မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဒီည စခန်းချမီးပုံဘေးမှာ ထိုင်ဖတ်မယ်”

“ဒီည စခန်းချမီးပုံဘေးမှာ ထိုင်ဖတ်မယ်”

ဩစတြေးလျမှ စာတစ်စောင်

“ဒီည စခန်းချမီးပုံဘေးမှာ ထိုင်ဖတ်မယ်”

သြစတြေးလျရဲ့ ဝေးခေါင်တဲ့ဒေသလို့ပြောလိုက်တာနဲ့ ပူလောင်ခြောက်သွေ့တဲ့ကန္တာရ၊ ချစ်ချစ်တောက်အပူချိန်နဲ့ ကျယ်ပြောလှတဲ့လွင်တီးခေါင်တွေကို သတိရမိမယ်။ ဒါပေမဲ့ ဒီကုန်းတွင်းပိုင်းဒေသက လူ ၁၈၀,၀၀၀ ခန့်ရဲ့ဇာတိမြေဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ ၁ ရာခိုင်နှုန်းလောက်ရှိတယ်။

ယေဟောဝါသက်သေတွေဖြစ်တဲ့ ကျွန်တော့်မိဘတွေက ကျွန်တော်ငယ်ငယ်တုန်းက ဝေးခေါင်တဲ့ဒေသတွေမှာဟောပြောဖို့ ကျွန်တော့်ကိုခေါ်သွားဖူးတယ်။ ဒီဒေသရဲ့အပြောကျယ်မှုနဲ့ ကျောက်တောင်တွေရဲ့အလှက ကျွန်တော့်စိတ်ကူးကို လှုံ့ဆော်ပေးခဲ့တယ်။ ကျန်းမာသန်စွမ်းပြီး ခပ်အေးအေးနေတတ်တဲ့ ဒေသခံတွေကိုလည်း ချစ်တတ်လာတယ်။ အခု ကျွန်တော့်ဇနီး၊ ၁၀ နှစ်နဲ့ ၁၂ နှစ်အရွယ်စီရှိတဲ့ သမီးနဲ့သားကိုလည်း အဲဒီအတွေ့အကြုံမျိုးရစေချင်တယ်။

ခရီးအတွက်စီစဉ်ခြင်း

ဦးဆုံး ဘယ်လောက်ဝေးဝေး သွားနိုင်မလဲ၊ ဘယ်လောက်ကြာကြာသွားနိုင်မလဲ စတဲ့ကုန်ကျစရိတ်ကို ကျွန်တော်တို့ တွက်ချက်ခဲ့ကြတယ်။ ကျွန်တော်တို့အသင်းတော်က မောင်နှံတစ်စုံနဲ့ အချိန်ပြည့်အမှုဆောင်နှစ်ယောက်လည်း ကျွန်တော်တို့နဲ့အတူလိုက်မယ်လို့ပြောတယ်။ ဒါနဲ့ ကျောင်းတွေပိတ်တဲ့နှစ်လယ်လောက်မှာ ခရီးထွက်ဖို့ စီစဉ်ခဲ့ကြတယ်။ ပြီးတဲ့နောက် ဆစ်ဒနီမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးကို စာရေးပြီး ရပ်ကွက်တစ်ခုခန့်အပ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ကျွန်တော်တို့နေတဲ့ ဘရစ္စဘိန်းရဲ့အနောက်ဘက် မိုင် ၂၅၀ လောက်မှာရှိတဲ့ ဂွန်ဒီဝင်ဒီဆိုတဲ့ ဝေးခေါင်တဲ့ကျေးလက်မြို့လေးမှာ ဟောပြောဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။

ဂွန်ဒီဝင်ဒီမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တစ်ခုရှိတယ်လို့ သိလိုက်ရတယ်။ အဲဒါက ထပ်ဆင့်ကောင်းချီးပဲ။ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေနဲ့ ဆုံတွေ့ရတာ ကျွန်တော့်တို့ခရီးစဉ်မှာ အထူးခြားဆုံးဖြစ်လိမ့်မယ်။ ကျွန်တော်တို့လာမယ်ဆိုတာ အသင်းတော်ကို ကြိုအသိပေးလိုက်တယ်။ သူတို့ အားတက်သရောတုံ့ပြန်တဲ့အတွက် ကျွန်တော်တို့အလာကို မျှော်နေတယ်ဆိုတာ သိလိုက်ရတယ်။

ခရီးမထွက်ခင် ကျွန်တော်တို့အုပ်စုက ဝေးခေါင်တဲ့ဒေသကလူတွေကို ဘယ်လိုသတင်းကောင်းဟောမလဲဆိုတာကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့် ကျွန်တော်တို့တွေ့ဆုံမယ့် အဘော်ရီဂျင်နီတိုင်းရင်းသားလူမျိုးတိုင်းရဲ့ ယဉ်ကျေးမှုထုံးစံတွေကို လေးစားဖို့လိုတယ်။ ဥပမာ၊ တချို့အနွယ်တွေက သူတို့ဒေသဟာ သူတို့ရဲ့ပိုင်နက်ဖြစ်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် သူတို့ဒေသကို မဖိတ်ခေါ်ဘဲသွားမယ်ဆိုရင် ရိုင်းစိုင်းရာကျတယ်။

ဝေးခေါင်သောဒေသသို့

နောက်ဆုံးတော့ နေ့ကြီးနေ့ကောင်းရောက်လာပြီ။ ကျွန်တော်တို့ရဲ့ကားနှစ်စီးပေါ် လူနဲ့ရိက္ခာပစ္စည်းတွေတင်ပြီး ဂွန်ဒီဝင်ဒီကိုစထွက်လာကြတယ်။ ပထမတော့ စိုက်ပျိုးထားတဲ့လယ်ကွင်းတွေတွေ့ရတယ်။ ဆက်သွားရင်း စိမ်းစိုတဲ့မြက်ခင်းပြင်တွေနဲ့ ယူကလစ်ပင်တွေကို တွေ့ခဲ့ရတယ်။ ဆောင်းရာသီရဲ့နေခြည်နွေးနွေးကလေးက တိမ်ကင်းစင်တဲ့ကောင်းကင်မှာ လင်းလက်နေတယ်။ နာရီပေါင်းများစွာ မောင်းနှင်ပြီးတဲ့နောက်မှာတော့ ဂွန်ဒီဝင်ဒီကိုရောက်လာကြပြီး ယာဉ်ရပ်နားရမယ့်နေရာမှာရှိတဲ့ အခန်းလေးမှာ ညအိပ်စခန်းချလိုက်တယ်။

နောက်တစ်နေ့ တနင်္ဂနွေနေ့ရဲ့ ကြည်လင်လန်းဆန်းတဲ့မနက်ခင်းက ဟောပြောဖို့အတွက် အကောင်းဆုံးရာသီဥတုပဲ။ နွေရာသီရောက်ရင်တော့ အပူချိန်က ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော်လေ့ရှိတယ်။ ကျွန်တော်တို့ ဦးဆုံးရပ်နားတဲ့နေရာကတော့ မိုင် ၂၀ လောက်ဝေးတဲ့ အဘော်ရီဂျင်နီတွေရဲ့ ရပ်ကွက်လေးပဲ။ အသက်ကြီးပြီး ဆံပင်ဖြူနေတဲ့ ဂျဲနီဆိုတဲ့ ရပ်ကွက်လူကြီးဆီ အရင်ဆုံးသွားခဲ့ကြတယ်။ အဲဒီအမျိုးသမီးက ကျွန်တော်တို့ရဲ့တင်ဆက်မှုကို ဂရုတစိုက်နားထောင်ပြီး ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ်ကို လက်ခံခဲ့တယ်။ * ပြီးတဲ့နောက် ရပ်ကွက်ထဲဝင်ဟောဖို့ ဖိတ်ခေါ်တယ်။

ဒေသခံကလေးတွေက ကျွန်တော်တို့ရောက်လာတာကို ကြေညာဖို့ အရှေ့ကနေ အရင်ပြေးသွားကြတယ်။ ကျွန်တော်တို့ဆုံတွေ့တဲ့အိမ်ရှင်တိုင်းက သတင်းကောင်းကို တလေးတစားနားထောင်ပြီး ကျမ်းစာစာပေတွေလက်ခံကြတယ်။ သိပ်မကြာခင်မှာပဲ စာပေတွေကုန်သွားပြီး အသင်းတော်အစည်းအဝေးတက်ဖို့ မြို့ကိုပြန်ခဲ့ကြတယ်။ အခုမတွေ့လိုက်နိုင်တဲ့သူတွေဆီ ပြန်လာမယ်ဦးလို့ မပြန်ခင် ကျွန်တော်တို့ ကတိပေးခဲ့တယ်။

အဲဒီနေ့မွန်းလွဲပိုင်း ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ညီအစ်ကိုညီအစ်မတွေရဲ့ နှုတ်ဆက်စကားပြောသံတွေ ဆူညံနေပြီး အချင်းချင်းလည်း ခင်မင်သွားကြတယ်။ ဒေသခံသက်သေခံ ၂၅ ယောက်က ကျေးလက်ဒေသရဲ့ စတုရန်းမိုင် ၁၁,၅၀၀ တစ်လျှောက်မှာ ပျံ့နှံ့နေတဲ့ လူ ၁၁,၀၀၀ ကျော်ကို သစ္စာရှိရှိ သတင်းကောင်းဟောပြောနေကြတယ်။ “ဒီကိုလာပြီး ကျွန်တော်တို့ကိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး သက်သေခံတစ်ယောက်ကပြောတယ်။ အစည်းအဝေးပြီးတော့ ကျွန်တော်တို့အားလုံး အဆာပြေစားသောက်ခဲ့ကြတယ်။ ကျွန်တော်တို့ ညအိပ်ရာမဝင်ခင် စခန်းချတဲ့နေရာနားမှာ ရစ်သီရစ်သီလုပ်နေတဲ့ ပေါ့ဆမ်သားပိုက်ကောင်တွေကို အစာကျွေးခဲ့သေးတယ်။

“ဒီည စခန်းချမီးပုံဘေးမှာ”

နောက်နှစ်ရက်အထိ ကွင်းစလန်နဲ့ နယူးဆောက်ဝေးလ်နယ်စပ်တစ်လျှောက်မှာ ပြန့်ကျဲနေတဲ့ ဝေးခေါင်တဲ့ဒေသတွေကို သွားဟောခဲ့ကြတယ်။ ကျေးလက်ဒေသအများစုမှာတော့ ခြောက်သွေ့နေတဲ့ယူကလစ်ပင်တွေရှိပြီး အဲဒီအပင်တွေကြားမှာ သိုးနွားတွေ ကျက်စားနိုင်တဲ့ မြက်ခင်းတွေရှိတယ်။ လမ်းတစ်လျှောက်မှာ သားပိုက်ကောင်တွေအများကြီးတွေ့ရတယ်၊ သူတို့က ကျွန်တော်တို့အသံကိုနားထောင်ရင်း နားရွက်ကလေးတွေကို လှုပ်လေ့ရှိတယ်။ အဝေးက ဖုန်ထူတဲ့မြင်းစားကျက်ခြံတွေမှာ လှပတဲ့အီမျူးငှက်တွေ တစ်လှမ်းချင်းဖြတ်သွားနေတာလည်း တွေ့ရတယ်။

အင်္ဂါနေ့မွန်းလွဲပိုင်းမှာ လမ်းပေါ်မှာဖြည်းဖြည်းချင်းသွားနေတဲ့ နွားအုပ်ကြီးတစ်အုပ်ကို တွေ့ခဲ့တယ်။ လခစားနွားကျောင်းသားတွေက အထူးသဖြင့် မိုးခေါင်ခြောက်သွေ့တဲ့အချိန်တွေမှာ ဒီဒေသကိုဖြတ်ပြီး သိုးနွားတွေကို ခေါ်သွားကြရတယ်။ ခဏကြာတော့ မြင်းပေါ်က အသက်ကြီးကြီးနွားကျောင်းသားကို ကျွန်တော်တို့ဖြတ်ကျော်ခဲ့ကြတယ်။ ဒါနဲ့ ကားရပ်ပြီး ကျွန်တော်သွားနှုတ်ဆက်လိုက်တယ်။ “မင်္ဂလာပါ” လို့သူပြန်နှုတ်ဆက်တယ်။ ပြီးတော့ သူ့ရဲ့နွားကျောင်းခွေးနဲ့အတူရပ်ပြီး ကျွန်တော်တို့ကို စကားပြောတယ်။

မိုးခေါင်တဲ့အကြောင်း ခဏပြောပြီးတော့ ကျွန်တော် သတင်းကောင်းစဟောတယ်။ “ငါကလေးဘဝကတည်းက ကျမ်းစာအကြောင်းကို ဘာလို့ တစ်ခါမှမကြားဖူးတာလဲ” လို့ သူအံ့သြတကြီးပြောလိုက်တယ်။ လောကရဲ့ကိုယ်ကျင့်တရား ကျဆင်းနေတဲ့အတွက် ဘာသာရေးခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ သူယူဆနေတယ်။ ဒါပေမဲ့ ကျမ်းစာကိုတော့ အရမ်းလေးစားတယ်။ ကျမ်းစာကောင်းကောင်းဆွေးနွေးပြီးတဲ့နောက် သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း * ဆိုတဲ့စာအုပ်ကို ကျွန်တော်ဝေငှခဲ့တယ်။ စာအုပ်ကို အိတ်ကပ်ထဲသေချာထည့်ပြီး “ဒီစာအုပ်က ကျမ်းစာသွန်သင်ရာကို တကယ်ပြောပြတယ်ဆိုရင် ဒီည စခန်းချမီးပုံဘေးမှာထိုင်ဖတ်မယ်” လို့ပြောတယ်။

အိမ်အပြန်ခရီး

အဲဒီည ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ညီအစ်ကိုညီအစ်မတွေကို ကျွန်တော်တို့ရဲ့တွေ့ကြုံမှုတွေ ပြောပြကြတယ်။ ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ စိတ်ဝင်စားသူတွေဆီ ပြန်သွားပေးမယ်လို့ သူတို့ကတိပေးတယ်။ အစည်းအဝေးပြီးသွားတော့ နှုတ်ဆက်စကားပြောမထွက်လောက်အောင် ဝမ်းနည်းမိတယ်။ ကျွန်တော်တို့ကြားမှာ တကယ့်ရင်းနှီးမှုနှောင်ကြိုး ရှိနေပြီလေ။ အပြန်အလှန်အားပေးမှုကြောင့် ကျွန်တော်တို့အားလုံး အကျိုးခံစားခဲ့ရတယ်။—ရောမ ၁:၁၂

နောက်နေ့မှာ အိမ်ပြန်ခဲ့ကြတယ်။ ခရီးစဉ်အကြောင်း ပြန်တွေးကြည့်ရင် ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကြွယ်ဝစွာကောင်းချီးပေးခဲ့တာ သေချာတယ်။ ယေဟောဝါနဲ့ပိုရင်းနှီးလာတယ်လို့ ခံစားခဲ့ရတယ်။ အိမ်ပြန်ရောက်တော့ “နောက်တစ်ခေါက် အားလပ်ရက်ကို ဘယ်သွားချင်သလဲ၊ တောင်တန်းတွေဆီသွားချင်သလား” လို့ ကလေးတွေကိုမေးကြည့်တယ်။ သူတို့က “မသွားချင်ဘူး၊ ဝေးခေါင်တဲ့ဒေသကိုပဲ ပြန်သွားဟောရအောင်” လို့ဖြေကြတယ်။ ကျွန်တော့်ဇနီးကလည်း “ဟုတ်တယ်၊ အဲဒီကိုပဲ ပြန်သွားကြရအောင်။ အဲဒါက သွားခဲ့သမျှမှာ အကောင်းဆုံးအားလပ်ရက်ပဲ” လို့ပြောခဲ့တယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 11 ယေဟောဝါသက်သေများထုတ်ဝေသည်။

^ အပိုဒ်၊ 17 ယေဟောဝါသက်သေများ ထုတ်ဝေသည်။