မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူသည် စောင့်ကြည့်၍ စောင့်မျှော်ခဲ့

သူသည် စောင့်ကြည့်၍ စောင့်မျှော်ခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

သူသည် စောင့်ကြည့်၍ စောင့်မျှော်ခဲ့

လိယသည် ကောင်းကင်ခမည်းတော်နှင့် တစ်ကိုယ်တည်း သီးသန့်ဆုတောင်းလိုသည်။ သို့သော် သူ့အနားတွင်စုရုံးနေသော လူအုပ်က သူ ကောင်းကင်မှမီးကျစေသည်ကို တွေ့မြင်ပြီးစဖြစ်၍ အများစုမှာ သူ့ကို မျက်နှာလိုမျက်နှာရလုပ်လိုသည်မှာ အထင်းသား။ ဧလိယသည် ကရမေလတောင်ပေါ်သို့တက်ကာ ယေဟောဝါဘုရားသခင်ထံ တစ်ကိုယ်တည်း သီးသန့်ဆုမတောင်းမီတွင် မနှစ်မြို့ဖွယ်တာဝန်တစ်ခု ထမ်းဆောင်ခဲ့ရသည်။ ယင်းမှာ ဘုရင်အာဟပ်ကို စကားပြောဆိုရခြင်းဖြစ်၏။

ထိုပုဂ္ဂိုလ်နှစ်ဦးသည် အလွန်ပင် ကွာခြားလှ၏။ မင်းမြောက်တန်ဆာဝတ်ဆင်ထားသော အာဟပ်သည် လိုဘကြီးသူ၊ စိတ်ပျော့ညံ့ပြီး အယူဖောက်ပြန်သူဖြစ်၏။ သားရေ သို့မဟုတ် ကုလားအုတ်မွေး သို့မဟုတ် ဆိတ်မွေးဖြင့်လုပ်သည့် ပရောဖက်ဝတ်လုံရိုးရိုးလေးကို ဝတ်ဆင်ထားသော ဧလိယသည် အလွန်ရဲစွမ်းသတ္တိရှိသူ၊ သမာဓိစောင့်သိသူ၊ ယုံကြည်ခြင်းရှိသူဖြစ်၏။ ထိုပုဂ္ဂိုလ်နှစ်ဦး၏စရိုက် ထင်ရှားပေါ်လွင်ခဲ့သောနေ့ ကုန်ဆုံးတော့မည်။ *

ယင်းသည် အာဟပ်နှင့် ဗာလဝတ်ပြုသူများအတွက် နေ့ဆိုးတစ်နေ့ ဖြစ်ခဲ့သည်။ ဣသရေလဆယ်နွယ်နိုင်ငံတွင် အာဟပ်နှင့်မိဖုရားယေဇဗေလတို့ ထောက်ခံအားပေးသော အယူမှားဝတ်ပြုရေးသည် အပြင်းအထန်ထိုးနှက်ခံလိုက်ရ၏။ ဗာလသည် အတုအလိမ်ဖြစ်ကြောင်း ဖော်ထုတ်ခံခဲ့ရသည်။ ထိုသက်မဲ့နတ်ဘုရားသည် ၎င်း၏ပရောဖက်များ အပူတပြင်းအသနားခံကာ ကခုန်၍ ကိုယ်ကိုထိရှပြီး သွေးထွက်အောင်ပြုခြင်းကို တုံ့ပြန်သည့်အနေဖြင့် မီးတစ်စကိုပင် တောက်လောင်စေရန် မစွမ်းဆောင်နိုင်ပေ။ ထို့ပြင် သေဒဏ်ခံထိုက်သော ထိုပရောဖက် ၄၅၀ ကိုလည်း မကာကွယ်ပေးနိုင်ပေ။ သို့သော် ထိုအယူမှားနတ်ဘုရား မလုပ်ဆောင်ပေးနိုင်သည့်အရာ နောက်တစ်ခုရှိသေးသည်၊ ယင်းသည် မကြာမီ ဖြစ်မြောက်လာတော့မည်။ ဗာလပရောဖက်များသည် နိုင်ငံကိုဒုက္ခရောက်စေသော မိုးခေါင်မှုကိုအဆုံးတိုင်ပေးရန် မိမိတို့နတ်ဘုရားထံ အသနားခံခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်သော်လည်း ဗာလသည် မစွမ်းဆောင်ပေးနိုင်ကြောင်း ထင်ရှား၏။ မကြာမီ ယေဟောဝါသည် မိုးခေါင်မှုကိုအဆုံးတိုင်ပေးခြင်းဖြင့် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း သက်သေထူတော့မည်။—၃ ဓမ္မရာဇဝင် ၁၆:၃၀–၁၇:၁; ၁၈:၁-၄၀

သို့သော် မည်သည့်အချိန်တွင် ယေဟောဝါအဆုံးတိုင်ပေးမည်နည်း။ ထိုအချိန်မရောက်မချင်း ဧလိယ အဘယ်အရာလုပ်ဆောင်ရမည်နည်း။ ထိုသစ္စာရှိပုဂ္ဂိုလ်ထံမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ ၃ ဓမ္မရာဇဝင် ၁၈:၄၁-၄၆ တွင် ဖော်ပြထားသောမှတ်တမ်းကို ဆန်းစစ်ကြည့်ကြစို့။

ဆုတောင်းသည့်အကျင့်ရှိသူ

ဧလိယသည် အာဟပ်ထံသွားကာ “မင်းကြီးသည် စားသောက်ခြင်းငှာ တက်သွားပါလော့။ များစွာသောမိုးရွာမည့်အသံ ရှိသည်” ဟုဆို၏။ (အခန်းငယ် ၄၁) ထိုဆိုးညစ်သောဘုရင်သည် ထိုနေ့၏ဖြစ်ရပ်များမှ တစ်စုံတစ်ခု သင်ယူခဲ့ပါသလော။ မှတ်တမ်းက အတိအကျမဖော်ပြသော်လည်း သူနောင်တရကြောင်း၊ ယေဟောဝါထံချဉ်းကပ်ကာ ခွင့်လွှတ်မှုခံရရန်ကူညီပေးဖို့ ပရောဖက်ကိုတောင်းဆိုကြောင်းဖော်ပြသည့် စကားလုံးတစ်လုံးမျှမတွေ့ရပေ။ ယင်းအစား အာဟပ်သည် “စားသောက်ခြင်းငှာ တက်သွား၏” ဟုသာဖော်ပြသည်။ (အခန်းငယ် ၄၂) ဧလိယနှင့်ပတ်သက်၍ကော။

“ဧလိယသည် ကရမေလတောင်ပေါ်သို့တက်၍ မြေ၌ပြပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာထား” လျက်နေ၏။ အာဟပ်သည် စားသောက်ခြင်းငှာ ထွက်သွားချိန်တွင် ဧလိယမှာ မိမိခမည်းတော်ထံဆုတောင်းရန် အခွင့်အရေးရခဲ့သည်။ ဤတွင်ဖော်ပြထားသည့် ဧလိယ၏နှိမ့်ချသောအနေအထားကို သတိပြုပါ၊ သူသည် ဒူးထောက်လျက် ဦးခေါင်းကို မြေ၌ပြပ်ဝပ်ထားသောကြောင့် သူ၏မျက်နှာမှာ ဒူးခေါင်းအနီး ရှိနေသည်။ အဘယ်အရာအတွက် ဧလိယ ဆုတောင်းနေခြင်းနည်း။ ကျွန်ုပ်တို့ မှန်းဆစရာမလိုပေ။ ဧလိယသည် မိုးခေါင်မှုကိုရပ်တန့်ပေးရန် ဆုတောင်းခဲ့သည်ဟု ယာကုပ် ၅:၁၈ တွင်ဖော်ပြ၏။ ကရမေလတောင်ပေါ်တွင် ထိုသို့ဆုတောင်းခဲ့သည်မှာ သံသယဖြစ်စရာမလိုပါ။

“ငါသည်လည်း မြေပေါ်မှာမိုးရွာစေမည်” ဟု အစောပိုင်းတွင် ယေဟောဝါမိန့်တော်မူခဲ့၏။ (၃ ဓမ္မရာဇဝင် ၁၈:၁) ထို့ကြောင့် မိမိခမည်းတော်၏မိန့်ဆိုချက် အမှန်ပြည့်စုံလာရန် ဧလိယဆုတောင်းခဲ့သည်၊ နောင်နှစ်ပေါင်းတစ်ထောင်ခန့်ကြာသော် ယေရှုလည်း မိမိနောက်လိုက်များကို ထိုသို့ဆုတောင်းရန် သင်ပေးခဲ့သည်။—မဿဲ ၆:၉၊ ၁၀

ဧလိယ၏ပုံသက်သေက ဆုတောင်းခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို များစွာသင်ပေးသည်။ ဧလိယ၏အတွေးတွင် အရေးကြီးဆုံးမှာ မိမိခမည်းတော်၏အလိုတော်ပြည့်စုံရေးပင် ဖြစ်သည်။ ကျွန်ုပ်တို့ဆုတောင်းသောအခါ “အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ” ကြောင်း အမှတ်ရသင့်သည်။ (၁ ယောဟန် ၅:၁၄) ရှင်းနေသည်မှာ ကျွန်ုပ်တို့၏ဆုတောင်းချက်များ နားညောင်းခံရရန် ဘုရားသခင်၏အလိုတော်သည် အဘယ်အရာဖြစ်ကြောင်း သိဖို့လိုသည်၊ ယင်းက ကျမ်းစာကို နေ့စဉ်လေ့လာသင့်သည့် ခိုင်လုံသောအကြောင်းရင်းတစ်ခုဖြစ်၏။ မိုးခေါင်မှုကြောင့် မိမိဇာတိမြေရှိလူတို့ ဒုက္ခရောက်နေသည်ဖြစ်ရာ မိုးခေါင်မှုအဆုံးတိုင်သည်ကို ဧလိယမြင်တွေ့လိုသည်မှာ သေချာသည်။ ထို့ပြင် ထိုနေ့တွင် ယေဟောဝါလုပ်ဆောင်သော အံ့ဖွယ်အမှုကိုမြင်တွေ့ရပြီးနောက် သူ အလွန်ကျေးဇူးတင်ခဲ့ပေမည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်တွင် သူတစ်ပါး၏အကျိုးကို စိုးရိမ်မကင်းဖြစ်ကြောင်း၊ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ထည့်တောင်းသင့်သည်။—၂ ကောရိန္သု ၁:၁၁; ဖိလိပ္ပိ ၄:၆

ယုံကြည်စိတ်ချမှုရှိပြီး ဂရုတစိုက်စောင့်ကြည့်သူ

ယေဟောဝါသည် မိုးခေါင်မှုကိုအဆုံးတိုင်ပေးမည်ဖြစ်ကြောင်း ဧလိယယုံကြည်စိတ်ချသော်လည်း မည်သည့်အချိန်တွင် ကိုယ်တော်လုပ်ဆောင်ပေးမည်ကို သူသေချာမသိခဲ့ပါ။ သို့ဆိုလျှင် ထိုအချိန်မတိုင်မီ သူအဘယ်အရာလုပ်ဆောင်နေသနည်း။ အခန်းငယ် ၄၃ ကဤသို့ဆို၏– သူသည် “မိမိကျွန်အား ‘သင် တက်၍ပင်လယ်သို့ကြည့်ရှုလော့’ ဟုဆိုသည်အတိုင်း ကျွန်သည် တက်၍ကြည့်ရှုလျှင် ‘အဘယ်အရာမျှမရှိပါ’ ဟုပြောဆို၏။ ဧလိယက ခုနစ်ကြိမ်တိုင်အောင် ‘သွား၍ကြည့်ရှုဦးလော့’ ဟုဆို၏။” ဧလိယ၏ပုံသက်သေက ကျွန်ုပ်တို့ကို အနည်းဆုံးအချက်နှစ်ချက် သင်ပေးသည်။ ပထမ၊ ပရောဖက်၏ယုံကြည်စိတ်ချမှုကို သတိပြုပါ။ ဒုတိယ၊ သူသည် ဂရုတစိုက်စောင့်ကြည့်သူဖြစ်ကြောင်း သုံးသပ်ပါ။

ယေဟောဝါလုပ်ဆောင်ပေးမည့် အရိပ်အခြည်ကို ဧလိယ စိတ်ထက်သန်စွာစောင့်မျှော်ခဲ့သည်၊ ထို့ကြောင့် မိမိကျွန်ကို မိုးရွာမည့်လက္ခဏာရှိမရှိ မိုးကုပ်စက်ဝိုင်းကို ကြည့်ရှုခိုင်းသည်။ ထိုကျွန်ပြန်ရောက်သည့်အခါ “အဘယ်အရာမျှမရှိပါ” ဟူ၍သာ စိတ်မပါတပါပြန်ဖြေသည်။ မိုးကုပ်စက်ဝိုင်းသည် ကြည်လင်နေပြီး ကောင်းကင်တွင် တိမ်ကင်းစင်နေသည်။ ယခု၊ ထူးခြားချက်တစ်ခုကို သင်သတိပြုမိသလော။ ဧလိယသည် ယခုလေးတင် ဘုရင်အာဟပ်အား “များစွာသောမိုးရွာမည့်အသံရှိသည်” ဟုပြောဆိုခဲ့ကြောင်း သတိရပါ။ ပရောဖက်သည် မိုးသားတိမ်လိပ်ကိုမတွေ့ရဘဲနှင့် အဘယ်ကြောင့် ထိုသို့ပြောဆိုနိုင်သနည်း။

ယေဟောဝါ၏ကတိတော်ကို ဧလိယ ကောင်းစွာသိသည်။ ယေဟောဝါ၏ပရောဖက်နှင့် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် သူသည် ကိုယ်တော်၏စကားများ အမှန်ပြည့်စုံလာမည်ကို စိတ်ချသည်။ ဧလိယသည် အလွန်ယုံကြည်စိတ်ချလွန်းရကား မိုးသက်မုန်တိုင်းသံကို ကြားရပြီးဖြစ်သကဲ့သို့ ပြောဆိုနိုင်ခဲ့သည်။ မောရှေသည် “မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏” ဟူသော ကျမ်းစာဖော်ပြချက်ကို ကျွန်ုပ်တို့အမှတ်ရပေမည်။ ဘုရားသခင်သည် သင့်အတွက်လည်း အမှန်ပင် ပုဂ္ဂိုလ်တစ်ပါးဖြစ်သလော။ ကိုယ်တော်သည် မိမိနှင့်မိမိကတိတော်များအပေါ် ထိုသို့သောယုံကြည်ခြင်းမျိုးရှိရန် အကြောင်းရင်းများစွာ ကျွန်ုပ်တို့ကို ပေးထားသည်။—ဟေဗြဲ ၁၁:၁၊ ၂၇

နောက်တစ်ချက်အနေဖြင့် ဧလိယ မည်သို့စောင့်ကြည့်နေကြောင်း သတိပြုပါ။ သူသည် မိမိကျွန်ကို တစ်ကြိမ်၊ နှစ်ကြိမ်မဟုတ်ဘဲ ခုနစ်ကြိမ်တိုင် ထပ်မံစေလွှတ်ခဲ့သည်။ ထိုသို့ အကြိမ်ကြိမ်စေလွှတ်ခြင်းကြောင့် ကျွန်ဖြစ်သူ မည်မျှပင်ပန်းမည်ကို ကျွန်ုပ်တို့ တွေးကြည့်နိုင်သည်၊ သို့သော် ဧလိယမှာ မိုးရွာမည့်လက္ခဏာကိုတွေ့မြင်လိုစိတ် ဆက်ပြင်းပြနေပြီး လက်မလျှော့ခဲ့ပေ။ နောက်ဆုံး၊ ထိုကျွန်သည် ခုနစ်ကြိမ်မြောက်သွားကြည့်ခဲ့ရာ “လူလက်နှင့်တူသော မိုးတိမ်ငယ်တစ်ခုသည် ပင်လယ်ထဲကတက်ပါ၏” ဟုပြန်ပြောသည်။ (အခန်းငယ် ၄၄) သူသည် ပင်လယ်ကြီး၏ *မိုးကုပ်စက်ဝိုင်းမှ တက်လာသော မိုးတိမ်ငယ်အရွယ်အစားကို ခန့်မှန်းဖော်ပြရန် လက်ကိုဆန့်၍ လက်ဖဝါးဖြန့်ပြနေသည်ကို မြင်ယောင်ကြည့်ပါ။ ထိုမိုးတိမ်ကို အရေးမပါဟု သူယူမှတ်ပေမည်။ သို့သော် ဧလိယအတွက် အလွန်အရေးပါသည်။ ယခု၊ သူ၏ကျွန်ကို “အာဟပ်မင်းထံသို့ သွားလော့။ ‘မိုးရွာ၍ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့် မင်းကြီးပြင်ဆင်၍ပြန်သွားမည်အကြောင်း လျှောက်ထားလော့’” ဟု အရေးတကြီးညွှန်ကြားလေ၏။

ဤတွင် ဧလိယသည် ကျွန်ုပ်တို့အတွက် ထိရောက်သောပုံသက်သေတစ်ခု ချမှတ်ခဲ့သည်။ ယေဟောဝါသည် မိန့်ဆိုခဲ့ပြီးသောရည်ရွယ်ချက်ကို မကြာမီ ပြည့်စုံစေတော့မည်၊ ဤအတောအတွင်း ကျွန်ုပ်တို့ အသက်ရှင်နေကြသည်။ ဧလိယသည် မိုးခေါင်မှုအဆုံးတိုင်မည့်အချိန်ကို စောင့်မျှော်ခဲ့သည်၊ ယနေ့ ဘုရားသခင့်ကျေးကျွန်များလည်း ဖောက်ပြန်ယိုယွင်းသော ဤလောကစနစ်ကုန်ဆုံးမည့်အချိန်ကို စောင့်မျှော်နေကြသည်။ (၁ ယောဟန် ၂:၁၇) ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင် အရေးယူဆောင်ရွက်ချိန်အထိ ဧလိယကဲ့သို့ ဂရုတစိုက်စောင့်ကြည့်ဖို့လိုသည်။ ယေဟောဝါ၏သားတော် ယေရှုသည် မိမိနောက်လိုက်များကို ဤသို့အကြံပေးခဲ့သည်– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။” (မဿဲ ၂၄:၄၂) ယင်းက အဆုံးရောက်လာမည့်အချိန်ကို နောက်လိုက်များ လုံးဝသိမည်မဟုတ်ဟု ယေရှုဆိုလိုနေခြင်းလော။ မဟုတ်ပါ၊ အကြောင်းမှာ အဆုံးနီးလာသည်နှင့်အမျှ ဤလောကသည် အဘယ်သို့ဖြစ်မည်ကို ကိုယ်တော် အတန်ကြာပြောဆိုခဲ့ပြီးဖြစ်၏။ ကျွန်ုပ်တို့တစ်ဦးစီသည် “ဤလောကစနစ်နိဂုံးပိုင်း” ၏နိမိတ်လက္ခဏာအသေးစိတ်နှင့်ပတ်သက်၍ သင်ယူနိုင်ပါသည်။—မဿဲ ၂၄:၃-၇ကဘ။ *

ထိုနိမိတ်၏အပိုင်းတစ်ခုစီသည် ထိရောက်သော၊ ယုံကြည်စိတ်ချရသော သက်သေအထောက်အထားဖြစ်၏။ ထိုသက်သေက ကျွန်ုပ်တို့အား အရေးတကြီးသဘောဖြင့်လုပ်ဆောင်ရန် လှုံ့ဆော်ပေးပါသလော။ မိုးကုပ်စက်ဝိုင်းမှတက်လာသော မိုးတိမ်ငယ်တစ်ခုက ယေဟောဝါအရေးယူလုပ်ဆောင်တော့မည်ကို ဧလိယအား ယုံကြည်စိတ်ချစေခဲ့သည်။ ထိုသစ္စာရှိပရောဖက် စိတ်ပျက်ခဲ့ရပါသလော။

ယေဟောဝါသည် စိတ်သက်သာရာရစေပြီး ကောင်းချီးများဆောင်ကြဉ်းပေး

“မကြာမမြင့်မီ မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့်မည်း၍ ပြင်းစွာမိုးရွာ၏။ အာဟပ်သည် ရထားစီး၍ ယေဇရေလမြို့သို့သွား၏” ဟုမှတ်တမ်းကဆက်ဆိုသည်။ (အခန်းငယ် ၄၅) အဖြစ်အပျက်များမှာ မြန်ဆန်လှ၏။ ဧလိယ၏ကျွန်သည် အာဟပ်မင်းထံ ပရောဖက်၏သတင်းစကားကို သွားရောက်လျှောက်ထားချိန်တွင် မိုးတိမ်ငယ်သည် ကြီးမားအုံ့ဆိုင်းလာပြီး ကောင်းကင်တစ်ခွင် မဲမှောင်လာသည်။ မိုးသက်မုန်တိုင်း ထန်လာပြီ။ နောက်ဆုံး၊ သုံးနှစ်ခွဲကြာပြီးနောက် ဣသရေလနိုင်ငံတွင် မိုးရွာချလေပြီ။ * ခြောက်သွေ့နေသောမြေမာများ မိုးရေဝလာသည်။ မိုးသည်းလာသည်နှင့်အမျှ ကိရှုန်မြစ်ရေလျှံသွားသည်၊ ထိုမိုးရေသည် ကွပ်မျက်ခံရသောဗာလပရောဖက်တို့၏အသွေးကို ဆေးကြောလိုက်မည်မှာ သေချာသည်။ ခေါင်းမာသောဣသရေလလူတို့အတွက် ထိုနိုင်ငံရှိ ဗာလဝတ်ပြုရေး၏စွန်းထင်းမှုများကို ဆေးကြောသန့်စင်ရန် အခွင့်အရေးတစ်ရပ်လည်းဖြစ်လေသည်။

ထိုသို့ဖြစ်လာမည်ဟု ဧလိယမျှော်လင့်ထားသည်မှာ သေချာသည်။ အာဟပ်သည် နောင်တရပြီး ဗာလဝတ်ပြုရေးကိုစွန့်ခဲ့သလော။ ထိုနေ့၏ဖြစ်ရပ်များက ထိုသို့ပြောင်းလဲရန် ခိုင်လုံသောအကြောင်းရင်းများဖြစ်သည်။ ထိုအချိန်တွင် အာဟပ်၏စိတ်ထဲ အဘယ်အရာရှိနေသည်ကို ကျွန်ုပ်တို့မသိနိုင်ပါ။ အာဟပ်သည် “ရထားစီး၍ ယေဇရေလမြို့သို့သွား၏” ဟုသာ မှတ်တမ်းကဖော်ပြသည်။ သူသည် တစ်စုံတစ်ခုသင်ယူခဲ့သလော။ သူ၏လမ်းစဉ်များကိုပြောင်းလဲရန် စိတ်ပိုင်းဖြတ်ခဲ့သလော။ ထိုသို့မဟုတ်ကြောင်း နောက်ပိုင်းဖြစ်ရပ်များက ဖော်ပြသည်။ ထိုနေ့သည် အာဟပ်နှင့်ဧလိယအတွက် မပြီးဆုံးသေးပေ။

ယေဟောဝါ၏ပရောဖက်သည် အာဟပ်သွားသောခရီးစဉ်အတိုင်း စတင်ထွက်ခွာလာခဲ့သည်။ သူ့ရှေ့တွင် မဲမှောင်စိုစွတ်သော ခရီးရှည်ကြီးရှိနေသည်။ သို့သော် ထူးခြားသောဖြစ်ရပ်တစ်ခု ဖြစ်ပျက်ပြန်သည်။

‘ထာဝရဘုရားသခင်၏ လက်တော်သည် ဧလိယအပေါ်မှာရှိ၍ သူသည် ခါးပန်းကိုစည်းလျက် အာဟပ်မင်းအရင် ယေဇရေလမြို့တံခါးဝသို့ ပြေးလေ၏။’ (အခန်းငယ် ၄၆) ‘ထာဝရဘုရားသခင်၏လက်တော်’ သည် ဧလိယအပေါ်သို့ သာလွန်ထူးခြားသောနည်းဖြင့် သက်ရောက်ခဲ့သည်မှာ ရှင်းနေပါသည်။ ယေဇရေလမြို့သည် မိုင် ၂၀ ကျော်ဝေးပြီး ဧလိယလည်း လူငယ်တစ်ယောက်မဟုတ်ပေ။ * လွတ်လွတ်လပ်လပ်ပြေးနိုင်ရန် ဝတ်လုံရှည်ကိုခါးပန်းစည်းထားသော ပရောဖက်ကို မြင်ယောင်ကြည့်ပါ။ ရွှံ့လမ်းပေါ်တွင် အလွန်လျင်မြန်စွာပြေးကာ ဘုရင့်ရထားကိုလိုက်မီ၍ ကျော်လွန်သွားသည်။

ဧလိယအတွက် ကောင်းချီးတစ်ခုပါတကား။ လူငယ်ဘဝကထက်ပင် သာ၍အားမာန်ပြည့်ပြီး သက်လုံကောင်းသည်ဟု ခံစားရခြင်းက ဧလိယအတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။ လာမည့်ကမ္ဘာ့ပရဒိသုတွင် သစ္စာရှိသူများ စုံလင်သောကျန်းမာရေးနှင့် အားမာန်ရရှိမည်ဟုအာမခံထားသော ပရောဖက်ပြုချက်များကို ကျွန်ုပ်တို့ပြန်အမှတ်ရပေမည်။ (ဟေရှာယ ၃၅:၆; လုကာ ၂၃:၄၃) ဧလိယသည် ရွှံ့ထူသောလမ်းတစ်လျှောက် ခရီးနှင်ခဲ့စဉ် စစ်မှန်ပြီးတစ်ဆူတည်းဖြစ်သော ယေဟောဝါဘုရားသခင်၏ မျက်နှာသာရရှိကြောင်း ခံစားရမည်မှာမလွဲပေ။

ယေဟောဝါသည် ကောင်းချီးများပေးရန် စိတ်ထက်သန်တော်မူသည်။ ထိုကောင်းချီးများရရှိနိုင်ရန် ကျွန်ုပ်တို့၏အားထုတ်မှုမှန်သမျှ အကျိုးနပ်သည်။ ဧလိယကဲ့သို့ပင် ကျွန်ုပ်တို့လည်း ဤအန္တရာယ်ထူပြောပြီး အရေးတကြီးဖြစ်နေသောအချိန်တွင် ယေဟောဝါ အရေးယူလုပ်ဆောင်တော့မည်ကိုဖော်ပြသော ခိုင်လုံသောအထောက်အထားများကို စောင့်ကြည့်ကာ သေချာစွာဆန်းစစ်ဖို့ လိုသည်။ ဧလိယကဲ့သို့ပင် “သစ္စာစောင့်တော်မူသောဘုရားသခင်” ယေဟောဝါ၏ ကတိတော်များကို လုံးဝယုံကြည်စိတ်ချရန် ခိုင်လုံသောအကြောင်းရင်းများစွာရှိသည်။—ဆာလံ ၃၁:၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 ယနေ့၊ ပင်လယ်ကြီးကို မြေထဲပင်လယ်အဖြစ် သိထားကြ၏။

^ အပိုဒ်၊ 17 ယေရှု၏စကားများသည် ယနေ့ပြည့်စုံလျက်ရှိကြောင်း အထောက်အထားနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကား အဘယ်နည်းစာအုပ်မှ အခန်း ၉ တွင်ရှု။

^ အပိုဒ်၊ 20 မိုးခေါင်သည့်အချိန်နှင့်ပတ်သက်၍ သမ္မာကျမ်းစာသည် ရှေ့နောက်မညီဟု အချို့သူတို့ယူဆကြ၏။ စာမျက်နှာ ၁၉ မှ လေးထောင့်ကွက်ကိုရှု။

^ အပိုဒ်၊ 23 ထို့နောက် မကြာမီ ယေဟောဝါသည် ဧလိရှဲအား လေ့ကျင့်ပေးရန် ဧလိယကိုတာဝန်ပေးမည်ဖြစ်ပြီး သူသည် “ဧလိယလက်ထောက်” အဖြစ်လူသိများလာသည်။ (၄ ဓမ္မရာဇဝင် ၃:၁၁) ဧလိရှဲသည် ဧလိယ၏နောက်လိုက်အဖြစ် ထမ်းဆောင်ခဲ့ပြီး အသက်ကြီးသူဧလိယကို လက်တွေ့ကျကျ ကူညီပေးခဲ့သည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

ဧလိယ ခေတ်တွင် မည်မျှကြာကြာ မိုးခေါင်ခဲ့ သနည်း

ယေဟောဝါ၏ပရောဖက်ဧလိယက နှစ်ရှည်လများမိုးခေါင်မှုသည် မကြာမီအဆုံးတိုင်တော့မည်ဟု ဘုရင်အာဟပ်အား ကြေညာခဲ့သည်။ မိုးခေါင်မည်ဟု ဧလိယကြေညာခဲ့ချိန်မှရေတွက်လျှင် “သုံးနှစ်စေ့သောအခါ” ထိုသို့ဖြစ်ပျက်ခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၁) ယေဟောဝါ မိုးရွာစေမည်ဟု ဧလိယပြောဆိုပြီးမကြာမီတွင် ကိုယ်တော်သည် မိုးရွာစေခဲ့၏။ သုံးနှစ်စေ့သောအခါ မိုးခေါင်မှုအဆုံးတိုင်ခဲ့သောကြောင့် မိုးခေါင်ချိန်မှာ သုံးနှစ်ထက်မပိုဟူ၍ အချို့သူတို့ ကောက်ချက်ချကြပေမည်။ သို့သော် “သုံးနှစ်နှင့်ခြောက်လပတ်လုံး” မိုးခေါင်ခဲ့သည်ဟု ယေရှုနှင့်ယာကုပ်တို့က ဆိုသည်။ (လုကာ ၄:၂၅; ယာကုပ် ၅:၁၇) ကျမ်းစာသည် ရှေ့နောက်မညီဖြစ်နေသလော။

လုံးဝမဟုတ်ပါ။ ရှေးဣသရေလနိုင်ငံတွင် နွေရာသီသည် အတော်အတန်ကြာရှည်၍ ခြောက်လအထိကြာတတ်၏။ ဧလိယသည် အာဟပ်ထံရောက်လာပြီး မိုးခေါင်မည်ဟုကြေညာချိန်မှာ ပုံမှန်ထက်ကြာရှည်ပြီး ချစ်ချစ်တောက်ပူပြင်းနေသောနွေရာသီတွင်ဖြစ်သည်။ အမှန်အားဖြင့် မိုးခေါင်နေသည်မှာ လွန်ခဲ့သောခြောက်လနီးပါးကပင်ဖြစ်၏။ ဧလိယသည် မိုးခေါင်မည်ဟုကြေညာခဲ့ချိန်မှ “သုံးနှစ်စေ့သောအခါ” မိုးပြန်ရွာမည်ဟုကြေညာပြန်သည်။ ထိုအချိန်တွင် မိုးခေါင်နေသည်မှာ သုံးနှစ်နှင့်ခြောက်လနီးပါးရှိနေပြီဖြစ်၏။ ကရမေလတောင်၌ စမ်းသပ်မှုကြီးကို လူအားလုံးတွေ့မြင်ရချိန်တွင် “သုံးနှစ်နှင့်ခြောက်လ” တိတိပြည့်ခဲ့ပြီ။

အာဟပ်ထံ ဧလိယ ဦးဆုံးအကြိမ်သွားရောက်ချိန်ကို စဉ်းစားကြည့်ပါ။ ဗာလကို နွေရာသီအကုန်တွင် မိုးရွာစေမည့်နတ်ဘုရား၊ “မိုးတိမ်စီးသူ” အဖြစ် လူတို့ယုံကြည်ကြသည်။ နွေရာသီသည် သာမန်ထက်ကြာရှည်နေလျှင် လူတို့က ‘ဗာလ ဘယ်မှာလဲ။ ဘယ်အချိန်မှာ မိုးရွာစေမှာလဲ’ ဟုမေးတတ်ကြသည်။ မိမိအခွင့်မရှိဘဲ မိုးမရွာနှင်းမကျရဟူသော ဧလိယ၏ကြေညာချက်ကြောင့် ဗာလဝတ်ပြုသူများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြ၏။—၃ ဓမ္မရာဇဝင် ၁၇:၁

[အသိအမှတ်ပြုစာ]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဧလိယ၏ဆုတောင်းချက်များက ဘုရားသခင်၏အလိုတော်ပြည့်စုံသည်ကို မြင်တွေ့လိုသောဆန္ဒပြင်းပြကြောင်း ဖော်ပြ