မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျေးဇူးတင်လေးမြတ်ကြောင်း အဘယ်ကြောင့် ဖော်ပြရမည်နည်း

ကျေးဇူးတင်လေးမြတ်ကြောင်း အဘယ်ကြောင့် ဖော်ပြရမည်နည်း

ကျေးဇူးတင်လေးမြတ်ကြောင်း အဘယ်ကြောင့် ဖော်ပြရမည်နည်း

“ချစ်လှစွာသော အစ်မရေကယ်လ်၊

ကျွန်မကို အစ်မ အားပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အစ်မ သိချင်မှသိမှာဖြစ်ပေမဲ့ အစ်မရဲ့အားပေးမှုနဲ့ ကြင်နာတဲ့စကားတွေက ကျွန်မအတွက်တော့ အရမ်းတာသွားတယ်။”—ဂျယ်နီဖာ။

ထင်မှတ်ဘဲ ကျေးဇူးတင်စာတစ်စောင် သင်ရရှိဖူးသလော။ သို့ဆိုလျှင် ယင်းက သင့်ကို အမှန်ပင် ကျေနပ်ပျော်ရွှင်စေပေမည်။ ထိုသို့တန်ဖိုးထားခံချင်၊ ကျေးဇူးတင်ခံချင်သည်မှာ သဘာဝပင်။—မဿဲ ၂၅:၁၉-၂၃

ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြချက်သည် ပေးသူနှင့်လက်ခံရရှိသူကို ပို၍ရင်းနှီးချစ်ခင်စေသည်။ ထို့ပြင် ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြသူသည် အခြားသူများ၏ ကောင်းမှုများကို အမြဲသတိပြုသူယေရှုခရစ်၏ ခြေတော်ရာကို လိုက်လျှောက်နေခြင်းဖြစ်သည်။—မာကု ၁၄:၃-၉; လုကာ ၂၁:၁-၄

ဝမ်းနည်းစရာမှာ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ကျေးဇူးတင်ကြောင်းဖော်ပြသူ နည်းပါးလာခြင်းဖြစ်သည်။ ‘နောက်ဆုံးကာလ’ တွင် လူတို့သည် ‘ကျေးဇူးမသိတတ်သောသူ’ များဖြစ်လာမည်ဟု ကျမ်းစာက သတိပေးထားသည်။ (၂ တိမောသေ ၃:၁၊ ၂) ထို့ကြောင့် ကျွန်ုပ်တို့သတိမပြုပါက ယနေ့ပျံ့နှံ့နေသော ကျေးဇူးကန်းသည့်သဘောထားသည် ကျွန်ုပ်တို့တွင်ရှိနိုင်သည့် ကျေးဇူးတင်လေးမြတ်စိတ်ကို အနိုင်ယူသွားနိုင်သည်။

မိဘတို့သည် သားသမီးများအား ကျေးဇူးတင်လေးမြတ်မှုတင်ပြနိုင်ပုံကို သွန်သင်ပေးရန် အဘယ်လက်တွေ့ကျအချက်များ ပြုလုပ်နိုင်သနည်း။ မည်သူတို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြသင့်သနည်း။ ကျွန်ုပ်တို့ဝန်းကျင်ရှိလူတို့သည် ကျေးဇူးမသိတတ်သူများဖြစ်သည့်တိုင် ကျွန်ုပ်တို့သည် အဘယ်ကြောင့် ကျေးဇူးတင်လေးမြတ်သူများဖြစ်သင့်သနည်း။

မိသားစုအတွင်းတွင်

မိဘများသည် သားသမီးများကိုထောက်ပံ့နိုင်ရန် ကြိုးစားပမ်းစား အလုပ်,လုပ်ကြရသည်။ သို့သော် တစ်ခါတစ်ရံ မိမိတို့၏ကြိုးပမ်းမှုများကို ကျေးဇူးတင်လေးမြတ်ခြင်းမရှိဟု မိဘများခံစားရနိုင်သည်။ ထိုအခြေအနေကို မည်သို့ကုစားနိုင်သနည်း။ အချက်သုံးချက် လိုအပ်သည်။

(၁) ပုံသက်သေ။ ပုံသက်သေကောင်းချမှတ်ခြင်းသည် သားသမီးများကို သွန်သင်ရာတွင် အထိရောက်ဆုံးနည်းတစ်နည်းဖြစ်သည်။ ရှေးခေတ်ဣသရေလနိုင်ငံမှ အလုပ်ကြိုးစားသောမိခင်တစ်ဦးနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆိုသည်– “သူ၏သားသမီးတို့သည် ထ၍ အမိကို ကောင်းချီးပေးတတ်ကြ၏။” ထိုသားသမီးတို့သည် ကျေးဇူးတင်ကြောင်းပြောဆိုရန် မည်သို့တတ်သိလာကြသနည်း။ ထိုကျမ်းချက်၏နောက်စာကြောင်းက “သူ၏ခင်ပွန်းကလည်း . . . သူ့ကိုချီးမွမ်းတတ်၏” ဟုဆက်ဆိုသည်။ (သု. ၃၁:၂၈၊ ၂၉) မိဘတို့သည် တစ်ဦးကိုတစ်ဦး ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းဖြင့် ယင်းသည် ကျေးဇူးတင်ခံရသူကို ပျော်ရွှင်စေကြောင်း၊ မိသားစုဆက်ဆံရေးကို တိုးတက်စေကြောင်း၊ ရင့်ကျက်သည့်အမှတ်အသားတစ်ခုဖြစ်ကြောင်း သားသမီးများကို သင်ပေးကြသည်။

စတီဗင်အမည်ရှိဖခင်တစ်ဦး ဤသို့ဆို၏– “ညစာချက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ကျွန်တော့်ဇနီးကို ပြောတယ်၊ ဒီနည်းနဲ့ သမီးတွေကို ပုံသက်သေပြတယ်။” ရလဒ်ကား အဘယ်နည်း။ “ကျွန်တော့်သမီးနှစ်ယောက်က အဲဒါကိုသတိပြုမိပြီး ကျေးဇူးတင်တယ်ဆိုတာ ဖော်ပြဖို့ ပိုသတိထားတတ်လာကြတယ်” ဟုစတီဗင်ပြောပြသည်။ သင်သည် အိမ်ထောင်သည်ဖြစ်ပါက အမှုမဲ့အမှတ်မဲ့ဖြစ်သွားနိုင်သော နေ့စဉ်တောက်တိုမယ်ရအလုပ်များ လုပ်ဆောင်ပေးခြင်းအတွက် သင့်အိမ်ထောင်ဖက်ကို ကျေးဇူးတင်ကြောင်း မှန်မှန်ပြောဆိုပါသလော။ သားသမီးများထံမှ တောင်းဆိုထားသည့်အရာကို သူတို့လုပ်သည့်အခါပင်ဖြစ်ပါစေ သူတို့ကို ကျေးဇူးတင်ကြောင်း သင်ပြောသလော။

(၂) သွန်သင်လေ့ကျင့်ပေးခြင်း။ ကျေးဇူးတင်တတ်သည့်စိတ်သည် ပန်းများကဲ့သို့ဖြစ်၏။ အကောင်းဆုံးရလဒ် ရရှိလိုပါက ယင်းတို့ကို ကောင်းစွာပြုစုပျိုးထောင်ရန် လိုအပ်သည်။ သားသမီးများသည် ကျေးဇူးတင်လေးမြတ်တတ်လာပြီး ယင်းကိုဖော်ပြတတ်လာရန် မိဘတို့ မည်သို့ပြုစုပျိုးထောင်ပေးနိုင်မည်နည်း။ “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏” ဟုပညာရှိဘုရင်ရှောလမုန် ရေးရာတွင် အဓိကအချက်တစ်ခုကို ဖော်ပြထားသည်။—သု. ၁၅:၂၈

မိဘတို့၊ သင့်သားသမီးများ မည်သည့်လက်ဆောင်ကိုမဆို ရရှိသောအခါ လက်ဆောင်ပေးသူ၏ ကြိုးစားအားထုတ်မှုနှင့်ရက်ရောမှုကို စဉ်းစားကြည့်ရန် သူတို့ကို သွန်သင်လေ့ကျင့်ပေးနိုင်မည်လော။ ထိုသို့စဉ်းစားဆင်ခြင်ခြင်းသည် ကျေးဇူးတင်လေးမြတ်စိတ်ဟူသော ပန်းများကိုပွင့်လန်းစေသည့် မြေဆီလွှာပင်ဖြစ်သည်။ သားသမီးသုံးဦးကို ပြုစုပျိုးထောင်ခဲ့သည့် မာရီယာ ဤသို့ဆိုသည်– “ကလေးတွေလက်ဆောင်ရတဲ့အခါ သူတို့နဲ့အတူထိုင်ပြီး လက်ဆောင်ပေးတဲ့သူက သူတို့ကို စိတ်ဝင်စားလို့၊ သူတို့ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ပြချင်လို့ဖြစ်တယ်ဆိုတာတွေကို အချိန်ယူပြီးရှင်းပြပေးတယ်။ အဲဒီလိုလုပ်ရကျိုးနပ်တယ်လို့ ကျွန်မခံစားမိတယ်။” ထိုသို့ရှင်းပြခြင်းသည် ကျေးဇူးတင်ကြောင်းဖော်ပြရာတွင် အဘယ်အရာပြောဆိုရမည်ကိုသာမက အဘယ်ကြောင့်ပြောဆိုသင့်ကြောင်း သားသမီးများ သိလာရန် ကူညီပေးသည်။

ပညာရှိမိဘများသည် သားသမီးများအား သူတို့ရရှိထားသည့် ကောင်းမွန်သောအရာအားလုံးသည် သူတို့ရသင့်ရထိုက်ရာများဖြစ်သည်ဟူသော ခံစားချက်မဝင်လာစေရန် ကူညီပေးကြသည်။ * နယပုံပြင် ၂၉:၂၁ [ကဘ] ပါ ကျွန်များနှင့်ပတ်သက်သည့် ဤသတိပေးချက်သည် သားသမီးများနှင့်လည်း သက်ဆိုင်ပါသည်– “ကျွန်သည် ငယ်သောအရွယ်မှစ၍ ပျော်ပါးအောင်ကျွေးမွေးခြင်းကိုခံရလျှင် နောက်ဆုံး၌ ကျေးဇူးမသိတတ်သောသူ ဖြစ်လာလိမ့်မည်။”

ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြတတ်ရန် အလွန်ငယ်ရွယ်သောကလေးများကို မည်သို့ကူညီပေးနိုင်သနည်း။ ကလေးသုံးဦး၏မိခင် လင်ဒါ ဤသို့ဆို၏– “တစ်ယောက်ယောက်ကို ကျေးဇူးတင်တယ်ဆိုတဲ့ကတ်ကလေး ပို့တဲ့အခါ အဲဒီအပေါ်မှာ သူတို့ကိုလည်း ပုံဆွဲတာ ဒါမှမဟုတ် နာမည်ရေးတာတို့ လုပ်ခိုင်းတယ်၊ ဒီနည်းနဲ့ သူတို့လည်း ပါဝင်နိုင်ဖို့ ကူညီပေးတယ်။” မှန်ပါသည်၊ ရုပ်ပုံမှာ မလှမပဖြစ်နေမည်၊ စာမှာလည်း ဖတ်ရခက်နေမည်ဆိုလျှင်ပင် ထိုသင်ခန်းစာမှာ သူတို့ဘဝတစ်လျှောက်လုံးကို အကျိုးပြုနိုင်ပါသည်။

(၃) ဇွဲရှိခြင်း။ ကျွန်ုပ်တို့အားလုံးတွင် မွေးရာပါ တစ်ကိုယ်ကောင်းဆန်သည့်ဉာဉ် ရှိကြသည်။ ထိုစိတ်က ကျေးဇူးတင်လေးမြတ်ကြောင်းဖော်ပြလိုစိတ်ကို ချိုးနှိမ်ပစ်နိုင်သည်။ (ကမ္ဘာဦး ၈:၂၁; မဿဲ ၁၅:၁၉) သို့သော် ဘုရားသခင့်ကျေးကျွန်များကို ကျမ်းစာက ဤသို့တိုက်တွန်းသည်– ‘စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင် . . . ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်သင့်သည်။’—ဧဖက် ၄:၂၃၊ ၂၄

သို့သော် “လူသစ်ကို ယူတင်ဝတ်ဆောင်” နိုင်ရန် သားသမီးများကို ကူညီခြင်းသည် ပြောသလောက်မလွယ်ကြောင်း အတွေ့အကြုံရှိသောမိဘများသိကြသည်။ အထက်တွင်ဖော်ပြခဲ့သော စတီဗင် ဤသို့ဆို၏– “သမီးတွေကို ဘာမှပြောစရာမလိုဘဲ သူတို့ဘာသာသူတို့ ကျေးဇူးတင်တယ်လို့ပြောတတ်လာအောင် သင်ပေးရတာ တော်တော်ကြာတယ်လို့ထင်ရတယ်။” သို့သော် စတီဗင်နှင့်သူ၏ဇနီးသည် လက်မလျှော့ခဲ့ပေ။ “တော်တော်ဇွဲရှိရှိနဲ့ ကြိုးစားပြီးတဲ့နောက်တော့ သမီးတွေတတ်သိလာတယ်။ အခု တခြားသူတွေကို ကျေးဇူးတင်တယ်လို့ သူတို့ဖော်ပြတာကိုတွေ့ရတဲ့အခါ ကျွန်တော်တို့ အရမ်းဂုဏ်ယူမိတယ်” ဟုသူဆက်ပြောသည်။

မိတ်ဆွေနှင့်အိမ်နီးချင်းများကိုကော မည်သို့နည်း

ကျွန်ုပ်တို့သည် ကျေးဇူးမသိတတ်သူများမဟုတ်သော်လည်း ကျေးဇူးတင်ကြောင်းဖော်ပြဖို့ တစ်ခါတစ်ရံ မေ့လျော့တတ်ကြသည်။ ကျေးဇူးတင်သည်ဟု ခံစားရရုံသာမဟုတ်ဘဲ ယင်းကိုဖော်ပြရန် အမှန်တကယ် အရေးကြီးပါသလော။ ထိုမေးခွန်းကိုဖြေဆိုရန် ယေရှုနှင့်အနူသည်အချို့၏ ဖြစ်ရပ်တစ်ခုကို သုံးသပ်ကြည့်ပါ။

ယေရုရှလင်သို့ ခရီးနှင်နေစဉ် အနူသည်ဆယ်ဦးနှင့် ယေရှုဆုံမိသည်။ ယင်းနှင့်ပတ်သက်၍ ကျမ်းစာက ဤသို့ဆို၏– “နူနာစွဲသောသူတစ်ကျိပ်တို့သည် . . . ‘သခင်ယေရှု၊ အကျွန်ုပ်တို့ကိုကယ်မသနားတော်မူပါ’ ဟု ဟစ်ကြော်ကြ၏။ ယေရှုသည် မြင်တော်မူလျှင် ‘သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့’ ဟုမိန့်တော်မူသည်အတိုင်း သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ရောက်ကြ၏။ ထိုသူတို့တွင်တစ်ယောက်သောသူသည် အနာရောဂါကင်းလွတ်သည်ကိုသိမြင်လျှင် ပြန်လာ၍ ကြီးသောအသံနှင့် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းလေ၏။ ခြေတော်ရင်း၌ပြပ်ဝပ်၍ ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူသည် ရှမာရိလူဖြစ်သတည်း။”—လုကာ ၁၇:၁၁-၁၆

အခြားသူတို့ ကျေးဇူးတင်ကြောင်းပြောဆိုရန် ပျက်ကွက်သည်ကို ယေရှုလျစ်လျူရှုခဲ့သလော။ မှတ်တမ်းက ဤသို့ဆို၏– ‘ယေရှုကလည်း “တစ်ကျိပ်သောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ကြသည်မဟုတ်လော။ ကိုးယောက်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ ဤတစ်ပါးအမျိုးသားကိုထား၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းခြင်းငှာ ပြန်လာသောသူတစ်ယောက်မျှမရှိသလော” ဟု မေးတော်မူ၏။’—လုကာ ၁၇:၁၇၊ ၁၈

အခြားအနူသည်ကိုးဦးသည် ဆိုးယုတ်သောသူများ မဟုတ်ပါ။ သူတို့သည် ယေရှုကိုယုံကြည်ကြောင်း လူသိရှင်ကြားဖော်ပြခဲ့ပြီး ယေရုရှလင်သို့ခရီးနှင်ကာ ယဇ်ပုရောဟိတ်ထံ ကိုယ်ကိုသွားပြပါဟူသော ကိုယ်တော်၏ညွှန်ကြားချက်များကိုလည်း လိုလိုလားလားနာခံခဲ့ကြသည်။ ယေရှု၏ကြင်နာသောလုပ်ရပ်အတွက် အမှန်တကယ် ကျေးဇူးတင်လေးမြတ်မည်ဖြစ်သော်လည်း ယင်းကိုဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။ သူတို့၏လုပ်ရပ်ကို ခရစ်တော်မနှစ်သက်ခဲ့ပေ။ ကျွန်ုပ်တို့ကော မည်သို့နည်း။ တစ်စုံတစ်ဦးက ကျွန်ုပ်တို့ကို ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးပါက ကျေးဇူးတင်ကြောင်းပြောသလော၊ သင့်လျော်ပါက စာရေးထားသောကတ်လေးတစ်ခုပို့ပေးခြင်းဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြပါသလော။

မေတ္တာသည် “မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကိုမရှာတတ်” ဟုကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၁၃:၅) ထို့ကြောင့် ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်ဖြင့် ဖော်ပြခြင်းသည် လျောက်ပတ်သောအကျင့်ဖြစ်ရုံသာမက မေတ္တာရှိခြင်း၏သာဓကလည်းဖြစ်သည်။ အနူသည်တို့၏ဖြစ်ရပ်က သွန်သင်ပေးသကဲ့သို့ပင် ခရစ်တော်၏နှစ်သက်မှုရလိုသူများသည် မည်သည့်နိုင်ငံသား၊ လူမျိုး၊ ဘာသာပင်ဖြစ်ပါစေ လူအားလုံးကို ထိုသို့သောမေတ္တာနှင့်ကျေးဇူးတင်လေးမြတ်မှု တင်ပြရမည်။

သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါ့ကိုကူညီခဲ့တဲ့ အိမ်နီးချင်း၊ အလုပ်ဖော်၊ ကျောင်းနေဖက်၊ ဆေးရုံဝန်ထမ်း၊ ဆိုင်ရှင် ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကျေးဇူးတင်တယ်လို့ နောက်ဆုံးပြောခဲ့တာ ဘယ်တုန်းကလဲ။’ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း သင်အမှန်တကယ် ကျေးဇူးတင်ကြောင်း စကားဖြင့်ဖြစ်စေ၊ အခြားနည်းများဖြင့်ဖြစ်စေ ဖော်ပြခဲ့သည့် အကြိမ်အရေအတွက်ကို မှတ်တမ်းပြုစုထားပါလေ။ ထိုမှတ်တမ်းက သင်တိုးတက်နိုင်မည့်ကဏ္ဍကို ဖော်ပြနိုင်ပါသည်။

ကျွန်ုပ်တို့ကျေးဇူးတင်ထိုက်ဆုံးပုဂ္ဂိုလ်မှာ ယေဟောဝါဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ကို ပေးသနားတော်မူသောအရှင်ဖြစ်၏။ (ယာကုပ် ၁:၁၇) သင့်အတွက် ကိုယ်တော်ပြုလုပ်ပေးသော သတ်သတ်မှတ်မှတ်အရာများအတွက် ကျေးဇူးတင်ကြောင်း စိတ်ရင်းမှန်ဖြင့် နောက်ဆုံးပြောခဲ့ချိန်ကား အဘယ်နည်း။—၁ သက်သာလောနိတ် ၅:၁၇၊ ၁၈

အခြားသူများက ကျေးဇူးတင်ကြောင်း မဖော်ပြလျှင်ပင် ကျွန်ုပ်တို့ အဘယ်ကြောင့်ဖော်ပြကြသနည်း

အခြားသူများအတွက် ကျွန်ုပ်တို့တစ်စုံတစ်ခုပြုလုပ်ပေးချိန်တွင် ကျေးဇူးတင်ကြောင်း သူတို့ပြောချင်မှပြောပေမည်။ ကျေးဇူးတင်ကြောင်း အခြားသူများ မဖော်ပြသော်လည်း ကျွန်ုပ်တို့ အဘယ်ကြောင့် ဖော်ပြသင့်သနည်း။ အကြောင်းရင်းတစ်ခုကိုသာ သုံးသပ်ကြည့်ပါ။

ကျွန်ုပ်တို့သည် ကျေးဇူးကန်းသူတို့ကို ကောင်းမှုပြုခြင်းဖြင့် ကြင်နာတတ်သောဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ကို တုပနေကြသည်။ လူများစွာသည် ယေဟောဝါပြသသောမေတ္တာကို တန်ဖိုးမထားသော်လည်း ယင်းကြောင့် သူတို့ကို ကိုယ်တော် ဆက်၍ကောင်းမှုမပြုဘဲမနေပါ။ (ရောမ ၅:၈; ၁ ယောဟန် ၄:၉၊ ၁၀) ကိုယ်တော်သည် “ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” ထို့ကြောင့် ကျွန်ုပ်တို့သည် ကျေးဇူးမသိတတ်သောလောကတွင် အသက်ရှင်နေရသော်လည်း ကျေးဇူးတင်လေးမြတ်ကြောင်း ကြိုးစားတင်ပြမည်ဆိုလျှင် “ကောင်းကင်ဘုံ၌ရှိတော်မူသော [ကျွန်ုပ်] တို့အဘ၏သား” ဖြစ်ကြောင်း သက်သေပြရာရောက်ပါလိမ့်မည်။—မဿဲ ၅:၄၄၊ ၄၅

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 14 မိဘများစွာသည် ယေဟောဝါသက်သေများထုတ်ဝေသော ကြီးမြတ်သောဆရာထံမှ သင်ယူလော့စာအုပ်ကို သားသမီးများနှင့် ဖတ်ရှုဆွေးနွေးလျက်ရှိသည်။ အခန်း ၁၈ ခေါင်းစဉ်မှာ “ကျေးဇူးတင်ပါတယ်လို့ပြောဖို့ သတိရသလား” ဖြစ်သည်။

[စာမျက်နှာ ၁၅ ပါအကြောင်းအရာ အကျဉ်းချုပ်]

တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း သင်အမှန်တကယ်ကျေးဇူးတင်ကြောင်း ပြောခဲ့သည့် အကြိမ်အရေအတွက်ကို မှတ်တမ်းပြုစုထားပါ

[စာမျက်နှာ ၁၅ ပါပုံ]

ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြရာတွင် သားသမီးများရှေ့ ပုံသက်သေပြပါ

[စာမျက်နှာ ၁၅ ပါပုံ]

ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြတတ်ရန် ငယ်ရွယ်သောကလေးများကိုပင် သွန်သင်လေ့ကျင့်ပေးနိုင်