မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

မှန်ရာကို ရှမွေလ ဆက်လုပ်ဆောင်ခဲ့တယ်

မှန်ရာကို ရှမွေလ ဆက်လုပ်ဆောင်ခဲ့တယ်

ကောင်းတဲ့လုပ်ရပ်တွေကို လူတွေ လုပ်နေကြတာ ကလေးတို့ တွေ့ဖူးသလား။— * ရှမွေလကတော့ တွေ့ဖူးတယ်။ လူတွေ ဒီလိုလုပ်လိမ့်မယ်လို့ ကလေးတို့ မထင်တဲ့နေရာမျိုးမှာ ရှမွေလ နေထိုင်ခဲ့တယ်။ ရှိလောမြို့မှာရှိတဲ့ ဘုရားသခင့်တဲတော် ဒါမှမဟုတ် ဝတ်ပြုရာနေရာမှာပေါ့။ ဟိုးလွန်ခဲ့တဲ့အနှစ် ၃,၀၀၀ ကျော်က တဲတော်မှာ ရှမွေလ ဘာကြောင့် ရောက်နေရသလဲဆိုတာ ကြည့်ကြရအောင်။

ရှမွေလ မမွေးခင်တုန်းကပေါ့၊ သူ့အမေ ဟန္နက ကလေး သိပ်လိုချင်တယ်။ တဲတော်ကိုသွားတဲ့ တစ်ကြိမ်မှာတော့ ဟန္နက ကလေး ရနိုင်ဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ သူဆုတောင်းတဲ့အခါ စိတ်ထက်သန်လွန်းလို့ နှုတ်ခမ်းတွေတောင် လှုပ်နေတယ်။ ဒါကြောင့် ယဇ်ပုရောဟိတ်မင်း ဧလိက ဟန္န အရက်မူးနေတယ်လို့ ထင်တာပေါ့။ ဒါပေမဲ့၊ ဟန္န တကယ့်ကို စိတ်သောက ရောက်နေမှန်း ဧလိ သိသွားတဲ့အခါ “ယခု ဆုတောင်းသည်အတိုင်း ဣသရေလအမျိုး၏ ဘုရားသခင် ပေးသနားတော်မူပါစေ” လို့ပြောပြီး သူ့ကို ကောင်းချီးပေးခဲ့တယ်။—၁ ဓမ္မရာဇဝင် ၁:၁၇

နောက်ပိုင်း ရှမွေလ မွေးလာတော့ ဟန္နလည်း သိပ်ပျော်သွားပြီး ‘ရှမွေလ နို့ကွာတာနဲ့ တဲတော်ကို ခေါ်သွားမယ်၊ အဲဒီမှာ ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်စေမယ်’ လို့ သူ့ခင်ပွန်း ဧလကာနကို ပြောခဲ့တယ်။ အဲဒီအတိုင်းပဲ သူလုပ်ဆောင်ခဲ့တယ်။ အဲဒီတုန်းက ရှမွေလက လေးနှစ် ငါးနှစ်အရွယ်လောက် ရှိမှာပေါ့။

ဧလိလည်း အသက်ကြီးလာပြီ၊ သူ့သားတွေဖြစ်တဲ့ ဟောဖနိနဲ့ ဖိနဟတ်က ယေဟောဝါကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေ မဟုတ်ဘူး။ တဲတော်ကိုလာတဲ့ အမျိုးသမီးတွေနဲ့တောင် အကျင့်ယိုယွင်းခဲ့ကြတယ်။ သူတို့ရဲ့အဖေ ဘာလုပ်မယ်လို့ ကလေးတို့ ထင်သလဲ။— ဟုတ်တာပေါ့၊ ဒီလိုလုပ်ရပ်ဆိုးတွေ ဆက်လုပ်ခွင့်မပြုဘဲ သူတို့ကို ကောင်းကောင်း ဆုံးမသင့်တာပေါ့။

ရှမွေလလည်း တဲတော်မှာ ကြီးပြင်းလာတာဆိုတော့ ဧလိသားတွေရဲ့ အကျင့်ဆိုးတွေကို ကောင်းကောင်း သိမှာပဲ။ ဒါဆို သူတို့ရဲ့ မကောင်းတဲ့ ပုံသက်သေကို ရှမွေလ လိုက်ခဲ့သလား။— မလိုက်ခဲ့ဘူးကွဲ့၊ သူ့မိဘတွေ သွန်သင်ပေးခဲ့တဲ့အတိုင်း မှန်ရာကိုပဲ ဆက်လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ဧလိကိုတော့ ယေဟောဝါအမျက်ထွက်တာ မဆန်းပါဘူး။ ဧလိရဲ့ မိသားစု၊ အထူးသဖြင့် သူ့ရဲ့သားမိုက်တွေကို ဘယ်လို အပြစ်ပေးမယ်ဆိုတာ ပရောဖက်တစ်ပါးကိုတောင် စေလွှတ်ပြီး မိန့်မှာခဲ့တယ်။—၁ ဓမ္မရာဇဝင် ၂:၂၂-၃၆

ရှမွေလကတော့ တဲတော်မှာ ဧလိနဲ့အတူ ဆက်အမှုဆောင်ခဲ့တယ်။ တစ်ည၊ ရှမွေလ အိပ်မောကျနေချိန်မှာ သူ့နာမည် ခေါ်သံ ကြားလိုက်ရတယ်။ ဒါနဲ့ သူလည်း ဧလိဆီ ပြေးသွားတာပေါ့၊ ဒါပေမဲ့ ဧလိက သူခေါ်တာမဟုတ်ဘူးလို့ ပြောတယ်။ နောက်တစ်ကြိမ် ဒီအတိုင်းပဲ ဖြစ်ပြန်တယ်။ ဒီလိုပဲ သုံးကြိမ်တိတိ ဖြစ်နေတော့ ဧလိက ‘ယေဟောဝါ အမိန့်ရှိတော်မူပါ၊ ကိုယ်တော်ကျွန် ကြားပါတယ်’ လို့ပြောဖို့ ရှမွေလကို မှာထားတယ်။ ရှမွေလလည်း အဲဒီအတိုင်း ပြောတဲ့အခါ ယေဟောဝါက သူ့ကို စကားပြန်ပြောခဲ့တယ်။ ရှမွေလကို ယေဟောဝါ ဘာတွေပြောခဲ့သလဲ ကလေးတို့ သိသလား။—

ဧလိရဲ့မိသားစုကို ဒဏ်ခတ်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး ထပ်ပြောခဲ့တယ်။ နောက်နေ့မနက်မှာ ရှမွေလက သူ့ကို ယေဟောဝါ ဘာတွေပြောခဲ့တယ်ဆိုတာ ဧလိကို ပြန်မပြောရဲဘူး။ ဒါပေမဲ့ ဧလိက ‘ဝှက်မထားပါနဲ့’ လို့ ရှမွေလကို ပြောတယ်။ နောက်ဆုံးတော့ ရှမွေလလည်း ယေဟောဝါ မိန့်တော်မူသမျှကို ပြန်ပြောခဲ့တယ်။ ဧလိကို ဘုရားသခင်ရဲ့ပရောဖက် ပြောခဲ့တာနဲ့ တစ်ထပ်တည်းပဲ။ ‘ယေဟောဝါ အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေ’ လို့ ဧလိ ပြန်ပြောခဲ့တယ်။ နောက်ဆုံးတော့ ဟောဖနိနဲ့ ဖိနဟပ်တို့ အသတ်ခံရပြီး ဧလိလည်း သေသွားတယ်။—၁ ဓမ္မရာဇဝင် ၃:၁-၁၈

အဲဒီအချိန်အတောအတွင်း ‘ရှမွေလလည်း အစဉ်အတိုင်း ကြီးပြီး ထာဝရဘုရားသခင်က သူနဲ့အတူ ရှိတော်မူ’ တယ်။ အဲဒီအချိန်မှာတော့ ရှမွေလက ဆယ်ကျော်သက်အရွယ် ရောက်နေပြီ၊ လူငယ်တစ်ယောက်ရဲ့ အသက်တာမှာ အရေးကြီးတဲ့အချိန်ပေါ့။ မှန်ရာကို တခြားသူတွေ မလုပ်တဲ့ကြားက ရှမွေလအနေနဲ့ မှန်ရာကို ဆက်လုပ်ဆောင်ဖို့ လွယ်ကူမယ်လို့ ကလေးတို့ ထင်သလား။— မလွယ်ကူပေမဲ့လည်း ရှမွေလကတော့ ကျန်အသက်တာတစ်လျှောက်လုံး ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုခဲ့တယ်။—၁ ဓမ္မရာဇဝင် ၃:၁၉-၂၁

ကလေးတို့ကော ဘယ်လိုလဲ။ ကလေးတို့ ကြီးပြင်းလာတဲ့အခါ ရှမွေလလို ဖြစ်နိုင်မလား။ မှန်ရာကို ဆက်လုပ်ဆောင်မလား။ ကျမ်းစာသွန်သင်ချက်တွေ၊ မိဘရဲ့သွန်သင်ချက်တွေကို ဆက်နာခံမလား။ ကလေးတို့ အဲဒီလိုလုပ်မယ်ဆိုရင် ယေဟောဝါရော ကလေးတို့ရဲ့ မိဘတွေပါ ပျော်ရွှင်ပါလိမ့်မယ်။

^ အပိုဒ်၊ 3 သင်သည် သားသမီးများနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန် အမှတ်အသားဖြစ်ပြီး သူတို့ကို တိုက်ရိုက်မေးခွန်းထုတ်ရန် ဖြစ်၏။