မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏အကြံအစည်များသည် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် ကိုက်ညီပါသလော

သင်၏အကြံအစည်များသည် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် ကိုက်ညီပါသလော

သင်၏အကြံအစည်များသည် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် ကိုက်ညီပါသလော

အခွံမာသီးများကိုခွဲနိုင်သည့် ကလာ့ခ်ဟုခေါ်သော မီးခိုးရောင်နှင့်အဖြူရောင်စပ် တေးသီငှက်သည် မြောက်အမေရိကအနောက်ပိုင်းရှိ သစ်တောများတစ်လျှောက် ပျံသန်းနေသည်ကို တွေ့မြင်နိုင်သည်။ ထိုငှက်ငယ်သည် ချမ်းစိမ့်သောဆောင်းတွင်းအတွက် ရိက္ခာအဖြစ် နှစ်စဉ် မျိုးစေ့ပေါင်း ၃၃,၀၀၀ ကိုစုဆောင်းကာ နေရာပေါင်း ၂,၅၀၀ ကျော်တွင် သိုလှောင်ထားတတ်သည်။ ဤငှက်သည် အနာဂတ်အတွက် ရိက္ခာသိုလှောင်ရာတွင် “ပညာရှိ” သောငှက်ဖြစ်၏။—သု. ၃၀:၂၄

လူသားတို့တွင်လည်း ပို၍ထူးခြားသော စွမ်းရည်တစ်မျိုးရှိပါသည်။ ယေဟောဝါ၏ မြေကြီးပေါ်ရှိ ဖန်ဆင်းခြင်းလက်ရာများအနက် လူသားတို့သည် အတိတ်ဖြစ်ရပ်များမှသင်ခန်းစာယူနိုင်စွမ်း၊ အနာဂတ်စီမံကိန်းများရေးဆွဲရာတွင် ထိုသင်ခန်းစာများကို ထည့်တွက်စဉ်းစားနိုင်စွမ်းရှိကြသည်။ “လူသည် အထူးထူးအပြားပြားကြံစည်တတ်၏” ဟု ပညာရှိဘုရင်ရှောလမုန် မှတ်ချက်ချခဲ့သည်။—သု. ၁၉:၂၁

လူတို့သည် ထိုသို့သောအတွေ့အကြုံမှ သင်ယူနိုင်စွမ်းရှိသည့်တိုင် အများစုမှာ ထိုသို့သင်ယူလေ့မရှိဘဲ အနာဂတ်နှင့်ပတ်သက်သော ကိုယ်ပိုင်ယူဆချက်များအပေါ်တွင်သာ မူတည်၍ ကြံစည်ကြသည်။ ဥပမာ၊ မနက်ဖြန်တွင် နေထွက်လာမည်၊ သင်အသက်ဆက်ရှင်နေမည်ဟုယူဆကာ မနက်ဖြန်အတွက် သင်စီစဉ်ပေမည်။ ပထမယူဆချက်မှာ အဖြစ်မှန်ပေါ်တွင် အခြေပြုပြီး ဒုတိယယူဆချက်မှာ သေချာမှုသိပ်မရှိပေ။ “နက်ဖြန်နေ့၌ သင်တို့အသက်သည် မည်သို့ဖြစ်မည်ကို မသိကြ” ဟူ၍ ကျမ်းရေးသူယာကုပ် လက်တွေ့ကျကျဖော်ပြခဲ့သည်။—ယာကုပ် ၄:၁၃၊ ၁၄

ယေဟောဝါဘုရားသခင်သည် ထိုသို့သောကန့်သတ်ချက်များ မရှိချေ။ ကိုယ်တော်သည် “အဦးမှစ၍ အဆုံးတိုင်အောင်” သိတော်မူ၏။ ကိုယ်တော်၏ရည်ရွယ်ချက်များသည် ဧကန်ပြည့်စုံလာမည်။ “ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်” ဟုကိုယ်တော်မိန့်ဆိုသည်။ (ဟေရှာယ ၄၆:၁၀) သို့ဆိုလျှင် လူတို့၏အကြံအစည်များသည် ဘုရားသခင်၏ရည်ရွယ်ချက်နှင့် ဆန့်ကျင်သောအခါ အဘယ်အရာဖြစ်ပျက်မည်နည်း။

လူတို့၏အကြံအစည်များသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်သောအခါ

လွန်ခဲ့သောအနှစ် ၄,၀၀၀ ကျော်က ဗာဗုလုန်မြို့တွင် ရဲတိုက်ဆောက်လုပ်သူများသည် မြေကြီးတစ်ခွင်သို့ လူမျိုးနွယ် မနှံ့ပြားသွားစေရန် ရည်ရွယ်ကြံစည်ခဲ့ကြသည်။ “လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်း တည်လုပ်သဖြင့် ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့” ဟုသူတို့ပြောဆိုကြ၏။—ကမ္ဘာဦး ၁၁:၄

သို့သော် ကမ္ဘာမြေနှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်မှာ ထိုသို့မဟုတ်ပါ။ “များပြားစွာမွေးဖွားလျက် မြေကြီးကိုပြည့်စေကြလော့” ဟု နောဧနှင့်သူ၏သားများကို ကိုယ်တော်မိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၉:၁) ဗာဗုလုန်မြို့မှ ထိုပုန်ကန်သူတို့၏ပန်းတိုင်များကို ဘုရားသခင် မည်သို့အရေးယူစီရင်ခဲ့သနည်း။ အချင်းချင်း ပြောဆိုဆက်သွယ်မှုမပြုနိုင်အောင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ သူတို့သည် ‘မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်သို့ကွဲပြား’ သွားသည်။ (ကမ္ဘာဦး ၁၁:၅-၈) ရဲတိုက်တည်ဆောက်သူတို့သည် အဖိုးတန်သောသင်ခန်းစာတစ်ခု ရရှိခဲ့သည်။ လူတို့၏အကြံအစည်များသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ဆန့်ကျင်သောအခါ ‘ဘုရားသခင်၏အကြံတော်သည် တည်လိမ့်မည်။’ (သု. ၁၉:၂၁) သင်လည်း သင့်ဘဝတွင် အတိတ်မှသင်ခန်းစာများကို ထည့်သွင်းစဉ်းစားပါသလော။

သူဌေးတစ်ဦး၏မိုက်မဲမှု

သင်သည် ရဲတိုက်ကြီးဆောက်ရန် ကြံစည်ချင်မှကြံစည်ပေမည်၊ သို့သော် ယနေ့လူများစွာသည် အငြိမ်းစားယူချိန်တွင် သက်သောင့်သက်သာနေနိုင်ဖို့ ဘဏ်ငွေစာရင်းတိုးများလာရန်၊ ရုပ်ပစ္စည်းစုဆောင်းရန် ကြိုးစားကြသည်။ လူတစ်ဦးသည် မိမိ၏ကြိုးစားအားထုတ်မှုမှ အကျိုးအမြတ်များခံစားလိုသည်မှာ သဘာဝပင်။ “လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏” ဟုရှောလမုန်ရေးခဲ့သည်။—ဒေ. ၃:၁၃

သို့သော် ထိုဆုကျေးဇူးကို အသုံးပြုပုံနှင့်ပတ်သက်၍ ယေဟောဝါထံ ကျွန်ုပ်တို့စာရင်းရှင်းရကြမည်။ လွန်ခဲ့သောအနှစ် ၂,၀၀၀ နီးပါးတွင် ယေရှုသည် ထိုအချက်ကို မိမိ၏တပည့်များအား ပုံဥပမာတစ်ခုဖြင့် အလေးပေးဖော်ပြခဲ့သည်။ ကိုယ်တော် ဤသို့ဆိုသည်– “သူဌေးတစ်ဦး၌ မြေကောင်း၍အသီးအနှံများလှ၏။ ထိုသူဌေးက ‘ငါသည် အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။’ ပြုမည်အကြံကား ‘ငါ့တိုက်များကိုဖျက်၍ ကျယ်သောတိုက်တို့ကိုတည်ပြီးမှ ငါ၏အသီးအနှံဥစ္စာရှိသမျှတို့ကို သိုထားမည်။ ငါ့ဝိညာဉ်အားလည်း “အချင်းဝိညာဉ် သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကိုသိုထားလျက်ရှိ၏။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကိုပြုလော့” ငါပြောမည်’ ဟုသူဌေးအကြံရှိ၏။” (လုကာ ၁၂:၁၆-၁၉) ထိုသူဌေး၏ပန်းတိုင်မှာ ယုတ္တိရှိပုံရသည်မဟုတ်လော။ အစောပိုင်းတွင်ဖော်ပြခဲ့သော ကလာ့ခ်ငှက်ငယ်ပမာ ထိုသူဌေးသည် အနာဂတ်အတွက် လိုအပ်ရာများ ပြင်ဆင်နေပုံရသည်။

သို့သော် ထိုသူဌေး၏အတွေးအခေါ်မှာ မှားယွင်းနေသည်။ “ဘုရားသခင်က ‘အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသောဥစ္စာကို အဘယ်သူပိုင်မည်နည်း’ ဟုသူဌေးအားမိန့်တော်မူ၏” ဟုယေရှုဆက်ဆိုသည်။ (လုကာ ၁၂:၂၀) အလုပ်နှင့် ယင်းမှရရှိသောအကျိုးအမြတ်များသည် ဘုရားသခင်ထံမှ ဆုကျေးဇူးများဖြစ်သည်ဟူသော ရှောလမုန်၏စကားကို ယေရှု ဆန့်ကျင်နေခြင်းလော။ မဟုတ်ပါ။ သို့ဆိုလျှင် ယေရှု ဘာကိုဆိုလိုသနည်း။ “ကိုယ်အဖို့ဘဏ္ဍာများကိုဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား ထိုသူဌေးနှင့်တူသည်” ဟုယေရှုမိန့်တော်မူ၏။—လုကာ ၁၂:၂၁

ကျွန်ုပ်တို့၏အကြံအစည်များတွင် ဘုရားသခင်ကို ထည့်တွက်စဉ်းစားရန် ကိုယ်တော်လိုလားကြောင်း ပရိသတ်အား ယေရှုသွန်သင်နေခြင်းဖြစ်၏။ သူဌေးသည် ဉာဏ်ပညာ၊ မေတ္တာနှင့် ဘုရားသခင်အပေါ် ကြည်ညိုလေးမြတ်မှုတို့ တိုးများလာရန် ကြိုးစားခြင်းဖြင့် ဘုရားသခင်ရှေ့တွင် ကြွယ်ဝနိုင်သည်။ သို့သော် ထိုသူဌေးသည် ယင်းတို့ကို လုံးဝစိတ်မဝင်စားသည့်အပြင် ဆင်းရဲသားများ ကောက်သင်းကောက်နိုင်ဖို့ စပါးကိုချန်ထားရန်၊ ယေဟောဝါအား ဘောဇဉ်ပူဇော်ရာယဇ်ကို ပေးဆက်ရန်လည်း စိတ်မဝင်စားကြောင်း သူ၏စကားများက ဖော်ပြနေသည်။ ဘုရားသခင့်အလိုတော်နှင့်ညီသော ထိုလုပ်ဆောင်မှုများကို သူ၏အသက်တာတွင် လုံးဝမလုပ်ဆောင်ခဲ့ပေ။ သူ၏အကြံအစည်များသည် သူ့လိုအင်ဆန္ဒနှင့် စည်းစိမ်ချမ်းသာစသည်တို့ကို ဖြည့်ဆည်းရန်အတွက်သာဖြစ်သည်။

ယနေ့လူများစွာ၏ ဘဝတွင်ဦးစားထားရာများသည် ယေရှုဖော်ပြသော ထိုသူဌေးနှင့်တူကြောင်း သင်သတိပြုမိသလော။ ကျွန်ုပ်တို့သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဘုရားသခင်နှင့်ဆက်ဆံရေးကို လျစ်လျူရှုကာ နေ့စဉ်အသက်တာ၏လိုအပ်ရာများနှင့် လိုအင်ဆန္ဒများကို ရှေ့တန်းတင်ခြင်းဖြင့် ရုပ်ဝါဒဆန်သည့်ကျော့ကွင်းထဲ အလွယ်တကူ ကျရောက်သွားနိုင်သည်။ ထိုကျော့ကွင်းကို သင် မည်သို့ရှောင်ရှားနိုင်သနည်း။

“သာမန်” အသက်တာအတွက် စီမံခြင်း

ယေရှု၏ပုံဥပမာထဲမှ သူဌေးနှင့်မတူဘဲ သင့်တွင် ငွေကြေးအခက်အခဲရှိနေပေမည်။ သင်သည် အိမ်ထောင်သည်ဖြစ်ပါက သင့်မိသားစု၏ ဘဝလိုအပ်ရာများကို ထောက်ပံ့နိုင်ရန်၊ ဖြစ်နိုင်မည်ဆိုလျှင် သင့်သားသမီးများအတွက် ပညာရေးကောင်းကောင်းရရှိနိုင်ရန် စီမံမည်မှာ သေချာသည်။ သင်သည် လူလွတ်ဖြစ်နေလျှင် အခြားသူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ အလုပ်ရရန် သို့မဟုတ် အလုပ်မြဲရန်စသည်ဖြင့် စီမံပေမည်။ ယင်းတို့သည် အကျိုးရှိသော ပန်းတိုင်များဖြစ်သည်။—၂ သက်သာလောနိတ် ၃:၁၀-၁၂; ၁ တိမောသေ ၅:၈

အသက်တာတွင် သာမန်အရာဟုယူဆရသော အလုပ်လုပ်ခြင်း၊ စားသောက်ခြင်းတို့သည် လူတစ်ဦးကို ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်သွားစေနိုင်သည်။ မည်သို့အားဖြင့်နည်း။ ယေရှု ဤသို့မိန့်ဆို၏– “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။”—မဿဲ ၂၄:၃၇-၃၉

ရေလွှမ်းမိုးခြင်းမတိုင်မီက လူတို့သည် သာမန်အသက်တာဟု သူတို့ယူဆသောအရာများကို လုပ်ဆောင်ခဲ့ကြသည်။ သို့သော် သူတို့၏ပြဿနာမှာ ဆိုးညစ်သောလောကကို ကမ္ဘာချီရေလွှမ်းမိုးဘေးအားဖြင့် ဖျက်ဆီးမည်ဟူသော ဘုရားသခင့်ရည်ရွယ်ချက်ကို ‘သတိမမူ’ ခြင်းဖြစ်၏။ နောဧ၏ဘဝပုံစံသည် ပုံမှန်မဟုတ်ဟု သူတို့ယူဆမည်မှာ မလွဲပေ။ သို့တိုင် ရေလွှမ်းမိုးဘေးကျရောက်သောအခါ နောဧနှင့် သူ့မိသားစု၏ဘဝပုံစံသည် အမှန်ပင် ပညာရှိကြောင်း ထင်ရှားခဲ့သည်။

ယနေ့၊ ကျွန်ုပ်တို့သည် ဆုံးခန်းကာလတွင် အသက်ရှင်နေကြောင်း အထောက်အထားများစွာက ဖော်ပြသည်။ (မဿဲ ၂၄:၃-၁၂; ၂ တိမောသေ ၃:၁-၅) မကြာမီ၊ ဘုရားသခင်၏နိုင်ငံတော်သည် လက်ရှိအစီအစဉ်စနစ်ကို “ချိုးဖဲ့ဖျက်ဆီး” ပစ်တော့မည်။ (ဒံယေလ ၂:၄၄၊ ၄၅) ထိုနိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကမ္ဘာမြေသည် ပရဒိသုအသွင် ပြောင်းလဲသွားပေမည်။ အဖျားအနာနှင့်သေခြင်းတို့ကိုလည်း ဖယ်ရှားပေးမည်။ (ဟေရှာယ ၃၃:၂၄; ဗျာ. ၂၁:၃-၅) သတ္တဝါအပေါင်းတို့သည် စည်းလုံးညီညွတ်ပြီး ဆာလောင်မွတ်သိပ်သည့်ဒဏ်ကို မည်သည့်အခါမျှ ခံစားရတော့မည်မဟုတ်ပေ။—ဆာလံ ၇၂:၁၆; ဟေရှာယ ၁၁:၆-၉

သို့သော် ယေဟောဝါသည် ထိုသို့မလုပ်ဆောင်မီတွင် မိမိနိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း . . . လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟော’ ရန် ရည်ရွယ်တော်မူသည်။ (မဿဲ ၂၄:၁၄) ယေဟောဝါသက်သေ ခုနစ်သန်းနီးပါးသည် ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ နိုင်ငံပေါင်း ၂၃၆ နိုင်ငံတွင် ဘာသာစကားပေါင်း ၄၀၀ ကျော်ဖြင့် သတင်းကောင်းဟောပြောနေသည်။

လောကရှိလူများအတွက် ယေဟောဝါသက်သေများ၏ဘဝပုံစံသည် ထူးဆန်းနေပုံရပြီး ကဲ့ရဲ့လှောင်ပြောင်သည့်အထိ ဖြစ်ပေမည်။ (၂ ပေတရု ၃:၃၊ ၄) ရေလွှမ်းမိုးဘေးမတိုင်မီက လူများနည်းတူ ယနေ့ခေတ်မှ လူအများစုသည် နေ့စဉ်အသက်တာ၏သာမန်ကိစ္စများနှင့် လုံးပန်းနေကြသည်။ လူ့အသိုင်းအဝိုင်းက သာမန်ဟုယူဆထားသော ဘဝပုံစံကို မလိုက်စားသူမှန်သမျှအား အစွန်းရောက်သူများဟု သူတို့ရှုမြင်ကြပေမည်။ သို့သော် ဘုရားသခင်၏ကတိတော်များကို ယုံကြည်သူတို့မူ ကိုယ်တော်အားဝတ်ပြုခြင်းကို အဓိကထားသော အသက်တာသည် အမှန်ပင်မျှတမှုရှိသည်ဟု ရှုမြင်ကြသည်။

ထို့ကြောင့် သင်သည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ အလယ်အလတ်အတန်းစားပင်ဖြစ်ပါစေ အနာဂတ်အတွက် သင့်အကြံအစည်များကို အခါအားလျော်စွာ ပြန်ဆန်းစစ်ခြင်းသည် ပညာရှိရာရောက်ပေမည်။ ထိုသို့ဆန်းစစ်ရာတွင် ‘ကျွန်ုပ်၏အကြံအစည်များသည် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ကိုက်ညီသလော’ ဟုသင့်ကိုသင်မေးကြည့်ပါလေ။

[စာမျက်နှာ ၁၁ ပါရုပ်ပုံ]

လူတို့၏အကြံအစည်များသည် ယေဟောဝါ၏ရည်ရွယ်ချက်နှင့် ဆန့်ကျင်သောအခါ ကိုယ်တော်၏အကြံတော်သည် တည်လိမ့်မည်

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

ယေရှု၏ပုံဥပမာထဲမှ သူဌေးသည် သူ၏အကြံအစည်များတွင် ဘုရားသခင့်ရည်ရွယ်ချက်ကို အာရုံစိုက်ရန် ပျက်ကွက်ခဲ့