အခြားသူများကို ပြုမူဆက်ဆံရာတွင်
ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ
အခြားသူများကို ပြုမူဆက်ဆံရာတွင်
အဘယ်ကြောင့် ကြင်နာမှုရှိရမည်နည်း
လူတို့ သင့်ကိုမကြင်နာသည့်တိုင် သူတို့ကို သင်ကြင်နာမှုရှိပါသလော။ ကျွန်ုပ်တို့သည် ယေရှုကိုတုပလိုပါက ကျွန်ုပ်တို့အား မုန်းတီးသူများကိုပင် ကြင်နာမှုရှိရမည်။ ‘သင်တို့ကိုချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည်မဟုတ်လော။ . . . သင်တို့မူကား ရန်သူတို့ကိုချစ်ကြလော့။ . . . ထိုသို့ပြုလျှင် . . . အမြင့်ဆုံးသောဘုရားသခင်၏သားဖြစ်ကြလိမ့်မည်။ ထိုဘုရားသခင်သည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။’—လုကာ ၆:၃၂-၃၆; ၁၀:၂၅-၃၇။
အဘယ်ကြောင့် ခွင့်လွှတ်ရမည်နည်း
ကျွန်ုပ်တို့အမှားပြုမိသောအခါ ဘုရားသခင်၏ခွင့်လွှတ်မှု ရလိုကြသည်။ ဘုရားသခင့်ခွင့်လွှတ်မှုရရှိရန် ဆုတောင်းခြင်းသည် သင့်လျော်ကြောင်း ယေရှုသင်ပေးခဲ့သည်။ (မဿဲ ၆:၁၂) သို့သော် အခြားသူများကို ကျွန်ုပ်တို့ခွင့်လွှတ်သည့်အတိုင်းအတာဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင်ခွင့်လွှတ်မည်ဟုလည်း ယေရှုဆိုသည်။ “သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကိုမလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ” ဟုကိုယ်တော်မိန့်ဆို၏။—မဿဲ ၆:၁၄၊ ၁၅။
ပျော်ရွှင်သောမိသားစု မည်သို့ဖြစ်နိုင်သနည်း
ယေရှုသည် တစ်ခါမျှအိမ်ထောင်မပြုဖူးသော်လည်း ပျော်ရွှင်သောမိသားစုဘဝဖြစ်နိုင်ရေးတွင် ကိုယ်တော်ထံမှ ကျွန်ုပ်တို့များစွာသင်ယူနိုင်ပါသည်။ ကိုယ်တော်သည် အပြောဖြင့်ရော၊ အပြုအမူဖြင့်ပါ ကျွန်ုပ်တို့တုပရမည့်ပုံသက်သေကို ချမှတ်ခဲ့သည်။ အောက်ပါအချက်သုံးချက်ကို သုံးသပ်ကြည့်ပါ–
၁။ လင်ယောက်ျားသည် မိမိကိုယ်ကိုချစ်သကဲ့သို့ ဇနီးကိုချစ်ရမည်။ ယေရှုသည် လင်ယောက်ျားများအတွက် ပုံသက်သေချမှတ်ခဲ့သည်။ “အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏” ဟုမိမိတပည့်များကို ကိုယ်တော်ဆို၏။ မည်သည့်အတိုင်းအတာအထိနည်း။ “ငါသည် သင်တို့ကိုချစ်သည်နည်းတူ” ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၃:၃၄) ထိုမူသည် လင်ယောက်ျားများနှင့်လည်း သက်ဆိုင်၏၊ အကြောင်းမှာ သမ္မာကျမ်းစာက ဤသို့ဆိုထား၍ဖြစ်သည်– “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ . . . ထိုနည်းတူ၊ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်။ ခင်ပွန်းကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။”—ဧဖက် ၅:၂၅၊ ၂၈၊ ၂၉။
၂။ အိမ်ထောင်ဖက်အချင်းချင်း တစ်ဦးကိုတစ်ဦး သစ္စာရှိရမည်။ အိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဆက်ဆံခြင်းသည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်ပြီး မိသားစုဘဝကိုပျက်စီးစေသည်။ ယေရှု ဤသို့ဆို၏– “ ‘ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်’ ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။ ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်။ . . . ငါပညတ်သည်ကား မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။”—မဿဲ ၁၉:၄-၉။
၃။ သားသမီးတို့သည် မိဘကို လက်အောက်ခံရမည်။ ယေရှုသည် စုံလင်ပြီး ကိုယ်တော်၏မိဘတို့သည် မစုံလင်သည့်တိုင် ကလေးတစ်ဦးအနေဖြင့် သူတို့ကို ကိုယ်တော်နာခံခဲ့သည်။ ယေရှု ၁၂ နှစ်အရွယ်တွင် ပြုလုပ်ခဲ့ရာကို ကျမ်းစာက ဤသို့ဆို၏– “ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကိုနားထောင်လျက်နေလေ၏။”—လုကာ ၂:၅၁။
ထိုမူများကို အဘယ်ကြောင့် ကျင့်သုံးရမည်နည်း
တပည့်များကိုပေးခဲ့သည့် သင်ခန်းစာများနှင့်ပတ်သက်၍ ယေရှုဤသို့ဆို၏– “ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။” (ယောဟန် ၁၃:၁၇) ကျွန်ုပ်တို့သည် ခရစ်ယာန်စစ်များဖြစ်နိုင်ရန် အခြားသူများကို မည်သို့ပြုမူဆက်ဆံရမည်နှင့်ပတ်သက်၍ ယေရှုပေးခဲ့သောအကြံဉာဏ်များကို ကျင့်သုံးရမည်။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်” ဟုကိုယ်တော်မိန့်တော်မူ၏။—ယောဟန် ၁၃:၃၅။
ထပ်ဆင့်သိလိုပါက သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၁၄ တွင်ကြည့်ပါ။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 14 ယေဟောဝါသက်သေများ ထုတ်ဝေသည်။
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ယေရှုမိန့်ဆိုသော ဖြုန်းတီးသောသားပုံဥပမာသည် ကြင်နာမှုရှိရန်နှင့် ခွင့်လွှတ်ရန်အရေးကြီးကြောင်း သွန်သင်ပေး။—လုကာ ၁၅:၁၁-၃၂
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အိမ်ထောင်ဖက်အချင်းချင်း တစ်ဦးကိုတစ်ဦး သစ္စာရှိသင့်