သင်သိပါသလော
သင်သိပါသလော
ယေရှုသည် မျက်မမြင်သူကို အဘယ်ကြောင့် တဖြည်းဖြည်းချင်း ကုသပေးခဲ့သနည်း။
ဗက်ဇဲဒမြို့တွင် မျက်မမြင်တစ်ဦးကို ယေရှုကုသပေးခဲ့ကြောင်း မာကု ၈:၂၂-၂၆ တွင် ကျွန်ုပ်တို့ဖတ်ရသည်။ ကိုယ်တော်သည် ဦးဆုံး သူ၏မျက်စိကို တံတွေးနှင့်ထွေးပြီး အဘယ်အရာမြင်သနည်းဟု မေးတော်မူ၏။ ထိုသူက “လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍ လှမ်းသွားသည်ကို အကျွန်ုပ်မြင်ပါသည်” ဟုပြန်ဖြေသဖြင့် မသဲမကွဲမြင်ရကြောင်း ဖော်ပြသည်။ ထိုအခါ သူ၏မျက်စိကို ယေရှု ထပ်မံတို့တော်မူရာ “သူသည် ပကတိအဖြစ်သို့ရောက်၍ အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏။” ယေရှုသည် ထိုသူကို တဖြည်းဖြည်းချင်း သို့မဟုတ် အဆင့်ဆင့်ကုသပေးခဲ့သည်မှာ ရှင်းနေပါသည်။ အဘယ်ကြောင့်နည်း။
ယင်းနှင့်ပတ်သက်၍ ကျမ်းစာက ပြည့်စုံစွာအဖြေမပေးသော်လည်း ဤအထူးအခြေအနေတွင် ဖြစ်နိုင်ခြေရှိသောအချက်တစ်ခုကို ကျွန်ုပ်တို့သုံးသပ်နိုင်ပါသည်။ နှစ်ပေါင်းများစွာ သို့မဟုတ် တစ်သက်လုံးပင် မျက်စိကွယ်နေပြီးမှ ဦးဆုံးအကြိမ် စတင်မြင်ရခြင်းသည် ကြီးမားသောပြောင်းလဲမှုတစ်ခု ဖြစ်၏။ ဥပမာ၊ တစ်ချိန်က သတ္တုတွင်းများတွင် အလုပ်လုပ်ရန် မြင်းပုများကို အသုံးပြုခဲ့ကြသည်။ သူတို့သည် အမှောင်ထဲတွင် အလွန်ကျင့်သားရနေပြီဖြစ်ရာ မြေပြင်ပေါ်ရောက်လာသောအခါ အလင်းရောင်ကို ကျင့်သားရဖို့ အချိန်တစ်နေ့လုံးလိုအပ်သည်။ မျက်စိမမြင်သူများအတွက်ဆိုလျှင် သာ၍ပင်ကြီးမားသော ပြောင်းလဲမှုဖြစ်ပေမည်။ မျက်မှောက်ခေတ် ခွဲစိတ်ဆရာဝန်များသည် အခြေအနေအချို့တွင် မျက်မမြင်သူများ၏မျက်စိကို ခွဲစိတ်ပြုပြင်ပေးခြင်းဖြင့် မျက်စိပြန်မြင်အောင် လုပ်ပေးနိုင်ကြသည်။ သို့သော် လူနာများသည် မျက်စိမှ ဦးနှောက်သို့လာသော များပြားလှသည့်အချက်အလက်များ၏ လွှမ်းမိုးမှုကိုခံရလေ့ရှိ၏။ အရောင်များ၊ ပုံသဏ္ဌာန်များနှင့် မြင်ရပုံအမျိုးမျိုးတို့ကြောင့် သူတို့ ရှုပ်ထွေးလာပြီး ရင်းနှီးပြီးသားအရာများကိုပင် မမှတ်မိနိုင်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ မျက်စိဖြင့်မြင်သည့်အရာကို ဦးနှောက်က နားလည်လာသည်။
မျက်မမြင်သူကို ယေရှု အဆင့်ဆင့်ကုသပေးခြင်းက ထိုသူကို မေတ္တာပါပါဂရုစိုက်ကြောင်း ဖော်ပြခြင်းဖြစ်နိုင်သည်။ နောက်ဆုံးတွင် ထိုသူသည် “အလုံးစုံတို့ကို ရှင်းလင်းစွာမြင်လေ၏၊” တစ်နည်းအားဖြင့် သူမြင်ရသည့်အရာအားလုံးကို ရှင်းလင်းစွာနားလည်လာသည်။
ယေရှုခေတ်တွင် စာလိပ်ဖတ်ရှုခြင်းသည် အဘယ်ကြောင့် အတော်ပင်ခက်ခဲသနည်း။
စာလိပ်ပြုလုပ်ရာတွင် အသုံးပြုသော အချပ်များ၏ ပုံမှန်အရွယ်အစားမှာ ၉ လက်မမှ ၁၁ လက်မအထိရှည်ပြီး ၆ လက်မမှ ၉ လက်မအထိ ကျယ်သည်။ ထိုအချပ်များကို ဘေးချင်းယှဉ်လျက် ကော်ကပ်သည် သို့မဟုတ် ချည်ကြိုးနှင့်ချုပ်သည်။ တစ်ခါတစ်ရံ ပို၍ရှည်သောအချပ်များကို အသုံးပြုကြသည်။ ဟေရှာယပင်လယ်သေကျမ်းလိပ်တွင် သားရေစက္ကူရှည် ၁၇ ချပ်ပါဝင်ပြီး လက်ရှိထိန်းသိမ်းထားသောကျမ်းလိပ်၏ စုစုပေါင်းအရှည်မှာ ၂၄ ပေ ခန့် ရှိသည်။ နာဇရက်မြို့တရားဇရပ်တွင် ယေရှု အသုံးပြုခဲ့သော ဟေရှာယကျမ်းလိပ်သည် ထိုအရှည်လောက်ရှိနိုင်သည်။—လုကာ ၄:၁၆၊ ၁၇။
ယင်းနှင့်ပတ်သက်၍ ယေရှုလက်ထက်မှရှာဖွေတွေ့ ရှိချက်များဟူသော စာအုပ်တွင် ပါမောက္ခအေလဲန်မေးလတ်က ဤသို့ဆို၏– “စာဖတ်သူသည် စာလိပ်ကို ဘယ်လက်တွင်ကိုင်ကာ ဖြေချလိုက်ပြီး ညာလက်ဖြင့် အစွန်းနားကိုကိုင်သည်။ ကော်လံတစ်ခုပြီးတစ်ခု ဖတ်သွားစဉ် စာလိပ်ကို ပြန်လိပ်သည်။ တရားဇရပ်တွင်ဖတ်သော ဟေရှာယ ၆၁ ကိုဖွင့်ရန် ယေရှုသည် စာလိပ်ကို အတော်များများဖြေချရမည်ဖြစ်ပြီး ယင်းကို ပြန်လိပ်ရသည်။”
ထိုအချိန်တွင် ဟေရှာယကျမ်းကို ယနေ့ ကျွန်ုပ်တို့သိသကဲ့သို့ အခန်းကြီးအခန်းငယ် မခွဲခြားထားပေ။ နာဇရက်မြို့တရားဇရပ်တွင် ယေရှုအား ဟေရှာယကျမ်းလိပ် ပေးလိုက်သောအခါ ယနေ့ ကျွန်ုပ်တို့ကျမ်းစာတွင် ဟေရှာယ ၆၁:၁၊ ၂ အဖြစ်ဖော်ပြထားသောအပိုဒ်ကို ကိုယ်တော် ရှာဖွေခဲ့ရသည်။ ယင်းကို အလွယ်တကူ “ရှာတွေ့” [ကဘ] ခြင်းက ဘုရားသခင့်နှုတ်မြွက်တော်ကို ကိုယ်တော် မည်မျှအကျွမ်းတဝင်ရှိကြောင်း ဖော်ပြသည်။