မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော့်ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်၏အလိုတော် ဆောင်ရာ၌ ပျော်မွေ့ခဲ့

ကျွန်တော့်ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်၏အလိုတော် ဆောင်ရာ၌ ပျော်မွေ့ခဲ့

ကျွန်တော့်ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်၏အလိုတော် ဆောင်ရာ၌ ပျော်မွေ့ခဲ့

ဘီလ် ရာရမ်ချာ့ခ် ပြောပြသည်

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ဆောက်သ်လဲန်စင်းမှာတည်ရှိတဲ့ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းရဲ့ ရှစ်ကြိမ်မြောက်သင်တန်းမှာ ခရစ်ယာန်သာသနာပြုအဖြစ် ကျွန်တော် သင်တန်းဆင်းပြီး သီတင်းပတ်အနည်းငယ်အကြာ၊ ၁၉၄၇၊ မတ်လမှာဖြစ်တယ်။ ရပ်ဝေးဒေသဖြစ်တဲ့စင်္ကာပူနိုင်ငံမှာ တာဝန်ထမ်းဆောင်ဖို့ ကျွန်တော်ထွက်ခွာခဲ့တယ်။

ခုနစ်ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်း ကနေဒါလူမျိုး ဒေးဗ်ဖာမာနဲ့အတူ ကျွန်တော်အမှုဆောင်ရတယ်။ မရိန်းအက်ဒါလို့ခေါ်တဲ့ ရှေးစစ်သင်္ဘောကိုစီးပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့ကနေ ထွက်ခွာခဲ့ကြတယ်။

ကျွန်တော်တို့သင်္ဘော ဦးဆုံးရပ်နားတာကတော့ အရှေ့ဖျားဒေသရဲ့ ဟောင်ကောင်ဆိပ်ကမ်းမှာဖြစ်တယ်။ အဲဒီမှာတွေ့မြင်ရတဲ့ မြင်ကွင်းတွေက တကယ့်ကိုထိတ်လန့်စရာပဲ။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အပျက်အစီးတွေ နေရာအနှံ့မှာရှိနေတယ်၊ ငတ်ပြတ်ပြီးသေလုမျောပါးဖြစ်နေတဲ့လူတွေ လူသွားစင်္ကြံတွေပေါ်မှာ လဲနေကြတယ်။ ကျွန်တော်တို့လည်း ချက်ချင်းပဲ သင်္ဘောဆီပြန်လာပြီး ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော် မနီလာကို ခရီးဆက်ခဲ့ကြတယ်။

ဒီမှာလည်း စစ်ရဲ့အနိဋ္ဌာရုံတွေပဲ တွေ့နေရတယ်။ မဟာမိတ်တပ်တွေရဲ့ ဗုံးကြဲလေယာဉ်တွေကြောင့် နစ်မြုပ်သွားတဲ့ သင်္ဘောတွေရဲ့ရွက်တိုင်တွေ ဆိပ်ကမ်းမှာ နေရာအနှံ့ပြန့်ကျဲနေတယ်၊ လူတွေလည်း ဆင်းရဲမွဲတေနေတာပဲ။ ယေဟောဝါသက်သေတချို့နဲ့ဆုံတွေ့ပြီး သူတို့က ကျွန်တော်တို့ကို ဘုရားသခင့်နိုင်ငံတော်ခန်းမဆီ ခေါ်သွားတယ်။ အခက်အခဲတွေရင်ဆိုင်ရပေမဲ့ သူတို့ပျော်ရွှင်နေကြတယ်။

နောက်ထပ်ဆိုက်ကပ်တဲ့ ဆိပ်ကမ်းကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာတာဗီးယား (ယခု ဂျကာတာ) မှာဖြစ်တယ်။ ပြည်တွင်းစစ်တစ်ခုဖြစ်နေပြီး အနီးအနားမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ကျွန်တော်တို့ သင်္ဘောပေါ်က ဆင်းခွင့်မရဘူး။ စင်္ကာပူကို ခရီးဆက်လာတဲ့အခါ ဟိုမှာလည်း ဘာတွေများတွေ့ရဦးမလဲဆိုပြီး ကျွန်တော်တို့တွေးနေမိတယ်။ ကျွန်တော်တို့ဖတ်ရှုရတဲ့ အရှေ့တိုင်းခရီးသွားဘရိုရှာတွေမှာတော့ ဒီလိုမြင်ကွင်းတွေ မတွေ့ရပါလား။

ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော့်သံသယတွေ ပျောက်လွင့်ကုန်တယ်။ ဘုရားသခင်ခန့်အပ်တဲ့တာဝန်ကို ထမ်းဆောင်ရာမှာ ဒေးဗ်နဲ့ကျွန်တော့်ရဲ့သံသယတွေကို ပျောက်လွင့်စေမယ့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်တော့မယ်။

ကျွန်တော်တို့ နေထိုင်ခွင့်ရရှိခဲ့ပုံ

ဆန်ဖရန်စ္စကိုမြို့ကနေထွက်ခွာပြီး တစ်လလောက်အကြာမှာ သင်္ဘောက စိန့်ဂျွန်ကျွန်းမှာ ကျောက်ချတယ်။ စင်္ကာပူကိုဝင်ခွင့်မရခင် ခဏနေရတဲ့နေရာဖြစ်တယ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သင်္ဘောပေါ်တက်လာပြီး ခရီးသည်တွေကို ထုံးစံအရ စစ်ဆေးပြီး ကျွန်တော်တို့ရဲ့နိုင်ငံကူးလက်မှတ်တွေမှာ “နိုင်ငံဝင်ခွင့်ပြုသည်” ဆိုတဲ့တံဆိပ်ထုပေးတယ်။ နောက်တစ်နေ့မနက်၊ သင်္ဘောက ဆိပ်ခံတံတားမှာ ကမ်းကပ်ထားတယ်။ ကျွန်တော်တို့ရဲ့စာရွက်စာတမ်းတွေကို သင်္ဘောအရာရှိတစ်ယောက်က စစ်ဆေးပြီးတဲ့နောက် သင်္ဘောပေါ်က ဆင်းခွင့်ပေးလိုက်တယ်။

နောက်တစ်နေ့၊ ကျွန်တော်တို့နဲ့အတူ ခရီးထွက်ခွာလာတဲ့ ခရစ်ယာန်သာသနာပြုအဖော်တွေကိုနှုတ်ဆက်ဖို့ ဆိပ်ကမ်းဆီ ပြန်လာတယ်။ သူတို့က အိန္ဒိယနိုင်ငံနဲ့ သီဟိုဠ်ကျွန်း (ယခု သီရိလင်္ကာ) ကို ခရီးဆက်ကြမှာဖြစ်တယ်။ သင်္ဘောကပ္ပီတိန်က ကျွန်တော်တို့ကိုတွေ့တာနဲ့ ဆိပ်ခံတံတားဆီ ဆင်းလာတယ်။ သူ့ကိုကြည့်ရတာ အတော့်ကိုဒေါသထွက်နေပြီး ကျွန်တော်တို့ သင်္ဘောပေါ်က မဆင်းသင့်ဘူးလို့ အော်ပြောတယ်။ လူဝင်မှုကြီးကြပ်ရေးကိုကွပ်ကဲတဲ့ မစ္စတာဟဒ်ဝတ်သ်က သင်္ဘောကမ်းကပ်တဲ့အခါ ကျွန်တော်တို့ကို ဆင်းခွင့်မပြုဖို့ သူ့ကို အမိန့်ပေးပြီးသားတဲ့။ အဲဒီအမိန့်ကို ကျွန်တော်တို့မသိလိုက်သလို ကျွန်တော်တို့ကို သင်္ဘောပေါ်ကဆင်းခွင့်ပေးတဲ့ အရာရှိကလည်း မသိခဲ့ဘူး။

ကျွန်တော်တို့ကို ဒေါသတကြီးပြောဆိုပြီးတဲ့နောက် မစ္စတာဟဒ်ဝတ်သ်ဆီ ခေါ်သွားတယ်။ အဲဒီမှာ သူလည်း ကျွန်တော်တို့ စင်္ကာပူကိုဝင်ခွင့်မရဘူးလို့ပြောပြီး အော်ဟစ်တော့တယ်။ ဒီလိုခွင့်မရမှန်းမသိတဲ့အတွက် “နိုင်ငံဝင်ခွင့်ပြုသည်” လို့ တရားဝင်တံဆိပ်ထုထားတဲ့ နိုင်ငံကူးလက်မှတ်ကို ကျွန်တော်တို့ပြလိုက်တယ်။ သူက နိုင်ငံကူးလက်မှတ်ကို ဒေါသတကြီးဆွဲယူပြီး အဲဒီတံဆိပ်ကို ခြစ်ချလိုက်တယ်။ ဖြစ်ချင်တော့ သင်္ဘောက ထွက်ခွာသွားပြီ။ မစ္စတာဟဒ်ဝတ်သ်က ကျွန်တော်တို့ရဲ့နိုင်ငံကူးလက်မှတ်ကို တစ်နှစ်လုံးသိမ်းထားပြီး နောက်ဆုံးတော့ “နိုင်ငံဝင်ခွင့်ပြုသည်” ဆိုတဲ့တံဆိပ်အသစ်ထုပေးတယ်။

စင်္ကာပူတွင် အောင်မြင်သောဓမ္မအမှု

၁၉၄၇၊ ဧပြီလမှာ ကျွန်တော်တို့ စင်္ကာပူကိုရောက်တုန်းက သက်သေခံဆိုလို့ ဂျော်ရှဝါလို့ခေါ်တဲ့ ညီအစ်ကိုတစ်ယောက်ပဲရှိတယ်။ သူက ၁၉၇၀ ပြည့်လွန်နှစ်တွေအစောပိုင်းမှာ ကွယ်လွန်သွားချိန်အထိ အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်တဲ့ ရှေ့ဆောင်အဖြစ် အမှုဆောင်ခဲ့တယ်။ မကြာခင်မှာပဲ၊ ကျမ်းစာအမှန်တရားသိရှိလာသူအချို့က တခြားသူတွေကို အဲဒီအကြောင်းဝေမျှကြတယ်။ ဝိညာဉ်ရေးရိတ်သိမ်းမှုအတွက် လုပ်သားတွေ ထပ်စေလွှတ်ပေးပါဆိုတဲ့ ကျွန်တော်တို့ရဲ့ဆုတောင်းချက် စတင်ပြည့်စုံနေပြီ။—မဿဲ ၉:၃၇၊ ၃၈

မစ္စတာဟဒ်ဝတ်သ်က အင်္ဂလန်နိုင်ငံကို အားလပ်ရက်ခရီးရှည် ထွက်ခွာသွားတဲ့ ၁၉၄၉ ခုနှစ်မှာ ၁၁ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းခြောက်ယောက် စင်္ကာပူကိုရောက်လာတယ်။ ဒီအတောအတွင်း ကျွန်တော်နဲ့အတူ နှစ်ပေါင်းများစွာအမှုဆောင်ခဲ့တဲ့ ခရစ်ယာန်သာသနာပြုဒေးဗ်လည်း ကျန်းမာရေးမကောင်းတဲ့အတွက် စင်္ကာပူကနေ ထွက်ခွာခဲ့ရတယ်။ ဩစတြေးလျနိုင်ငံကို သူပြောင်းရွှေ့သွားပြီး သူကွယ်လွန်တဲ့ ၁၉၇၃ ခုနှစ်အထိ သစ္စာရှိရှိအမှုဆောင်ခဲ့တယ်။ အသစ်ရောက်လာတဲ့ ခြောက်ယောက်ထဲက အီလင်းဖရန့်စ်နဲ့ ၁၉၅၆ ခုနှစ်မှာ ကျွန်တော်လက်ထပ်ခဲ့တယ်။

နှစ်တွေတစ်လျှောက် လူတွေအများကြီးနဲ့ ကျမ်းစာလေ့လာခဲ့ပြီး သူတို့ကော၊ သူတို့သားသမီးတွေပါ သက်သေခံတွေဖြစ်လာကြတယ်။ တချို့ဆိုရင် တိုင်းတစ်ပါးတွေမှာ အခုထိ အချိန်ပြည့်အမှုဆောင်နေဆဲဖြစ်တယ်။ အားရှိစရာတွေ့ကြုံမှုတစ်ခုကတော့ စင်္ကာပူမှာလာနေတဲ့ အမေရိကန်မောင်နှံစုံ လက်စတာနဲ့ဂျိုနီဟေးနက်တို့ရဲ့ဖြစ်ရပ်ပဲ။ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ သူတို့နဲ့ ကျမ်းစာစလေ့လာတယ်။ ကျမ်းစာအမှန်တရားကို သူတို့ချက်ချင်းလက်ခံပြီး အမေရိကန်ပြည်ထောင်စုကို ပြန်ပြောင်းရွှေ့သွားပြီးနောက်မှာ နှစ်ခြင်းခံလိုက်တယ်။ နောက်ပိုင်း လက်စတာနဲ့ဂျိုနီတို့က ဓမ္မအမှုလုပ်ငန်းမှာ အောင်မြင်ပျော်ရွှင်ခဲ့ကြတယ်။ သူတို့ရဲ့ကလေးသုံးယောက်အပါအဝင် လူတွေအများကြီးကို သက်သေခံတွေဖြစ်လာအောင် ကူညီပေးနိုင်ခဲ့တယ်။

ဂျိုနီက ဒီလိုရေးတယ်– “စင်္ကာပူမှာနေခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်ရင် အဲဒီနှစ်တွေက ကျွန်မတို့ရဲ့ဘဝလမ်းစဉ်ကို ပြောင်းလဲပေးခဲ့တယ်။ ကျွန်မတို့သာ ညီအစ်ကိုရဲ့ ‘မွေးစားခြင်း’ ကို မခံရဘူးဆိုရင် ဒီလောကမှာ တဝဲလည်လည်ဖြစ်နေဦးမှာပဲ။ ပြီးတော့ လက်စတာကို အမှန်တရားတွေ သွန်သင်ပေးတဲ့အတွက်လည်း ကျွန်မသိပ်ဝမ်းသာတယ်၊ ညီအစ်ကိုဟာ ယေဟောဝါနဲ့ ခရစ်ယာန်ညီအစ်ကိုတွေကို ချစ်တဲ့မေတ္တာရှိလာအောင် သွန်သင်ပေးတဲ့ ဆရာတစ်ယောက်ပဲ။ အဲဒီမေတ္တာ ဘယ်တော့မှ မပျောက်ပျက်ခဲ့ပါဘူး။”

စင်္ကာပူတွင် မိသားစုလိုက်အမှုဆောင်ခြင်း

၁၉၆၂ ခုနှစ်ရောက်တော့ ကျွန်တော်တို့ရဲ့ဘဝမှာ မမျှော်လင့်တဲ့အပြောင်းအလဲတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ဆရာဝန်က အီလင်းမှာ ကိုယ်ဝန်ရှိနေပြီလို့ပြောတယ်။ ကျွန်တော်တို့ ခရစ်ယာန်သာသနာပြုအလုပ်ကို ဆက်လုပ်ချင်ပေမဲ့ ကလေးကိုပြုစုပျိုးထောင်ရင်းနဲ့ ဘယ်လိုလုပ်နိုင်ပါ့မလဲ။ အဲဒီတုန်းက ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ကြီးကြပ်နေတဲ့ နေသန်အိပ်ခ်ျနောရ်က ကျွန်တော်တို့ စင်္ကာပူမှာဆက်နေနိုင်အောင် လောကအလုပ်တစ်ခုလုပ်ဖို့ စာရေးပြီးအားပေးတယ်။ ဒါတွေက တကယ့်အခက်အခဲပဲ။

နိုင်ငံခြားသားအများစုက နိုင်ငံခြားကုမ္ပဏီတွေရဲ့ အုပ်ချုပ်ရေးပိုင်းမှာ အလုပ်လုပ်ကြတယ်။ လွန်ခဲ့တဲ့ ၂၃ နှစ်မှာ ကျွန်တော်ကျောင်းထွက်ပြီးကတည်းက အချိန်ပြည့်အမှုဆောင်ခဲ့တော့ စီးပွားရေးလောကမှာ ဘာအတွေ့အကြုံမှမရှိဘူး။ ဒါနဲ့ ကျွန်တော်လည်း တိုင်းတစ်ပါးမှာ ဘာသာရေးအမှုဆောင်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့တာကို အခြေခံပြီး ကိုယ်ရေးရာဇဝင်အကျဉ်းလုပ်ပေးဖို့ လန်ဒန်မှာရှိတဲ့ အလုပ်သမားအေဂျင်စီတစ်ခုဆီ ငွေပေးခဲ့တယ်။ သူတို့က အဲဒီကိုယ်ရေးရာဇဝင်ကို စင်္ကာပူမှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီအများကြီးကို ပို့ပေးခဲ့တယ်။

“လူကြီးမင်းရဲ့ အရည်အသွေးနဲ့ကိုက်ညီတဲ့ရာထူးမျိုး မတွေ့နိုင်သေးလို့ ဝမ်းနည်းပါတယ်” ဆိုတဲ့အဖြေပဲရရှိတယ်။ ကျွန်တော့်မှာ အလုပ်အတွေ့အကြုံသိပ်များလွန်းတယ်လို့ သူတို့ထင်ကြတဲ့အတွက်ဖြစ်တယ်။ လတွေကုန်လွန်သွားပြီး ကျွန်တော်တို့ရဲ့သမီးလေး ဂျူဒီမွေးလာတယ်။ ညီအစ်ကိုနောရ်က စင်္ကာပူကိုလာလည်ပတ်ပြီး ဂျူဒီတို့သားအမိကို ဆေးရုံမှာ လာကြည့်တယ်။ “ညီအစ်ကိုအလုပ်ရတဲ့အထိ ခရစ်ယာန်သာသနာပြုအိမ်မှာ ဆက်နေနိုင်တယ်” ဆိုပြီး သူပြောတယ်။

လအနည်းငယ်ကြာတော့ နိုင်ငံတကာလေကြောင်းကုမ္ပဏီတစ်ခုမှာ အရောင်းကိုယ်စားလှယ်တစ်ဦးအဖြစ် ကျွန်တော်အလုပ်ရခဲ့တယ်။ လစာကတော့ လောက်ငရုံလောက်ပဲ။ နှစ်နှစ်ကြာတော့ အမေရိကန်လေကြောင်းကုမ္ပဏီတစ်ခုက ကျွန်တော့်ကိုငှားပြီး လခနှစ်ဆပေးတယ်။ ဒီလိုနဲ့ ခရီးသွားလုပ်ငန်းမှာ ကျွန်တော့်ကို လူသိများလာတယ်။ ဒါ့အပြင် မိသားစုနဲ့ခရစ်ယာန်ဓမ္မအမှုအတွက် အချိန်များများပေးနိုင်ခဲ့တယ်။

ကျွန်တော်တို့ရဲ့အသက်တာမှာ ယေဟောဝါရဲ့အမှုဆောင်ခြင်းနဲ့ ဝိညာဉ်ရေးရာတွေကို ဦးစားထားတယ်။ ဒါကြောင့် အဖွဲ့အစည်းမှာ အခွင့်ထူးတွေအများကြီး ရရှိခဲ့တယ်။ အီလင်းက အချိန်ပြည့်အမှုဆောင်လုပ်ငန်းကို ပြန်လုပ်ဆောင်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်း စင်္ကာပူမှာ ဟောပြောခြင်းလုပ်ငန်း တိုးတက်ဖြစ်ထွန်းခဲ့တယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေအလယ်ပိုင်းမှာ မြို့ထဲက နှစ်ထပ်တိုက်တစ်လုံးကို ဝယ်လိုက်ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမအဖြစ် အသုံးပြုခဲ့တယ်။ အဲဒီမှာ အသင်းတော်လေးခု စည်းဝေးကြတယ်။

လုပ်ငန်းပိတ်ပင်ခံရ

အချိန်အတော်ကြာတော့ ဆန့်ကျင်မှုတွေကြုံရတော့မယ်။ ၁၉၇၂၊ ဇန်နဝါရီလ ၁၄ ရက်မှာ ကျွန်တော်တို့ အစည်းအဝေးတက်ဖို့ ဝတ်ပြုရာခန်းမကို ခါတိုင်းလိုပဲ လာခဲ့တယ်။ ဒါပေမဲ့ ခန်းမဂိတ်တံခါးကို သံကြိုးနဲ့သော့ခတ်ထားတယ်။ စင်္ကာပူမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ မှတ်ပုံတင်ကို ရုပ်သိမ်းလိုက်ပြီဆိုတဲ့ ကြော်ငြာကပ်ထားတယ်။ ကျွန်တော်တို့လုပ်ငန်း ပိတ်ပင်ခံလိုက်ရပြီ။ *

ဝတ်ပြုရာခန်းမကို ပိတ်ပင်လိုက်ပေမဲ့ ယေဟောဝါကိုဝတ်ပြုကိုးကွယ်မှုကတော့ မရပ်တန့်ခဲ့ပါဘူး။ ဒါပေမဲ့ ‘ငါ့မိသားစုအတွက် ဘုရားသခင် ဘာများအလိုရှိသလဲ’ ဆိုပြီး ကျွန်တော်တွေးမိတယ်။ အကယ်၍ ကျွန်တော်တို့သာ စင်္ကာပူကနေ ပြည်နှင်ခံရမယ်ဆိုရင် ဒီမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဆီ ဘယ်တော့မှပြန်လာခွင့်ရမှာမဟုတ်ဘူးလို့ ကျွန်တော်ယူဆမိတယ်။ ဒါကြောင့် ကျွန်တော့်ကုမ္ပဏီမန်နေဂျာဆီသွားပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ အလုပ်သွားလုပ်လို့ရမရ မေးကြည့်တယ်။ အဲဒီမှာအလုပ်ရမယ်ဆိုရင် ကျွန်တော်တို့မိသားစု အခက်အခဲမရှိဘဲ နိုင်ငံကိုဝင်ထွက်နိုင်မယ်။ အံ့ဩစရာက ကွာလာလမ်ပူရုံးမှာ မန်နေဂျာအဖြစ် အလုပ်ပေးမယ်လို့ ကမ်းလှမ်းခံရတယ်။ လစာက နှစ်ဆ၊ တခြားအခွင့်အရေးတွေလည်း ရဦးမယ်။

ဒါပေမဲ့ ‘စင်္ကာပူနဲ့ ဒီမှာရှိတဲ့ညီအစ်ကိုညီအစ်မတွေဆီက ပြောင်းရွှေ့သွားဖို့ ဘုရားသခင်အလိုရှိရဲ့လား’ ဆိုပြီး ကျွန်တော်ပြန်တွေးကြည့်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မိသားစုလိုက် ယေဟောဝါကိုဆုတောင်းခဲ့ကြတယ်။ ကျွန်တော်တို့ကို ဒီကိုရောက်အောင် ပို့ဆောင်ခဲ့တာက ယေဟောဝါပဲ။ ဒါကြောင့် ဒီမှာပဲဆက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလောက်ကောင်းတဲ့ကမ်းလှမ်းချက်ကို ကျွန်တော်လက်မခံတဲ့အတွက် မန်နေဂျာက အံ့အားသင့်နေတယ်။

ပိတ်ပင်မှုအောက် နေထိုင်လုပ်ဆောင်ရတာ တကယ့်ကိုစိတ်ဖိစီးစရာပဲ။ ဖမ်းဆီးခံရ၊ ထောင်ချခံရမှာကိုပဲ မပြတ်သတိထားနေရတယ်။ ဒါပေမဲ့ ‘ထာဝရဘုရားသခင်ကို ကြောက်ရွံ့သောသူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ၏’ ဆိုတဲ့ ဆာလံ ၃၄:၇ ပါစကားတွေကို လေးမြတ်စေတဲ့ အချိန်အခါတွေပါပဲ။

တာဝန်ခန့်အပ်ချက်အသစ်

နောက်ဆုံးတော့ စင်္ကာပူမှာ ၄၆ နှစ်ကျော်အမှုဆောင်ပြီးတဲ့နောက် ၁၉၉၃ ခုနှစ်မှာ နယူးဇီလန်ကို ပြောင်းရွှေ့အမှုဆောင်ဖို့ တောင်းဆိုခံရတယ်။ အဲဒီမှာတော့ ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေ သိပ်မရှိဘဲ အမှုဆောင်နိုင်မယ်။ စင်္ကာပူမှာရှိတဲ့ သိပ်ချစ်ရတဲ့မိတ်ဆွေတွေနဲ့ ခွဲခွာရမှာကိုတော့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့ သူတို့ရဲ့ယုံကြည်ခြင်းက မီးခံပစ္စည်းနဲ့တည်ဆောက်ထားတဲ့ ခိုင်ခံ့တဲ့အုတ်မြစ်ပေါ် အခြေပြုထားတယ်ဆိုတာ သိရတာက အားရှိစရာပဲ။ အဲဒါက သူတို့ဆက်ရင်ဆိုင်သွားရမယ့် စမ်းသပ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်စေနိုင်တယ်။—၁ ကောရိန္သု ၃:၁၂-၁၄

အခု နယူးဇီလန်မှာ ၁၄ နှစ်ကျော်နေခဲ့ပြီးတဲ့နောက် အီလင်းနဲ့ကျွန်တော် အသက်တွေကြီးနေပေမဲ့ အထူးရှေ့ဆောင်တွေအဖြစ် အမှုဆောင်နေတုန်းပဲ။ ကျွန်တော့်အစ်ကိုနှစ်ယောက်ဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ်မိုက်နဲ့ အသက် ၉၀ အရွယ်ပီတာတို့လည်း ကနေဒါမှာ ယေဟောဝါရဲ့အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေဆဲဖြစ်တယ်။

၁၉၉၈ ခုနှစ်မှာ ကျွန်တော်တို့ရဲ့သမီးလေး ဂျူဒီလည်း အရှေ့တိုင်းကိုပြောင်းရွှေ့ပြီး နှစ်ပေါင်းများစွာ အမှုဆောင်ခဲ့တယ်။ “ဒီမှာ အမှုဆောင်ရတဲ့အခွင့်ထူးအတွက် ယေဟောဝါကို နေ့တိုင်းကျေးဇူးတင်တယ်။ သမီးကို မေတ္တာနဲ့လေ့ကျင့်သွန်သင်ပေးပြီး ကိုယ်ကျိုးစွန့်ခဲ့တာတွေ၊ ဒီလိုဆက်အမှုဆောင်နိုင်ဖို့ ကိုယ်ကျိုးစွန့်နေတာတွေအတွက် အဖေနဲ့အမေတို့ကို ကျေးဇူးတင်ပါတယ်” လို့ ကျွန်တော်တို့ဆီစာရေးခဲ့တယ်။ သမီးက အီလင်းနဲ့ကျွန်တော့်ကို ကူညီဖို့ ၂၀၀၃ ခုနှစ်မှာ နယူးဇီလန်ကို ပြန်ပြောင်းရွှေ့လာတယ်။ *

ရိတ်သိမ်းခြင်းလုပ်သားတွေကို ဖိတ်ခေါ်နေတဲ့ ကမ်းလှမ်းချက်ကို လက်ခံဖို့ ကျွန်တော်တို့အခြေအနေက ခွင့်ပြုတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်ပါတယ်။ ဒီအတွက်ကြောင့် မပြောပြနိုင်လောက်အောင် ဝမ်းမြောက်ခဲ့ရတယ်။ ကျမ်းစာမှာပြောထားတဲ့အတိုင်း ဒီလောက “ရွေ့သွားကွယ်ပျောက်” ချိန်မှာ ‘ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်၏’ ဆိုတဲ့ ဘုရားသခင်ရဲ့ကောင်းမြတ်လှတဲ့ကတိတော် ပြည့်စုံတာကို ကျွန်တော်တို့ မြင်တွေ့ခံစားခွင့်ရမှာဖြစ်တယ်။—၁ ယောဟန် ၂:၁၇

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 25 ၁၉၇၂၊ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၄၁-၉ ကိုရှု[လိပ်]။

^ အပိုဒ်၊ 32 ဤဆောင်းပါးကို အပြီးသတ်နေချိန် ၂၀၀၈၊ ဇန်နဝါရီ ၂၄ ရက်တွင် ညီအစ်မအီလင်း ကွယ်လွန်ခဲ့သည်။

[စာမျက်နှာ ၂၉ ပါပုံစာ]

၁၉၄၇ တွင် ကျွန်တော်တို့စင်္ကာပူသို့ရောက်စဉ်က ဂျော်ရှဝါသည် တစ်ဦးတည်းသော သက်သေခံဖြစ်

[စာမျက်နှာ ၂၉ ပါပုံစာ]

၁၉၄၇ ၌ စင်္ကာပူသို့အသွား၊ ဟောင်ကောင်တွင် ဒေးဗ်ဖာမာနှင့်အတူ

[စာမျက်နှာ ၂၉ ပါပုံစာ]

၁၉၅၈ တွင် အီလင်းနှင့်အတူ

[စာမျက်နှာ ၃၁ ပါပုံစာ]

ကျွန်တော်တို့၏သမီး ဂျူဒီနှင့်အတူ

[စာမျက်နှာ ၂၈ ပါအသိအမှတ်ပြုစာ]

Kimroy Photography

[စာမျက်နှာ ၂၈ ပါပုံစာ]

Kimroy Photography