မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောဂါကျွမ်းနေသူများကို နှစ်သိမ့်ပေးခြင်း

ရောဂါကျွမ်းနေသူများကို နှစ်သိမ့်ပေးခြင်း

ရောဂါကျွမ်းနေသူများကို နှစ်သိမ့်ပေးခြင်း

“အမေ့ရောဂါကျွမ်းနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး။ ကျွန်မ အကြီးအကျယ်စိတ်ထိခိုက်သွားတဲ့အပြင် ကိုယ်ချစ်ရတဲ့အမေ သေရတော့မယ်ဆိုတာကို ဘယ်လိုမှ လက်မခံနိုင်အောင်ဖြစ်ခဲ့တယ်။”—ကနေဒါနိုင်ငံမှ ဂရေ့စ်။

ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် မိသားစုကော၊ မိတ်ဆွေများပါ အကြီးအကျယ်စိတ်ထိခိုက်ပြီး မည်သို့တုံ့ပြန်ရမည်ကို မသိနိုင်အောင် ဖြစ်သွားပေမည်။ အချို့က လူနာအား အဖြစ်မှန်ကိုပြောပြသင့်မသင့် ဇဝေဇဝါဖြစ်ကြပေမည်။ အချို့ကမူ ချစ်ရသူတစ်ဦး ရောဂါကြောင့် ဝေဒနာခံစားနေရခြင်းနှင့် သူ၏ဂုဏ်သိက္ခာထိပါးခံရခြင်းတို့ကို မည်သို့ကြည့်ရက်နိုင်မည်နှင့်ပတ်သက်၍ မသေမချာဖြစ်နေကြသည်။ အများစုမှာ လူနာ၏နောက်ဆုံးအချိန်တွင် အဘယ်အရာပြောဆို၍ အဘယ်အရာလုပ်ဆောင်ရမှန်း မသိမည်ကို တွေးပူနေကြသည်။

ထိုသို့သောသတင်းဆိုးကို တုံ့ပြန်နိုင်ပုံနှင့်ပတ်သက်၍ သင် အဘယ်အရာသိရှိဖို့လိုသနည်း။ ဤစိတ်သောကရောက်စရာအချိန်မျိုးတွင် သင်သည် မည်သည့်နည်းဖြင့် “အဆွေခင်ပွန်း” ဖြစ်ကာ အားပေးထောက်မနိုင်သနည်း။—သု. ၁၇:၁၇

ပင်ကိုသဘာဝတုံ့ပြန်မှု

ချစ်ရသူတစ်ဦး ရောဂါအသည်းအသန်ခံစားနေရသောအခါ စိတ်ထိခိုက်မိသည်မှာ သဘာဝပင်။ သေဆုံးသည်ကိုမြင်တွေ့နေကျ၊ ရောဂါကျွမ်းနေကြောင်း လူနာကိုပြောပြနေကျဖြစ်သော ဆရာဝန်များပင် ထိုအခြေအနေမျိုးကြုံရသောအခါ စိတ်သောကရောက်ကြပြီး မိမိတို့၌ အစွမ်းအစမရှိဟုပင် ခံစားရကြ၏။

သင်လည်း ချစ်ရသူတစ်ဦး ဝေဒနာခံစားနေသည်ကို တွေ့မြင်ရသောအခါ သင့်စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရခက်ပေမည်။ ဘရာဇီးတွင်နေထိုင်သော ဟိုဇာ၏ ညီမဖြစ်သူမှာ ရောဂါကျွမ်းနေပြီဖြစ်သည်၊ “ကိုယ်သိပ်ချစ်ရတဲ့သူတစ်ဦးက ကိုယ့်မျက်စိရှေ့မှာ နာကျင်တဲ့ဝေဒနာ အဆက်မပြတ်ခံစားနေရတာကို ဘယ်လိုမှမကြည့်ရက်ဘူး” ဟု ဟိုဇာပြောပြသည်။ သစ္စာရှိသူမောရှေသည် သူ၏အစ်မတွင် အနာကြီးရောဂါစွဲကပ်နေကြောင်း တွေ့မြင်လျှင် “အိုဘုရားသခင်၊ သူ၏အနာကိုပျောက်စေတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်ခဲ့သည်။—တောလည်ရာ ၁၂:၁၂၊ ၁၃

ကျွန်ုပ်တို့သည် သနားကြင်နာတတ်သောဘုရားသခင် ယေဟောဝါ၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောကြောင့် ချစ်ရသူတစ်ဦးရောဂါဖိစီးနေသည့်အခါ ကျွန်ုပ်တို့လည်း စိတ်ထိခိုက်ရသည်။ (ကမ္ဘာဦး ၁:၂၇; ဟေရှာယ ၆၃:၉) လူတို့ ဆင်းရဲခက်ခဲမှုများကြုံနေရသည်ကို ယေဟောဝါ မည်သို့ခံစားရသနည်း။ ယေရှု၏တုံ့ပြန်မှုကို သုံးသပ်ကြည့်ပါ။ ယေရှုသည် ခမည်းတော်၏ဥပဓိရုပ်ကို အပြည့်အဝထင်ဟပ်ခဲ့သည်။ (ယောဟန် ၁၄:၉) လူတို့ ရောဂါဝေဒနာခံစားနေရသည်ကို ကိုယ်တော်တွေ့မြင်သောအခါ “သနားသောစိတ်ရှိ” တော်မူ၏။ (မဿဲ ၂၀:၂၉-၃၄; မာကု ၁:၄၀၊ ၄၁) ရှေ့ဆောင်းပါးတွင် ရှင်းပြခဲ့သည့်အတိုင်း ယေရှုသည် မိတ်ဆွေလာဇရု သေဆုံးသွားသောကြောင့် မိသားစုနှင့်မိတ်ဆွေများ ဝမ်းနည်းပူဆွေးနေသည်ကို တွေ့မြင်သောအခါ အလွန်စိတ်ထိခိုက်သွားပြီး “မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၂-၃၅) ကျမ်းစာတွင် သေခြင်းကို ရန်သူအဖြစ်ဖော်ပြပြီး မကြာမီ ဖျားနာမှုနှင့်သေခြင်းတို့ ကွယ်ပျောက်သွားတော့မည်ဟု ကတိပြုထားသည်။။—၁ ကောရိန္သု ၁၅:၂၆; ဗျာ. ၂၁:၃၊ ၄

သင်သည် ချစ်ရသူတစ်ဦး ရောဂါကျွမ်းနေပြီဟူသော သတင်းဆိုးကိုကြားရသောအခါ တစ်စုံတစ်ဦးကို အပြစ်တင်လိုပေမည်။ သို့သော် ရောဂါကျွမ်းနေသူကို ကြည့်ရှုစောင့်ရှောက်ခြင်းအကြောင်း စာတမ်းတစ်စောင်ပြင်ဆင်ခဲ့သော ဒေါက်တာမာသာအော်ထရစ်က ဤသို့အကြံပြုသည်– “လူနာ၏အခြေအနေကြောင့် ကိုယ့်ကိုယ်ကိုယ်နှင့် ဆေးကုသသူများ၊ သူနာပြုများကို အပြစ်မတင်ပါနှင့်။ ယင်းသည် ဆက်ဆံရေးကို ပို၍တင်းမာစေပြီး ရောဂါကျွမ်းနေသောလူနာ၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးခြင်းဟူသော အဓိကအရေးကိစ္စမှ အာရုံလွဲသွားစေနိုင်သည်။” ချစ်ရသူတစ်ဦးအား သူ၏ရောဂါကို ခံရပ်နိုင်ရန်နှင့် သေဆုံးရတော့မည့်အခြေအနေကို လက်ခံနိုင်ရန် သင်ကူညီပေးရာတွင် အဘယ်လက်တွေ့ကျအချက်များ လုပ်ဆောင်နိုင်သနည်း။

ရောဂါကိုမဟုတ်ဘဲ လူကိုအာရုံစိုက်ပါ

ပထမအချက်မှာ ရောဂါကြောင့် အားအင်ဆုတ်ယုတ်ခြင်း သို့မဟုတ် ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်းတို့ကို ကျော်၍ကြည့်မြင်ကာ လူကိုသာ အာရုံစိုက်ရန် ဖြစ်သည်။ ယင်းကို သင်မည်သို့လုပ်ဆောင်နိုင်သနည်း။ သူနာပြုဆရာမ စာရာ ဤသို့ပြောသည်– “လူနာ ကျန်းမာသန်စွမ်းချိန်တုန်းက ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကျွန်မ အချိန်ပေးပြီးကြည့်ရှုတယ်။ သူ့ရဲ့ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောပြတဲ့အခါ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတယ်။ အဲဒါက လူနာရဲ့လက်ရှိအခြေအနေကိုပဲ အာရုံစိုက်မယ့်အစား သူ့ရဲ့အသက်တာတစ်ခုလုံးကို ပြန်အမှတ်ရစေတယ်။”

သူနာပြုအဲန်ကက်သရင်းကလည်း လူနာ၏ရုပ်သွင်အခြေအနေကိုကျော်၍ ရှုမြင်နိုင်ပုံကို ဤသို့ပြောပြ၏– “လူနာရဲ့အခြေအနေတိုးတက်အောင် ကျွန်မ ဘာလုပ်ပေးနိုင်မယ်ဆိုတာကိုပဲ အာရုံစိုက်တယ်။” သေဆုံးလုနီးသူတို့၏လိုအပ်ရာများ—ဘဝ၏နေဝင်ချိန်တွင် မျှော်လင့်ချက်၊ နှစ်သိမ့်မှုနှင့် မေတ္တာပေးနိုင်ရန်လမ်းညွှန်စာအုပ်တွင် ဤသို့ဆို၏– “ဖျားနာမှု၊ မတော်တဆမှုတစ်ခုကြောင့် ချစ်ရသူတစ်ဦး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို တွေ့ရသောအခါ အလွန်ပင် စိတ်ကသိကအောက်ဖြစ်ကြသည်မှာ သဘာဝပင်။ ထိုအခြေအနေမျိုးတွင် လုပ်ဆောင်နိုင်သောအကောင်းဆုံးအရာမှာ လူနာတို့၏ရောဂါအခြေအနေ မည်သို့ပင်ရှိပါစေ သူတို့သည် အမှန်ပင်အဘယ်လူစားမျိုးဖြစ်ကြောင်း ကြည့်မြင်ခြင်းဖြစ်၏။”

ထိုသို့လုပ်ဆောင်နိုင်ရန် ချုပ်တည်းမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု လိုအပ်သည်။ ရောဂါကျွမ်းနေသောလူနာများထံ ပုံမှန်လည်ပတ်သူ ခရစ်ယာန်ဦးစီးကြီးကြပ်မှူးဂျော့ဂ်ျက ဤသို့ဆိုသည်– “သူတို့အပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့မေတ္တာက သူတို့ရောဂါထက် ပိုပြီးကြီးမားပြင်းထန်ရမယ်။” သင်သည် ရောဂါကိုမဟုတ်ဘဲ လူကိုအာရုံစိုက်သည့်အခါ သင်ကိုယ်တိုင်ရော သင်ချစ်ရသူပါ အကျိုးခံစားရပေမည်။ ကင်ဆာရောဂါသည်ကလေးများကို ကြည့်ရှုစောင့်ရှောက်ရသူ အီဗွန်းက ဤသို့ပြောသည်– “လူနာတွေရဲ့ဂုဏ်သိက္ခာမထိပါးအောင် သင်ကူညီနိုင်တယ်ဆိုတာကို သိထားတာက လူနာတွေရဲ့ဆုတ်ယုတ်နေတဲ့အခြေအနေကို သင်ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကူညီပေးတယ်။”

နားထောင်ရန် အသင့်ရှိပါ

အချို့သည် မိမိတို့အလွန်ချစ်ရသူပင်ဖြစ်ပါစေ၊ ထိုသူသေဆုံးခါနီးဖြစ်နေလျှင် တွေ့ဆုံပြောဆိုရန် တွန့်ဆုတ်နိုင်သည်။ အဘယ်ကြောင့်နည်း။ အဘယ်အရာပြောဆိုရမှန်းမသိမည်ကို သူတို့တွေးပူနေသောကြောင့်ဖြစ်၏။ သို့သော် ရောဂါကျွမ်းနေသော မိတ်ဆွေတစ်ဦးကိုပြုစုခဲ့သူ အဲန်ကက်သရင်းက ဆိတ်ဆိတ်နေခြင်းသည်လည်း တန်ဖိုးရှိကြောင်း ဤသို့ပြော၏– “စကားပြောမှပဲ နှစ်သိမ့်အားပေးရာရောက်တာမဟုတ်ဘူး၊ ကျွန်မတို့ရဲ့သဘာထား၊ အပြုအမူတွေနဲ့လည်း နှစ်သိမ့်အားပေးနိုင်ပါတယ်။ ထိုင်ခုံဆွဲပြီး ထိုင်လိုက်တာ၊ အနားကိုတိုးပြီး လက်ကိုင်ထားပေးတာ၊ လူနာရဲ့ခံစားချက်ကိုရင်ဖွင့်တဲ့အခါ ဝမ်းနည်းတဲ့အနေနဲ့ မျက်ရည်ကျတာတွေက သူတို့ကိုဂရုစိုက်တယ်ဆိုတာ ဖော်ပြနေတာပဲ။”

သင်ချစ်ရသူတစ်ဦးသည် သူ၏ခံစားချက်များကို ရိုးသားပွင့်လင်းစွာ ရင်ဖွင့်ဖို့လိုပေမည်။ သို့သော် ဖျားနာနေသူအနေဖြင့် မိမိချစ်ရသူတို့ စိုးရိမ်ပူပန်နေပြီး ကြီးလေးသောကိုယ်ရေးကိုယ်တာကိစ္စများကို မပြောဆိုလိုဟု ယူဆပေမည်။ မိတ်ဆွေများနှင့်မိသားစုဝင်များလည်း စိတ်ရင်းစေတနာဖြင့် လူနာနှင့်ပတ်သက်သောကိစ္စများကို မဆွေးနွေးဘဲ လူနာ၏ရောဂါအခြေအနေကိုပင် ဖုံးကွယ်ထားကြပေမည်။ ထိုသို့ပူးပေါင်းကာ နှုတ်ဆိတ်ဖုံးကွယ်ထားခြင်း၏ အကျိုးဆက်ကား အဘယ်နည်း။ အဖြစ်မှန်ကိုဖုံးကွယ်ဖို့ ကြိုးစားခြင်းသည် “အခြေအနေကိုရှင်းပြရန်၊ ရောဂါကိုရင်ဆိုင်ရန်ဟူသော ပို၍အရေးကြီးသည့်ကိစ္စများကို ဖြေရှင်းနိုင်ဖို့ ခွန်အားမဲ့သွားစေသည်” ဟုရောဂါကျွမ်းနေသူများကို ကုသပေးနေသော ဆရာဝန်တစ်ဦးက ဆိုသည်။ ထို့ကြောင့် လူနာဆန္ဒရှိမည်ဆိုလျှင် သူ၏အခြေအနေ သို့မဟုတ် သေဆုံးနိုင်မည့်အလားအလာနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောပြခွင့်ပေးသင့်သည်။

ဘုရားသခင့်ကျေးကျွန်များသည် သေခြင်းတရားကိုရင်ဆိုင်ရသောအခါ သူတို့၏စိုးရွံ့မှုကို ယေဟောဝါဘုရားသခင်အား ရင်ဖွင့်ရန် မတွန့်ဆုတ်ခဲ့ပါ။ ဥပမာ၊ အသက် ၃၉ နှစ်အရွယ်ရှိသော ဘုရင်ဟေဇကိသည် သူသေဆုံးရတော့မည်ကို သိလိုက်ရသောအခါ ငိုချင်းချခဲ့သည်။ (ဟေရှာယ ၃၈:၉-၁၂၊ ၁၈-၂၀) အလားတူ၊ ရောဂါကျွမ်းနေသောလူနာများကို သူတို့၏သက်တမ်းတိုတောင်းခြင်းကြောင့် ဝမ်းနည်းကြောင်း ရင်ဖွင့်ခွင့်ပေးရမည်။ ခရီးသွားခြင်း၊ သားသမီးယူခြင်း၊ မြေးများအရွယ်ရောက်လာသည်ကို မြင်တွေ့လိုခြင်း၊ ဘုရားသခင်၏အမှုတော်ကို ပို၍ထမ်းဆောင်လိုခြင်းစသော ကိုယ်ပိုင်ပန်းတိုင်များကို မရောက်ရှိနိုင်တော့ဟု သူတို့ခံစားရပေမည်။ မိတ်ဆွေများနှင့်မိသားစုဝင်များသည် မည်သို့တုံ့ပြန်ရမည်ကိုမသိသောကြောင့် မိမိတို့အား ရှောင်ဖယ်ကြမည်ကို သူတို့စိုးရိမ်နေကြပေမည်။ (ယောဘ ၁၉:၁၆-၁၈) ထို့ပြင် ဝေဒနာခံစားရမည်၊ ကိုယ်ခန္ဓာလုပ်ဆောင်မှုများ ချွတ်ယွင်းမည်၊ သေဆုံးရတော့မည်စသည်တို့ကို ကြောက်ရွံ့ခြင်းက သူတို့အတွက် စိတ်ဖိစီးစရာဖြစ်ပေမည်။

အဲန်ကက်သရင်းက ဤသို့ဆို၏– “သင့်မိတ်ဆွေက သူ့ခံစားချက်ကို ရင်ဖွင့်တဲ့အခါ ကြားဖြတ်ပြောဆိုတာ၊ ဝေဖန်တာ၊ ဘာမှကြောက်စရာအကြောင်းမရှိဘူးဆိုပြီး ပြောဆိုတာတွေ မလုပ်ပါနဲ့။ အဲဒီနည်းက သူ့ရဲ့ခံစားချက်၊ သူ့ရဲ့ဆန္ဒ၊ သူ့ရဲ့ကြောက်ရွံ့မှုနဲ့မျှော်လင့်ချက်တွေကို သိနားလည်နိုင်တဲ့ အကောင်းဆုံးနည်းပဲ။”

အခြေခံလိုအပ်ရာများကို သိနားလည်ခြင်း

ပြင်းထန်သောကုထုံးများနှင့် ထိုကုထုံးများ၏ဘေးထွက်ဆိုးကျိုးများကြောင့် လူနာအခြေအနေပိုဆိုးလာသောအခါ သင်သည် စိတ်မသက်မသာဖြစ်ပြီး သူ၏အခြေခံလိုအပ်ချက်ကိုပင် မေ့လျော့သွားနိုင်သည်။ ထိုလိုအပ်ချက်မှာ လူနာတွင် ရွေးချယ်ပိုင်ခွင့်ရှိခြင်းဖြစ်၏။

ယဉ်ကျေးမှုအချို့တွင် မိသားစုသည် လူနာအား ရောဂါအခြေအနေမှန်ကို ဖုံးကွယ်ထားပြီး ဆေးကုသမှုနှင့်ပတ်သက်၍ လူနာ၏ဆန္ဒကို ဘေးဖယ်ထားသည့်အထိဖြစ်ကြသည်။ ယဉ်ကျေးမှုအချို့တွင် ပြဿနာနောက်တစ်မျိုး ရှိနိုင်သည်။ ဥပမာ၊ “ဧည့်သည်တွေက လူနာတစ်ယောက်လုံးကို ဘေးမှာထားပြီး လူနာရဲ့ရောဂါအကြောင်း ပြောတတ်ကြတယ်” ဟုအမျိုးသားသူနာပြုဂျယ်ရီက ပြောသည်။ မည်သို့ပင်ဖြစ်စေ ထိုအပြုအမူနှစ်မျိုးစလုံးသည် လူနာ၏ဂုဏ်သိက္ခာကို ထိပါးစေသည်။

နောက်အခြေခံလိုအပ်ချက်တစ်ခုမှာ မျှော်လင့်ချက်ဖြစ်၏။ အလွန်ကောင်းသောဆေးကုသမှုရရှိနိုင်သည့် နိုင်ငံများတွင် မျှော်လင့်ချက်ရောင်ခြည်ကြောင့် ပို၍ထိရောက်သောကုထုံးကို ရှာတွေ့လေ့ရှိသည်။ သုံးကြိမ်တိုင် ကင်ဆာရောဂါပြန်ထသောမိခင်ကို ပြုစုရသည့် မီရှယ်က ဤသို့ရှင်းပြသည်– “အမေက တခြားကုထုံး၊ တခြားအထူးကုတစ်ယောက်နဲ့တိုင်ပင်ဖို့ ဆန္ဒရှိတဲ့အခါ အမေရှာဖွေလေ့လာနိုင်အောင် ကျွန်မကူညီပေးတယ်။ ရုတ်တရက်ကြီး ရောဂါပျောက်ကင်းမှာမဟုတ်ဘူးဆိုတဲ့ အဖြစ်မှန်ကိုလက်ခံထားပေမဲ့ အမေ့ကို စိတ်ဓာတ်ကျစေမယ့်စကားတွေ မပြောမိဖို့ ကြိုးစားတယ်။”

ရောဂါပျောက်ကင်းရန် မျှော်လင့်ချက်မရှိတော့လျှင်ကော။ ရောဂါကျွမ်းနေသောလူနာသည် သေခြင်းနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းရင်ဖွင့်ဖို့လိုကြောင်း သတိရပါ။ အထက်တွင်ကိုးကားခဲ့သော ခရစ်ယာန်ကြီးကြပ်မှူးဂျော့ဂ်ျက ဤသို့ပြော၏– “သေဆုံးရတော့မယ့်အခြေအနေကို ဖုံးကွယ်မထားဖို့ သိပ်အရေးကြီးတယ်။ အဲဒါက လူနာကို လက်တွေ့ကျအစီအစဉ်တွေ လုပ်ဆောင်ဖို့၊ သေခြင်းကိုအသင့်ပြင်ဆင်နိုင်ဖို့ ကူညီပေးတယ်။” ထိုပြင်ဆင်မှုများက လူနာအား လုပ်စရာရှိရာများကို လုပ်ဆောင်ပြီးပြီဟုခံစားစေ၍ အခြားသူများအပေါ် ဝန်ပိစေပြီဟူသောစိုးရိမ်စိတ်ကို လျော့ပါးစေနိုင်သည်။

ယင်းအကြောင်းများကို ဆွေးနွေးပြောဆိုရန် မလွယ်ကူသည်မှာ သဘာဝပင်။ သို့သော် ထိုသို့ပွင့်လင်းစွာပြောဆိုခြင်းက သင်၏ခံစားချက်အမှန်ကို ဖော်ပြနိုင်သော အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သေဆုံးခါနီးလူတစ်ဦးသည် ယခင်က သဘောထားကွဲလွဲမှုများကို ပြေလည်လိုပေမည်၊ ဝမ်းနည်းကြောင်းရင်ဖွင့်လိုပေမည်၊ ခွင့်လွှတ်မှုတောင်းခံလိုပေမည်။ ထိုသို့အပြန်အလှန်လုပ်ဆောင်ခြင်းက သင်နှင့်သေဆုံးရမည့်သူကို ယခင်ကထက် ပို၍ရင်းနှီးကျွမ်းဝင်စေနိုင်သည်။

နောက်ဆုံးအချိန်တွင် နှစ်သိမ့်အားပေးခြင်း

သေဆုံးခါနီးလူတစ်ဦးကို သင် မည်သို့နှစ်သိမ့်အားပေးနိုင်သနည်း။ အစောပိုင်းတွင်ကိုးကားခဲ့သော ဒေါက်တာအော်ထရစ်က ဤသို့ဆို၏– “လူနာရဲ့နောက်ဆုံးဆန္ဒတွေကို ဖွင့်ပြောခွင့်ပေးပါ။ ကောင်းကောင်းနားထောင်ပေးပါ။ ဖြစ်နိုင်ရင် လူနာအလိုရှိရာကို ကြိုးစားလုပ်ဆောင်ပေးပါ။ လူနာရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်ဘူးဆိုရင် ရိုးသားစွာပြန်ပြောပါ။”

သေဆုံးခါနီးလူနာသည် သူ့ဘဝတွင် အရေးကြီးဆုံးဖြစ်သူတို့နှင့် တွေ့ဆုံလိုသည်ဟု ယခင်ကထက် ခံစားရပေမည်။ “လူနာက စကားပြောဆိုဖို့ ခွန်အားမရှိလို့ ခဏလေးပဲပြောဆိုရရင်တောင် သူတွေ့ဆုံချင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်အောင် ကူညီပေးပါ” ဟုဂျော့ဂ်ျပြောပြသည်။ တယ်လီဖုန်းဖြင့်ပြောဆိုခြင်းပင် အချင်းချင်းအားပေးရန်နှင့် အတူဆုတောင်းရန် အခွင့်အရေးရစေသည်။ ချစ်ရသူသုံးဦး ဆက်တိုက်သေဆုံးခဲ့သော ကနေဒါလူမျိုးခရစ္စတီးနားက “သူတို့ရဲ့ဘဝနေဝင်ချိန်နီးလာတာနဲ့အမျှ ခရစ်ယာန်ချင်းတွေရဲ့ ဆုတောင်းချက်ကို ပိုပြီးအားထားမှီခိုနေရရှာတယ်” ဟုပြောသည်။

သင်သည် ချစ်ရသူရှေ့တွင် ငိုချမိမည်ကို စိုးရိမ်သင့်သလော။ မစိုးရိမ်သင့်ပါ။ သင် ငိုချလိုက်ခြင်းက သေဆုံးခါနီးဖြစ်နေသောသင့်မိတ်ဆွေအတွက် သင့်ကိုနှစ်သိမ့်အားပေးရန် လမ်းဖွင့်ပေးနေခြင်းပင်ဖြစ်သည်။ “သေဆုံးခါနီးလူတစ်ဦး၏ အားပေးမှုခံရခြင်းသည် စိတ်ထိမိစရာအကောင်းဆုံးအတွေ့အကြုံဖြစ်၏၊ သေဆုံးခါနီးလူတစ်ဦးအတွက်လည်း မိမိတန်ဖိုးအထားဆုံးပုဂ္ဂိုလ်ကို နှစ်သိမ့်အားပေးခွင့်ရခြင်းသည် အလွန်အရေးကြီးဆုံးဖြစ်နိုင်သည်” ဟု သေဆုံးခါနီးသူတို့၏လိုအပ်ရာများစာအုပ်တွင် ဖော်ပြသည်။ ဂရုစိုက်စောင့်ရှောက်ခံနေရသောလူနာသည် သူတစ်ပါးကို နှစ်သိမ့်ပေးခြင်းဖြင့် မိမိကိုယ်တိုင် ဂရုစိုက်တတ်သောမိတ်ဆွေ၊ ဖခင်၊ မိခင်ဖြစ်ကြောင်း ပြန်အမှတ်ရစေနိုင်သည်။

အခြေအနေအရ သင်ချစ်ရသူတစ်ဦး၏နောက်ဆုံးအချိန်တွင် သူနှင့်အတူရှိနေနိုင်ရန် ဖြစ်ချင်မှဖြစ်နိုင်ပေမည်။ သို့သော် ဆေးရုံတွင် သို့မဟုတ် အိမ်တွင် လူနာ၏အနီး၌ ရှိနေနိုင်ပါက သူအသက်ထွက်သွားချိန်အထိ သူ့လက်ကို ဆုပ်ကိုင်ထားပါ။ ဤနောက်ဆုံးအချိန်လေးက သင် နှုတ်ဖြင့်မဖွင့်ဟနိုင်သောခံစားချက်များကို ဖော်ပြခွင့်ရစေသည်။ သေဆုံးခါနီးလူနာသည် မတုံ့ပြန်နိုင်သော်လည်း ယင်းကြောင့် သူ့အား နှုတ်ဆက်စကားဆိုရန်၊ သင်၏မေတ္တာကိုဖော်ပြရန်၊ ရှင်ပြန်ထမြောက်လာချိန်တွင် ပြန်ဆုံဆည်းရမည့်မျှော်လင့်ချက်ကိုပြောဆိုရန် မတုံ့ဆိုင်းပါနှင့်။—ယောဘ ၁၄:၁၄၊ ၁၅; တမန်တော် ၂၄:၁၅

သင်သည် ဤနောက်ဆုံးအခိုက်အတန့်လေးကို ကောင်းစွာအသုံးချပါက နောင်မှနောင်တရသည့်အဖြစ်မျိုးကို ရှောင်ရှားနိုင်ပေမည်။ ဤနောက်ဆုံးအချိန်လေးအတွင်း သင်ပြုမူပြောဆိုရာများကို နောင်တွင် သင်ပြန်တွေးမိသည့်အခါ အလွန်စိတ်သက်သာရာရစေနိုင်သည်။ ထို့ပြင် သင်သည် ‘ဒုက္ခကာလ’ အဖို့မွေးဖွားသော မိတ်ဆွေစစ်ဖြစ်ကြောင်း သက်သေထူနိုင်ပါလိမ့်မည်။—သု. ၁၇:၁၇

[စာမျက်နှာ ၂၇ ပါ အကြောင်းအရာအကျဉ်း]

ရောဂါကိုမဟုတ်ဘဲ လူကိုအာရုံစိုက်သည့်အခါ သင်ကိုယ်တိုင်ရော သင်ချစ်ရသူပါ အကျိုးခံစားရ

[စာမျက်နှာ ၂၉ ပါလေးထောင့်ကွက်/ပုံ]

လူနာတစ်ဦး၏ဂုဏ်သိက္ခာကို လေးစားကြောင်း ဖော်ပြနည်း

နိုင်ငံများစွာတွင် ရောဂါကျွမ်းနေသောလူနာများ၏ ဂုဏ်သိက္ခာထိပါးမခံရဘဲ စိတ်ဖြောင့်ဖြောင့်နှင့်သေဆုံးပိုင်ခွင့်ကို အသိအမှတ်ပြုရန် ကြိုးစားလုပ်ဆောင်ကြသည်။ လူနာ၏ဆန္ဒကို ကြိုတင်ညွှန်ကြားစာ ရေးထားခြင်းက ထိုအခွင့်အရေးများကိုလေးစားရန် အထောက်အကူပြုပြီး လူနာ၏နောက်ဆုံးအချိန်ကို အိမ် သို့မဟုတ် ပြုစုကုသရေးဂေဟာတွင် ကုန်လွန်စေမည်ဟူသော ဆန္ဒအတိုင်း လိုက်လျောစေနိုင်သည်။

ကြိုတင်ညွှန်ကြားစာ ရေးထားခြင်းက အောက်ပါအချက်များတွင် အကူအညီဖြစ်စေမည်–

• ဆရာဝန်၊ ဆွေမျိုးများနှင့် ဆက်ဆံရေးတိုးတက်စေသည်

• ဆုံးဖြတ်ချက်များချရာတွင် မိသားစုကိုဝန်မပိစေပါ

• မနှစ်သက်သော၊ အကျိုးမရှိသော၊ ပြင်းထန်သော၊ စရိတ်စကကြီးသောကုထုံးများကို လျှော့ချစေနိုင်သည်

ထိရောက်သော ကြိုတင်ညွှန်ကြားစာဖြစ်နိုင်ရန် အနည်းဆုံး အောက်ပါအချက်များ ပါဝင်စေပါ–

• သင့်ကျန်းမာရေးစောင့်ရှောက်မှုကို တာဝန်ယူကြီးကြပ်သူ၏အမည်

• သင့်အခြေအနေပိုဆိုးလာပါက သင်လက်ခံမည့် သို့မဟုတ် လက်မခံမည့် ကုထုံးများ

• ဖြစ်နိုင်ပါက သင့်ရွေးချယ်မှုကိုလေးစားသော ဆရာဝန်အမည်

[စာမျက်နှာ ၂၆ ပါပုံစာ]

လူနာ၏လက်ရှိအခြေအနေကိုသာ အာရုံစိုက်မည့်အစား သူ၏အသက်တာတစ်ခုလုံးကို အာရုံစိုက်ပါ