မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ကို ကျွန်ုပ်တို့ဝတ်ပြုပုံသည် အရေးကြီးပါသလော

ဘုရားသခင်ကို ကျွန်ုပ်တို့ဝတ်ပြုပုံသည် အရေးကြီးပါသလော

ဘုရားသခင်ကို ကျွန်ုပ်တို့ဝတ်ပြုပုံသည် အရေးကြီးပါသလော

ဘာသာတရားသည် လူ့သဘောတွင် အရိုးစွဲနေ၏။” လူ့ဝိညာဉ်ရေးသဘောတရားစာအုပ်တွင် ပါမောက္ခအယ်လစ္စတာဟာဒီက ထိုသို့ဖော်ပြခဲ့သည်။ မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုက ယင်းအဆိုကို ထောက်ခံသည်။ ကမ္ဘာ့လူဦးရေ၏ ၈၆ ရာခိုင်နှုန်းခန့်သည် ဘာသာတရားတစ်မျိုးမျိုးကို လိုက်စားသည်ဟုဝန်ခံကြောင်း တွေ့ရှိရသည်။

အဓိကဘာသာကြီး ၁၉ ခုကို လူတို့ယုံကြည်သက်ဝင်ကြပြီး ခရစ်ယာန်ဖြစ်သည်ဟုဆိုသူများတွင် ကွဲပြားသော ဂိုဏ်းဂဏပေါင်း ၃၇,၀၀၀ ရှိကြောင်း ထိုစစ်တမ်းက တွေ့ရှိခဲ့သည်။ ယင်းက ထိုကွဲပြားသည့် ဝတ်ပြုမှုအားလုံးကို ဘုရားသခင်လက်ခံပါသလောဟု သင့်အား စဉ်းစားမိစေသည် မဟုတ်လော။ ဘုရားသခင်ကို ကျွန်ုပ်တို့ဝတ်ပြုပုံသည် အရေးကြီးပါသလော။

ဤအရေးကြီးကိစ္စတွင် ကျွန်ုပ်တို့သည် ကိုယ်ပိုင်ခံစားချက် သို့မဟုတ် ထင်မြင်ယူဆချက်များကို အခြေခံကာ ဆုံးဖြတ်၍မရနိုင်ပေ။ ယင်းနှင့်ပတ်သက်၍ ဘုရားသခင့်ရှုမြင်ပုံကို သိရှိရန်လိုအပ်သည်။ ထိုသို့သိရှိနိုင်ရန် ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာကို အားထားသင့်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေရှုခရစ်ကိုယ်တော်တိုင်က ဘုရားသခင်ထံဆုတောင်းသောအခါ ‘ကိုယ်တော်၏နှုတ်မြွက်တော်သည် သမ္မာတရားဖြစ်ပါ၏’ ဟုဆိုသောကြောင့် ဖြစ်သည်။ (ယောဟန် ၁၇:၁၇) သစ္စာရှိတမန်တော်ပေါလုကလည်း ဤသို့သက်သေခံသည်– ‘ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ . . . ဆုံးမခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း . . . ကျေးဇူးများကို ပြုတတ်၏။’—၂ တိမောသေ ၃:၁၆၊ ၁၇

ဝတ်ပြုကိုးကွယ်မှုတိုင်းကို ဘုရားသခင်လက်ခံမည်မဟုတ်ကြောင်း ကျမ်းစာက ဖော်ပြသည်။ ယင်းတွင် ဘုရားသခင်လက်ခံသော၊ လက်မခံသော ဝတ်ပြုကိုးကွယ်မှုပုံစံများနှင့်ပတ်သက်သည့် သမိုင်းဝင်ပုံနမူနာများကို ကျွန်ုပ်တို့တွေ့ရှိရသည်။ ထိုပုံနမူနာများကို သေချာဆန်းစစ်ခြင်းဖြင့် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင် နှစ်သက်လက်ခံစေရန် အဘယ်အရာပြုလုပ်ရမည်၊ မလုပ်ရမည်ကို သိရှိနိုင်သည်။

ရှေးခေတ်ပုံနမူနာတစ်ခု

ယေဟောဝါဘုရားသခင်သည် ပရောဖက်မောရှေမှတစ်ဆင့် ဣသရေလလူမျိုးအား ကိုယ်တော် နှစ်သက်လက်ခံသောနည်းဖြင့် ဝတ်ပြုကိုးကွယ်ပုံကို သင်ကြားပေးသည့် ပညတ်ဥပဒေများ ပေးခဲ့သည်။ မောရှေပညတ်ဟုခေါ်သည့် ထိုပညတ်များတောင်းဆိုရာကို လူတို့လိုက်နာသောအခါ သူတို့ကို မိမိလူမျိုးတော်အဖြစ် ဘုရားသခင်လက်ခံပြီး ကောင်းချီးပေးခဲ့သည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ဣသရေလလူမျိုးသည် ဘုရားသခင့်ကောင်းချီးများ ခံစားခဲ့ရသော်လည်း ကိုယ်တော်နှစ်သက်လက်ခံသည့် ဝတ်ပြုကိုးကွယ်မှုပုံစံကို စွဲမြဲစွာ မလိုက်လျှောက်ခဲ့ကြချေ။ ယေဟောဝါကို သူတို့ အကြိမ်ကြိမ်စွန့်ခွာခဲ့ပြီး ပတ်ဝန်းကျင်တွင်နေထိုင်သူများ၏ ဘာသာရေးထုံးတမ်းများကို လိုက်လျှောက်ခဲ့ကြသည်။

ဘီစီခုနစ်ရာစု၊ ပရောဖက်ယေဇကျေလနှင့် ယေရမိခေတ်တွင် ဣသရေလလူများစွာသည် ဘုရားသခင့်ပညတ်ကို လျစ်လျူရှုပြီး ပတ်ဝန်းကျင်နိုင်ငံရှိ လူမျိုးများနှင့် ရင်းနှီးစွာပေါင်းသင်းဆက်ဆံခဲ့ကြသည်။ ၎င်းတို့၏ ဓလေ့ထုံးစံများကို လိုက်လျှောက်ပြီး ပွဲလမ်းသဘင်များတွင် ပါဝင်ခြင်းဖြင့် ကိုးကွယ်မှုရောနှောခဲ့ကြသည်။ “ငါတို့သည် တစ်ပါးအမျိုးသားကဲ့သို့လည်းကောင်း၊ သစ်သားဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သားများကဲ့သို့လည်းကောင်း ဖြစ်မည်” ဟုဣသရေလလူများစွာ ပြောဆိုကြသည်။ (ယေဇကျေလ ၂၀:၃၂; ယေရမိ ၂:၂၈) ယေဟောဝါကိုဝတ်ပြုသည်ဟုဆိုသော်လည်း တစ်ချိန်တည်းတွင် ‘ရုပ်ပုံ’ များကို ကိုးကွယ်ကြပြီး မိမိတို့သားသမီးများကိုပင် ယဇ်ပူဇော်ခဲ့ကြသည်။—ယေဇကျေလ ၂၃:၃၇-၃၉; ယေရမိ ၁၉:၃-၅

ရှေးဟောင်းသုတေသနပညာရှင်များက ထိုဝတ်ပြုကိုးကွယ်မှုပုံစံကို ဘာသာရေးရောနှောခြင်း၊ ဘုရားသခင်များစွာကို တစ်ပြိုင်နက်ဝတ်ပြုခြင်းဟု ခေါ်ဆိုကြသည်။ ထို့ပြင် ယင်းကို ရိုးရာဓလေ့ သို့မဟုတ် လူကြိုက်များသောဘာသာရေးဟု ရည်ညွှန်းကြ၏။ ယုံကြည်ချက်အမျိုးမျိုး လက်ခံကြသည့် လူ့အဖွဲ့အစည်းတွင် ဘာသာတရားအပါအဝင် အရာရာတိုင်းကို သဘောထားကြီးကြီးဖြင့် လက်ခံသင့်သည်ဟု ယနေ့ လူများစွာယူဆကြသည်။ ထို့ကြောင့် မိမိတို့ကြိုက်နှစ်သက်ရာပုံစံဖြင့် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်းသည် မမှားဟု သူတို့ထင်မှတ်ကြသည်။ ယင်းသည် မှန်ကန်ပါသလော။ ယင်းသည် သဘောထားကြီးကြီးဖြင့် စိတ်ကြိုက်လုပ်ဆောင်နိုင်သည့်ကိစ္စလော။ သစ္စာမဲ့ဣသရေလလူမျိုး လိုက်စားခဲ့သော လူကြိုက်များသည့် ဘာသာရေးအသွင်အပြင်အချို့ကို သုံးသပ်ကာ ယင်းတို့က အဘယ်သို့ဦးတည်စေကြောင်း သတိပြုပါ။

ဣသရေလလူမျိုးတို့၏ ရောနှောနေသောဝတ်ပြုရေး

ဣသရေလလူမျိုးတို့၏ ရောနှောနေသော ဝတ်ပြုရေး၏ အဓိကနေရာများမှာ “မြင့်သောအရပ်” သို့မဟုတ် ယဇ်ပလ္လင်များ၊ နံ့သာပေါင်းယဇ်ပလ္လင်များ၊ ဝတ်ပြုရေးကျောက်တိုင်များနှင့် ခါနာန်မျိုးပွားနတ်ဘုရားမ အာရှရ၏ သစ်သားအထိမ်းအမှတ်တိုင်များဖြင့် တန်ဆာဆင်ထားသည့် ဗိမာန်များဖြစ်သည်။ ယုဒနိုင်ငံတွင် ထိုကဲ့သို့သောနေရာ များစွာရှိသည်။ ၄ ဓမ္မရာဇဝင် ၂၃:၅၊ တွင် “ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ရွာ၊ . . . ဂေဗမြို့[မြောက်ပိုင်းနယ်စပ်]မှစ၍ ဗေရရှေဘမြို့ [တောင်ပိုင်းနယ်စပ်] တိုင်အောင်” ရှိသော “မြင့်သောအရပ်များ” အကြောင်းဖော်ပြထားသည်။

ဣသရေလလူမျိုးသည် ထိုမြင့်သောနေရာများတွင် ‘ဗာလနတ်ဘုရား၊ နေ၊ လ၊ ရာသီစောင့်အစရှိသော မိုးကောင်းကင်တန်ဆာတို့အား နံ့သာပေါင်း’ ကိုမီးရှို့ပူဇော်ခဲ့ကြသည်။ ‘ဝတ်ပြုရာအိမ်တော်နားမှာ ယောက်ျားအလိုသို့လိုက်တတ်သော မိန်းမလျှာတို့နေရာအိမ်များ’ ရှိပြီး မိမိတို့သားသမီးများကိုလည်း ‘မောလုတ်နတ်ဘုရားအား မီးဖြင့်ပူဇော်’ ခဲ့ကြသည်။—၄ ဓမ္မရာဇဝင် ၂၃:၄-၁၀

ရှေးဟောင်းသုတေသနပညာရှင်များသည် ယေရုရှလင်နှင့်ယုဒနိုင်ငံတွင် နီညိုရောင်မြေထည်ရုပ်တုငယ်များစွာ တွေ့ရှိခဲ့ကြပြီး ကိုယ်ပိုင်အိမ်အပျက်အယွင်းများတွင် အများဆုံးတွေ့ရသည်။ အများစုမှာ ရင်သားကိုပုံကြီးချဲ့ထားသည့် ဝတ်လစ်စားလစ်အမျိုးသမီးရုပ်တုများ ဖြစ်သည်။ ပညာရှင်များက ထိုရုပ်တုများသည် မျိုးပွားနတ်ဘုရားမအာရှတရက်နှင့် အာရှရဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ ထိုရုပ်တုများသည် “ပဋိသန္ဓေတည်ပြီး သားဖွားစေနိုင်သည့် အဆောင်လက်ဖွဲ့” ဖြစ်သည်ဟု ယုံကြည်ကြသည်။

ဝတ်ပြုမှုရောနှောနေသော ထိုနေရာများကို ဣသရေလလူတို့ မည်သို့ရှုမြင်ခဲ့ကြသနည်း။ ထိုမြင့်သောနေရာများသည် “ယာဝေး [ယေဟောဝါ] ကို ရည်စူးအပ်နှံထား” ဖွယ်ရှိကြောင်း ဟီးဘရူးတက္ကသိုလ်မှ ပါမောက္ခဧဖရိမ်စတန်း သတိပြုမိခဲ့သည်။ ရှေးဟောင်းသုတေသနလုပ်ငန်းခွင်များတွင် တွေ့ရှိရသော ကျောက်စာများသည် ထိုရှုမြင်ချက်ကို ထောက်ခံဟန်ရှိသည်။ ဥပမာ၊ ကျောက်စာတစ်ခုတွင် “ရှမာရိ၏ဘုရားသခင်ယာဝေးနှင့် ကိုယ်တော်၏အာရှရကို အမှီပြု၍ သင့်ကိုငါကောင်းချီးပေး၏” ဟူ၍ပါရှိပြီး အခြားတစ်ခုတွင်မူ “တေမန်၏ဘုရားသခင်ယာဝေးနှင့် ကိုယ်တော်၏အာရှရကို အမှီပြု၍ သင့်ကိုငါကောင်းချီးပေး၏” ဟူ၍ဖော်ပြထားသည်။

ဣသရေလလူတို့သည် ယေဟောဝါဘုရားသခင်၏ စင်ကြယ်သောဝတ်ပြုရေးကို ရွံရှာဖွယ်ကောင်းသော အယူမှားဓလေ့ထုံးစံများဖြင့် မည်သို့ရောနှောခဲ့ကြောင်း ထိုဥပမာများက ဖော်ပြနေသည်။ ရလဒ်ကား သူတို့သည် အကျင့်ယိုယွင်းလာပြီး ဝတ်ပြုကိုးကွယ်မှု ညစ်ညူးလာ၏။ ထိုရောနှောနေသော ဝတ်ပြုမှုပုံစံကို ဘုရားသခင် မည်သို့ရှုမြင်ခဲ့သနည်း။

ရောနှောထားသောဝတ်ပြုရေးကို ဘုရားသခင်တုံ့ပြန်ပုံ

ဣသရေလလူတို့၏ ယုတ်ညံ့သောဝတ်ပြုမှုပုံစံကို ဘုရားသခင်စက်ဆုပ်ရွံရှာကာ ပြစ်တင်ရှုတ်ချကြောင်း ပရောဖက်ယေဇကျေလမှတစ်ဆင့် ဤသို့ဖော်ပြခဲ့သည်– ‘သင်တို့နေရာအရပ်ရပ်၌ရှိသော မြို့တို့သည်ပြိုပျက်၍ မြင့်သောအရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင်တို့သည် သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်ပုံအမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကိုခံရလျက်၊ သင်တို့လုပ်သောအရာတို့သည် ပျောက်ပျက်လျက် ရှိကြလိမ့်မည်။’ (ယေဇကျေလ ၆:၆) ယေဟောဝါသည် ထိုသို့သောဝတ်ပြုရေးကို လုံးဝလက်မခံနိုင်ရာအဖြစ် ရှုမြင်ကာ ငြင်းပယ်ခဲ့ကြောင်း သံသယဖြစ်စရာ မလိုပေ။

သူတို့ မည်သို့ဖျက်ဆီးခံရမည်ကို ယေဟောဝါဘုရားသခင် ဤသို့ကြိုပြောခဲ့သည်– “ဤပြည်နှင့် ပြည်သားများကိုလည်းကောင်း၊ ပတ်ဝန်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ . . . ကို ငါမှာလိုက်၍ဆောင်ခဲ့ပြီးလျှင် ရှင်းရှင်းဖျက်ဆီး၍ . . . ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ ဖြစ်လိမ့်မည်။” (ယေရမိ ၂၅:၉-၁၁) ထိုပရောဖက်ပြုချက်အတိုင်းပင် ဘီစီ ၆၀၇ တွင် ဗာဗုလုန်လူမျိုးသည် ယေရုရှလင်သို့စစ်ချီလာပြီး မြို့တော်နှင့်ဝတ်ပြုရာအိမ်တော်ကို လုံးဝဖျက်ဆီးခဲ့သည်။

အစောပိုင်းတွင်ဖော်ပြခဲ့သော ပါမောက္ခစတန်းက ယေရုရှလင်မြို့ပျက်စီးခြင်းနှင့်ပတ်သက်၍ ဤသို့ဆိုသည်– ရှေးဟောင်းသုတေသနအပျက်အယွင်းများသည် “ကျမ်းစာမှတ်တမ်းတွင် ရေးသားထားသော ပျက်စီးခြင်း၊ မီးလောင်ခြင်း၊ နေအိမ်နှင့်မြို့ရိုးများ ပြိုကျခြင်းအကြောင်းများကို (၄ ဓမ္မရာဇဝင် ၂၅:၈; ၂ ရာဇဝင်ချုပ် ၃၆:၁၈၊ ၁၉) ရှင်းလင်းစွာဖော်ပြသည်။” “ယေရုရှလင်မြို့၏သမိုင်းမှ ဤအဖြစ်အပျက်နှင့်ဆိုင်သော ရှေးဟောင်းသုတေသနအထောက်အထားသည် . .  ကျမ်းဆိုင်ရာနေရာဒေသများအနက် အထူးခြားဆုံးဖြစ်နိုင်သည်” ဟုလည်းဆိုခဲ့သည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ

ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးသင်ခန်းစာမှာ ကျမ်းစာအခြေခံသွန်သင်ချက်များအား အခြားဘာသာများ၏ အယူဝါဒနှင့် ထုံးတမ်းစဉ်လာများဖြင့် ရောနှောရန် ကြိုးစားခြင်းကို ဘုရားသခင်လက်မခံဟူ၍ ဖြစ်၏။ ယင်းအချက်ကို တမန်တော်ပေါလုလည်း ရှင်းလင်းစွာနားလည်လက်ခံခဲ့သည်။ သူသည် ပညတ်တရားကို သင်ကြားလေ့ကျင့်ခံရပြီး ဂျူးဖာရိရှဲတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ သို့သော် ယေရှုသည် ကတိထားရာမေရှိယဖြစ်ကြောင်း ပေါလု နားလည်လက်ခံလာသောအခါ ဘာပြုလုပ်ခဲ့သနည်း။ “ငါ၏အကျိုးစီးပွားကို ပြုစုသောအရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏” ဟုသူပြောခဲ့သည်။ သူသည် ယခင်လမ်းစဉ်ဟောင်းကို စွန့်ပစ်ပြီး ခရစ်တော်ကိုအပ်နှံသော နောက်လိုက်တစ်ဦးဖြစ်လာသည်။—ဖိလိပ္ပိ ၃:၅-၇

နယ်လှည့်သာသနာပြုတစ်ဦးအနေဖြင့် ပေါလုသည် လူအသီးသီးတို့၏ ဘာသာရေးထုံးတမ်းများနှင့် အတွေးအခေါ်များကို ကောင်းစွာသိကျွမ်းသည်။ ထို့ကြောင့် ကောရိန္သုမြို့ရှိခရစ်ယာန်များကို ဤသို့ရေးခဲ့သည်– ‘အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကိုခံရမည်နည်း။ ဘုရားသခင်၏ဝတ်ပြုရာအိမ်တော်သည် ရုပ်ပုံတို့နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ . . . ထို့ကြောင့် ထာဝရဘုရားသခင် မိန့်တော်မူပြန်သည်ကား “သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်။ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။” ’—၂ ကောရိန္သု ၆:၁၄-၁၇

ဘုရားသခင်ကို ဝတ်ပြုပုံသည် အရေးကြီးကြောင်း ယခု ကျွန်ုပ်တို့နားလည်လာရာ မိမိကိုယ်ကို ဤသို့မေးနိုင်သည်– ‘မည်သို့သောဝတ်ပြုမှုမျိုးကို ဘုရားသခင်နှစ်သက်လက်ခံတော်မူသနည်း။ ဘုရားသခင်ထံ မည်သို့ချဉ်းကပ်နိုင်မည်နည်း။ နှစ်သက်လက်ခံဖွယ်နည်းဖြင့် ဘုရားသခင်ကိုဝတ်ပြုနိုင်ရန် အဘယ်အရာ ပြုလုပ်သင့်သနည်း။’

ထိုမေးခွန်းများနှင့် အခြားကျမ်းစာဆိုင်ရာ မေးခွန်းများ၏ အဖြေကိုရှာတွေ့ရန် ယေဟောဝါသက်သေများသည် သင့်ကို ဝမ်းမြောက်စွာကူညီပေးလိုကြသည်။ သင့်ဒေသမှ ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ ယေဟောဝါသက်သေများကို ဆက်သွယ်ရန် သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးကာ သင့်အတွက်အဆင်ပြေမည့် အချိန်နှင့်နေရာတွင် အခမဲ့ကျမ်းစာသင်အံမှု တောင်းဆိုရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။

[စာမျက်နှာ ၁၀ ပါပုံ]

အစ္စရေးနိုင်ငံ၊ တဲလ်အာရဒ်မြို့ရှိ ရှေးခေတ်ရုပ်ပုံကိုးကွယ်ရာ နေရာတစ်ခု

[အသိအမှတ်ပြုစာ]

Garo Nalbandian

[စာမျက်နှာ ၁၀ ပါပုံ]

ရှေးခေတ် ယုဒနေအိမ်များရှိ အာရှတရက်ရုပ်ပုံများ

[အသိအမှတ်ပြုစာ]

Photograph © Israel Museum, Jerusalem; courtesy of Israel Antiquities Authority