မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာမဂေဒုန်—စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့် ဘုရားသခင့်စစ်ပွဲ

အာမဂေဒုန်—စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့် ဘုရားသခင့်စစ်ပွဲ

အာမဂေဒုန်—စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့် ဘုရားသခင့်စစ်ပွဲ

“လူလူချင်းသတ်ဖြတ်ခြင်းသည် ရက်စက်လွန်းရာကျသည်ဟု သူတို့ခံယူကြ၏။ ထို့ကြောင့် စစ်ပွဲဟူသည် သူတို့၏အမြင်တွင် နားမလည်နိုင်ရာ၊ စက်ဆုပ်ဖွယ်ရာဖြစ်ပြီး သူတို့၏ဘာသာစကားတွင် ယင်းစကားလုံးမရှိချေ။” —၁၈၈၈ ခုနှစ်မှ စူးစမ်းရှာဖွေသူ နော်ဝေးလူမျိုး ဖရင့်ဂျော့နန်စန် ရေးသားသည့် ဂရင်းလန်းရှိ အင်နူအစ်လူမျိုး၏ဖော်ပြချက်။

စ်ပွဲကို “နားမလည်နိုင်ရာ၊ စက်ဆုပ်ဖွယ်ရာ” အဖြစ်ယူဆသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် မနေထိုင်လိုသူ မည်သူရှိသနည်း။ စစ်မက်ရေးရာကို မသိခြင်းကြောင့် စစ်ပွဲဟူသည့်စကားလုံးပင် မရှိသည့်ကမ္ဘာကို မတောင့်တသူ မည်သူရှိသနည်း။ ထိုသို့သောကမ္ဘာသည် မယုံနိုင်စရာ၊ ချဲ့ကားပြောထားသယောင် ထင်ရပေမည်၊ အထူးသဖြင့် ထိုသို့ဖြစ်လာစေရန် လူသားများကို မျှော်လင့်အားထားမိပါက ပိုဆိုး၏။

သို့သော် ဟေရှာယ၏ပရောဖက်ပြုချက်တွင် ထိုသို့သောကမ္ဘာကို ဆောင်ကြဉ်းပေးတော်မူမည်ဟု ဘုရားသခင်ကိုယ်တော်တိုင် ကတိပြုတော်မူသည်– “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၄

စစ်မြေပြင်ရှေ့တန်းတွင် စစ်သားသန်း ၂၀ နှင့် လတ်တလောအတွင်း စစ်ပွဲပေါင်း ၂၀ ခန့် တိုက်ခိုက်နေသောကမ္ဘာသည် ထိုကတိတော်ပြည့်စုံလာရန် အကြီးအကျယ် ပြောင်းလဲရမည်မှာ ရှင်းနေပါသည်။ အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်သည် လူ့ရေးရာများတွင် ကြားဝင်ဆောင်ရွက်တော်မူမည်။ ယေဟောဝါဘက်မှ ထိုကြားဝင်မှုသည် အာမဂေဒုန်ဟူ၍ သမ္မာကျမ်းစာတွင် ခေါ်ဆိုထားသည့်စစ်ပွဲ၌ အထွတ်အထိပ်သို့ ရောက်ရှိမည်ဖြစ်သည်။—ဗျာ. ၁၆:၁၄-၁၆

“အာမဂေဒုန်” ဟူသည့်စကားလုံးကို မကြာသေးမီနှစ်များတွင် ကမ္ဘာချီမီးလောင်တိုက်သွင်းမှုဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသော်လည်း အဘိဓာန်တစ်ခုက ထိုစကားလုံး၏ အဓိကဆိုလိုရင်းကို “ကောင်းမှုနှင့်ဆိုးသွမ်းမှု၏ အင်အားစုများအကြား နောက်ဆုံးစစ်ပွဲကြီး တိုက်ခိုက်မည့်နေရာ” ဟုဖော်ပြခဲ့သည်။ ကောင်းမှုသည် ဆိုးသွမ်းမှုကို အနိုင်ရမည်လော၊ သို့မဟုတ် ယင်းစစ်ပွဲသည် စိတ်ကူးယဉ်သက်သက်မျှသာလော။

သမ္မာကျမ်းစာက ဆိုးသွမ်းမှု၏နိဂုံးအကြောင်းကို ထပ်ခါတလဲဖော်ပြသည်ကို သတိပြုခြင်းဖြင့် ကျွန်ုပ်တို့နှစ်သိမ့်မှုရနိုင်ကြသည်။ ဆာလံဆရာက ဤသို့ကြိုပြောခဲ့သည်– “ပြစ်မှားသောသူတို့ကို မြေကြီးမှသုတ်သင်ပယ်ရှင်း၍ မတရားသောသူတို့သည် နောက်တစ်ဖန်မဖြစ်ရကြ။” (ဆာလံ ၁၀၄:၃၅) ‘ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ လူဆိုးတို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်’ ဟုနယပုံပြင်ကျမ်းကဆိုသည်။—သု. ၂:၂၁၊ ၂၂

ဆိုးသွမ်းသူများသည် ၎င်းတို့၏အခွင့်အာဏာကို လိုလိုလားလားစွန့်လွှတ်မည် မဟုတ်ကြောင်းကိုလည်း ကျမ်းစာကရှင်းလင်းစွာဆိုသည်။ ထို့ကြောင့် စစ်၏ဆိုးရွားမှုအပါအဝင် ဆိုးသွမ်းမှုအားလုံးကို ဖယ်ရှားပစ်မည့် ဘုရားသခင်၏ အပြီးသတ်လုပ်ဆောင်မှု လိုအပ်သည်။ (ဆာလံ ၂:၂) ကျမ်းစာတွင် ထိုထူးခြားသော အင်အားပြိုင်ဆိုင်မှုကို အာမဂေဒုန်ဟု သတ်မှတ်ခေါ်ဆိုထားခြင်းသည် လွန်စွာမှတ်သားထိုက်သည်။

မေဂိဒ္ဒေါအနီးတွင် တိုက်ခိုက်ခဲ့သောစစ်ပွဲများ

“အာမဂေဒုန်” ဟူသည့်စကားလုံးသည် “မေဂိဒ္ဒေါတောင်” ကိုဆိုလိုသည်။ ပတ်ဝန်းကျင်ရှိ ယေဇရေလချိုင့်ဝှမ်းနှင့် မေဂိဒ္ဒေါမြို့ဟောင်းသည် သမိုင်းတွင်သော အပြီးသတ်စစ်ပွဲများ တိုက်ခိုက်ရာအရပ်ဖြစ်သည်။ “သမိုင်းတစ်လျှောက်တွင် မေဂိဒ္ဒေါနှင့် ယေဇရေလချိုင့်ဝှမ်းသည် ယဉ်ကျေးမှုထွန်းကားခြင်းကို အဆုံးအဖြတ်ပေးသော စစ်ပွဲများဖြစ်ပွားရာ ဗဟိုချက်မနေရာ ဖြစ်ခဲ့သည်” ဟုသမိုင်းပညာရှင် အဲရစ်အိတ်ခ်ျကလိုင်းက အာမဂေဒုန်၏စစ်ပွဲများစာအုပ်တွင် ရေးသားခဲ့သည်။

ကလိုင်းဖော်ပြသကဲ့သို့ပင် မေဂိဒ္ဒေါအနီးတွင် ဖြစ်ပွားခဲ့သောစစ်ပွဲများသည် အပြီးသတ် အဆုံးအဖြတ်ပေးလေ့ရှိသည်။ ၁၃ ရာစု၌ အာရှဒေသအများစုကို ကြီးစိုးခဲ့သော မွန်ဂိုစစ်တပ်သည် ဤချိုင့်ဝှမ်းတွင် ၎င်းတို့၏ပထမဆုံး ရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရသည်။ ပထမကမ္ဘာစစ်တွင် ဗိုလ်ချုပ်အဲဒ်မန်အဲလန်ဘေး ဦးဆောင်သော ဗြိတိသျှစစ်တပ်သည် မေဂိဒ္ဒေါအနီး၌ တာ့ခ်လူမျိုးကို အနိုင်ရခဲ့သည်။ စစ်သမိုင်းပညာရှင်တစ်ဦးက အဲလန်ဘေး၏အောင်ပွဲကို “သမိုင်းတစ်လျှောက်လုံး၌ အမြန်ဆန်ဆုံးနှင့် အပြီးပြတ်ဆုံး အဆုံးအဖြတ်ပေးခဲ့သည့်စစ်ပွဲတစ်ခုဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

ကျမ်းစာ၌ပါရှိသော အပြီးသတ်စစ်ပွဲများကိုလည်း မေဂိဒ္ဒေါအနီးတွင် တိုက်ခိုက်ခဲ့ကြသည်။ တရားသူကြီးဗာရက်သည် သိသရဦးစီးသော ခါနာန်စစ်တပ်ကို ထိုနေရာတွင် အနိုင်ရရှိခဲ့၏။ (တရားသူကြီး ၄:၁၄-၁၆; ၅:၁၉-၂၁) ဂိဒေါင်သည် လူ ၃၀၀ တည်းဖြင့် အင်အားကြီးမားသည့် မိဒျန်စစ်တပ်ကို ထိုနေရာတွင် အောင်နိုင်ခဲ့သည်။ (တရားသူကြီး ၇:၁၉-၂၂) ဣသရေလတပ်သည် ဖိလိတ္တိတပ်ကို စစ်ရှုံးသောအခါ ဘုရင်ရှောလုနှင့် သူ၏သားယောနသန်သည် ဂိလဗောတောင်၌ သေဆုံးခဲ့၏။—၁ ဓမ္မရာဇဝင် ၃၁:၁-၇

မေဂိဒ္ဒေါနှင့် ဝန်းကျင်ရှိချိုင့်ဝှမ်းဒေသသည် ၎င်း၏ဗျူဟာမြောက်သော ပထဝီမြေအနေအထားကြောင့် လွန်ခဲ့သောနှစ် ၄,၀၀၀ တစ်လျှောက်တွင် စစ်ပွဲပေါင်းမြောက်မြားစွာ ကြုံတွေ့ခဲ့ရသည်။ သမိုင်းပညာရှင်တစ်ဦးက အနည်းဆုံး ၃၄ ကြိမ်အထိ စစ်ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

မေဂိဒ္ဒေါ၏ သမိုင်းကြောင်းနှင့် ၎င်း၏စစ်ဗျူဟာမြောက်သော တည်နေရာသည် “အာမဂေဒုန်” ဟူသည့်စကားလုံးကို ပုံဆောင်သုံးနှုန်းထားပုံနှင့် ဆက်စပ်မှုရှိမည်မှာ သေချာသည်။ ကျမ်းစာတွင် ထိုစကားလုံးကို တစ်ကြိမ်သာတွေ့ရသော်လည်း ဗျာဒိတ်ကျမ်းပါ ယင်း၏စကားစပ်က အာမဂေဒုန်သည် မြေကြီးပေါ်ရှိ လူသားတိုင်း၏ အသက်တာနှင့် သက်ဆိုင်မည်ဖြစ်ကြောင်း ရှင်းလင်းစွာနားလည်စေသည်။

ကျမ်းစာအဆိုအရ အာမဂေဒုန်

မေဂိဒ္ဒေါအနီးတွင် တိုက်ခိုက်ခဲ့သောစစ်ပွဲများသည် အပြီးသတ်အနိုင်ရခဲ့သော်လည်း ဆိုးသွမ်းမှုကို မဖယ်ရှားခဲ့ချေ။ ယင်းစစ်ပွဲတစ်ခုကမျှ ကောင်းမှုနှင့်ဆိုးသွမ်းမှု၏အင်အားစုများ အပြည့်ဝဆုံးသဘောဖြင့် တိုက်ခိုက်ခြင်း မဟုတ်ခဲ့ပေ။ ထိုသို့သောစစ်ပွဲမျိုးကို ဘုရားသခင်သာ တိုက်ခိုက်နိုင်မည်မှာ ဆီလျော်လှသည်။ အကြောင်းမှာ “ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏” ဟုယေရှုမိန့်ဆိုခဲ့သောကြောင့်ဖြစ်သည်။ (လုကာ ၁၈:၁၉) ထို့ပြင် ကျမ်းစာက အာမဂေဒုန်ကို ဘုရားသခင့်စစ်ပွဲအဖြစ် အထူးရည်ညွှန်းသည်။

သမ္မာကျမ်းစာတွင် ‘လောကတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့သည်’ ‘အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်းအလို့ငှာ’ စုဝေးကြလိမ့်မည် ဟုဆိုသည်။ (ဗျာ. ၁၆:၁၄) ထိုပရောဖက်ပြုချက်က ဤသို့ထပ်ဆင့်သည်– “ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသောအရပ်၌ စုဝေးကြ၏။” * (ဗျာ. ၁၆:၁၅) ဤသို့လည်း ဆက်၍ဆိုသည်– ‘လောကရှင်ဘုရင်တို့နှင့် သူတို့၏ဗိုလ်ခြေများတို့သည် မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကိုစစ်တိုက်ခြင်းငှာ စည်းဝေးကြသည်။’ (ဗျာ. ၁၉:၁၉) ထိုမြင်းစီးသူမှာ ယေရှုခရစ်မှလွဲ၍ အခြားမဖြစ်နိုင်ပေ။—၁ တိမောသေ ၆:၁၃၊ ၁၆; ဗျာ. ၁၉:၁၁၊ ၁၂၊ ၁၆

ထိုအခန်းငယ်များမှ ကျွန်ုပ်တို့ အဘယ်ကောက်ချက်ချနိုင်သနည်း။ ထိုအာမဂေဒုန်သည် ဘုရားသခင်နှင့် နာခံမှုမဲ့သောလူသားတို့ တိုက်ခိုက်မည့်စစ်ပွဲဖြစ်သည်။ ယေဟောဝါနှင့် သားတော်ယေရှုခရစ်သည် ထိုစစ်ပွဲကို အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း။ အကြောင်းရင်းတစ်ခုမှာ အာမဂေဒုန်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” လိမ့်မည်ဖြစ်သောကြောင့်တည်း။ (ဗျာ. ၁၁:၁၈) ထို့ပြင် ယင်းသည် “ဖြောင့်မတ်ခြင်းတရားတည်နေရာ . . . မြေကြီးသစ်” ဖြစ်သော ငြိမ်းချမ်းသည့်ကမ္ဘာကို ဆောင်ကြဉ်းပေးလိမ့်မည်။ ယင်းကို ကျွန်ုပ်တို့သည် ဘုရားသခင်၏ “ကတိတော်နှင့်အညီ မျှော်လင့်” ကြ၏။—၂ ပေတရု ၃:၁၃

အာမဂေဒုန် အဘယ်ကြောင့်လိုအပ်

‘မေတ္တာရှင်’ ယေဟောဝါသည် မိမိသားတော် “ငြိမ်သက်ခြင်းအရှင်” အား စစ်ပွဲဆင်နွှဲရန် ခန့်အပ်သည်ကို သင်စဉ်းစားရခက်နေသလော။ (၂ ကောရိန္သု ၁၃:၁၁; ဟေရှာယ ၉:၆) ၎င်းတို့၏ရည်ရွယ်ချက်ကို နားလည်ခြင်းက ကိစ္စရပ်များကို ရှင်းလင်းစေပါလိမ့်မည်။ ဆာလံကျမ်းတွင် ယေရှုကို မြင်းစီးနေသော စစ်သူရဲတစ်ဦးအဖြစ် ဖော်ပြထားသည်။ ကိုယ်တော် အဘယ်ကြောင့် စစ်တိုက်သနည်း။ ခရစ်တော်သည် “သစ္စာတရား၊ နူးညံ့ခြင်းတရား၊ ဖြောင့်မတ်ခြင်းတရားကြောင့်” မြင်းစီးတော်မူသည်ဟု ဆာလံဆရာရှင်းပြသည်။ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းတရားကိုနှစ်သက်၍ မတရားသောအမှုကိုမုန်းသောကြောင့် စစ်ဆင်နွှဲတော်မူသည်။—ဆာလံ ၄၅:၄၊

အလားတူပင် ယနေ့လောကတွင် မြင်ရသော မတရားမှုအပေါ် ယေဟောဝါ၏တုံ့ပြန်ပုံကို ကျမ်းစာတွင်ဖော်ပြထားသည်။ ‘ထိုအမှုကို ထာဝရဘုရားသခင်သည်မြင်လျှင် တရားမရှိသောကြောင့် မုန်းတော်မူ၏’ ဟု ပရောဖက်ဟေရှာယရေးခဲ့သည်။ “ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ်ကိုဝတ်ဆင်၍ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုဆောင်းတော်မူ၏။ အပြစ်ပေးခြင်းအဝတ်ကိုလည်းကောင်း၊ စိတ်အားကြီးခြင်းဝတ်လုံကိုလည်းကောင်း ယူတင်ဝတ်ဆောင်တော်မူ၏။”—ဟေရှာယ ၅၉:၁၅၊ ၁၇

ဆိုးယုတ်သူများ အာဏာရကာ ကြီးစိုးနေသမျှကာလပတ်လုံး ဖြောင့်မတ်သူများသည် ငြိမ်သက်မှုနှင့်လုံခြုံမှုခံစားရမည် မဟုတ်ချေ။ (သု. ၂၉:၂; ဒေ. ၈:၉) အကျင့်ပျက်ပြားမှု၊ ဆိုးသွမ်းမှုတို့ကို ယင်းအကျင့်,ကျင့်ကြံနေသူများနှင့် သီးခြားခွဲထုတ်၍ မရနိုင်သည်မှာ ကျိုးကြောင်းဆီလျော်ပါသည်။ ထို့ကြောင့် ဆိုးသွမ်းသူများကို ဖယ်ရှားပြီးမှသာလျှင် တည်မြဲသောငြိမ်သက်မှုနှင့် တရားမျှတမှု ပေါ်ပေါက်လာပေမည်။ “မတရားသောသူသည် တရားသောသူအဖို့ . . . ရွေးရန်ဖြစ်၏” ဟုရှောလမုန်ရေးခဲ့သည်။—သု. ၂၁:၁၈

ဘုရားသခင်သည် တရားသူကြီးဖြစ်သောကြောင့် ဆိုးသွမ်းသူများနှင့်ပတ်သက်၍ စီရင်ချက်မှန်သမျှသည် ဖြောင့်မတ်တော်မူမည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ “မြေကြီးလုံးကိုစီရင်တော်မူသောသခင်သည် တရားသဖြင့်ပြုတော်မူမည်မဟုတ်လော” ဟုအာဗြဟံမေးခဲ့သည်။ ယေဟောဝါသည် အမြဲတမ်း ဖြောင့်မတ်မှန်ကန်တော်မူသည်ဟူသောအဖြေကို သူရရှိခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၅) ထို့ပြင် ယေဟောဝါသည် ဆိုးသွမ်းသူများကို မဖျက်ဆီးလိုကြောင်း ကျမ်းစာက ကျွန်ုပ်တို့အား စိတ်ချစေသည်။ နောက်ဆုံးနည်းလမ်းအဖြစ်သာ ကိုယ်တော် ထိုသို့ပြုရခြင်းဖြစ်သည်။—ယေဇကျေလ ၁၈:၃၂; ၂ ပေတရု ၃:၉

အာမေဂေဒုန်ကို အလေးအနက်ထားခြင်း

ဤအပြီးသတ်စစ်ပွဲတွင် ကျွန်ုပ်တို့ မည်သည့်ဘက်၌ ရပ်တည်မည်နည်း။ ကောင်းမှုပြုသည့်ဘက်ကို ထောက်ခံသည်ဟု ကျွန်ုပ်တို့အများစုက အလွယ်တကူ ယူဆမိနိုင်သည်။ သို့သော် ကျွန်ုပ်တို့ မည်သို့သေချာစေနိုင်မည်နည်း။ ‘ဖြောင့်မတ်ခြင်းနှင့်စိတ်နှိမ့်ချခြင်းကို ရှာကြလော့’ ဟုပရောဖက်ဇေဖနိက တိုက်တွန်းသည်။ (ဇေဖနိ ၂:၃) ဘုရားသခင်၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေ” ရန်ဖြစ်သည်ဟု တမန်တော်ပေါလုဆိုသည်။—၁ တိမောသေ ၂:၄

ယေဟောဝါနှင့်ပတ်သက်သည့် အမှန်တရားနှင့် မြေကြီးပေါ်ရှိ မတရားမှုကိုပယ်ရှားမည့် ကိုယ်တော်၏ ရည်ရွယ်တော်မူချက်တို့ကို လေ့လာခြင်းသည် ကယ်တင်ခြင်းသို့ဦးတည်စေသော ပထမခြေလှမ်းဖြစ်သည်။ ဖြောင့်မတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်းသည် ဒုတိယခြေလှမ်းဖြစ်ပြီး ကျွန်ုပ်တို့ကို ဘုရားသခင့်နှစ်သက်မှုနှင့် အကာအကွယ်ရရှိစေသည်။

ယင်းခြေလှမ်းများကို ကျွန်ုပ်တို့တက်လှမ်းပါက လူ့စစ်ရေးရာများကို အမှန်တကယ် အဆုံးတိုင်စေမည့် အာမဂေဒုန်စစ်ပွဲကို မျှော်လင့်စောင့်စားနိုင်ပါသည်။ ထိုစစ်ပွဲပြီးဆုံးသောအခါ လူတိုင်းက စစ်ပွဲကို နားမလည်နိုင်ရာ၊ စက်ဆုပ်ဖွယ်ရာအဖြစ် ရှုမြင်ကြပါလိမ့်မည်။ ‘စစ်အတတ်ကိုလည်း နောက်တစ်ဖန် သင်ရ’ တော့မည်မဟုတ်ပေ။—ဟေရှာယ ၂:၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 အာမဂေဒုန်သည် ပကတိနေရာ ဟုတ်မဟုတ်နှင့်ပတ်သက်သော ဆွေးနွေးချက်ကို စာမျက်နှာ ၃၁ ရှိ “စာရှုသူများအမေး” ဆောင်းပါးတွင်ရှု။

[Caption on page 5]

လူ့အရေးကိစ္စများ၌ ဘုရားသခင်ကြားဝင်စွက်ဖက်ခြင်းကို အာမဂေဒုန်ဟုခေါ်သည်

[စာမျက်နှာ ၆ ပါပုံစာ]

ဂိဒေါင်နှင့်သူ့လူများသည် မေဂိဒ္ဒေါအနီးတွင် အပြတ်အသတ်စစ်နိုင်ခဲ့

[စာမျက်နှာ ၆ ပါပုံစာ]

မေဂိဒ္ဒေါ

[စာမျက်နှာ ၆ ပါပုံစာ]

အာမဂေဒုန်ပြီးဆုံးသောအခါ လူတိုင်းက စစ်ပွဲကို နားမလည်နိုင်ရာ၊ စက်ဆုပ်ဖွယ်ရာအဖြစ် ရှုမြင်ကြပါလိမ့်မည်

[စာမျက်နှာ ၈ ပါပုံစာ]

ယေဟောဝါနှင့်ပတ်သက်သည့် အမှန်တရားနှင့် ရည်ရွယ်တော်မူချက်တို့ကို လေ့လာခြင်းသည် ကယ်တင်ခြင်းသို့ ဦးတည်စေသော ပထမခြေလှမ်းဖြစ်