မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တဲလ်အာရဒ်မြို့—အသံတိတ်သက်သေခံ

တဲလ်အာရဒ်မြို့—အသံတိတ်သက်သေခံ

တဲလ်အာရဒ်မြို့—အသံတိတ်သက်သေခံ

ပျောက်ဆုံးနေသောမြို့။ လျှို့ဝှက်ဆန်းကြယ်သောဗိမာန်။ ရှေးခေတ်ကမ္ပည်းစာများ။ ယင်းတို့သည် သည်းထိတ်ရင်ဖို စွန့်စားခန်းများပါဝင်သောရုပ်ရှင်၏ ဇာတ်အိမ်နှင့် ဆင်တူနေ ပေမည်။ အမှန်မှာ၊ ရာစုနှစ်များတစ်လျှောက် အစ္စရေးနိုင်ငံ၊ တဲလ်အာရဒ်မြို့၏ သဲကန္တာရအောက်တွင်ရှိနေသည့် ယင်းတို့ အားလုံးနှင့် အခြားအရာများကို ရှေးဟောင်းသုတေသန ပညာရှင်များ တူးဖော်တွေ့ရှိခဲ့ကြသည်။

ယနေ့၊ ကမ္ဘာလှည့်ခရီးသည်များစွာသည် အာရဒ်မြို့ကို တကယ့်အစ္စရေးမြို့တစ်မြို့ဟု ယူဆကြသည်။ ယင်းသည် ပင်လယ်သေ၏အနောက်ဘက်၊ ယုဒတောတွင်တည်ရှိပြီး လူ ၂၇,၀၀၀ ခန့်နေထိုင်သောမြို့ဖြစ်သည်။ သို့သော် ရှေးအစ္စရေးမြို့ဟောင်းဖြစ်သော အာရဒ်မြို့သည် ယင်း၏အနောက်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။ ထိုနေရာတွင် ရှေးဟောင်းသုတေသနပညာရှင်များသည် သဲအလွှာများကို ဂရုတစိုက်ဖယ်ရှားပြီးနောက် ရှေးခေတ်အဆောက်အဦများနှင့် ကမ္ပည်းစာများစွာကို တွေ့ရှိခဲ့ရသည်။

ထိုကမ္ပည်းစာများကို အိုးခြမ်းကွဲအပိုင်းအစများပေါ်တွင် ရေးသားထားသည်။ ကျမ်းစာခေတ်တွင် ထိုနည်းဖြင့် ရေးလေ့ရေးထရှိ၏။ တဲလ်အာရဒ်မြို့ရှိ ရှေးဟောင်းသုတေသနလုပ်ငန်းခွင်တွင် တွေ့ရှိခဲ့သော အိုးခြမ်းကွဲစာအစုအပုံများမှာ အစ္စရေး၌ရှာဖွေတွေ့ရှိခဲ့သမျှတွင် အများဆုံးဖြစ်သည်ဟု ဆိုကြသည်။ သို့ဆိုလျှင် ထိုတွေ့ရှိမှုများ၏ အကျိုးကျေးဇူးကား အဘယ်နည်း။

တဲလ်အာရဒ်မြို့မှ ရှာဖွေတွေ့ရှိမှုများတွင် ဣသရေလတရားသူကြီးများခေတ်မှ ဘီစီ ၆၀၇၊ ယုဒပြည်ကို ဗာဗုလုန်တို့ ဝင်ရောက်ကျူးကျော်ချိန်တစ်လျှောက် ရှည်လျားသော ကျမ်းစာသမိုင်းအဖြစ်အပျက်များ ပါဝင်သည်။ ထို့ကြောင့် အဆိုပါတွေ့ရှိချက်များသည် ကျမ်းစာ၏တိကျမှန်ကန်မှုကို အတည်ပြုပေးသည်။ ထို့ပြင် ဘုရားသခင်၏နာမတော်ကို ရှေးခေတ်ဣသရေလလူတို့ မည်သို့ရှုမြင်ခဲ့ကြောင်းကိုလည်း ရှင်းလင်းစွာသိရှိစေသည်။

အာရဒ်မြို့နှင့်သမ္မာကျမ်းစာ

သမ္မာကျမ်းစာတွင် အာရဒ်မြို့အကြောင်း အနည်းအကျဉ်းသာပါရှိသည်မှာ မှန်ပါသည်။ သို့သော် ဤအရေးပါသောမြို့သည် အဓိကကုန်သွယ်ရေးလမ်းကြောင်းကို တစ်ချိန်က ထိန်းချုပ်ထားသည်။ ထိုရှေးခေတ်မြို့သည် သမိုင်းတစ်လျှောက် ထပ်ခါထပ်ခါ သိမ်းပိုက်ခံရ၊ ဖျက်ဆီးခံရကာ ပြန်လည်တည်ဆောက်ခံရသောမြို့ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းသုတေသနတွေ့ရှိချက်များက ဖော်ပြသည်။ ထိုသို့ထပ်ခါထပ်ခါ ပြန်လည်တည်ဆောက်ခြင်းကြောင့် ထိုနေရာသည် တဲလ်ဟုခေါ်သော တောင်ကုန်းမြို့ဖြစ်လာသည်။

ဣသရေလလူတို့ တောတွင်အနှစ် ၄၀ လှည့်လည်မှု၏ နောက်ဆုံးအပိုင်းအကြောင်းကို သမ္မာကျမ်းစာဖော်ပြချိန်တွင် အာရဒ်မြို့ဟူသောအသုံးအနှုန်းသည် ဦးဆုံးအကြိမ်ပါရှိသည်။ မောရှေ၏အစ်ကိုအာရုန် သေဆုံးပြီးနောက် မကြာမီတွင် ဘုရားသခင့်လူမျိုးသည် ကတိထားရာပြည်၏ တောင်ဘက်နယ်စပ်အနီးမှ ဖြတ်သွားကြသည်။ ခါနာန်လူမျိုး အာရဒ်မင်းကြီးသည် တောတွင်လှည့်လည်နေသော ဣသရေလလူတို့ကို အလွယ်တကူအောင်နိုင်မည်ဟု ထင်သောကြောင့် တိုက်ခိုက်လေ၏။ ဣသရေလလူမျိုးသည် ယေဟောဝါဘုရားသခင်၏အကူအညီဖြင့် ရဲစွမ်းသတ္တိရှိရှိ ပြန်တိုက်ခိုက်ရာ အနိုင်ရသွားပြီး အာရဒ်မြို့ကို ရှင်းရှင်းဖျက်ဆီးလိုက်ကြသည်။ သို့သော် လွတ်မြောက်သူအချို့လည်း ရှိပုံရသည်။—တောလည်ရာ ၂၁:၁-၃

ခါနာန်လူတို့သည် ထိုအရေးပါသောမြို့ကို အလျင်အမြန် ပြန်လည်တည်ဆောက်ခဲ့ကြသည်။ နောက်ပိုင်းနှစ်အနည်းငယ်လွန်ပြီးနောက် ထိုဒေသသို့ ယောရှုရောက်လာသည်။ မြောက်ဘက်မှဝင်ရောက်တိုက်ခိုက်ကာ “တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်” တစ်လျှောက်ရှိ ခါနာန်လူတို့ကို စနစ်တကျသုတ်သင်ဖျက်ဆီးချိန်တွင် ယောရှုကို ဆီးတားဆန့်ကျင်ခဲ့သူတစ်ဦးမှာ “အာရဒ်မင်းကြီး” ဖြစ်သည်။ (ယောရှု ၁၀:၄၀; ၁၂:၁၄) နောက်ပိုင်းတွင် ဟောဗပ်မှဆင်းသက်လာသူ ကေနိအမျိုးသားတို့သည် တောတွင်လှည့်လည်နေသည့် ဣသရေလလူတို့နှင့် လာရောက်ပူးပေါင်းပြီး ထိုတောင်မျက်နှာအရပ်တွင် အခြေချခဲ့ကြသည်။—တရားသူကြီး ၁:၁၆

ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိချက်များ

တဲလ်အာရဒ်မြို့ အပျက်အယွင်းများသည် ကျမ်းစာပါ နောက်ပိုင်းဖြစ်ရပ်များနှင့်ပတ်သက်၍လည်း စိတ်ဝင်စားဖွယ်အချက်အလက်များကို သိရှိစေသည်။ ဥပမာ၊ ရှေးဟောင်းသုတေသနပညာရှင်များသည် တံတိုင်းအမြောက်အမြားကို တွေ့ရှိခဲ့ကြ၏။ ယင်းတို့မှအချို့မှာ ကြီးကျယ်သော မြို့ဆောက်လုပ်ရေးစီမံကိန်းများကြောင့် ထင်ပေါ်ကျော်ကြားသည့် ဘုရင်ရှောလမုန်လက်ထက်မှ ဖြစ်နိုင်သည်။ (၃ ဓမ္မရာဇဝင် ၉:၁၅-၁၉) တူးဖော်တွေ့ရှိခဲ့သော တံတိုင်းတစ်ချပ်မှာ လုံးလုံးမီးကျွမ်းလောင်ထားပုံရပြီး ဘီစီတစ်ဆယ်ရာစုအစပိုင်းမှဖြစ်သည်။ ယင်းသည် ရှောလမုန်သေဆုံးပြီးနောက် ငါးနှစ်ခန့်မျှတွင် အီဂျစ်ဘုရင်ရှိရှက် ဝင်ရောက်ဖျက်ဆီးချိန်ဝန်းကျင်၌ ဖြစ်နိုင်သည်။ အီဂျစ်နိုင်ငံတောင်ပိုင်းရှိ ကာနက်မြို့မှ နံရံကပ်ရုပ်ကြွတစ်ခုက ထိုဝင်ရောက်ဖျက်ဆီးမှုကို အမှတ်ရစေပြီး ယင်းပေါ်တွင် အနိုင်ရခဲ့သည့်မြို့များစွာကို ရေးထိုးထားရာ အာရဒ်မြို့လည်း ပါဝင်သည်။—၂ ရာဇဝင်ချုပ် ၁၂:၁-၄

ပို၍စိတ်ဝင်စားစရာကား ရှာဖွေတွေ့ရှိသော အိုးခြမ်းကွဲ ၂၀၀ ခန့်တွင် ပါရှုရ၊ မေရမုတ်၊ ကောရသားများစသော ကျမ်းစာတွင်တွေ့ရှိရသည့် ဟေဗြဲအမည်များပါရှိသည်။ ယင်းတို့မှအချို့တွင် ဘုရားသခင့်နာမတော်ပါရှိသောကြောင့် ပို၍ပင်စိတ်ဝင်စားဖွယ်ဖြစ်သည်။ တက်တြာဂရမ်မီတန်ဟုခေါ်သော ဟေဗြဲအက္ခရာလေးလုံးဖြစ်သည့် יהוה (ယဟဝဟ) တို့ပေါင်းစပ်ထားသော ထိုနာမသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်တစ်ပါးတည်းအတွက်သာဖြစ်သည်။ နောက်ပိုင်းတွင် လူများစွာသည် အယူသီးမှုကြောင့် ဘုရားသခင့်နာမတော်ကို အသံထွက်ခေါ်ဆိုခြင်း သို့မဟုတ် ရေးသားခြင်းမှာ ကိုယ်တော့်ကိုစော်ကားရာကျသည်ဟု ယုံကြည်လာကြသည်။ သို့သော် တဲလ်အာရဒ်မြို့နှင့်အခြားဒေသများမှ တွေ့ရှိချက်များက ကျမ်းစာခေတ်၌ ဘုရားသခင့်နာမတော်ကို နေ့စဉ်အသက်တာတွင်၊ နှုတ်ဆက်ရာတွင်၊ ကောင်းချီးပေးရာတွင် တွင်ကျယ်စွာအသုံးပြုခဲ့ကြောင်း အတည်ပြုထောက်ခံသည်။ ဥပမာ၊ ကမ္ပည်းစာတစ်ခုတွင် ဤသို့ပါရှိ၏– “ကျွန်ုပ်သခင် ဧလျာရှိပ်။ ကိုယ်တော့်ကို ယာဝေး [ယေဟောဝါ] စောင့်မပါစေ။ . . . ယာဝေးရဲ့ဗိမာန်မှာ သူရှိနေပါတယ်။”

အစပိုင်းတွင်ဖော်ပြခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့်ဗိမာန်အကြောင်းကော အသို့နည်း။ တဲလ်အာရဒ်မြို့ရှိ ထင်ကြေးများစွာပေးနိုင်သော အဆောက်အဦတစ်ခုမှာ ယဇ်ပလ္လင်တစ်ခုရှိသည့် ဂျူးခေတ် ဗိမာန်အဆောက်အအုံဖြစ်သည်။ ယင်းသည် ယေရုရှလင်တွင် ရှောလမုန်ဆောက်လုပ်ခဲ့သော ဝတ်ပြုရာအိမ်တော်ထက် များစွာသေးငယ်သော်လည်း ယင်းနှင့်အလွန်ဆင်တူသည်။ အာရဒ်ဗိမာန်ကို အဘယ်အချိန်တွင် အဘယ်ကြောင့် တည်ဆောက်ခဲ့သနည်း။ ယင်းကို မည်သို့အသုံးပြုခဲ့သနည်း။ ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းပညာရှင်များအနေဖြင့် ထင်ကြေးသာပေးနိုင်ကြသည်။

ယေရုရှလင်မြို့ရှိဝတ်ပြုရာအိမ်တော်သည် နှစ်စဉ်ပွဲတော်များကျင်းပရန်နှင့် ယဇ်ပူဇော်ရန် ယေဟောဝါလက်ခံသည့် တစ်ခုတည်းသောနေရာဖြစ်ကြောင်း ကိုယ်တော် ရှင်းလင်းစွာမိန့်တော်မူထားသည်။ (တရားဟောရာ ၁၂:၅; ၂ ရာဇဝင်ချုပ် ၇:၁၂) ထို့ကြောင့် အာရဒ်ဗိမာန်ကို ဆောက်လုပ်အသုံးပြုခြင်းမှာ ဘုရားသခင့်ပညတ်နှင့်ဆန့်ကျင်သည်။ ဣသရေလလူတို့သည် ယေဟောဝါကို နည်းမှန်လမ်းကျဝတ်ပြုကိုးကွယ်မည့်အစား အခြားယဇ်ပလ္လင်များ၊ ဘာသာရေးပွဲတော်များနှင့် ရောနှောခဲ့ချိန်အတွင်း ယင်းကို ဆောက်လုပ်ခဲ့ခြင်းဖြစ်နိုင်သည်။ (ယေဇကျေလ ၆:၁၃) ထိုသို့သာအမှန်ဖြစ်ခဲ့ပါက ဝတ်ပြုရေးအတုအယောင်၏ဗဟိုဖြစ်သော ဤဗိမာန်သည် ဘီစီရှစ်နှင့်ခုနစ်ရာစုတွင် ဟေဇကိ သို့မဟုတ် ယောရှိ၏ နှံ့နှံ့စပ်စပ်ပြုပြင်ပြောင်းလဲချိန်အတွင်း ဖျက်ဆီးခံခဲ့ရဖွယ်ရှိသည်။—၂ ရာဇဝင်ချုပ် ၃၁:၁; ၃၄:၃-၅၊ ၃၃

ထို့ကြောင့် အာရဒ်မြို့၏ ကျန်ကြွင်းရစ်သော အတိတ်အပိုင်းအစလေးသည် ကျွန်ုပ်တို့အား အရေးကြီးသောသင်ခန်းစာများ သင်ကြားပေးသည်မှာ ထင်ရှားသည်။ သမ္မာကျမ်းစာ၏ တိကျမှန်ကန်မှုကို အတည်ပြုသော၊ ဖောက်ပြန်ယိုယွင်းသည့် ဝတ်ပြုမှုအတုအယောင်၏ အတက်အကျနှင့် ယေဟောဝါ၏နာမတော်ကို ရိုသေလေးမြတ်စွာ နေ့စဉ်အသုံးပြုခဲ့သည့် ပုံနမူနာများကို ဖော်ပြသော ရှေးခေတ်မှအထောက်အထားများသည် ရာစုနှစ်များစွာကြာပြီးနောက်မှ ထွက်ပေါ်လျက်ရှိပေသည်။

[စာမျက်နှာ ၂၃ ပါမြေပုံနှင့်ရုပ်ပုံ]

(မြေပုံအပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ယေရုရှလင်

ပင်လယ်သေ

အာရဒ်

တဲလ်အာရဒ်

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၂၄ ပါရုပ်ပုံ]

အီဂျစ်နိုင်ငံ၊ ကာနက်မြို့ရှိ နံရံကပ်ရုပ်ကြွတစ်ခုမှ အနုစိတ်လက်ရာ

[Credit Line]

Pictorial Archive (Near Eastern History) Est.

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

ဤလက်ရေးစာ၏ တစ်ပိုင်းတစ်စမှာ “ကိုယ်တော့်ကို ယာဝေး [ယေဟောဝါ] စောင့်မပါစေ” ဟူ၍ဖြစ်

[Credit Line]

Photograph © Israel Museum, Jerusalem; courtesy of Israel Antiquities Authority

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

တဲလ်အာရဒ်မြို့ရှိ ဗိမာန်အဆောက်အအုံအပိုင်း

[စာမျက်နှာ ၂၅ ပါရုပ်ပုံ]

တဲလ်အာရဒ်ခံတပ်၏ အရှေ့ဘက်မှမြင်ကွင်း

[စာမျက်နှာ ၂၅ ပါဓာတ်ပုံ Credit Line]

Todd Bolen/Bible Places.com