မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေများသည် စစ်ပွဲများတွင် အဘယ်ကြောင့် မပါဝင်ကြသနည်း

ယေဟောဝါသက်သေများသည် စစ်ပွဲများတွင် အဘယ်ကြောင့် မပါဝင်ကြသနည်း

စာရှုသူများအမေး

ယေဟောဝါသက်သေများသည် စစ်ပွဲများတွင် အဘယ်ကြောင့် မပါဝင်ကြသနည်း

ယေဟောဝါသက်သေများသည် မည်သည့်နေရာတွင် နေထိုင်ပါစေ နိုင်ငံချင်းတိုက်သည့်စစ် သို့မဟုတ် ပြည်တွင်းစစ်များတွင် မပါဝင်သည့် ရာဇဝင်ရှိခဲ့ပြီ။ လွန်ခဲ့သောအနှစ် ၅၀ ခန့်မှ ဩစတြေးလျစွယ်စုံကျမ်းတစ်စောင်က “ယေဟောဝါသက်သေများသည် စစ်ဖြစ်ချိန်များတွင် ခိုင်မာပြတ်သားစွာကြားနေကြသည်” ဟုမှတ်ချက်ချသည်။

သက်သေခံများ စစ်တွင်မပါဝင်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ထိုပဋိပက္ခများတွင်ပါဝင်ခြင်းက သူတို့၏ကိုယ်ကိုယ်ကိုယ်သိသောစိတ်ကို ဆန့်ကျင်ရာကျမည်ဖြစ်သောကြောင့်တည်း။ သူတို့သည် သူတို့၏ကိုယ်ကိုယ်ကိုယ်သိသောစိတ်အား သခင်ယေရှုခရစ်၏ ပညတ်များနှင့်ပုံသက်သေဖြင့် လေ့ကျင့်ပုံသွင်းထားကြသည်။ ကိုယ်တော်သည် မိမိနောက်လိုက်များအား လူသားချင်းကိုချစ်ရန် ညွှန်ကြားထားသည်။ “သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့” ဟုလည်း ကိုယ်တော်ပညတ်သည်။ (လုကာ ၆:၂၇; မဿဲ ၂၂:၃၉) တစ်ကြိမ်တွင် ယေရှု၏တပည့်တစ်ဦးသည် ကိုယ်တော်ကို ဓားဖြင့်ကာကွယ်ပေးရန် ကြိုးပမ်းသောအခါ ကိုယ်တော်က “သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်” ဟုမိန့်ဆို၏။ (မဿဲ ၂၆:၅၂) ထို့ကြောင့် မိမိနောက်လိုက်များသည် စစ်ပွဲများတွင် လက်နက်ကိုင်တိုက်ခိုက်ကြမည်မဟုတ်ကြောင်း အပြောဖြင့်ရော အပြုအမူဖြင့်ပါ ကိုယ်တော်ရှင်းလင်းစွာဖော်ပြခဲ့သည်။

ယေဟောဝါသက်သေများ စစ်ပွဲများတွင် မပါဝင်ရသည့် နောက်အကြောင်းရင်းတစ်ခုမှာ သူတို့သည် ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဝင်များ ဖြစ်သောကြောင့်တည်း။ စစ်ပွဲများတွင် ပါဝင်ခြင်းဖြင့် ညီအစ်ကိုအချင်းချင်း တိုက်ခိုက်ရာကျမည်ဖြစ်ပြီး ‘အချင်းချင်းချစ်ကြပါ’ ဟူသော ယေရှု၏ပညတ်ကို ဆန့်ကျင်ရာရောက်လိမ့်မည်။—ယောဟန် ၁၃:၃၅

ယေဟောဝါသက်သေများသည် မေတ္တာနှင့်ပတ်သက်သော အထက်ပါမူများကို ပြောရုံသက်သက်သာမပြုကြပါ။ ဥပမာ၊ ၁၉၃၉-၁၉၄၅ ခုနှစ်၊ ဒုတိယကမ္ဘာစစ်အတွင်း သူတို့၏ရပ်တည်မှုကို ပြန်သုံးသပ်ကြည့်ပါ။ အမေရိကန်ပြည်ထောင်စုတွင် ယေဟောဝါသက်သေ ၄,၃၀၀ ကျော်သည် စစ်ပွဲတွင်မပါဝင်သောကြောင့် ထောင်ချခံရသည်။ ဗြိတိန်တွင် အမျိုးသမီး ၃၀၀ ကျော်အပါအဝင် သက်သေခံ ၁,၅၀၀ ကျော်တို့လည်း စစ်မှုကိုမထောက်ခံသောကြောင့် ထောင်ချခံရသည်။ နာဇီဂျာမနီခေတ်တွင် သက်သေခံ ၂၇၀ ကျော်သည် စစ်ပွဲတွင်မပါဝင်သောကြောင့် အစိုးရအမိန့်ဖြင့် အသတ်ခံခဲ့ရသည်။ ထို့ပြင် သက်သေခံ ၁၀,၀၀၀ ကျော်လည်း ထောင်နှင့်ချွေးတပ်စခန်းများတွင် အကျဉ်းချခံရသည်။ ဂျပန်ရှိသက်သေခံများလည်း ဆိုးဆိုးရွားရွားခံစားခဲ့ရ၏။ ထို့ကြောင့် ဒုတိယကမ္ဘာစစ်နှင့် ယင်းနောက်ပိုင်းစစ်ပွဲများတွင် မိမိတို့ချစ်ရသူများကို ဆုံးရှုံးခဲ့ရသူများအနေဖြင့် ထိုသူတို့သေဆုံးသွားခြင်းအတွက် ယေဟောဝါသက်သေတစ်ဦးတွင်မျှ တာဝန်မရှိကြောင်း စိတ်ချနိုင်ပါသည်။

စစ်ပွဲကို ယေဟောဝါသက်သေတို့ မည်သို့ ရှုမြင်ကြောင်း ဗို့လ်ဂန်ကပ်စရို၏ နောက်ဆုံးစကားများတွင် ရှင်းလင်းစွာတွေ့ ရှိနိုင်သည်။ အသက် ၂၀ ရှိ ဤဂျာမန်အမျိုးသားသည် စစ်ပွဲတွင်ပါဝင်ရန် ငြင်းဆိုသောကြောင့် ၁၉၄၂ ခုနှစ်တွင် နာဇီတို့က သူ့ကို ခေါင်းဖြတ်သတ်ခဲ့သည်။ (ဟေရှာယ ၂:၄) စစ်ခုံရုံးတွင် သူဤသို့ဆို၏– “သန့်ရှင်းတဲ့ကျမ်းစာတော်မြတ်ထဲမှာပါတဲ့ ဘုရားသခင့်နှုတ်မြွက်တော်နဲ့အညီ ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ကျွန်တော်ကြီးပြင်းလာပါတယ်။ လူသားတွေကို ကိုယ်တော်ပေးခဲ့တဲ့ အကြီးမြတ်ဆုံးနဲ့အမြင့်မြတ်ဆုံးပညတ်ကတော့ ‘သင်၏ဘုရားသခင်ကို အခြားအရာအားလုံးထက်ချစ်ပြီး ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ပါ’ ဆိုတဲ့ပညတ်ဖြစ်တယ်။ နောက်ပညတ်တစ်ခုက ‘လူ့အသတ်ကိုမသတ်ရ’ ဆိုတဲ့ပညတ်ပါ။ ကျွန်တော်တို့ရဲ့ဖန်ဆင်းရှင်က ဒီပညတ်တွေအားလုံးကို သစ်ပင်တွေအတွက် မှတ်တမ်းတင်စေခဲ့သလား။”—မာကု ၁၂:၂၉-၃၁; ထွက်မြောက်ရာ ၂၀:၁၃

အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်သာလျှင် ကမ္ဘာတစ်ခွင်လုံးကို တည်မြဲသောငြိမ်သက်မှု ဆောင်ကြဉ်းပေးလိမ့်မည်ဟု ယေဟောဝါသက်သေများ ယုံကြည်ကြသည်။ ထို့ကြောင့် “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ” မည်ဟူသော ကိုယ်တော်၏ကတိတော် ပြည့်စုံလာရန် သူတို့မျှော်လင့်စောင့်စားနေကြပါသည်။—ဆာလံ ၄၆:၉