မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ

စာတန်အသေးစားများဟုခေါ်သော လူဆိုးဂိုဏ်းဝင် မက္ကဆီကန်လူငယ်တစ်ဦးကို ရိုးသားစွာအလုပ် ကြိုးစားသူတစ်ဦးအဖြစ် ပြောင်းလဲလာရန် အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင် ဂျပန်အမျိုးသမီးတစ်ဦးသည် ဘဝတွင် စည်းစိမ်ဥစ္စာအဓိကလိုက်စားခြင်းကို အဘယ်ကြောင့်ရပ်တန့်ခဲ့သနည်း၊ ထိုပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ သူ မည်သို့ခံစားရသနည်း။ အကျိုးအမြတ်များသောလုပ်ငန်းကို စွန့်လွှတ်ရန် ရုရှားလူမျိုး လက်နက်မှောင်ခိုရောင်းဝယ်သူတစ်ဦးကို အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ သူတို့တစ်ဦးစီပြောသည့်စကားများကို သုံးသပ်ကြည့်ပါ။

ကိုယ်ရေးရာဇဝင်အကျဉ်း

အမည်– အဲဒရီယန် ပဲရက်စ်

အသက်– ၃၀

နိုင်ငံ– မက္ကဆီကို

ဘဝနောက်ခံ– လူဆိုးဂိုဏ်းဝင်တစ်ဦး

အတိတ်– ကျွန်တော့်အသက် ၁၃ နှစ်လောက်မှာ ကျွန်တော့်မိသားစုက မက္ကစီကိုနိုင်ငံ၊ အေကာတေပက် တာမိုရေလို့စ်မြို့ကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက အဲဒီမှာ သက်ငယ်ပြစ်မှု၊ လက်သရမ်းဖျက်ဆီးမှုနဲ့ မူးယစ်ဆေးသုံးစွဲမှုတွေ ပြည့်နှက်နေတဲ့အချိန်ဖြစ်တယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော်အရက်စွဲလာတယ်၊ ပြီးတော့ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်လိုဖျက်ဆီးလုပ်ပြီး အကျင့်ပျက်တဲ့လမ်းစဉ်ထဲမှာ ပါဝင်တော့တာပဲ။

နောက်ပိုင်းမှာ ကျွန်တော့်မွေးရပ်ဒေသဖြစ်တဲ့ စန်ဗီစန်တီမြို့ကို ကျွန်တော်တို့ပြန်ပြောင်းရွှေ့ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီမှာလည်း မူးယစ်ဆေးသုံးစွဲမှုက အဓိကပြဿနာပဲ။ လူငယ်တွေ လမ်းပေါ်မှာလဲပြီး သေဆုံးနေတာတွေကိုမြင်ရတာ အဆန်းမဟုတ်ဘူး။ စာတန်အသေးစားများလို့ခေါ်တဲ့ လူဆိုးဂိုဏ်းနဲ့ ကျွန်တော်ပူးပေါင်းခဲ့တယ်။ ကျွန်တော်တို့တွေ ခိုးကြတယ်၊ မူးယစ်ဆေးသုံးစွဲတယ်၊ အထူးသဖြင့် တာပင်တိုင်လို သင်နာ ဒါမှမဟုတ် ကော်တွေကို ရှူရှိုက်ကြတယ်။ အိမ်ကိုဘယ်လိုပြန်ရောက်လာမှန်းတောင် ကျွန်တော်မသိတာ ခဏခဏပဲ၊ တစ်ခါတလေဆို လမ်းပေါ်မှာသတိလစ်ပြီး လဲနေတတ်တယ်။ ကျွန်တော့်သူငယ်ချင်းတချို့ဆိုရင် ခိုးမှုနဲ့လူသတ်မှုကြောင့် ထောင်ကျသွားတယ်။

ဒီလိုမကောင်းတာတွေ ကျွန်တော်လုပ်နေပေမဲ့ ဘုရားသခင်ကိုတော့ ယုံကြည်ခဲ့တယ်။ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်လျော့နည်းစေဖို့ အီစတာပွဲနေ့မတိုင်မီ သီတင်းပတ်အတွင်းမှာ သခင်ယေရှုဒုက္ခကျင့်ခံတော်မူရာလမ်းလို့ခေါ်တဲ့ ဘာသာရေးပွဲတော်မှာ ကျွန်တော်ပါဝင်ခဲ့တယ်။ ပြီးတဲ့နောက် ခရစ်တော်အဖြစ်သရုပ်ဆောင်တဲ့သူအပါအဝင် ကျွန်တော်တို့အားလုံး အရက်မူးအောင် သောက်ကြတယ်။

ကျမ်းစာက ကျွန်တော့်ဘဝကိုပြောင်းလဲစေခဲ့ပုံ– ကျွန်တော့်အသက် ၁၉ နှစ်လောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့တယ်။ ဘဝက စစ်မှန်တဲ့ရည်ရွယ်ချက်မရှိဘူး၊ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် အခြေအနေကောင်းလာစရာအကြောင်းမရှိဘူးဆိုတာ သတိပြုမိတယ်။ ကျွန်တော်စိတ်စွဲမှတ်ခဲ့တဲ့အရာကတော့ ဂလာတိ ၆:၈ မှာဖော်ပြထားတဲ့အချက်ပါပဲ– “မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။” ကျွန်တော့်ဘဝ တိုးတက်ကောင်းမွန်ချင်တယ်ဆိုရင် အနာဂတ်အတွက် မျိုးစေ့ကြဲရမယ်ဆိုတာကို ဒီကျမ်းချက်က သိမြင်လာစေတယ်။

ယေဟောဝါဟာ အသက်ရှင်တဲ့ဘုရားသခင်ဖြစ်တယ်၊ ကျွန်တော့်ကို တကယ်စိတ်ဝင်စားတယ်၊ အရင်တုန်းက ကျူးလွန်ခဲ့တဲ့အပြစ်တွေကို ခွင့်လွှတ်ဖို့တလိုတလားရှိတယ်ဆိုတာ ကျမ်းစာလေ့လာရင်းနဲ့ သဘောပေါက်လာတယ်။ ပြီးတော့ ဆုတောင်းချက်တွေကို နားထောင်ပြီး ပြန်အဖြေပေးတယ်ဆိုတာကိုလည်း ကိုယ်တွေ့ ကြုံခဲ့ရတယ်။

ကျွန်တော့်ဘဝပုံစံကို ပြုပြင်ပြောင်းလဲဖို့မလွယ်ခဲ့ဘူး။ လူဆိုးဂိုဏ်းကို အဆက်ဖြတ်ဖို့ တော်တော်ခက်တယ်။ ကျွန်တော် သူတို့နဲ့မပူးပေါင်းတော့ပေမဲ့ လူဆိုးဂိုဏ်းတွေရှိတဲ့နယ်မြေတချို့ကို သွားလို့မရဘူး။ တစ်ခါတလေ သူငယ်ချင်းဟောင်းတွေကိုတွေ့ရင် အရင်အကျင့်ဆိုးတွေပြန်ကျင့်ဖို့ ဖိအားပေးမှာစိုးလို့ ပုန်းနေရတဲ့အခါတွေရှိတယ်။

ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ သက်သေခံတွေရဲ့ အစည်းအဝေးတွေကို စတက်တဲ့အခါမှာတော့ နွေးထွေးပြီး ချစ်စရာကောင်းတဲ့အသင်းတော်ဖြစ်တယ်ဆိုတာ သိလာတယ်။ ဒီလူတွေရဲ့ယုံကြည်ခြင်းက သိပ်ခိုင်မာပြီး အပြောနဲ့အလုပ်ညီကြတဲ့အတွက် ကျွန်တော်စိတ်စွဲမှတ်ခဲ့ရတယ်။ ကျွန်တော်ကျင်လည်ခဲ့တဲ့ဝန်းကျင်နဲ့ တခြားစီပဲ။

အကျိုးကျေးဇူးရခဲ့ပုံ– ယေဟောဝါသက်သေတစ်ဦးအဖြစ် ကျွန်တော်နှစ်ခြင်းခံခဲ့တာ အခုဆိုဆယ်နှစ်ရှိပြီ။ ကျမ်းစာသွန်သင်ချက်တွေကို ဘဝမှာလက်တွေ့ကျင့်သုံးဖို့ ကျွန်တော်ကြိုးစားတယ်။ အကျိုးကျေးဇူးကတော့ မိသားစုရဲ့လေးစားမှုကို ရလာတယ်။ အခု ကျွန်တော့်ကို အလုပ်ကြိုးစားသူအဖြစ် သူတို့သိလာကြသလို မိသားစုကိုလည်း ငွေကြေးထောက်ပံ့နိုင်ပြီ။ ကျွန်တော့်အမေလည်း ကျမ်းစာစလေ့လာခဲ့ပြီး အခု ယေဟောဝါသက်သေတစ်ယောက်ဖြစ်နေပြီ။ အဖေလည်း သူ့ဘဝပုံစံကို ပြုပြင်ပြောင်းလဲလာတယ်။ ကျွန်တော့်မိသားစုဝင်အများစုက ယေဟောဝါသက်သေတွေမဟုတ်ကြပေမဲ့ ကျွန်တော် ပြုပြင်ပြောင်းလဲလာတာကို သတိထားမိပြီး ကျမ်းစာဟာ လူတစ်ယောက်ရဲ့ဘဝကို တကယ်တိုးတက်စေနိုင်တယ်ဆိုတာ သူတို့ အသိအမှတ်ပြုကြတယ်။

ကိုယ်ရေးရာဇဝင်အကျဉ်း

အမည်– ယာယိုအီ နာဂါတာနီ

အသက်– ၅၀

နိုင်ငံ– ဂျပန်

ဘဝနောက်ခံ– အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး

အတိတ်– ရင်းနှီးဖော်ရွေတဲ့သူတွေနေထိုင်တဲ့ မြို့ငယ်လေးတစ်မြို့မှာ ကျွန်မကြီးပြင်းခဲ့တယ်။ အဖေက ဝန်ထမ်းဆယ်ယောက်ရှိတဲ့ စတိုးဆိုင်ကြီးတစ်ဆိုင် ဖွင့်ထားတယ်။ ကျွန်မတို့အိမ်က စတိုးဆိုင်ရဲ့ဘေးကပ်လျက်မှာရှိတဲ့အတွက် အဖေနဲ့အမေက အလုပ်များကြပေမဲ့ အထီးကျန်တယ်လို့ တစ်ခါမှ ကျွန်မ မခံစားခဲ့ရဘူး။

ကျွန်မက သမီးသုံးယောက်မှာ အကြီးဆုံးဖြစ်ပြီး ငယ်ငယ်လေးကတည်းက မိသားစုရဲ့စီးပွားရေးကိုဦးဆောင်တတ်ဖို့ လေ့ကျင့်ခံခဲ့ရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့တယ်။ ကျွန်မခင်ပွန်းက ဘဏ်ကနေ အလုပ်ထွက်ပြီး မိသားစုရဲ့စီးပွားရေးလုပ်ငန်းမှာပဲ ဝိုင်းကူလုပ်ပေးတယ်။ ကျွန်မတို့ ကလေးသုံးယောက် ဆက်တိုက်ရလာတယ်။ ကျွန်မက ဆိုင်မှာ မိုးလင်းမိုးချုပ် အလုပ်လုပ်တဲ့အတွက် အမေက အိမ်အလုပ်ဝိုင်းလုပ်ပေးရင်း ကလေးတွေကို ထိန်းပေးတယ်။ ဒါတောင်မှ မိသားစုအတွက် အချိန်ရှိနေသေးတယ်။

နောက်တော့ စီးပွားရေးကျဆင်းလာတဲ့အတွက် ဈေးဆိုင်ခန်းတွေ အရှုံးပေါ်​ပြီး ကျွန်မတို့လုပ်ငန်းလည်း ထိခိုက်လာတယ်။ ဒါကြောင့် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာ အိမ်အသုံးအဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဆိုင်ခန်းဆောက်လုပ်မယ့် ဖွင့်ပွဲနေ့မတိုင်ခင် တစ်ရက်အလိုမှာ ကျွန်မတို့ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်တဲ့အဖေက ရုတ်တရက်ဦးနှောက်ချို့ယွင်းတဲ့ရောဂါနဲ့ လဲကျသွားတယ်။ ဦးနှောက်ချို့ယွင်းသွားတဲ့အတွက် အဖေ စကားမပြောနိုင်တော့ဘူး။ ဒါနဲ့ ဆိုင်သစ်ကိုဦးစီးဖို့ ကျွန်မ တာဝန်ယူခဲ့ရတယ်။ ကျွန်မရဲ့ခင်ပွန်းက ဆိုင်ဟောင်းမှာ ဆက်ဦးစီးတယ်။ ဘဝက တကယ့်ကိုအလုပ်များလာခဲ့တယ်။

ဆိုင်သစ်က အရမ်းအောင်မြင်တယ်။ ကျွန်မရဲ့အောင်မြင်မှုကို ဂုဏ်ယူကျေနပ်ခဲ့ပြီး အလုပ်ပိုလုပ်နိုင်ဖို့ အိပ်ချိန်တွေကို လျှော့ချလိုက်တယ်။ ကလေးတွေကို ချစ်ပေမဲ့ စိတ်ကတော့ အလုပ်အကြောင်းပဲတွေးနေတတ်တယ်။ ကျွန်မအမျိုးသားနဲ့စကားပြောဖို့တောင် အချိန်မရှိသလောက်ဖြစ်လာပြီး စကားပြောဖြစ်ရင်လည်း ရန်ဖြစ်တော့တာပဲ။ စိတ်ဖိစီးမှုကိုကျော်လွှားဖို့ ညတိုင်းနီးပါး အပြင်ထွက်ပြီး သူငယ်ချင်းတွေ၊ စီးပွားဖက်မိတ်ဆွေတွေနဲ့အတူ အရက်သောက်တယ်။ အလုပ်လုပ်ဖို့၊ အရက်သောက်ဖို့၊ ပြီးတော့ အိပ်ဖို့ပဲ ကျွန်မသိတယ်။ ငွေကြေးအရ အောင်မြင်ပေမဲ့ ပျော်ရွှင်မှုတဖြည်းဖြည်းပျောက်ဆုံးလာပြီး ဘာကြောင့် အဲဒီလိုဖြစ်နေရတာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။

ကျမ်းစာက ကျွန်မဘဝကိုပြောင်းလဲစေခဲ့ပုံ– ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတဲ့အခါ ကျမ်းချက်သုံးချက်က ကျွန်မကိုတော်တော်ထိမိခဲ့တယ်။ “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏” ဆိုတဲ့ မဿဲ ၅:၃ [ကဘ] ရဲ့အဓိပ္ပာယ်ကိုသိလာတဲ့အခါ ကျွန်မငိုခဲ့ရတယ်။ ငွေကြေးပြည့်စုံပြီး မိတ်ဆွေအပေါင်းအသင်းတွေရဲ့ချစ်ခင်မှုရရှိနေပေမဲ့ ကျွန်မ ဘာကြောင့်အဓိပ္ပာယ်မဲ့သလို ခံစားနေရတာလဲဆိုတာကို ဒီကျမ်းချက်က ရှင်းပြခဲ့တယ်။ ကျွန်မရဲ့ဝတ်ပြုရေးနဲ့ဆိုင်တဲ့လိုအပ်ချက်ကို အသိအမှတ်ပြုပြီး ဖြည့်ဆည်းပေးမှသာ အမှန်တကယ်ပျော်ရွှင်နိုင်မယ်ဆိုတာ သိလာတယ်။

အဲဒီအချိန်တုန်းက ဂျပန်နိုင်ငံရဲ့စီးပွားရေးက ဆိုးဆိုးရွားရွားကျဆင်းခဲ့တယ်၊ ဒါကြောင့် “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏” ဆိုတဲ့ ၁ တိမောသေ ၆:၉ မှာပါတဲ့အမှန်တရားကို ကျွန်မရဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ကြုံရတာကို တွေ့ခဲ့ရတယ်။ ‘သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကစည်းစိမ်အစေကိုလည်းကောင်း မခံနိုင်ကြ’ ဆိုတဲ့ မဿဲ ၆:၂၄ မှာပါတဲ့ ယေရှုရဲ့စကားက ကျွန်မကိုပြောနေတယ်လို့ခံစားရပြီး ဘဝကို ပြုပြင်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တယ်။

ကျွန်မရဲ့မိဘ၊ ခင်ပွန်းနဲ့ကလေးတွေကို လျစ်လျူရှုထားမိတယ်ဆိုတာ သိလာတယ်။ ကျွန်မမှာ အကျင့်ဆိုးတွေ ရှိနေမှန်းလည်း သိလာတယ်။ ကျွန်မက မောက်မာတယ်။ လူတွေကို စိတ်မရှည်ဘူး။ ဒေါသထွက်လွယ်တယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ပြုပြင်ပြောင်းလဲပြီး ခရစ်ယာန်တစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ အစပိုင်းမှာထင်ခဲ့တယ်။ ဒါပေမဲ့ ကလေးတွေကို ကျွန်မတကယ်ချစ်တယ်၊ မိသားစုနဲ့ဆက်ဆံတဲ့အခါ ကျမ်းစာသွန်သင်ချက်ကို ကျင့်သုံးတဲ့အတွက် ကလေးတွေကောင်းကောင်းတုံ့ပြန်ကြတာ သတိထားမိတယ်။ သူတို့ကို ကျွန်မအချိန်ပိုပေးပြီး ခရစ်ယာန်အစည်းအဝေးတွေကို ခေါ်သွားတယ်။

အကျိုးကျေးဇူးရခဲ့ပုံ– ဘဝရည်ရွယ်ချက်ကိုသိလာတာ၊ ဘုရားသခင်ကိုဝတ်ပြုနိုင်တာ၊ ကိုယ်တော်နှစ်သက်တဲ့လမ်းစဉ်အတိုင်း အသက်ရှင်တာတွေက ကျွန်မကို စစ်မှန်တဲ့ပျော်ရွှင်မှုရစေပြီး ကျေနပ်ရောင့်ရဲစေတယ်။ အရင်ကလို မိသားစုထက် အလုပ်ကိုပဲ အဓိကမထားတော့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လေးစားမှု ပြန်ရလာခဲ့တယ်။

ကျမ်းစာမူတွေကို လိုက်လျှောက်တဲ့အတွက် ကျွန်မရဲ့အကျင့်တွေပြောင်းလဲလာတာကို မြင်တဲ့အခါ အမေလည်း ကျမ်းစာလေ့လာပြီး ခရစ်ယာန်တစ်ယောက်ဖြစ်လာတယ်။ အဖေနဲ့ကျွန်မခင်ပွန်းက ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်ကို မတားဆီးတာ ဝမ်းသာစရာပဲ။ ကလေးတွေနဲ့ ကျွန်မ အတော်ကိုရင်းနှီးလာပြီး အခုဆိုရင် တကယ်ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နေပါပြီ။

ကိုယ်ရေးရာဇဝင်အကျဉ်း

အမည်– မီကာအယ် ဇူရက်ဖ်

အသက်– ၅၁

နိုင်ငံ– ရုရှား

ဘဝနောက်ခံ– တရားမဝင် လက်နက်ရောင်းဝယ်သူတစ်ဦး

အတိတ်– စိမ်းလန်းစိုပြည်တဲ့ ကာရပ်စ်နိုဂရို့ခ်မြို့က ကျွန်တော့်ဇာတိမြို့လေးပါ။ မော်စကိုမြစ်က တောင်ဘက်ကိုစီးဆင်းသွားပြီး အနောက်ဘက်နဲ့ မြောက်ဘက်မှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေက သစ်တောအုပ်တွေနဲ့ ဖုံးလွှမ်းနေတယ်။

ကျွန်တော်ငယ်ငယ်ကတည်းက အပြန်အလှန်ထိုးကြိတ်ရတာ၊ လက်နက်တွေတီထွင်ရတာကို အရမ်းနှစ်သက်ခဲ့တယ်။ ကိုယ်ခံပညာသင်တန်းတွေမှာ အချိန်အများကြီးကုန်ခဲ့တယ်။ တရားမဝင်တဲ့ သေနတ်၊ ကျည်ဆံနဲ့ ဓားမြှောင်တွေကိုလည်း တီထွင်ခဲ့တယ်။ နောက်ပိုင်းမှာ အဲဒါက ကျွန်တော့်ရဲ့စီးပွားရေးလုပ်ငန်းဖြစ်လာတယ်။ ကျွန်တော်က စနစ်ကျတဲ့သူဖြစ်တဲ့အတွက် ရာဇဝတ်သမားတွေကို လက်နက်တွေရောင်းချတဲ့အခါ တော်တော်အောင်မြင်ခဲ့တယ်။

ကျမ်းစာက ကျွန်တော့်ဘဝကိုပြောင်းလဲစေခဲ့ပုံ– ၁၉၉၀ ပြည့်လွန်နှစ်တွေအစောပိုင်းလောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်ဆုံတွေ့ခဲ့ပေမဲ့ အစပိုင်းမှာ သူတို့ကို မယုံခဲ့ဘူး။ သူတို့တွေက မေးခွန်းတွေမေးလွန်းတယ်လို့ ထင်ခဲ့တယ်။

တစ်နေ့မှာ သက်သေခံတစ်ယောက်က “ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်” ဆိုတဲ့ ရောမ ၁၄:၁၂ ကိုဖတ်ပြတယ်။ ဒါကြောင့် ဘုရားသခင်စစ်ကြောတဲ့အခါ ကျွန်တော် ဘာပြန်ပြောရမလဲလို့ စဉ်းစားမိတယ်။ ဒီကျမ်းချက်က ဘုရားသခင် ကျွန်တော့်ကို ဘာတောင်းဆိုသလဲဆိုတဲ့အကြောင်း လေ့လာဖို့ တွန်းအားဖြစ်စေခဲ့တယ်။

ကောလောသဲ ၃:၅-၁၀ မှာဖော်ပြထားတဲ့ ဒီကျမ်းစာသွန်သင်ချက်ကို လက်တွေ့ကျင့်သုံးနိုင်ဖို့ အတော်ကြိုးစားခဲ့ရတယ်– ‘ထို့ကြောင့် မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ ရုပ်ပုံကိုကိုးကွယ်ခြင်းဖြစ်သော လိုဘလွန်ကျူးခြင်းတည်းဟူသော မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် ငြင်းဆန်သောသူတို့အပေါ်၌ သင့်ရောက်ပေ၏။ . . . ထိုအမှုအလုံးစုံတို့ကိုလည်းကောင်း၊ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း၊ ညစ်ညူးသောစကားကိုသုံးခြင်းတို့ကိုလည်းကောင်း သင်တို့နှုတ်မှပယ်ရှင်းကြလော့။ အချင်းချင်းမုသာစကားကို မပြောမသုံးကြနှင့်။ . . . သင်တို့သည် လူဟောင်း၏အကျင့်တို့နှင့် လူဟောင်း၏ကိုယ်ကိုချွတ်ပယ်၍ . . . လူသစ်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြလော့။’

ဒီလိုအပြောင်းအလဲတွေလုပ်ဖို့ ကျွန်တော့်အတွက် အရမ်းခက်တယ်။ ကျွန်တော့်ရဲ့ အရင် “စီးပွားဖက်တွေ” ဖြစ်တဲ့ ရာဇဝတ်သမားတွေက လက်နက်တွေအတွက် ငွေတွေဆက်ပြီးပေးနေတုန်းပဲ။ ပြီးတော့ လူတွေက ကျွန်တော့်ကိုစော်ကားထိပါးလာတဲ့အခါ ပြန်မတိုက်ခိုက်မိအောင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရတာ မလွယ်လှဘူး။ ဒါတောင် တန်ဖိုးကြီးတဲ့ လက်နက်အများကြီးကို ကျွန်တော်ဖျက်ဆီးပစ်ခဲ့တယ်။ ဘုရားသခင်နဲ့ခရစ်တော်ပြသခဲ့တဲ့မေတ္တာကို သိလာတဲ့အခါ သူတို့ကို ပြန်ချစ်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။ ဒါနဲ့ ကျွန်တော် ကျမ်းစာဆက်လေ့လာတယ်၊ အသင်းတော်အစည်းအဝေးတွေတက်ပြီး ဘုရားသခင်ရဲ့အကူအညီအတွက် ဆုတောင်းခဲ့တယ်။

အကျိုးကျေးဇူးရခဲ့ပုံ– အပြင်းအထန်ကြိုးစားအားထုတ်မှုနဲ့ ညီအစ်ကိုတွေရဲ့ကူညီပေးမှုကြောင့် အရည်အသွေးကောင်းတွေကို တဖြည်းဖြည်းမွေးမြူလာနိုင်ခဲ့တယ်။ ယေဟောဝါဘုရားသခင်ဟာ ကျွန်တော်တို့တစ်ဦးစီကိုသာမကဘဲ သေလွန်သွားသူတွေကိုပါ ဂရုစိုက်တယ်ဆိုတာ နားလည်လာတဲ့အခါ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ (တမန်တော် ၂၄:၁၅) ယေဟောဝါသက်သေတွေကြားမှာတွေ့ရတဲ့ ဖြူစင်ရိုးသားမှုကို ကျွန်တော်တကယ်တန်ဖိုးထားတယ်။ ပြီးတော့ ကျွန်တော့်အပေါ် သူတို့ အမှန်တကယ်စိတ်ဝင်စားမှုပြခဲ့တာတွေနဲ့ ဘုရားသခင်အပေါ် သူတို့ရဲ့တည်ကြည်မှုကို လေးမြတ်လှပါတယ်။

အစပိုင်းမှာ မိသားစုဝင်တချို့နဲ့ မိတ်ဆွေတွေက ကျွန်တော့်ရဲ့ယုံကြည်ခြင်းအသစ်ကို ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ ရာဇဝတ်ဂိုဏ်းတွေနဲ့ပတ်သက်တာထက် ဘာသာရေးနဲ့ပတ်သက်တာက ကျွန်တော့်အတွက် ပိုကောင်းတယ်ဆိုတဲ့အတွေးနဲ့ သူတို့ဖြေသိမ့်ကြတယ်။ ကျွန်တော့်ဘဝကို စစ်လက်နက်တွေရောင်းတဲ့လုပ်ငန်းမှာ မဟုတ်တော့ဘဲ ငြိမ်သက်ခြင်းအရှင် ဘုရားသခင်အကြောင်း လူတွေသိနိုင်ဖို့ကူညီပေးတဲ့လုပ်ငန်းမှာ မြှုပ်နှံထားရတာ ပျော်လိုက်တာ။

[စာမျက်နှာ ၂၇ ပါပုံ]

ကျွန်တော့်ရဲ့ကိုယ်ကိုယ်ကိုယ်သိစိတ် အနှောင့်အယှက်ပေးတာ သက်သာစေဖို့ ကက်သလစ်ပွဲတော်တွေမှာ ပါဝင်ခဲ့

[စာမျက်နှာ ၂၈ ပါပုံ]

ငွေကြေး ပြည့်စုံပေမဲ့ ကျွန်မ မပျော်ရွှင်ခဲ့