မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

တမန်တော်ပေါလုသည် ဧဖက် ၂:၁၁-၁၅ တွင် တစ်ပါးအမျိုးသားများနှင့်ဂျူးတို့ကို ပိုင်းခြားထားသည့် အုတ်တံတိုင်းနံရံအကြောင်းပြောသောအခါ အမှန်တကယ်ရှိသော အုတ်တံတိုင်းကို ရည်ညွှန်းနေခြင်းလော။

တမန်တော်ပေါလုသည် ဧဖက်အသင်းတော်သို့ရေးသောစာတွင် ဣသရေလလူမျိုးနှင့် “သာသနာပလူ”တို့ ကွဲပြားခြားနားကြောင်း ဖော်ပြခဲ့သည်။ ထိုအုပ်စုနှစ်ခုကို “ပိုင်းခြား” ထားသော “အုတ်တံတိုင်းနံရံ” ရှိသည်ဟု သူဆိုခဲ့၏။ (ဧဖက် ၂:၁၁-၁၅) မောရှေမှတစ်ဆင့်ပေးခဲ့သော “ပညတ်တရား” ကို ပေါလုရည်ညွှန်းနေခြင်းဖြစ်သော်လည်း “အုတ်တံတိုင်းနံရံ” ဟူသောအသုံးအနှုန်းကြောင့် စာရှုသူများအား အမှန်တကယ်တည်ရှိသော အုတ်တံတိုင်းကို အမှတ်ရစေပေမည်။

အေဒီပထမရာစု၌ ယေရုရှလင်ရှိ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်တွင် လူအချို့သာဝင်ခွင့်ရှိသည့် ကန့်သတ်ထားသော ရင်ပြင်များရှိသည်။ တစ်ပါးအမျိုးသားရင်ပြင်အတွင်းသို့ မည်သူမဆိုဝင်ရောက်နိုင်သော်လည်း ဝတ်ပြုရာအိမ်တော်၏ ရင်ပြင်များအတွင်းသို့ ဂျူးများနှင့် ဘာသာပြောင်းဝင်လာသူများသာ ဝင်ရောက်နိုင်သည်။ ကန့်သတ်ထားသောနေရာနှင့် လူတိုင်းဝင်ရောက်နိုင်သောနေရာကို စိုရက်ဂ်ဟုခေါ်သော လေးပေခန့်အမြင့်ရှိသည့် အထူးမွမ်းမံထားသော အုတ်တံတိုင်းဖြင့် ပိုင်းခြားထားသည်။ ပထမရာစုဂျူးသမိုင်းပညာရှင် ဖလေးဗီးယက်စ် ဂျိုစီဖတ်စ်၏အဆိုအရ ထိုသန့်ရှင်းရာရင်ပြင်များသို့ တစ်ပါးအမျိုးသားများ မဝင်မိစေရန် ထိုအုတ်တံတိုင်းပေါ်တွင် ဂရိနှင့် လက်တင်ဘာသာဖြင့် သတိပေးချက်ရေးထိုးထားသည်။

ထိုနံရံမှ ဂရိကျောက်စာတစ်ခုကို ရှာဖွေတွေ့ ရှိခဲ့ရာ ယင်းတွင် ဤသို့ရေးထားသည်– “သန့်ရှင်းရာရင်ပြင်များပတ်လည်ရှိ အုတ်တံတိုင်းအတွင်းသို့ အဘယ်တိုင်းတစ်ပါးသားမျှ မဝင်ရ။ ဝင်သောသူမည်သူမဆို အသတ်ခံရမည်။”

ဂျူးများနှင့်တစ်ပါးအမျိုးသားတို့အား ကြာမြင့်စွာခွဲခြားထားသည့် မောရှေပညတ်ပဋိညာဉ်ကို ပုံဆောင်ဖော်ပြရန် စိုရက်ဂ်ကို ပေါလုအသုံးပြုခဲ့ဟန်တူသည်။ ပူဇော်ရာယဇ်အဖြစ် ယေရှု၏သေခြင်းသည် ပညတ်ပဋိညာဉ်ကို ပယ်ရှားခဲ့ရာ ယင်းက “အုတ်တံတိုင်းနံရံကိုဖြိုဖျက်” ခြင်းဖြစ်သည်။

အမှန်တကယ်အားဖြင့် ဣသရေလမျိုးနွယ် ၁၃ နွယ်ရှိသော်လည်း ကျမ်းစာက အဘယ်ကြောင့် ၁၂ နွယ်ဟုသာ အများအားဖြင့် ဖော်ပြသနည်း။

ဣသရေလဟုအမည်ပြောင်းလဲသွားသူယာကုပ်၏ သားများမှ ဣသရေလမျိုးနွယ် ဆင်းသက်လာသည်။ ထိုဘိုးဘေးယာကုပ်တွင် ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာ၊ ဣသခါ၊ ဇာဗုလုန်၊ ယောသပ်နှင့် ဗင်ယာမိန်ဟူသော သား ၁၂ ဦးရှိသည်။ (ကမ္ဘာဦး ၂၉:၃၂–၃၀:၂၄; ၃၅:၁၆-၁၈) ထိုညီအစ်ကိုများမှ ဆယ့်တစ်ဦး၏အမည်ဖြင့် မျိုးနွယ်များဆင်းသက်လာသော်လည်း ယောသပ်ဟူသောအမည်ဖြင့် မျိုးနွယ်မရှိချေ။ ယင်းအစား ယောသပ်၏သားနှစ်ဦးဖြစ်သော မနာရှေနှင့်ဧဖရိမ်တို့သည် မျိုးနွယ်ဆိုင်ရာဖခင်များဖြစ်လာပြီး ၎င်းတို့၏အမည်ဖြင့် မျိုးနွယ်နှစ်ခုဆင်းသက်လာသည်။ ထို့ကြောင့် ဣသရေလမျိုးနွယ်အရေအတွက်မှာ ၁၃ နွယ်ဖြစ်သည်။ သို့ဆိုလျှင် ကျမ်းစာက ၁၂ နွယ်ဟု အဘယ်ကြောင့်ဆိုရသနည်း။

ဣသရေလလူမျိုးတွင် လေဝိအနွယ်သည် ယေဟောဝါ၏ဝတ်ပြုရာတဲတော်နှင့် နောက်ပိုင်းတွင် ဝတ်ပြုရာအိမ်တော်၌ အမှုထမ်းဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ ထို့ကြောင့် သူတို့သည် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရကြသည်။ မောရှေအား ယေဟောဝါဤသို့ဆိုသည်– “လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် ရောနှော၍မရေတွက်ရ။ စာရင်းထဲ၌မသွင်းရ။ လေဝိသားတို့အား သက်သေခံချက်တဲတော်ကိုလည်းကောင်း၊ တဲတော်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကိုလည်းကောင်း အပ်၍ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ရကြမည်။”—တောလည်ရာ ၁:၄၉၊ ၅၀

လေဝိသားတို့သည် ကတိထားရာပြည်တွင် နယ်မြေဝေစုလည်း မရရှိခဲ့ကြချေ။ ယင်းအစား ဣသရေလနယ်မြေအနှံ့ရှိ မြို့ ၄၈ မြို့ကိုသာ ရရှိခဲ့သည်။—တောလည်ရာ ၁၈:၂၀-၂၄; ယောရှု ၂၁:၄၁

ထိုအကြောင်းရင်းနှစ်ချက်ကြောင့် ဣသရေလမျိုးနွယ်များကို စာရင်းရေတွက်သောအခါ လေဝိအနွယ်မပါဝင်ပေ။ ထို့ကြောင့် ဣသရေလမျိုးနွယ်ကို ၁၂ နွယ်အဖြစ်သာ ရေတွက်ရခြင်းဖြစ်သည်။—တောလည်ရာ ၁:၁-၁၅

[စာမျက်နှာ ၂၁ မှ ဓာတ်ပုံ Credit Line]

Archaeological Museum of Istanbul