မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောဧခေတ်ရေလွှမ်းမိုးဘေးသည် အမှန်တကယ် ကမ္ဘာချီဖြစ်ပျက်ခဲ့သလော

နောဧခေတ်ရေလွှမ်းမိုးဘေးသည် အမှန်တကယ် ကမ္ဘာချီဖြစ်ပျက်ခဲ့သလော

စာရှုသူများအမေး

နောဧခေတ်ရေလွှမ်းမိုးဘေးသည် အမှန်တကယ် ကမ္ဘာချီဖြစ်ပျက်ခဲ့သလော

နောဧခေတ်ရေလွှမ်းမိုးဘေးသည် လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ကျော်တွင် ဖြစ်ပျက်ခဲ့သည်။ ထို့ကြောင့် ယင်းကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ပြီး လွတ်မြောက်ခဲ့သူတစ်ဦးမျှ ကမ္ဘာပေါ်တွင် သက်ရှိထင်ရှားမရှိတော့ပေ။ သို့သော် ယင်းနှင့်ပတ်သက်၍ ရေးသားထားသောမှတ်တမ်းရှိပါသည်။ ထိုအချိန်ရှိ အမြင့်ဆုံးတောင်ကို ရေဖုံးလွှမ်းသွားသည်ဟု ထိုမှတ်တမ်းက ဖော်ပြသည်။

သမိုင်းမှတ်တမ်းတစ်ခုက ဤသို့ဆိုသည်– ‘ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး ဖြစ်လေ၏၊ . . . နောက်တစ်ဖန် ရေသည် မြေကြီးပေါ်မှာအလွန်အားကြီးသဖြင့် မိုးကောင်းကင်အောက်၌ရှိသမျှသော တောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။ ရေမြုပ်သောတောင်တို့အထက်၌ လွှမ်းတက်သောရေသည် ဆယ့်ငါးတောင် [၂၂ ပေခန့်] ရှိသတည်း။’—ကမ္ဘာဦး ၇:၁၇-၂၀

ကမ္ဘာတစ်ခုလုံးကို ရေလွှမ်းမိုးသည့်အကြောင်းသည် ဒဏ္ဍာရီလော သို့မဟုတ် ချဲ့ကားပြောခြင်းလောဟု အချို့တွေးမိပေမည်။ ထိုသို့လုံးဝမဟုတ်ပါ။ အမှန်မှာ ကမ္ဘာ့မျက်နှာပြင်အတော်များများကို ရေများလွှမ်းမိုးထားဆဲဖြစ်သည်။ ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်းမှာ ပင်လယ်ရေဖြစ်သည်။ ထို့ကြောင့် အမှန်အားဖြင့် ရေလွှမ်းမိုးထားဆဲဖြစ်သည်။ ရေခဲမြစ်များနှင့် ဝင်ရိုးစွန်းရေခဲပြင်များသာ အရည်ပျော်လာပါက နယူးယောက်နှင့် တိုကျိုကဲ့သို့သောမြို့များကို ဖုံးလွှမ်းသွားသည့်အထိ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပေမည်။

အမေရိကန်ပြည်ထောင်စု၏ အနောက်မြောက်ပိုင်းဒေသကို လေ့လာနေသော ဘူမိဗေဒပညာရှင်များက ထိုနေရာတွင် ကြာမြင့်သောအချိန်များတစ်လျှောက် ကြောက်မက်ဖွယ်ရေလွှမ်းမိုးမှု ၁၀၀ ကျော်ဖြစ်ခဲ့သည်ဟု ယုံကြည်ကြသည်။ ထိုသို့သောရေလွှမ်းမိုးမှုတစ်ခုတွင် ရေနံရံသည် အမြင့်ပေ ၂,၀၀၀ ရှိပြီး တစ်နာရီလျှင် ၆၅ မိုင်နှုန်းဖြင့် ထိုဒေသတစ်လျှောက်ကို ရိုက်ခတ်ခဲ့သည်ဟုဆိုကြသည်။ ယင်းမှာ ရေတန်ချိန်သန်းပေါင်း နှစ်သန်းကျော်ရှိသည့် ရေလွှမ်းမိုးမှုဖြစ်သည်။ ထပ်တူရှာဖွေတွေ့ရှိမှုများကြောင့် ကမ္ဘာချီရေလွှမ်းမိုးဘေး ဖြစ်နိုင်ခြေရှိသည်ဟု သိပ္ပံပညာရှင်များ ယူဆကြသည်။

သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်မြွက်တော်အဖြစ် ယုံကြည်သူများအတွက်မူ ကမ္ဘာချီရေလွှမ်းမိုးဘေးသည် ဖြစ်နိုင်ခြေတစ်ခုထက်မကပေ။ ယင်းသည် ဖြစ်ရပ်မှန်ဖြစ်၏။ ‘ကိုယ်တော်၏နှုတ်မြွက်တော်သည် သမ္မာတရားဖြစ်ပါ၏’ ဟုဘုရားသခင်ကို ယေရှုဆိုခဲ့၏။ (ယောဟန် ၁၇:၁၇) “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ဘုရားသခင်အလိုတော်ရှိ၏ဟု တမန်တော်ပေါလုရေးခဲ့သည်။ (၁ တိမောသေ ၂:၃၊ ၄) ဘုရားသခင်၏နှုတ်မြွက်တော်တွင် ဒဏ္ဍာရီများပါဝင်ပါက ဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များနှင့်ပတ်သက်သည့် အမှန်တရားအကြောင်း ယေရှု၏နောက်လိုက်များကို ပေါလု မည်သို့သွန်သင်ပေးနိုင်မည်နည်း။

ယေရှုသည် ရေလွှမ်းမိုးဘေးဖြစ်ခဲ့သည်ဟု ယုံကြည်ရုံမက ကမ္ဘာချီဖြစ်ပျက်ခဲ့သည်ဟုလည်း ယုံကြည်၏။ မိမိရောက်ရှိချိန်နှင့် ဤအစီအစဉ်စနစ်အဆုံးတွင် ဖြစ်ပျက်မည့်အရာတို့ကို နောဧခေတ်တွင် ဖြစ်ပျက်ခဲ့ရာများနှင့်နှိုင်းယှဉ်ကာ ကိုယ်တော်ပရောဖက်ပြုခဲ့သည်။ (မဿဲ ၂၄:၃၇-၃၉) တမန်တော်ပေတရုလည်း နောဧခေတ်ရေလွှမ်းမိုးဘေးအကြောင်း ဤသို့ရေးခဲ့သည်– ‘ဖြစ်ဖူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့်လွှမ်းမြှုပ်၍ဖျက်ဆီးလေ၏။’—၂ ပေတရု ၃:၆

နောဧနှင့်ရေလွှမ်းမိုးဘေးသာ ဒဏ္ဍာရီဖြစ်ပါက နောက်ဆုံးကာလတွင် အသက်ရှင်နေသူများအတွက် ပေတရုနှင့်ယေရှု၏ သတိပေးချက်များမှာ အဓိပ္ပာယ်ရှိမည်မဟုတ်ပေ။ ထို့ပြင် ယင်းသည် သတိပေးချက်တစ်ရပ်ဖြစ်မည့်အစား ကျမ်းစာသတိပေးချက်နှင့်ပတ်သက်သည့် လူတစ်ဦး၏နားလည်မှုကို ရှုပ်ထွေးစေပြီး နောဧခေတ်ရေလွှမ်းမိုးဘေးထက် သာ၍ကြီးမားသောဘေးဒုက္ခတွင် ကယ်တင်ခံရမည့်အခွင့်အလမ်း နည်းပါးစေလိမ့်မည်။—၂ ပေတရု ၃:၁-၇

လူတို့အား ဆက်၍ကရုဏာပြရသည့်အကြောင်းကို မိန့်ဆိုရာတွင် ဘုရားသခင် ဤသို့ဆို၏– “နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည်မှတ်၍ ထိုရေသည် မြေကြီးကို နောက်တစ်ဖန်မလွှမ်းမိုးရဟု ကျိန်ဆိုခြင်းကိုပြုသည်နည်းတူ သင့်ကိုအမျက်မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကိုပြုပြီ။” ထို့ကြောင့် နောဧခေတ်ရေလွှမ်းမိုးဘေးသည် ကမ္ဘာချီဖြစ်ပျက်ခဲ့သည်မှာ သေချာသကဲ့သို့ ဘုရားသခင်သည် မိမိအားယုံကြည်ကိုးစားသူတို့ကို မေတ္တာကရုဏာပြမည်မှာ သေချာသည်။—ဟေရှာယ ၅၄:၉