မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာဂြိုဟ် “ဖျားနာ” နေ၏—ကုစားနည်းရှိသလော

ကမ္ဘာဂြိုဟ် “ဖျားနာ” နေ၏—ကုစားနည်းရှိသလော

ကမ္ဘာဂြိုဟ် “ဖျားနာ” နေ၏—ကုစားနည်းရှိသလော

ရောဂါလက္ခဏာများပြနေပြီ၊ အဖျား တရိပ်ရိပ်တက်နေ၏။ ဥပမာဆိုရလျှင် အာတိတ်စက်ဝိုင်းတောင်ပိုင်း၏အနီး၊ အလာစကာရှိ နူးတော့ခ်ရွာသည် ထိုအတိုင်းဖြစ်နေသည်။ တစ်ချိန်က အစဉ်ရေခဲဖုံးလွှမ်းနေသော နူးတော့ခ်၏အောက်ခံမြေလွှာသည် ယခု အရည်ပျော်နေပြီ။ “ဒီဒေသမှာ [လုံးဝ] မနေချင်တော့ဘူး။ ရွှံ့သိပ်ထူတယ်” ဟု ထိုဒေသမှဖရန့် ညည်းတွားခဲ့သည်။ ဆယ်နှစ်အတွင်း ဤကမ်းရိုးတန်းဒေသသည် အရည်ပျော်၍ပျောက်ကွယ်သွားနိုင်သည်ဟု လေ့လာမှုများက ဆိုသည်။

“ရာသီဥတုပူနွေးလာသည်မှာ သေချာသည်” ဟူ၍ ရာသီဥတုအပြောင်းအလဲဆိုင်ရာ အစိုးရချင်းဆွေးနွေးရေးအဖွဲ့ (အိုင်ပီစီစီ) က ကောက်ချက်ချသည်။ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းက ယင်းအချက်မှန်ကန်ကြောင်း သက်သေထူသည်။ သိပ္ပံပညာရှင်များ ပြောဆိုကြသော ရာသီဥတုအပြောင်းအလဲဟူသည် ကမ္ဘာတစ်ဝန်း မိုးခေါင်ခြင်း၊ ဆီးနှင်းထူထပ်စွာကျရောက်ခြင်း၊ အပူလှိုင်းဖြတ်ခြင်းနှင့် ဟာရီကိန်းမုန်တိုင်းတိုက်ခြင်းတို့အပါအဝင် ရာသီဥတုအလွန်မမျှတသောကြောင့် ဖြစ်ပေါ်လာသည်။ ကျွန်ုပ်တို့၏ကမ္ဘာဂြိုဟ် မည်သို့ဖြစ်သွားမည်နည်း။ ကုစားနည်းရှိပါသလော။

ကမ္ဘာမြေ၏ရောဂါလက္ခဏာကို ဆန်းစစ်ခြင်း

ဆရာဝန်များသည် ဆေးရုံမှလူနာတစ်ဦး၏ ရောဂါလက္ခဏာများကိုစောင့်ကြည့်သကဲ့သို့ မိုးလေဝသဆိုင်ရာသိပ္ပံပညာရှင်များသည် ကမ္ဘာမြေ၏လက္ခဏာများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ ဂြိုဟ်တုများက ရေခဲပြင်အရည်ပျော်ခြင်းကို ခြေရာခံနေသည်၊ မိုးလေဝသဌာနများက မိုးရေချိန်ပမာဏကို စောင့်ကြပ်စစ်ဆေးနေသည်၊ ရေကြောင်းပြဗော်ယာများက နက်ရှိုင်းလှသောသမုဒ္ဒရာ၏အပူချိန်ကို တိုင်းတာနေသည်၊ လေယာဉ်ပျံများက လေထုရှိဓာတ်ငွေ့အချိုးအစားကို တိုင်းတာနေသည်။ ရာသီဥတုနှင့်ပတ်သက်သော ထိုအချက်အလက်အားလုံးကို အဆင့်မြင့်ကွန်ပျူတာများတွင် ထည့်သွင်းထားသည်။ ယခုမှစ၍ နောင်ဆယ်စုနှစ်၊ ရာစုနှစ်များအထိပင် အဘယ်အရာဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းသော မိုးလေဝသတုပဖန်တီးစနစ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိသည်။

ရောဂါလက္ခဏာကား အဘယ်နည်း။ ကမ္ဘာ့လေထုအပူချိန်ကို မြင့်တက်စေသော လူလုပ်ဓာတ်ငွေ့များ လေထုတွင် အဆမတန်များနေသည်ဟု လူအချို့ ယူဆကြသည်။ ကမ္ဘာတစ်ဝန်းတွင် ၂၀၀၆ တစ်နှစ်တည်း၏ ကာဘွန်ဒိုင်အောက်ဆိုဒ်ထွက်နှုန်းသည် “တန်ချိန် ၃၂ ဘီလီယံရောက်လုနီးနေသည်” ဟုတိုင်းမ်မဂ္ဂဇင်းက ဆိုသည်။ ထိုဓာတ်ငွေ့များသည် ဖန်လုံအိမ်ကဲ့သို့ပင် ကမ္ဘာ့အပူချိန်ကို အာကာသထဲမရောက်ရှိနိုင်ရန် ပိတ်လှောင်ထားသောကြောင့် ကမ္ဘာချီပူနွေးလာစေသည်။ အနာဂတ်တွင်ကော။ အိုင်ပီစီစီ၏အဆိုအရ ဓာတ်ငွေ့များသည် လက်ရှိနှုန်းထားအတိုင်း ဆက်တိုက်ထွက်နေပါက “ရာသီဥတုအပြောင်းအလဲများစွာ” ဖြစ်ပေါ်ပြီး လက်ရှိအခြေအနေထက် ပို၍ဆိုးရွားလာမည်။ ဖြေရှင်းနည်းမှာ ကာဘွန်ဒိုင်အောက်ဆိုဒ်ထွက်နှုန်းကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အများစုသဘောတူကြသည်။ သို့သော် ထိုဓာတ်ငွေ့များထွက်နှုန်းကို လက်ရှိအတိုင်းထိန်းထားလျှင်ပင် “ကမ္ဘာချီပူနွေးမှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုတို့သည် ရာစုနှစ်ချီအထိ ဆက်ရှိနေနိုင်ကြောင်း” ကွန်ပျူတာများက ဖော်ပြသည်။

ဖြေရှင်းနည်းကို အဘယ်မှာရှာတွေ့နိုင်

မိုးလေဝသကြိုတင်ခန့်မှန်းရေးသည် ရှုပ်ထွေးသောသိပ္ပံပညာတစ်ရပ်ဖြစ်သည်။ “ဥပမာ၊ ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ တိမ်တိုက်များ ဘာဖြစ်သွားမည်နည်း။ အမြင့်သို့တက်နေ၍ အပူကိုစုပ်ယူသော ပိုပူနွေးစေမည့်တိမ်စိုင်များသည် ပို၍ထူထပ်သိပ်သည်းလာပြီး နေရောင်ကိုကာဆီးသောတိမ်စိုင်များ ဖြစ်လာကြမည်လော” ဟုအင်တာနက်မှစာပေတစ်ခုတွင် မေးထား၏။ အဖြေမှာ အဘယ်နည်း။ “ယခုအချိန်တွင် သိပ္ပံပညာရှင်များသည် ထိုမေးခွန်းများကို မဖြေနိုင်ကြပေ။”

သို့သော် ကျမ်းစာတွင် ယေဟောဝါဘုရားသခင်သည် “အထက်မိုးတိမ်” အပါအဝင် ‘ကောင်းကင်မြေကြီး၏အရှင်’ ဖြစ်ကြောင်း အတည်ပြုထားသည်။ (ကမ္ဘာဦး ၁၄:၁၉; သု. ၈:၂၈) ကိုယ်တော်သည် ‘တိမ်များထဲသို့ ပညာကိုသွင်း’ ပေးသည်ဟု ကျမ်းစာက ကဗျာဆန်ဆန်ဖွဲ့ဆိုထား၏။ သိပ္ပံပညာရှင်များ နားမလည်နိုင်ရာကို ယေဟောဝါ ကောင်းစွာသိရှိတော်မူသည်။—ယောဘ ၃၈:၃၆ကဘ။

လွန်ခဲ့သောအနှစ် ၂,၇၀၀ ခန့်က ကျမ်းစာတွင် မှတ်တမ်းတင်ထားသော ကမ္ဘာ့လေထုနှင့်ပတ်သက်၍ ဘုရားသခင်မိန့်ဆိုရာကို သုံးသပ်ကြည့်ပါ– “မိုးရေ . . . သည် မိုးကောင်းကင်မှဆင်းသက်၍ နောက်တစ်ဖန်မပြန်၊ မြေကိုစိုစေ” သည်။ (ဟေရှာယ ၅၅:၁၀) ရေသံသရာကို တိတိကျကျဖော်ပြလိုက်ခြင်းပင်။ တိမ်တိုက်မှ ရေခိုးရေငွေ့သည် ငွေ့ရည်ဖွဲ့ကာ မိုးအဖြစ်ရွာချပြီး “မြေကိုစိုစေ” သည်။ နေအပူရှိန်က ရေငွေ့ပြန်စေ၍ လေထုထဲသို့ ‘နောက်တစ်ဖန်ပြန်’ တက်စေကာ တစ်ဖန် ရေသံသရာစတင်လေသည်။ ယေဟောဝါ၏နှုတ်မြွက်တော်သည် ကမ္ဘာ့ရာသီဥတုနှင့်ပတ်သက်သော အခြားအထောက်အထားများမရှိမီ ရာစုနှစ်ချီကြိုတင်၍ အံ့ဖွယ်ကောင်းလောက်အောင် အသေးစိတ်ဖော်ပြပေးသည်။ ယင်းက ဖန်ဆင်းရှင်နှင့် ကိုယ်တော်လုပ်ဆောင်ပေးနိုင်စွမ်းအပေါ် သင်၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေသည်မဟုတ်လော။ ကျွန်ုပ်တို့သည် လက်ရှိရာသီဥတုအကျပ်အတည်းအကြောင်း သုံးသပ်သည့်အခါ ကမ္ဘာဂြိုဟ်၏လုပ်ဆောင်ပုံကို သိရှိထားသော၊ “လေကိုဖန်ဆင်းထသော” “မိုးရေ၏အဘ” ကို မျှော်ကိုးခြင်းသည် ကျိုးကြောင်းညီညွတ်သည်မဟုတ်လော။—အာမုတ် ၄:၁၃; ယောဘ ၃၈:၂၈

ကမ္ဘာကိုဖန်ဆင်းရသည့် ရည်ရွယ်ချက်ရှိ

ကမ္ဘာဂြိုဟ်၏အနာဂတ်နှင့်ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုးရှိသော်လည်း သေချာသည့်အချက်မှာ ကမ္ဘာမြေသည် ပြိုင်စံရှားလှ၏။ အခြားဂြိုဟ်များနှင့်မတူဘဲ ယင်းတွင် အံ့ဖွယ်ကောင်းလောက်အောင် သက်ရှိမျိုးစုံ ရှင်သန်ပေါက်ဖွားကြသည်။ ယင်းသည် မည်သို့ဖြစ်နိုင်သနည်း။ သိပ္ပံပညာရှင်များက အကြောင်းရင်းမျိုးစုံကို ထောက်ပြကြသည်။ အထူးသဖြင့် ကမ္ဘာမြေသည် နေနှင့်အလောတော်ကွာဝေးသည်၊ ရေအမြောက်အမြားရှိသည်၊ အောက်ဆီဂျင်ပမာဏများစွာအပါအဝင် ဓာတ်ငွေ့များ အချိုးကျကျပါဝင်သည်။

ထိုကဏ္ဍများကို ကမ္ဘာဦးကျမ်း၏ ဖန်ဆင်းခြင်းမှတ်တမ်းတွင် ဖော်ပြထားကြောင်း သင်သိရှိရလျှင် အံ့အားသင့်သွားပေမည်။ ဥပမာ၊ ကမ္ဘာဦး ၁:၁၀ တွင် ဘုရားသခင်သည် “ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်” ခေါ်ဝေါ်သမုတ်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာဦး ၁:၃ တွင် “ဘုရားသခင်ကလည်း ‘အလင်းဖြစ်စေ’ ဟုအမိန့်တော်ရှိ” ကြောင်း ဖော်ပြသည်။ ကမ္ဘာဂြိုဟ်သည် နေနှင့် အလောတော်အကွာအဝေးတွင် ရှိနေသောကြောင့် ရေများသည် ယခုကဲ့သို့ အရည်အဖြစ် တည်ရှိနေခြင်းဖြစ်သည်။ နေနှင့် ယခုထက်ပို၍ နီးကပ်စွာတည်ရှိနေလျှင် ရေများအငွေ့ပြန်သွားနိုင်သည်။

ဘုရားသခင်သည် “မိုးမျက်နှာကြက်၊” တစ်နည်းအားဖြင့် လေထုကိုဖြစ်ပေါ်စေသည်ဟု ကမ္ဘာဦး ၁:၆ ကဖော်ပြသည်။ အခန်းငယ် ၁၁ နှင့် ၁၂ တွင် ဘုရားသခင်သည် မြက်ပင်နှင့်သစ်ပင်များကို ပေါက်စေသည်ဟုဖော်ပြသည်။ ယင်းတို့အားလုံးက အောက်စီဂျင်ရှိနေကြောင်း ထင်ရှားစေသည်။ ယင်းဓာတ်ငွေ့သည် နောက်ပိုင်း လူနှင့်တိရိစ္ဆာန်များကို အသက်ရှူရှိုက်ရှင်သန်စေနိုင်သည်။

အထက်ပါအချက်များမှ ကျွန်ုပ်တို့ အဘယ်ကောက်ချက်ချနိုင်သနည်း။ ရေအမြောက်အမြားရှိပြီး နေနှင့်အလောတော်ကွာဝေး၍ ဓာတ်ငွေ့များ အချိုးကျကျပါဝင်သော ကမ္ဘာကို ဘုရားသခင်ဖန်ဆင်းချိန်တွင် ရည်ရွယ်ချက်တစ်ခုရှိသည်မှာ သေချာသည်။ “မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ” ၏ဟု ကျမ်းစာတွင်ဆိုထားသည်။ (ဟေရှာယ ၄၅:၁၈) ‘ကောင်းကင်ကား ထာဝရဘုရားသခင်၏ကောင်းကင်ဖြစ်၏။ မြေကြီးကိုကား လူသားတို့အား ပေးတော်မူပြီ’ ဟု ဆာလံ ၁၁၅:၁၆ တွင် ဖော်ပြသည်။ မှန်ပါသည်၊ ကမ္ဘာကို လူသားတို့နေထိုင်နိုင်ရန် ဘုရားသခင်ဖန်ဆင်းခဲ့သည်။

ကျမ်းစာအရ ဘုရားသခင်သည် ပထမဆုံးလူသားမောင်နှံကို ဖန်ဆင်းပြီးနောက် လှပသောပရဒိသု၊ ဧဒင်ဥယျာဉ်တွင် နေရာချပေးခဲ့သည်။ သူတို့သည် ယင်းကို “ပြုစုစောင့်ရှောက်” ကြရမည်။ (ကမ္ဘာဦး ၂:၁၅) “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့” ဟူ၍လည်း သူတို့ကို ဘုရားသခင်မိန့်မှာသည်။ (ကမ္ဘာဦး ၁:၂၈) သူတို့ရှေ့တွင် အလွန်ကောင်းမွန်သော အလားအလာရှိသည်ကို စိတ်ကူးကြည့်ပါ။ ဥယျာဉ်ခြံကို ကမ္ဘာတစ်ခွင်တိုးချဲ့သွားပြီး ထိုတွင် ထာဝစဉ်နေထိုင်သွားကြရမည်။ အလွန်လှပသော အနာဂတ်ပါတကား။

ဝမ်းနည်းစရာမှာ သူတို့သည် ဘုရားသခင်ကို နာခံမည့်အစား ယနေ့လူအများစုကဲ့သို့ပင် သီးခြားရပ်တည်လိုသည့်လမ်းစဉ်ကို ရွေးချယ်လိုက်သည်။ (ကမ္ဘာဦး ၃:၁-၆) ရလဒ်ကား အဘယ်နည်း။ ကမ္ဘာကို ပြုစုတိုးချဲ့သွားမည့်အစား လူတို့သည် တစ်ခါနှင့်မျှမတူအောင် “မြေကြီးကိုဖျက်ဆီး” နေကြသည်။ (ဗျာ. ၁၁:၁၈) သို့သော် ကမ္ဘာမြေနှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်မှာ မပြောင်းလဲဟူသောအချက်က ကျွန်ုပ်တို့ကို စိတ်သက်သာရာရစေသည်။ ဘုရားသခင်သည် “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” သည်ဟုကျမ်းစာက အာမခံထားသည်။ (ဆာလံ ၁၀၄:၅) တောင်ပေါ်တရားတော်တွင် ယေရှုကိုယ်တိုင် ဤသို့အာမခံထားသည်– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် [“မြေကြီး၊” ကဘ] ကို အမွေခံရကြလတ္တံ့။” (မဿဲ ၅:၅) ယင်းသည် မည်သို့ဖြစ်မြောက်လာမည်နည်း။

တောက်ပသောအနာဂတ် စောင့်ကြိုနေ

“ရာသီဥတုအပြောင်းအလဲသည် ကမ္ဘာချီပြဿနာတစ်ရပ်ဖြစ်၏” ဟုအမေရိကန်ပြည်ထောင်စု၏ သမ္မတဟောင်းတစ်ဦး ဆိုသည်။ ဖြေရှင်းနည်းလိုအပ်နေသည်ဟု သင်သဘောတူသည်မဟုတ်လော။ ဖြေရှင်းနည်းမှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်ကြောင်း ယေရှုခရစ် ဖော်ပြခဲ့သည်။ “နိုင်ငံတော်တည်ထောင်ပါစေသော” ဟုဆုတောင်းရန် နောက်လိုက်များကို ကိုယ်တော်သင်ပေးခဲ့သည်။ (မဿဲ ၆:၉၊ ၁၀) ကျမ်းစာပရောဖက်ပြုချက်အရ ဤကောင်းကင်နိုင်ငံတော်သည် ကမ္ဘာ့အစိုးရတစ်ခုဖြစ်ပြီး “အထက်ဆိုခဲ့ပြီးသောနိုင်ငံ [လက်ရှိအစိုးရ] ရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး” လိမ့်မည်။ (ဒံယေလ ၂:၄၄၊ ၄၅) ထို့ပြင် ယင်းသည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူ” မည်။ (ဗျာ. ၁၁:၁၈) ကမ္ဘာနှင့်ကမ္ဘာ့သယံဇာတများကို အလွဲသုံးစားပြုနေသူများသည် ဘုရားသခင်နှင့် စာရင်းရှင်းရမည်ဖြစ်ပြီး ဖျက်ဆီးခြင်းခံရမည်။

ညစ်ညမ်းနေသောကမ္ဘာဂြိုဟ် မည်သို့ဖြစ်သွားမည်နည်း။ ယေရှု မြေကြီးပေါ်ရှိစဉ် လေနှင့်ပင်လယ်ကဲ့သို့သော သဘာဝအင်အားစုများကို အံ့ဖွယ်တန်ခိုးဖြင့် ထိန်းချုပ်နိုင်ခဲ့သည်ဟူသောအချက်မှာ မှတ်သားထိုက်သည်။ ပြင်းထန်သောမုန်တိုင်းကို စကားလုံးအနည်းငယ်ဖြင့် ငြိမ်သက်စေခဲ့သည်။ (မာကု ၄:၃၅-၄၁) “သခင်တို့၏သခင်၊ ဘုရင်တို့၏ဘုရင်” အဖြစ် ကောင်းကင်တွင်စိုးစံနေသော ယေရှုသည် ကမ္ဘာနှင့်ယင်း၏အင်အားစုများကို ပို၍ကြီးမားသောအတိုင်းအတာဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မည်။ (ဗျာ. ၁၇:၁၄) ယေရှုသည် မိမိ၏အုပ်စိုးမှုကို “အသစ်ပြုပြင်သောကာလ” အဖြစ် ဖော်ပြသည်။ (မဿဲ ၁၉:၂၈) အခြားဘာသာပြန်ကျမ်းတစ်စောင်တွင် “အရာအားလုံး အသစ်ဖြစ်လာမည့်ကာလ” ဟူသော အသုံးအနှုန်းကို အသုံးပြုထားသည်။ (ကက်သလစ်ကျမ်းစာတော်မြတ်) ယေရှုသည် ကမ္ဘာ့အခြေအနေများကို ဧဒင်ဥယျာဉ်အခြေအနေကဲ့သို့ အသစ်ဖြစ်စေမည်။ ပရဒိသု ပြန်ဖြစ်လာပေမည်။ (လုကာ ၂၃:၄၃) “ဖျားနာနေသော” ကမ္ဘာသည် ဘုရားသခင့်နိုင်ငံတော်အားဖြင့် ကုစားခံရပါလိမ့်မည်။

ယခုပင် ထိုနိုင်ငံတော်အုပ်ချုပ်မှုမှ သင် အကျိုးရရှိနိုင်သည်။ မည်သို့အားဖြင့်နည်း။ ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်’ ဟုယေရှုကြိုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၁၄) ရလဒ်အနေနှင့် သန်းနှင့်ချီသောသူတို့သည် သတင်းကောင်းကိုတုံ့ပြန်ကာ အသက်တာကို ပြုပြင်ပြောင်းလဲခဲ့ကြပြီ။ သေစေနိုင်သော စွဲလမ်းလိုက်စားမှုများကို အောင်မြင်ကျော်လွှားနိုင်ကြပြီ။ မိသားစုဘဝ တိုးတက်ပျော်ရွှင်ခဲ့ကြပြီ။ လူမျိုးရေးမုန်းတီးမှုများ ပပျောက်ပြီး မေတ္တာထားနိုင်ကြပြီ။ အမှန်မှာ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်လူ့အုပ်ချုပ်မှုမျှ မစွမ်းဆောင်နိုင်သောအရာကို ပြီးမြောက်နေစေသည်။ လူခုနစ်သန်းနီးပါးသည် နိုင်ငံပေါင်း ၂၃၅ နိုင်ငံကျော်တွင် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်း၌ ပျော်ရွှင်နေကြသည်။ ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံများအနေဖြင့် သူတို့သည် ဤကမ္ဘာပေါ်ရှိ ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်ရန် အသင့်ပြင်ဆင်ပေးခံနေရသည်။

ကမ္ဘာ့အနာဂတ်မှာ စိတ်အေးရပါပြီ။ ထိုအနာဂတ်တွင် သင်ရောက်ရှိနိုင်ပါစေ။

[စာမျက်နှာ ၂၇ ပါပုံ]

အခြားအထောက်အထားများမရှိမီ ရာစုနှစ်များစွာကပင် ကမ္ဘာ့ရေသံသရာအကြောင်း ကျမ်းစာတွင်ဖော်ပြထား

[စာမျက်နှာ ၂၈ ပါပုံ]

ယေရှုသည် “‘တိတ်ဆိတ်ငြိမ်ဝပ်စွာနေ’ ဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည် ငြိမ်၍ အလွန်သာယာလေ၏”

[စာမျက်နှာ ၂၉ ပါပုံ]

“ဖျားနာနေသော” ကမ္ဘာဂြိုဟ်သည် ပရဒိသုပြန်ဖြစ်လာချိန်တွင် ကုစားခံရပေမည်

[စာမျက်နှာ ၂၆ ပါပုံအသိအမှတ်ပြုစာ]

Godo-Foto