မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် သင့်ကလေးအား ကူညီပေးပါ

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် သင့်ကလေးအား ကူညီပေးပါ

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် သင့်ကလေးအား ကူညီပေးပါ

လူရှုပ်နေသော စာအုပ်ဆိုင်တစ်ဆိုင်တွင် ဒေါသထွက်နေသောမိခင်တစ်ဦးသည် အရောင်းစာရေးကို “ရှင်တို့ဆိုင်မှာ စာအုပ်တွေ တစ်ပုံကြီးရှိပေမဲ့ ကျွန်မရဲ့ကလေးအတွက်တော့ တစ်အုပ်မှမရှိဘူး” ဟုအော်ဟစ်ပြောဆိုခဲ့သည်။ ထိုမိခင်သည် သူ၏မိသားစုဝင်တစ်ဦး ရုတ်တရက်သေဆုံးသွားသောကြောင့် ဝမ်းနည်းပူဆွေးနေသောသားငယ်ကို ကူညီပေးရန် လမ်းညွှန်စာအုပ် ရှာဖွေနေခြင်းဖြစ်သည်။

ထိုမိခင်၏စိုးရိမ်ပူပန်မှုသည် အကြောင်းရင်းခိုင်လုံပါသည်။ ချစ်ရသူတစ်ဦး သေဆုံးသွားသည်ကို ရင်ဆိုင်ကြုံတွေ့ရခြင်းသည် ကလေးငယ်တစ်ဦးအဖို့ နာကျင်ကြေကွဲစရာကောင်းလှသည်။ ကလေးငယ်များသည် မိသားစု၏ဂရုစိုက်စောင့်ရှောက်မှုအောက်တွင် ရှင်သန်ကြီးထွားကြသည်၊ သို့သော် သေခြင်းတရားကြောင့် ကလေးငယ်သည် ချစ်မြတ်နိုးရသူနှင့် ခွဲခွာရနိုင်သည်။ ချစ်ရသူတစ်ဦး သေဆုံးခါနီး သို့မဟုတ် သေဆုံးပြီးစအချိန်တွင် ကလေးငယ်ကို မိဘတစ်ဦးအနေနှင့် သင်မည်သို့ကူညီပေးနိုင်သနည်း။

မှန်ပါသည်၊ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားသောအခါ သင်သည် သင့်ခံစားချက်ကိုပင် အနိုင်နိုင်ထိန်းနေရပြီး အလွန်ဝမ်းနည်းကြေကွဲနေကာ သင်ကိုယ်တိုင်၏ဆုံးရှုံးမှုကိုသာ အာရုံစိုက်နေမိပေမည်။ သို့သော် သင့်ကလေးသည် သင်၏ထောက်မမှုလိုအပ်နေကြောင်း လုံးဝမမေ့သင့်ပါ။ “ကလေးငယ်များသည် အခြားသူများပြောဆိုနေသည်ကို နားစွန်နားဖျားကြားကာ သေချာစွာသဘောမပေါက်ဘဲ တလွဲယူဆတတ်ကြသည်” ဟု အမေရိကန်ပြည်ထောင်စု၊ မင်နက်စိုတာပြည်နယ်ရှိ ရောဂါကျွမ်းနေသူများကို ပြုစုသောဆေးရုံမှ ထုတ်ဝေသော စာအုပ်ကဆိုသည်။ “ကလေးငယ်များကို အမှန်အတိုင်းပြောပြဖို့လိုသည်” ဟူ၍လည်း ယင်းတွင် ထပ်ဆင့်ဖော်ပြထားသည်။ ထို့ကြောင့် အသက်အရွယ်အလိုက် သင့်ကလေး၏နားလည်နိုင်စွမ်းအပေါ် မူတည်ပြီး အဖြစ်မှန်ကို ရှင်းပြခြင်းက ပညာရှိရာရောက်ပေမည်။ ကလေးများသည် ဖြစ်ပျက်နေသည့်အရာအပေါ် နားလည်နိုင်စွမ်းမတူညီကြရာ ယင်းသည် စိန်ခေါ်ချက်ဖြစ်သည်။—၁ ကောရိန္သု ၁၃:၁၁

သေခြင်းတရားနှင့်ပတ်သက်၍ ရှင်းပြနိုင်ပုံ

ကလေးတစ်ဦးကို သေခြင်းတရားအကြောင်းပြောပြသောအခါ “အိပ်နေတယ်၊” “မရှိတော့ဘူး၊” “အဝေးကိုထွက်သွားတယ်” စသည်ဖြင့် မပြောဆိုသင့်ကြောင်း သုတေသီအချို့က ဆိုသည်။ အဓိပ္ပာယ်မှန်ကိုမရှင်းပြဘဲ ထိုသို့ပြောဆိုခြင်းသည် ကလေးငယ်တစ်ဦးကို စိတ်ရှုပ်ထွေးစေနိုင်သည်။ ယေရှုသည် သေခြင်းကို အိပ်ပျော်ခြင်းနှင့် နှိုင်းယှဉ်ခဲ့ပြီး ယင်းသည် အမှန်ပင်သင့်လျော်၏။ အကြောင်းမှာ ကလေးငယ်များကို ကိုယ်တော်ပြောဆိုနေခြင်းမဟုတ်ပါ။ ထို့ပြင် ထိုနှိုင်းယှဉ်ပုံကို ကိုယ်တော်ရှင်းပြခဲ့သည်။ “ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏” ဟု နောက်လိုက်များကို ကိုယ်တော်မိန့်ဆိုသည်။ တပည့်များသည် လူကြီးများဖြစ်ကြသော်လည်း “ပကတိအိပ်ပျော်ကြောင်းကို [ယေရှု] မိန့်တော်မူသည်ဟု . . . ထင်မှတ်ကြ၏။” ထို့ကြောင့် “လာဇရုသေပြီ” ဟု ယေရှုသေချာရှင်းပြခဲ့သည်။ (ယောဟန် ၁၁:၁၁-၁၄) လူကြီးများကိုပင် ထိုသို့အသေအချာရှင်းပြရန် လိုအပ်လျှင် ကလေးငယ်များကို ထို့ထက်မကရှင်းပြရန် လိုအပ်မည်ပင်။

“မိဘတစ်ဦးသည် ကလေးငယ်ကို သေခြင်းအကြောင်း ရှင်းပြသောအခါ အထိတ်တလန့်မဖြစ်စေမည့် စကားလုံးများ ရွေးချယ်ပြောဆိုရန် ကြိုးစားပေမည်။ သို့သော် ထိုသို့ပြုခြင်းသည် ကလေးငယ်၏စိတ်ထဲတွင် ယခင်ကမရှိခဲ့သော၊ ထိတ်လန့်စေနိုင်သော သို့မဟုတ် ထိခိုက်စေနိုင်သော အတွေးများဝင်ရောက်လာစေနိုင်သည်” ဟုစာရေးဆရာ မေရီအဲန်အဲမ်စ်ဝီလာနှင့်ဂျိမ်းပီအဲမ်စ်ဝီလာက ဆိုသည်။ ဥပမာ၊ ကွယ်လွန်သွားသောချစ်မြတ်နိုးရသူသည် အိပ်ပျော်နေသည်ဟုပြောမိရုံဖြင့် ကလေးငယ်လည်း မိမိညအိပ်ရာဝင်လျှင် ပြန်ထလာတော့မည်မဟုတ်ဟုယူဆကာ ကြောက်လန့်သွားနိုင်သည်။ ချစ်ရသောကွယ်လွန်သူ “အဝေးကိုထွက်သွားသည်” ဟု ပြောဆိုခြင်းကပင် ကလေးငယ်အား မိမိစွန့်ပစ်ခံရသည် သို့မဟုတ် ငြင်းပယ်ခံရသည်ဟု ခံစားမိစေနိုင်သည်။

သေခြင်းတရားအကြောင်း ကလေးအားရှင်းပြရန် ကြိုးပမ်းသောအခါ အကောင်အထည်မဲ့သော သဘောတရားများ သို့မဟုတ် စကားယဉ်များထက် ရိုးရှင်း၍တိုက်ရိုက်ကျသောစကားလုံးများကို ကလေးများ အလွယ်တကူနားလည်ကြကြောင်း မိဘများစွာတွေ့ရှိခဲ့ကြသည်။ (၁ ကောရိန္သု ၁၄:၉) မေးခွန်းများမေးရန်၊ သူ၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုရန် သင့်ကလေးကိုအားပေးပါဟု သုတေသီများက အကြံပြုသည်။ မကြာခဏစကားပြောဆိုခြင်းသည် နားလည်မှုလွဲခြင်းများကို ရှင်းပြခွင့်ရစေပြီး သင့်ကလေးကို ထောက်မပေးနိုင်မည့်နည်းလမ်းများကို သိရှိစေနိုင်သည်။

လမ်းညွှန်မှုအတွက် အားထားနိုင်သောရင်းမြစ်

ဝမ်းနည်းပူဆွေးနေချိန်တွင် သင့်ကလေးသည် သင့်ထံမှ လမ်းညွှန်မှု၊ ထောက်မမှုနှင့် ဖြေရှင်းချက်များ ရလိုပေမည်။ သို့ဆိုလျှင် သေခြင်းနှင့်ပတ်သက်၍ အားထားနိုင်သောလမ်းညွှန်ချက်ကို အဘယ်နေရာတွင် သင် ရှာတွေ့နိုင်သနည်း။ ကျမ်းစာသည် နှစ်သိမ့်မှုနှင့်မျှော်လင့်ချက်အတွက် ယုံကြည်အားထားနိုင်သောလမ်းညွှန်ဖြစ်ကြောင်း လူများစွာ တွေ့ရှိခဲ့ကြသည်။ သေခြင်းအစပြုခဲ့ပုံ၊ သေလွန်သူများ၏အခြေအနေနှင့် ၎င်းတို့အတွက်မျှော်လင့်ချက်စသည့် သေခြင်းနှင့်ပတ်သက်သော တိကျမှန်ကန်သည့်အချက်အလက်များကို ကျမ်းစာတွင်ဖော်ပြထားသည်။ “သေသောသူမူကား အဘယ်အရာကိုမျှမသိ” ဟူသော ရှင်းလင်းသည့်အမှန်တရားက ကွယ်လွန်သွားသော ချစ်မြတ်နိုးရသူသည် ဝေဒနာမခံစားနေရကြောင်း သိမြင်နားလည်ရန် သင့်ကလေးအား ကူညီပေးနိုင်သည်။ (ဒေ. ၉:၅) ထို့ပြင် မြေကြီးပရဒိသုပေါ်တွင် ချစ်မြတ်နိုးရသော သေလွန်သူများအား ပြန်တွေ့ရမည့်မျှော်လင့်ချက်ကို ကျမ်းစာတွင် ဘုရားသခင်ပေးထားသည်။—ယောဟန် ၅:၂၈၊ ၂၉

သမ္မာကျမ်းစာဖွင့်ဖတ်ပြခြင်းဖြင့် ဝမ်းနည်းကြေကွဲဖွယ် အခြေအနေတိုင်းအတွက် အားထားနိုင်သည့် နှစ်သိမ့်မှုနှင့်လမ်းညွှန်မှုကို ကျမ်းစာတွင် တွေ့ရှိနိုင်ကြောင်း သင့်ကလေးသိမြင်လာရန် ကူညီပေးနိုင်သည်။ တစ်ချိန်တည်းတွင် မိဘတစ်ဦးအနေဖြင့် သင်သည် အသက်တာ၏အရေးကြီးသောကိစ္စရပ်များတွင် ဘုရားသခင့်နှုတ်မြွက်တော်ကို ယုံကြည်အားထားကြောင်း သင့်ကလေး သတိပြုမိလာမည်။—သု. ၂၂:၆; ၂ တိမောသေ ၃:၁၅

သင့်မေးခွန်းများ၏အဖြေ

ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်နိုင်ရန် သင့်ကလေးအားကူညီပေးရာတွင် သင်သည် ဘာလုပ်ပေးရမှန်းမသိသောအချိန်များလည်း ရှိပေမည်။ သင် အဘယ်အရာပြုလုပ်နိုင်သနည်း။ * ပေါ်ပေါက်လာနိုင်သည့် မေးခွန်းအချို့ကို သုံးသပ်ကြည့်ကြစို့။

ပူဆွေးဝမ်းနည်းမှုကို ကလေးမမြင်အောင် ဖုံးကွယ်သင့်သလော။ ကလေးကို သင်ကာကွယ်ပေးလိုခြင်းသည် သဘာဝကျပါသည်။ သို့သော် သင်ဝမ်းနည်းပူဆွေးနေသည်ကို ကလေးမြင်ခြင်းက မှားပါသလော။ မိမိတို့၏ကြေကွဲမှုကို ရိုးရိုးသားသားဖော်ထုတ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း မိဘများစွာတွေ့ရှိခဲ့ကြသည်။ သို့ဖြင့် ပူဆွေးဝမ်းနည်းမှုကို ထုတ်ဖော်ခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ကလေးများအား ဖော်ပြကြသည်။ မိဘအချို့မူ အခြားသူများရှေ့ ငိုကြွေးခဲ့ကြသူများ၏ ကျမ်းစာနမူနာများကို ကလေးငယ်များနှင့် ဆွေးနွေးကြသည်။ ဥပမာ၊ ယေရှုသည် မိတ်ဆွေလာဇရုသေဆုံးသောအခါ မျက်ရည်ကျခဲ့သည်။ မိမိခံစားချက်များကို ကိုယ်တော်မဖုံးကွယ်ခဲ့ချေ။—ယောဟန် ၁၁:၃၅

အိမ် သို့မဟုတ် သင်္ချိုင်းတွင်ကျင်းပမည့် ဈာပနအခမ်းအနား သို့မဟုတ် ဈာပနဟောပြောချက်ကို ကလေးငယ်တက်ရောက်သင့်သလော။ တက်ရောက်မည်ဆိုပါက ဈာပနအခမ်းအနား ကျင်းပရသည့်အကြောင်းရင်းအပါအဝင် ကြုံတွေ့ရမည့်အရာများကို ကြိုတင်ရှင်းပြထားလျှင် ပညာရှိရာရောက်မည်။ အခြေအနေအချို့တွင်မူ ကျင်းပမည့်အခမ်းအနားအားလုံး သို့မဟုတ် အချို့တွင် ကလေးများမပါဝင်ရန် မိဘများက ဆုံးဖြတ်ပေမည်။ ယေဟောဝါသက်သေများကျင်းပသော ဈာပနအခမ်းအနားကို တက်ရောက်သည့်ကလေးများသည် ကျမ်းစာအခြေပြုဟောပြောချက်မှ အကျိုးရရှိနိုင်သည်။ ထို့ပြင် တက်ရောက်လာသူများပြသသော “ချစ်ခင်စုံမက်မှု” နှင့်မေတ္တာသည် ကလေးတစ်ဦးအတွက်ပင် အရေးပါပြီး နှစ်သိမ့်မှုဖြစ်စေနိုင်သည်။—ရောမ ၁၂:၁၀၊ ၁၅ကဘ; ယောဟန် ၁၃:၃၄၊ ၃၅

ကွယ်လွန်သွားသော ချစ်မြတ်နိုးရသူအကြောင်း ကလေးကို ပြောသင့်သလော။ ကွယ်လွန်သူအကြောင်း သင်လုံးဝမပြောတော့ပါက သူနှင့်ပတ်သက်၍ သင်တစ်စုံတစ်ရာလျှို့ဝှက်ထားသည် သို့မဟုတ် ထိုသူနှင့်ပတ်သက်သည့်အမှတ်ရစရာများကို ဖျောက်ဖျက်ပစ်ရန် သင်ကြိုးစားနေသည်ဟု ကလေးငယ် တလွဲယူဆသွားနိုင်ကြောင်း သုတေသီအချို့က ဆိုသည်။ “သေလွန်သူနှင့်ပတ်သက်သည့် အမှတ်ရစရာများဖြင့် အသက်ရှင်နေထိုင်တတ်ရန်နှင့် ယင်းသည် ကြောက်စရာမဟုတ်ကြောင်း ကလေးငယ်များကိုသင်ပေးရန် အရေးကြီးသည်” ဟူ၍ စာရေးဆရာမ ဂျူလီယာရတ်သ်ကီးသတိပြုမိသည်။ ကွယ်လွန်သူ၏ပင်ကိုစရိုက်နှင့်အသက်တာမှ အရည်အသွေးကောင်းများအပါအဝင် သူ၏အကြောင်းကို ပွင့်လင်းစွာပြောဆိုခြင်းက ဝမ်းနည်းကြေကွဲမှုကို ကောင်းစွာခံရပ်စေနိုင်သည်။ ဖျားနာမှုနှင့်သေခြင်းမရှိတော့မည့် မြေကြီးပရဒိသုတွင် ရှင်ပြန်ထမြောက်လာမည်ဟူသော ကျမ်းစာပါမျှော်လင့်ချက်ဖြင့် မိမိတို့ကလေးကို သက်သေခံမိဘများ နှစ်သိမ့်ကြသည်။—ဗျာ. ၂၁:၄

ကလေးဝမ်းနည်းပူဆွေးနေစဉ် မည်သို့ကူညီပေးနိုင်မည်နည်း။ သင့်ကလေးသည် ပူဆွေးဝမ်းနည်းနေစဉ်တွင် ဖျားနာခြင်းစသော ကာယပိုင်းဆိုင်ရာလက္ခဏာအချို့ကို ခံစားရပေမည်။ သင့်ကလေးသည် ခိုကိုးရာမဲ့ပြီး အလိုဆန္ဒမပြည့်သောခံစားချက်ကြောင့် စိတ်ဆိုးမည် သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်နေမည်။ သင့်ကလေးသည် သူအပြစ်ရှိသည်ဟုခံစားနေမည်၊ သင်နှင့်ယခင်ကထက် ပိုတွယ်ကပ်နေမည်၊ သင်အိမ်ပြန်နောက်ကျပါက ကြောက်လန့်နေမည် သို့မဟုတ် ဖျားနာလာမည်ဆိုလျှင် မအံ့သြပါနှင့်။ သင့်ကလေး၏ စိတ်မငြိမ်မသက်ဖြစ်မှုကို သင် မည်သို့ကိုင်တွယ်ဖြေရှင်းပေးနိုင်မည်နည်း။ သူစိတ်အနှောင့်အယှက်ဖြစ်နေသည်ကို သင်သတိမပြုမိဟု ဘယ်သောအခါမျှ မခံစားမိပါစေနှင့်။ ထို့ကြောင့် ပိုင်းခြားသိမြင်မှုရှိရှိဖြင့် အခြေအနေကို စောင့်ကြည့်ပါ။ သေခြင်းတရားကြောင့် သင့်ကလေး မည်မျှ စိတ်ထိခိုက်နေကြောင်းကို တလွဲမထင်မိရန် သို့မဟုတ် လျှော့မတွက်မိရန် ကြိုးစားပါ။ အားပေးစကားပုံမှန်ပြောကာ မေးခွန်းများမေးရန်နှင့် ပွင့်လင်းစွာပြောဆိုဆက်သွယ်ရန် အားပေးပါ။ “ကျမ်းစာ၌ပါသော . . . သက်သာခြင်းအကြောင်းများကိုအမှီပြု၍” သင်နှင့်သင့်ကလေး၏မျှော်လင့်ချက်ကို ခိုင်ခံ့စေနိုင်သည်။—ရောမ ၁၅:၄

မိသားစုလုပ်ရိုးလုပ်စဉ်များနှင့် အခြားလုပ်ငန်းဆောင်တာများကို မည်မျှကြာသောအချိန်တွင် ပြန်အစပြုသင့်သနည်း။ လုပ်ရိုးလုပ်စဉ်များကို များနိုင်သမျှများများ ဆက်လုပ်ဆောင်ပါဟု ကျွမ်းကျင်သူများကဆိုသည်။ အကျိုးပြုသောလုပ်ရိုးလုပ်စဉ်များကို ဆက်လုပ်ဆောင်ခြင်းသည် ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိရောက်သောနည်းတစ်မျိုးဖြစ်သည်။ မိသားစုကျမ်းစာသင်အံမှု ပုံမှန်ပြုလုပ်ခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းစသည့် ကောင်းမွန်သော လုပ်ရိုးလုပ်စဉ်များသည် မိသားစုအပေါ် တည်ငြိမ်ခိုင်ခံ့သောအကျိုး သက်ရောက်နိုင်ကြောင်း ယေဟောဝါသက်သေမိဘများစွာ တွေ့ရှိခဲ့ကြသည်။—တရားဟောရာ ၆:၄-၉; ဟေဗြဲ ၁၀:၂၄၊ ၂၅

ဖျားနာခြင်းနှင့်သေခြင်းကို ယေဟောဝါအဆုံးတိုင်စေမည့်အချိန် မရောက်ခင်အထိ ကလေးငယ်များသည် ကြေကွဲဖွယ်သေခြင်းတရားကို ရံဖန်ရံခါ ရင်ဆိုင်ကြုံတွေ့ရပေဦးမည်။ (ဟေရှာယ ၂၅:၈) သို့သော် ချစ်မြတ်နိုးသူတစ်ဦးဆုံးရှုံးရခြင်းကို ကောင်းစွာရင်ဆိုင်ခံရပ်နိုင်ရန် အားပေးထောက်မခြင်းဖြင့် ကလေးငယ်များကို ကူညီပေးနိုင်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ဤဆောင်းပါးမှအချက်အလက်များသည် စည်းမျဉ်းများသတ်မှတ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ အခြေအနေနှင့်ဓလေ့ထုံးစံများသည် တိုင်းပြည်နှင့်ယဉ်ကျေးမှုအလိုက် အလွန်ကွဲပြားနိုင်ကြောင်း သတိပြုသင့်သည်။

[စာမျက်နှာ ၁၉ ပါပုံစာ]

မေးခွန်းများမေးရန်နှင့် သူ၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုရန် သင့်ကလေးကို အားပေးပါ

[စာမျက်နှာ ၂၀ ပါရုပ်ပုံ]

မိသားစုကျမ်းစာသင်အံမှု အပါအဝင် လုပ်ရိုးလုပ်စဉ်များကို ဆက်လုပ်ဆောင်သွားပါ