မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခဲ့—ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်

နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခဲ့—ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်

နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့ခဲ့—ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်

ရေးကြီးသတင်းများ ကြားခဲ့ချိန်ကို ကျွန်ုပ်တို့အများစု မှတ်မိတတ်ကြသည်။ ထိုအချိန်တွင် ကျွန်ုပ်တို့အဘယ်နေရာ၌ရှိနေပြီး ဘာလုပ်နေသည်ကိုသာမက တုံ့ပြန်လိုက်ပုံ အသေးစိတ်အချက်အလက်များကို မှတ်မိကြသည်။ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်ထံမှ သတင်းများကြားရသောနေ့ကို နောဧလုံးဝမှတ်မိမည်မှာ သေချာသည်။ အဘယ်သတင်းများက ယင်းထက်ပို၍အရေးကြီးနိုင်ပါမည်နည်း။ “လူအပေါင်း” ကိုဖျက်ဆီးရန် ဆုံးဖြတ်ထားကြောင်း သူ့ကို ယေဟောဝါပြောပြသည်။ နောဧသည် မိမိနှင့်မိသားစုအပြင် တိရစ္ဆာန်အမျိုးမျိုးတို့ လွတ်မြောက်နိုင်ရန် အလွန်ကြီးမားသောသင်္ဘောကို ဆောက်လုပ်ရမည်ဖြစ်၏။—ကမ္ဘာဦး ၆:၉-၂၁

ထိုသတင်းများ ကြားရသောအခါ နောဧ မည်သို့တုံ့ပြန်ခဲ့သနည်း။ သူပျော်ရွှင်သလော သို့မဟုတ် ငြင်းဆိုကန့်ကွက်ခဲ့သလော။ သူ့ဇနီးနှင့်မိသားစုအား ထိုသတင်းများကို မည်သို့ပြောပြခဲ့သနည်း။ သမ္မာကျမ်းစာက မဖော်ပြပါ။ သို့သော် ဘုရားသခင် “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏” ဟုသာဆို၏။—ကမ္ဘာဦး ၆:၂၂

ယင်းသည် အလွန်အရေးကြီးသောအချက်ဖြစ်၏၊ အကြောင်းမှာ ထိုအချက်က နောဧသည် အဘယ်ကြောင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့သောသူဖြစ်ကြောင်းကို ရှင်းပြသောကြောင့်ဖြစ်သည်၊ နောဧသည် ဘုရားသခင်မိန့်မှာထားသောအလုပ်ကို လုပ်ဆောင်လို၏။ (ကမ္ဘာဦး ၆:၈) နောက်ထပ်အဘယ်အချက်များကြောင့်လည်း နောဧကို ဘုရားသခင် စိတ်တော်နှင့်တွေ့ခဲ့သနည်း။ အဖြေမှာ အရေးကြီး၏၊ အကြောင်းမှာ ဆိုးသွမ်းသောကမ္ဘာကို ဘုရားသခင်ထပ်မံသန့်စင်ချိန်တွင် ကျွန်ုပ်တို့ကယ်တင်ခံရရန် နောဧကိုတုပရမည်ဖြစ်သောကြောင့်တည်း။ သို့သော် ရေလွှမ်းမိုးဘေးမတိုင်မီ နောဧ၏အသက်တာ မည်သို့ရှိခဲ့သည်ကို ဦးစွာသုံးသပ်ကြည့်ကြစို့။

နတ်ဆိုးများ ကမ္ဘာပေါ်ရောက်လာ

နောဧသည် လူ့သမိုင်းအစပိုင်းတွင် အသက်ရှင်ခဲ့သူဖြစ်သည်။ ပထမလူယောက်ျားကို ဖန်ဆင်းပြီးနောက် အနှစ်တစ်ထောင်ခန့်တွင် သူမွေးဖွားလာသည်။ ထိုခေတ်ရှိလူတို့သည် ယနေ့လူတို့ယူဆသကဲ့သို့ တင်းပုတ်ကိုင်ကာလျှောက်သွားနေသည့် အမွေးထူသော၊ ရိုင်းစိုင်းထုံထိုင်းသော ကျောက်ခေတ်လူသားများမဟုတ်ပါ။ သံနှင့်ကြေးနီများဖြင့် ထုလုပ်ထားသောကိရိယာများရှိပြီး သင်္ဘောဆောက်လုပ်ရာတွင် ယင်းတို့ကို နောဧအသုံးပြုခဲ့ပေမည်။ တူရိယာများလည်းရှိသည်။ လူတို့သည် ထိမ်းမြားကြ၊ သားသမီးမွေးကြ၊ ကောက်ပဲသီးနှံများစိုက်ပျိုးကြကာ တိရစ္ဆာန်များကိုလည်း မွေးမြူကြသည်။ ပစ္စည်းများကိုလည်း ရောင်းဝယ်ကြသည်။ ထို့ကြောင့် ယနေ့ခေတ်နှင့် များစွာတူညီသည်။—ကမ္ဘာဦး ၄:၂၀-၂၂; လုကာ ၁၇:၂၆-၂၈

မတူညီသောအရာများလည်း ရှိပါသည်။ တစ်ခုမှာ ထိုခေတ်မှလူတို့သည် အလွန်အသက်ရှည်ကြ၏။ ထိုစဉ်က လူတစ်ဦး အနှစ် ၈၀၀ ကျော် အသက်ရှင်ခြင်းမှာ မထူးဆန်းပေ။ နောဧသည် နှစ်ပေါင်း ၉၅၀၊ အာဒံသည် ၉၃၀၊ နောဧ၏အဖိုး မသုရှလသည် ၉၆၉ နှစ်အသက်ရှင်ခဲ့၏။ *ကမ္ဘာဦး ၅:၅၊ ၂၇; ၉:၂၈၊ ၂၉

နောက်ခြားနားချက်တစ်ခုကို ကမ္ဘာဦး ၆:၁၊ ၂ တွင် ဤသို့ဖော်ပြ၏– “မြေကြီးမျက်နှာပေါ်မှာ လူတို့သည် များပြား၍ သမီးများကိုလည်းရကြသောအခါ ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍ ကိုယ်စိတ်ရှိသည်အတိုင်းစုံဖက်ကြ၏။” ဘုရားသခင်၏ ထို “သား” တို့သည် ကောင်းကင်တမန်များဖြစ်ပြီး လူ့အသွင်ယူကာ ကမ္ဘာပေါ်တွင် ယောက်ျားများအဖြစ် နေထိုင်သွားလာခဲ့ကြသည်။ ကမ္ဘာမြေပေါ်သို့ သူတို့လာရခြင်းမှာ ဘုရားသခင့်ညွှန်ကြားချက်အရ မဟုတ်သကဲ့သို့ လူ့မိသားစု၏အကျိုးအတွက်လည်း မဟုတ်ပေ။ ယင်းအစား သူတို့သည် မြေကြီးပေါ်ရှိ မိန်းမလှများနှင့် လိင်ဆက်ဆံရန် ကောင်းကင်မှ “မိမိတို့နေရာအရပ်ကိုစွန့်ပစ်” ခဲ့ကြ၏။ သူတို့သည် နတ်ဆိုးများဖြစ်လာကြသည်။—ယုဒ ၆

ပုန်ကန်သော၊ ဖောက်ပြန်ယိုယွင်းနေသော၊ လူ့ထက်သာလွန်သည့် တန်ခိုးနှင့်အသိဉာဏ်ရှိသော ထိုနတ်ဆိုးများသည် လူတို့အပေါ် အလွန်မကောင်းသောသြဇာသက်ရောက်စေ၏။ လူ့အဖွဲ့အစည်းကို သူတို့ထိန်းချုပ်လွှမ်းမိုးထားပုံရသည်။ သူတို့သည် မိမိတို့မည်သူမည်ဝါဖြစ်ကြောင်းနှင့် မိမိတို့လုပ်ငန်းကို ဖုံးကွယ်ထားသော နောက်ကွယ်မှကြိုးကိုင်ခြယ်လှယ်သူ ရာဇဝတ်သမားများကဲ့သို့ လျှို့ဝှက်စွာမလုပ်ဆောင်ကြပေ။ ယင်းအစား ဘုရားသခင့်အစီအစဉ်ကို အရှက်မဲ့စွာ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ပုန်ကန်ကြသည်။

ဘုရားသခင်၏ ထိုကောင်းကင်သားများသည် လူမိန်းမများနှင့်လိင်ဆက်ဆံရာ သာမန်ထက်သန်စွမ်းသောကလေးများ မွေးဖွားလာသည်။ ဟေဗြဲဘာသာစကားဖြင့် သူတို့ကို “နက်ဖလင်” ဟုလူသိများလာသည်။ “ထိုကာလ၌ မြေကြီးပေါ်မှာ ကိုယ်ကြီးမားသောသူ [“နက်ဖလင်၊” ကဘ] အချို့ရှိကြ၏။ ထို့နောက်၌လည်း ဘုရားသခင်၏သားတို့သည် လူသမီးတို့နှင့်ဆက်ဆံ၍ ရသောသားတို့သည် အားကြီးသောသူ၊ ရှေးကာလမှစ၍ ကျော်စောသောသူဖြစ်ကြ၏” ဟုကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၆:၄) နက်ဖလင်တို့သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ “နက်ဖလင်” ဟူသောစကားလုံးသည် အခြားသူများကို “လဲကျစေသူများ” ဟုအဓိပ္ပာယ်ရှိသည်။ သူတို့သည် လူသတ်သမားများဖြစ်ပြီး ရှေးခေတ်ဒဏ္ဍာရီပုံပြင်များက သူတို့၏ရက်စက်ကြမ်းကြုတ်သောအပြုအမူများကို အတုခိုးထားခြင်းဖြစ်နိုင်သည်။

ဖြောင့်မတ်သူများ၏ စိတ်ထိခိုက်မှု

နက်ရှိုင်းစွာအမြစ်တွယ်ပြီး နေရာတကာတွင်ပျံ့နှံ့နေသော ထိုလူမျိုးဆက်၏ ဖောက်ပြန်ယိုယွင်းမှုကို ကျမ်းစာက ဤသို့ဖော်ပြသည်– ‘မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိ . . . ၏။ မြေကြီးသည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်စုံလေ၏။ . . . မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ရောက်ကြပြီ။’—ကမ္ဘာဦး ၆:၅၊ ၁၁၊ ၁၂

ထိုသို့သောလောကတွင် နောဧအသက်ရှင်ခဲ့သည်။ ပတ်ဝန်းကျင်ရှိလူတို့နှင့်ဆန့်ကျင်လျက် နောဧသည် “ဘုရားသခင်နှင့်အတူသွားလာ” သော “ဖြောင့်မတ်သောသူ” ဖြစ်၏။ (ကမ္ဘာဦး ၆:၉) မဖြောင့်မတ်သောလူ့ဘောင်တွင် ဖြောင့်မတ်သူတစ်ဦး အသက်ရှင်ရန်မှာ မလွယ်ကူပေ။ လူတို့ပြောဆိုပြုမူရာကြောင့် နောဧ အလွန်စိတ်ထိခိုက်ခဲ့သည်။ ရေလွှမ်းမိုးဘေးပြီးနောက် အသက်ရှင်ခဲ့သည့် ဖြောင့်မတ်သူတစ်ဦးဖြစ်သူ လောတကဲ့သို့ သူခံစားခဲ့ရပေမည်။ အကျင့်ပျက်သော သောဒုံမြို့သားများကြားတွင် နေထိုင်ခဲ့သည့်လောတသည် “မတရားသောသူတို့၏ ညစ်ညူးသောအကျင့်အားဖြင့် [“အလွန်စိတ်ပျက်၊” ခမ]” ပြီး “မတရားသောသူတို့တွင်နေစဉ်အခါ သူတို့၏မတရားသောအမှုများကို နေ့တိုင်းမပြတ် မျက်စိမြင်လျက်၊ နားကြားလျက်ရှိသဖြင့် မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။” (၂ ပေတရု ၂:၇၊ ၈) နောဧလည်း ထိုနည်းတူဖြစ်ခဲ့သည်။

သင်သည် သတင်းများတွင်ပါသော တုန်လှုပ်ဖွယ်ဖြစ်ရပ်များ သို့မဟုတ် သင့်ဝန်းကျင်ရှိလူတို့၏ တရားမဲ့အပြုအမူများကြောင့် စိတ်ပျက်နေပါသလော။ သို့ဆိုလျှင် နောဧ၏ခံစားချက်ကို သင်နားလည်နိုင်ပါသည်။ ရေလွှမ်းမိုးချိန်တွင် နောဧ၏အသက် ၆၀၀ ရှိသောကြောင့် ထိုနှစ်ပေါင်းတစ်လျှောက် မဖြောင့်မတ်သောလောကတွင် သူခံရပ်ခဲ့ရသည်မှာ မည်မျှခက်ခဲကြောင်း စဉ်းစားကြည့်ပါ။ ယင်း၏အဆုံးကို သူတမ်းတလိုက်မည်ဖြစ်ခြင်း!—ကမ္ဘာဦး ၇:၆

နောဧသည် ကွဲပြားခြားနားရဲသည့်သတ္တိရှိ

နောဧသည် “မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။” (ကမ္ဘာဦး ၆:၉) နောဧသည် သူ၏တစ်ခေတ်တည်းသားများအမြင်တွင် စုံလင်၏ဟု ကျမ်းစာက မဆိုဘဲ သူတို့ ဟု ဆိုထားကြောင်း သတိပြုပါ။ တစ်နည်းအားဖြင့် သူသည် ဘုရားသခင်ရှေ့တွင် စုံလင်သော်လည်း ရေလွှမ်းမိုးဘေးမတိုင်မီခေတ်မှလူတို့အတွက် လူထူးလူဆန်းဖြစ်သည်။ နောဧသည် ရေပန်းစားနေသောသဘောထားကို ငြင်းပယ်ခဲ့မည် သို့မဟုတ် တရားမဲ့သော အပန်းဖြေမှုနှင့် လူမှုရေးလုပ်ဆောင်မှုများတွင် မပါဝင်ဘဲနေခဲ့မည်ကို ကျွန်ုပ်တို့စိတ်ချနိုင်ပါသည်။ သင်္ဘောစတင်ဆောက်လုပ်သောအခါ လူတို့ သူ့ကိုမည်သို့ရှုမြင်မည်ကို စဉ်းစားကြည့်ပါ။ လှောင်ပြောင်ရယ်မောခဲ့ကြပေမည်။ သူပြောဆိုရာကို သူတို့အလေးမထားခဲ့ကြပေ။

ထို့ပြင် နောဧတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသော ဘာသာရေးယုံကြည်ချက်များလည်း ရှိသည်။ ယင်းတို့ကို မိမိတစ်ဦးတည်းအတွက်သာ သိမ်းဆည်းမထားခဲ့ပါ၊ ကျမ်းစာက သူ့ကို “ဖြောင့်မတ်ခြင်းတရားကိုဟောသော နောဧ” ဟုခေါ်ထားသည်။ (၂ ပေတရု ၂:၅) ဆန့်ကျင်မှုကြုံရမည်ဟု နောဧမျှော်လင့်ထားမည်မှာ သေချာသည်။ သူ၏ဘေးဖြစ်သူဧနောက်သည် ဖြောင့်မတ်သောသူဖြစ်ပြီး ဆိုးသွမ်းသူတို့ကို ဘုရားသခင်တရားစီရင်မည်ဟု ကြိုဟောခဲ့သည်။ ဆန့်ကျင်သူများ ဧနောက်ကိုသတ်ရန် ဘုရားသခင် ခွင့်မပြုခဲ့သော်လည်း ထိုသို့ဟောပြောခြင်းကြောင့် သူဖိနှိပ်ညှဉ်းပန်းခံခဲ့ရပုံရှိသည်။ (ကမ္ဘာဦး ၅:၁၈၊ ၂၁-၂၄; ဟေဗြဲ ၁၁:၅; ၁၂:၁; ယုဒ ၁၄၊ ၁၅) စာတန်၊ နတ်ဆိုးများ၊ နက်ဖလင်နှင့် လူအများစုသည် နောဧ၏ဟောပြောခြင်းကို ဂရုမစိုက်သည့်အပြင် ဆန့်ကျင်သောကြောင့် သူသည် ရဲစွမ်းသတ္တိရှိရန်နှင့် ယေဟောဝါ၏ကာကွယ်ပေးနိုင်စွမ်းကို ယုံကြည်ရန် လိုအပ်သည်။

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သူတို့သည် မကိုးကွယ်သူတို့၏ဆန့်ကျင်မှုကို အမြဲတစေကြုံရသည်။ ယေရှုခရစ်နှင့် ကိုယ်တော့်နောက်လိုက်များလည်း အမုန်းခံခဲ့ရသည်။ (မဿဲ ၁၀:၂၂; ယောဟန် ၁၅:၁၈) ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းကို လူကြိုက်မများသော်လည်း ထိုသို့ပြုလုပ်ရန် နောဧသတ္တိရှိခဲ့သည်။ ဘုရားသခင်၏မျက်နှာသာရရှိခြင်းသည် ကိုယ်တော့်ကို ဆန့်ကျင်သူတို့၏ မျက်နှာသာရရှိခြင်းထက် သာ၍အရေးကြီးကြောင်း သူသဘောပေါက်ခဲ့သည်။ ထို့ကြောင့် နောဧကို ဘုရားသခင်စိတ်တော်နှင့်တွေ့ခဲ့ခြင်းဖြစ်၏။

နောဧ သတိပြုခဲ့

ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း နောဧသည် အခြားသူများကို ရဲရင့်စွာဟောပြော၏။ သူဟောသောသတင်းကို လူတို့မည်သို့တုံ့ပြန်သနည်း။ ရေလွှမ်းမိုးဘေးမတိုင်မီခေတ်မှ လူတို့သည် ‘နောဧ သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် . . . စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်။’ သတိပေးချက်ကို သူတို့နားမထောင်ခဲ့ကြပေ။—မဿဲ ၂၄:၃၈၊ ၃၉

ကျွန်ုပ်တို့ခေတ်တွင်လည်း ထိုသို့ဖြစ်မည်ဟု ယေရှုမိန့်ဆို၏။ ယေဟောဝါသည် ဖြောင့်မတ်သောကမ္ဘာသစ် တည်ထောင်မည်ဟူသော မိမိကတိတော်ကို ပြည့်စုံစေရန် ပြင်းထန်စွာအရေးယူလုပ်ဆောင်မည်ဟု ယေဟောဝါသက်သေများ သတိပေးခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီ။ လူသန်းပေါင်းများစွာသည် ယင်းကိုတုံ့ပြန်ခဲ့ကြသော်လည်း သန်းထောင်ပေါင်းများစွာသောသူတို့မှာ သတိမဲ့နေကြသည်။ သူတို့သည် ရေလွှမ်းမိုးဘေး၏ အဖြစ်မှန်နှင့် ထူးခြားမှုကို မှတ်မိချင်သော “စိတ်” မရှိကြပေ။—၂ ပေတရု ၃:၅၊ ၆၊ ၁၃

သို့သော် နောဧမူ သတိပြုခဲ့သည်။ ယေဟောဝါဘုရားသခင် သူ့အားမိန့်တော်မူရာကို သူယုံကြည်သည်။ ထိုနာခံမှုကြောင့် သူကယ်တင်ခံခဲ့ရသည်။ ‘နောဧသည် မမြင်သေးသောအမှုအရာတို့ကိုဖော်ပြသော သတိပေးတော်မူချက်ကိုရပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှာ သင်္ဘောကိုတည်လေ၏’ ဟုတမန်တော်ပေါလုရေးခဲ့သည်။—ဟေဗြဲ ၁၁:၇

တုပရန် ပုံသက်သေ

နောဧတည်ဆောက်ခဲ့သောသင်္ဘောသည် ဘောလုံးကွင်းတစ်ကွင်းထက်ရှည်ပြီး သုံးထပ်တိုက်မျှမြင့်ကာ အလွန်ကြီးမားသည်။ ဆောက်လုပ်ခဲ့သမျှ သစ်သားကိုယ်ထည်သင်္ဘောများတွင် အကြီးဆုံးဖြစ်သည်ဟု ယူဆရသော သင်္ဘောထက် ပေ ၁၀၀ ကျော်ပိုရှည်သည်။ နောဧသင်္ဘောသည် ယခုခေတ်သင်္ဘောပုံစံမဟုတ်ပေ၊ ရေပေါ်ပေါလောပေါ်နေရန်အတွက်သာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဆောက်လုပ်ရေးစွမ်းရည်များ လိုအပ်သည်။ သင်္ဘောအတွင်းနှင့်အပြင်ကိုလည်း ကတ္တရာစေးနှင့်သုတ်လိမ်းရမည်။ ယင်းကိုဆောက်လုပ်ရန် နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပေမည်။—ကမ္ဘာဦး ၆:၁၄-၁၆

ထို့ထက်မကရှိသေးသည်။ နောဧသည် မိသားစုနှင့်တိရစ္ဆာန်တို့အတွက် တစ်နှစ်စာအစားအသောက်များကိုလည်း သိုလှောင်ရမည်။ ရေမလွှမ်းမိုးမီ တိရစ္ဆာန်များကို စုသိမ်းခေါ်ဆောင်လာရမည်။ ယေဟောဝါ “မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။” အစစအရာရာအဆင်သင့်ဖြစ်နေပြီး သင်္ဘော၏တံခါးကို ယေဟောဝါပိတ်လိုက်သောအခါ နောဧ မည်မျှစိတ်သက်သာရာရလိုက်မည်ဖြစ်ခြင်း။—ကမ္ဘာဦး ၆:၁၉-၂၁; ၇:၅၊ ၁၆

ရေလွှမ်းမိုးလေပြီ။ ရက်ပေါင်း ၄၀ တိုင် နေ့ညမပြတ် မိုးရွာခဲ့သည်။ သူတို့အားလုံးသည် ရေကျသွားသည့်တိုင် တစ်နှစ်တိတိ သင်္ဘောထဲတွင် နေခဲ့ရသည်။ (ကမ္ဘာဦး ၇:၁၁၊ ၁၂; ၈:၁၃-၁၆) လူဆိုးအားလုံး ပျက်စီးခဲ့လေပြီ။ နောဧနှင့်သူ့မိသားစုသာ သန့်စင်သောကမ္ဘာတွင် အသက်ရှင်ကျန်ရစ်ခဲ့၏။

နောဧခေတ် ကမ္ဘာချီရေလွှမ်းမိုးဘေးသည် “နောင်၌ . . . ပုံသက်သေ” ဖြစ်မည်ဟု ကျမ်းစာဆို၏။ မည်သည့်နည်းဖြင့်နည်း။ ‘ယခုရှိသောမိုးကောင်းကင်နှင့်မြေကြီးမူကား တရားဆုံးဖြတ်၍ လူဆိုးတို့ကိုဖျက်ဆီးသောနေ့ရက်တိုင်အောင် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလို့ငှာနေရစ်သတည်း’ ဟုကျွန်ုပ်တို့ဖတ်ရသည်။ သို့သော် နောဧခေတ်တွင်ကဲ့သို့ လွတ်မြောက်သူများရှိမည်။ ‘ဘုရားသခင်ဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာ . . . ထာဝရဘုရားသခင်သည် တတ်နိုင်တော်မူ’ ကြောင်း ယုံကြည်စိတ်ချပါ။—၂ ပေတရု ၂:၅၊ ၆၊ ၉၊ ၁၀; ၃:၇

နောဧသည် ဆိုးသွမ်းသောလူမျိုးဆက်ကြားတွင် ဘုရားသခင်ကို ဝတ်ပြုသည့် ဖြောင့်မတ်သောသူဖြစ်၏။ ဘုရားသခင်ကို သူ အကြွင်းမဲ့နာခံခဲ့သည်။ ဖြောင့်မတ်ရာကို လုပ်ဆောင်ပါက ဘုရားသခင်အား ဝတ်မပြုလိုသူတို့၏ အထင်အမြင်သေးမှုနှင့် မုန်းတီးမှုခံရမည်ကို သိသော်လည်း ဖြောင့်မတ်ရာကိုလုပ်ဆောင်ရဲသည့် ရဲစွမ်းသတ္တိရှိခဲ့သည်။ ထိုကဏ္ဍများတွင် နောဧကိုတုပခြင်းဖြင့် ကျွန်ုပ်တို့လည်း ဘုရားသခင့်စိတ်တော်နှင့်တွေ့နိုင်မည်ဖြစ်ပြီး မကြာခင်လာမည့် ကမ္ဘာသစ်အတွင်း ကယ်တင်ခံရမည့်အလားအလာ ရရှိနိုင်ပါလိမ့်မည်။—ဆာလံ ၃၇:၉၊ ၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ၂၀၀၇၊ ဇူလိုင်လထုတ် နိုးလော့! စာမျက်နှာ ၁၃ ပါ “သူတို့သည် အမှန်ပင် ထိုမျှတိုင်အသက်ရှင်ခဲ့သလော” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၅ ပါ ပုံစာ]

ရှေးခေတ်ဒဏ္ဍာရီပုံပြင်များက နက်ဖလင်တို့၏ ရက်စက်ကြမ်းကြုတ်သောအပြုအမူများကို အတုခိုးထားခြင်းဖြစ်နိုင်သည်

[စာမျက်နှာ ၇ ပါ ပုံစာ]

ကျွန်ုပ်တို့သည် နောဧ၏ယုံကြည်ခြင်းကို တုပခြင်းဖြင့် ဘုရားသခင့်စိတ်တော်နှင့်တွေ့နိုင်

[စာမျက်နှာ ၅ ပါ ပုံစာ]

Alinari/Art Resource, Ny