစ်၏၊ ယင်းမှာ ပျော်ရွှင်ပြီးတာဝန်သိတတ်သော လူကြီးများအဖြစ် သင့်ကလေးကြီးပြင်းလာသည်ကို မြင်တွေ့ရခြင်းဖြစ်သည်။ (သု. ၂၃:၂၄) သို့ဖြစ်၍ အဖိုးထိုက်သော “မြားများ” ကို ပြင်ဆင်ပေးပါ၊ ကာကွယ်ပေးပါ၊ ကြိုးစား၍လမ်းညွှန်ပေးပါ။ ယင်းကြောင့် သင်ဘယ်တော့မျှ နောင်တရမည်မဟုတ်ပေ။

[စာမျက်နှာ ၁၃ ပါပုံစာ]

သားသမီးတို့တောင်းဆိုသမျှကို မိဘများ လိုက်လျောပေးခြင်းက မေတ္တာပြရာရောက်သလော

[စာမျက်နှာ ၁၅ ပါပုံစာ]

မေတ္တာရှိသောမိဘတစ်ဦးသည် မိသားစုစည်းမျဉ်းစည်းကမ်းများ ချမှတ်ရသည့်အကြောင်းရင်းကို ရှင်းပြပေး

[စာမျက်နှာ ၁၅ ပါပုံစာ]

မိဘကောင်းများသည် ယုတ်ညံ့သောလောက၏ အန္တရာယ်များမှ သားသမီးများကို ကာကွယ်ပေး

[စာမျက်နှာ ၁၆ ပါပုံစာ]

သားသမီးများကို ပြုစုပျိုးထောင်ခြင်းသည် ခက်ခဲသော်လည်း ရလဒ်များမှာ တန်ဖိုးမဖြတ်နိုင်ပေ