မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်သည် အမှန်အားဖြင့် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း

ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်သည် အမှန်အားဖြင့် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း

ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်သည် အမှန်အားဖြင့် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း

နိုင်ငံများစွာရှိ လူတို့သည် တပည့်များကို ယေရှုသင်ပေးခဲ့သည့် ကျွန်ုပ်တို့၏အဖ သို့မဟုတ် သခင့်ဆုတောင်းချက်ကို အလွတ်ရွတ်ဆိုနိုင်ကြသည်။ (မဿဲ ၆:၉-၁၃) သူတို့သည် ထိုဆုတောင်းချက်ကို ရွတ်ဆိုသည့်အခါတိုင်း ဘုရားသခင်အား “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့၏အဖ” ဟုခေါ်ဆိုကြသည်။ သို့သော် ကျွန်ုပ်တို့၏အဖဖြစ်သော ဘုရားသခင်ကို ကောင်းစွာသိကျွမ်းသည်ဟု လူမည်မျှပြောဆိုနိုင်သနည်း။

သင်ကော မည်သို့နည်း။ ဘုရားသခင်ကို မည်မျှကောင်းစွာသိကျွမ်းသနည်း။ သင်သည် ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိပါသလော၊ ကိုယ်တော်နှင့် စကားပြောဆိုပါသလော၊ သင်၏ပျော်ရွှင်ဖွယ်၊ ကြေကွဲဖွယ်အတွေ့အကြုံများကို ကိုယ်တော့်အား ဝေမျှပါသလော။ အမှန်အားဖြင့် ကိုယ်တော်အား သိကျွမ်းခြင်းတွင် အဘယ်အရာပါဝင်သနည်း။

‘ယေဟောဝါအမည်ရှိသော ထာဝရဘုရားသခင်’

လမ်းလျှောက်တတ်ခါစ ကလေးတစ်ဦးသည် သူ၏ဖခင်ကို ဖေဖေဟုခေါ်တတ်ရုံမှလွဲ၍ ဖခင်အကြောင်း သိပ်မသိပေ။ သို့သော် သူကြီးပြင်းလာသည်နှင့်အမျှ ဖခင်၏အမည်နှင့်ဂုဏ်သတင်းကို သိရှိလာပြီး ဖခင်အတွက် ဂုဏ်ယူကောင်းဂုဏ်ယူနေပေမည်။ ကောင်းကင်ဘုံ၌ရှိသော ကျွန်ုပ်တို့၏အသက်ပေးရှင်နှင့်ပတ်သက်၍ကော။ ကိုယ်တော်၏နာမနှင့် ယင်းသည် အဘယ်အရာကိုဆိုလိုကြောင်း သင်သိပါသလော။

လူများစွာသည် သခင့်ဆုတောင်းချက်ကို ရွတ်ဆိုသည့်အခါ “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟူသောစကားစုကို အထပ်ထပ်ရွတ်ဆိုကြသော်လည်း “ထိုနာမတော်မှာ အဘယ်နည်း” ဟုအမေးခံရသောအခါ မည်သို့ဖြေဆိုရမည်ကို မသိဘဲဖြစ်နေပေမည်။ ကြယ်စုံသောကောင်းကင်၊ ခမ်းနားလှသောတောင်တန်း၊ သက်ရှိသတ္တဝါများပြည့်နှက်နေသော သန္တာကျောက်တန်းတို့က ဘုရားသခင်တည်ရှိကြောင်း သက်သေထူသည်။ သို့သော် ယင်းတို့သည် ဘုရားသခင်၏နာမကို မဖော်ပြနိုင်ကြပါ။ ထိုနာမကိုသိရှိနိုင်ရန် သမ္မာကျမ်းစာတွင် ရှာဖွေဖို့လိုသည်။ ‘ယေဟောဝါအမည်ရှိသော ထာဝရဘုရားသခင်’ ဟုကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။—ယေရမိ ၃၃:၂

ဘုရားသခင်သည် ယေဟောဝါဟူသော မိမိနာမတော်ကို ကျွန်ုပ်တို့အား သိစေလိုသည်။ အဘယ်ကြောင့်နည်း။ ထိုနာမတော်က ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း ဖော်ပြသောကြောင့်ဖြစ်သည်။ ကိုယ်တော့်နာမ၏အဓိပ္ပာယ်မှာ “ကိုယ်တော်ဖြစ်လာစေသည်” ဟူ၍ဖြစ်၏။ တစ်နည်းအားဖြင့် ကိုယ်တော်သည် မိမိရည်ရွယ်ချက်ပြည့်စုံစေရန် လိုအပ်ရာမှန်သမျှဖြစ်လာသည်။ ဥပမာ၊ ဖခင်တစ်ဦးသည် မိသားစုကိုစောင့်ရှောက်နိုင်ရန် မိသားစု၏လိုအပ်ရာနှင့် အခြေအနေများအပေါ်မူတည်ပြီး စားဝတ်နေရေးကို တာဝန်ယူသူ၊ အကြံဉာဏ်ပေးသူ၊ တရားစီရင်သူ၊ ဖျန်ဖြေစေ့စပ်သူ၊ ကာကွယ်သူနှင့် သွန်သင်သူဖြစ်လာသည်။ ထိုနည်းတူ၊ အနာဂတ်တွင် မည်သည့်အရာပင်ဖြစ်ပျက်ပါစေ ဘုရားသခင်သည် မိမိအားဝတ်ပြုသူအားလုံးကို ကောင်းချီးပေးရန် အပြည့်အဝစွမ်းဆောင်နိုင်ကြောင်း ယေဟောဝါဟူသောနာမတော်က စိတ်ချစေသည်။

မေတ္တာရှင်ဘုရားသခင်သည် ထိုနာမ၏အဓိပ္ပာယ်နှင့်အညီ လုပ်ဆောင်သော ကဏ္ဍအသီးသီးကို သုံးသပ်ကြည့်ကြစို့။ ယင်းက ယေဟောဝါသည် မည်သို့သောဘုရားသခင်ဖြစ်ကြောင်း နားလည်စေမည့်အပြင် ကိုယ်တော့်ထံချဉ်းကပ်ရန် အဘယ်အရာလုပ်ဆောင်ရမည်ကိုပါ သိရှိစေပါလိမ့်မည်။

‘မေတ္တာနှင့် အသင့်အတင့်နေခြင်းချမ်းသာကို ပေးတော်မူသော ဘုရားသခင်’

တမန်တော်ပေါလုက ကျွန်ုပ်တို့၏ဖန်ဆင်းရှင်အား “မေတ္တာကိုလည်းကောင်း၊ အသင့်အတင့်နေခြင်းချမ်းသာကိုလည်းကောင်း ပေးတော်မူသောဘုရားသခင်” ဟုခေါ်ဆိုထားသည်။ (၂ ကောရိန္သု ၁၃:၁၁) အဘယ်ကြောင့်နည်း။ အစောပိုင်းတွင် ယေရှုခရစ် ဤသို့ဆိုသည်– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကိုချစ်တော်မူ၏။’ (ယောဟန် ၃:၁၆) ဘုရားသခင်သည် လူသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏ချစ်သားတော်ကို ရွေးနုတ်ဖိုးအဖြစ်ပေးကာ သားတော်ကို ယုံကြည်ကြောင်းတင်ပြသူများ ထာဝရအသက်ရစေရန်၊ အပြစ်၏အကျိုးဆက်များဖြစ်သော နာကျင်မှုနှင့်ဆင်းရဲဒုက္ခမှ ကင်းလွတ်စေရန် လုပ်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် ပေါလုက “အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” ဟုဆိုခဲ့ခြင်းဖြစ်သည်။ (ရောမ ၆:၂၃) ယင်းက ဘုရားသခင်ကိုချစ်ရန်၊ ကိုယ်တော့်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်မှုဖြစ်စေသင့်သည်မဟုတ်လော။

ဘုရားသခင်သည် လူသားတစ်ရပ်လုံးကို မေတ္တာပြသည်သာမက သစ္စာရှိသူတစ်ဦးချင်းစီကိုလည်း မေတ္တာပြသည်။ နာခံမှုမဲ့သောဣသရေလလူမျိုးကို မောရှေဤသို့ဆိုသည်– ‘အိုပညာမဲ့သောလူမိုက်တို့၊ ထာဝရဘုရားသခင်၏ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရားသခင်သည် သင့်ကိုဖြစ်စေသောအဘ၊ သင့်ကိုဖန်ဆင်း၍ နေရာချသောသူဖြစ်တော်မူသည်မဟုတ်လော။’ (တရားဟောရာ ၃၂:၆) ဆိုလိုရင်းကို သင်သဘောပေါက်ပါသလော။ မေတ္တာရှိဖခင်တစ်ဦးအနေဖြင့် ယေဟောဝါသည် မိမိလူမျိုးတွင် အားနည်းချက်များရှိကြောင်း သိသော်လည်း သူတို့ကိုဂရုစိုက်တော်မူသည်။ သူတို့၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းလိုအပ်ရာအပြင် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေး ဆက်ရှိနေရန်လည်း ပြင်ဆင်ပေးခဲ့သည်။

ကျွန်ုပ်တို့သည် ဘဝအတွေ့အကြုံမျိုးစုံကို ကြုံတွေ့ရပြီးနောက် တစ်ခါတစ်ရံ စိတ်သောကရောက်ကာ စိတ်ဓာတ်ပင်ကျနေပေမည်။ ကျွန်ုပ်တို့၏အခြေအနေနှင့်အခက်အခဲများကို အမှန်အတိုင်းရှုမြင်နိုင်ရန် ကူညီပေးမည့်သူတစ်ဦးလိုအပ်သည်။ ကျွန်ုပ်တို့ကို မည်သူကူညီနိုင်သနည်း။ ယေဟောဝါသည် မေတ္တာရှိသောအကြံပေးသူ၊ ဂရုစိုက်စောင့်ရှောက်သူဖြစ်ကြောင်း သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့သိရှိရသည်။ ထို့ပြင် ကျွန်ုပ်တို့ အဘယ်ကြောင့် ဤမျှဆင်းရဲဒုက္ခခံစားနေရကြောင်း၊ ယင်းတို့ကို မည်သို့အောင်မြင်စွာဖြေရှင်းနိုင်ကြောင်း ကျမ်းစာက ရှင်းပြပေးသည်။ လဲကျ၍ထိခိုက်နာကျင်သွားသော သားငယ်ကို မေတ္တာရှိသောဖခင်က ကူညီပေးသကဲ့သို့ ဘုရားသခင်သည် ကျွန်ုပ်တို့လိုအပ်ရာကို ထောက်မပေးခြင်းဖြင့် မေတ္တာပြတော်မူသည်။ ယေဟောဝါသည် မိမိအားယုံကြည်သူတို့ကို အပြည့်အဝကူညီနိုင်တော်မူသည်။—ဟေရှာယ ၅၉:၁

ယေဟောဝါသည် ‘ဆုတောင်းစကားကို နားထောင်’ ခြင်းဖြင့်လည်း ကျွန်ုပ်တို့ကိုချစ်ကြောင်းဖော်ပြသည်။ (ဆာလံ ၆၅:၂) မည်သို့ဖော်ပြသနည်း။ တမန်တော်ပေါလု ဤသို့ရှင်းပြသည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲဆုတောင်းကာ ကျမ်းစာလမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်းဖြင့် သင်လည်း “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ကို ခံစားနိုင်ပါသည်။

“သိသောဉာဏ်နှင့်ပြည့်စုံသော” ဘုရားသခင်

သမ္မာကျမ်းစာတွင် ယေဟောဝါဘုရားသခင်ကို “ပညာအတတ်စုံလင်သောသူ” ဟုဖော်ပြထားသည်။ “သိသောဉာဏ်နှင့်ပြည့်စုံသော” ဘုရားသခင်သည် လူ့သဘောသဘာဝနှင့် လူတို့၏လိုအပ်ရာများကို အခြားလူသားများထက် ပို၍သိနားလည်သည်။ (ယောဘ ၃၆:၄; ၁ ဓမ္မရာဇဝင် ၂:၃သမ္မာ) “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်” ဟူ၍ မိမိကျေးကျွန်မောရှေမှတစ်ဆင့် ကိုယ်တော်အသိပေးခဲ့သည်။ (တရားဟောရာ ၈:၃; မဿဲ ၄:၄) အဓိပ္ပာယ်မှာ ဘဝတွင် စစ်မှန်သောကျေနပ်ရောင့်ရဲမှု ခံစားလိုလျှင် ရုပ်ပစ္စည်းများပိုင်ဆိုင်ရုံထက်မက လိုအပ်သည်။

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် သမ္မာကျမ်းစာမှတစ်ဆင့် အဖိုးတန်သော လမ်းညွှန်ချက်များနှင့် သွန်သင်ချက်များကို ပေးတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုလေ့လာပြီး သွန်သင်ချက်များကို ဘဝတွင်ကျင့်သုံးသောအခါ “ဘုရားသခင်မိန့်တော်မူသမျှ” မှ အကျိုးခံစားရသည်။ ဥပမာ၊ ခရစ်ယာန်အမျိုးသမီးဇူဇန်နာသည် သူ့မိသားစုဘဝအကြောင်း ဤသို့ဆို၏– “ကျွန်မတို့ ကျမ်းစာကို အတူတူဖတ်တယ်၊ အစည်းအဝေးတွေကို အတူတူတက်တယ်၊ သိရှိလာတာတွေကို တခြားသူတွေကို ဟောပြောတဲ့အတွက် ကျွန်မတို့ရဲ့အိမ်ထောင်ရေးက ခိုင်ခံ့နေတယ်။ ဘုရားသခင်ရဲ့လမ်းညွှန်ချက်ကြောင့် ကျွန်မတို့ ပန်းတိုင်တူညီပြီး ပိုရင်းနှီးကျွမ်းဝင်လာတယ်။”

သင်လည်း ဘုရားသခင်၏ သွန်သင်ချက်နှင့် လမ်းညွှန်ချက်မှ မည်သို့အကျိုးရယူနိုင်မည်နည်း။ ကျမ်းစာကိုမှန်မှန်ဖတ်ရှုပြီး ယင်း၏သွန်သင်ချက်များကို ကျင့်သုံးခြင်းဖြင့် ကိုယ်တော့်ထံမှ ကောင်းချီးများခံစားနိုင်ပါသည်။—ဟေဗြဲ ၁၂:၉

“ကယ်တင်သော ဘုရားသခင်”

ယနေ့လောကတွင် ပြဿနာများပြည့်နှက်နေသည်။ မနက်ဖြန်တွင် အဘယ်အရာဖြစ်မည်ကို သေချာမသိနိုင်ပေ။ စစ်ပွဲများဖြစ်ပွားနေသည့်နိုင်ငံတွင် သင်နေထိုင်ရလျှင် ငြိမ်းချမ်းမှုကို သင်တမ်းတပေမည်။ ကမ္ဘာပေါ်ရှိ အခြားဒေသများစွာတွင်လည်း လူတို့သည် ရာဇဝတ်မှု၊ ကြမ်းတမ်းရမ်းကားမှု၊ စီးပွားရေးမတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်နေရသည်။ ယင်းတို့အားလုံးမှ ကျွန်ုပ်တို့ကို မည်သူကယ်တင်မည်နည်း။ ယခုအချိန်တွင် လူတို့သည် တစ်ခါနှင့်မျှမတူအောင် ကာကွယ်မှုနှင့်ကယ်လွှတ်မှု လိုအပ်နေသည်။

‘ထာဝရဘုရားသခင်၏ နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏’ ဟုကျမ်းစာကဆိုသည်။ (သု. ၁၈:၁၀) ဘုရားသခင်၏နာမကိုသိရှိခြင်းနှင့် ယင်းကိုကိုးစားခြင်းသည် ကိုယ်တော့်ကိုယုံကြည်သူတို့အား ကယ်လွှတ်ရန် ကိုယ်တော်လုပ်ဆောင်ပေးသည့်အရာ၊ လုပ်ဆောင်ပေးတော့မည့်အရာကို တွေးတောစေပါလိမ့်မည်။ ယေဟောဝါဘုရားသခင်သည် မိမိလူမျိုးကို ကယ်လွှတ်ပေးနိုင်ကြောင်း လုံးဝသက်သေထူခဲ့သည်။ ဥပမာ၊ ကိုယ်တော်သည် ဖာရော၏ စစ်မြင်းရထားနှင့်ဗိုလ်ခြေများကို ဖျက်ဆီးခြင်းဖြင့် ဣသရေလလူတို့ကို ကယ်တင်ခဲ့သည်။ ယေဟောဝါသည် သစ္စာစောင့်သောဘုရားသခင်၊ ဒုက္ခရောက်နေသူများကိုသတိရကာ သူတို့အတွက် လုပ်ဆောင်ပေးလိုသော ဘုရားသခင်ဖြစ်ကြောင်း သက်သေထူသည်။—ထွက်မြောက်ရာ ၁၅:၁-၄

ကျွန်ုပ်တို့၏ထာဝရအနာဂတ်သည် ယေဟောဝါဘုရားသခင်အား ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားခြင်းအပေါ် မူတည်သည်။ အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရသူ ရှေးဣသရေလဘုရင်ဒါဝိဒ်က “ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သော ဘုရားသခင်ဖြစ်တော်မူ၏” ဟုရေးသားချိန်တွင် ထိုသို့သောယုံကြည်ခြင်းရှိကြောင်း တင်ပြခဲ့သည်။ (ဆာလံ ၂၅:၅) ‘ဘုရားသခင်ဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်ခြင်းငှာ . . . ထာဝရဘုရားသခင်သည် တတ်နိုင်တော်မူ၏’ ဟုတမန်တော်ပေတရု ယုံကြည်စိတ်ချစွာပြောဆိုခဲ့သည်။—၂ ပေတရု ၂:၉၊ ၁၀

ဘုရားသခင်၏ကူညီမှုကို ယုံကြည်အားထားသူနှင့်စပ်လျဉ်း၍ “ငါ၏နာမကိုသိသောကြောင့် သူ့ကိုငါချီးမြှောက်မည်” ဟု ကိုယ်တော်ကတိပြုသည်။ (ဆာလံ ၉၁:၁၄) ယနေ့၊ ဘုရားသခင်၏ကျေးကျွန်များသည် ထိုကတိတော်မှန်ကန်ကြောင်း တွေ့ကြုံခံစားရကြသည်။ ပိုလန်နိုင်ငံမှ ဟန်ရစ်ခ်သည် ဆင်းရဲဒုက္ခနှင့်နှိပ်စက်ညှဉ်းပန်းမှုကြားမှ ယေဟောဝါကို နှစ်ပေါင်း ၇၀ တိုင် သစ္စာရှိရှိဝတ်ပြုခဲ့သည်။ သူ ၁၆ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ အော့ဇ်ဝစ်ချွေးတပ်စခန်းသို့ အပို့ခံရသည်။ သူနှင့်သူ့အစ်ကိုလည်း နာဇီတို့၏ လူငယ်စာရိတ္တပြုပြင်ရေးကျောင်းသို့ အပို့ခံရသည်။ ထို့နောက် သူသည် ချွေးတပ်စခန်းတစ်ခုမှတစ်ခုသို့ အပို့ခံရသည်။ ထိုအချိန်ကို ပြန်စဉ်းစားပြီး သူဤသို့ပြောသည်– “ဒီလိုခက်ခဲတဲ့အချိန်တစ်လျှောက်လုံးမှာ ကျွန်တော့်ကို ယေဟောဝါ လုံးဝမစွန့်ခဲ့ဘူး။ ကျွန်တော် သေဘေးနဲ့ အကြိမ်ကြိမ်တွေ့ကြုံရတာတောင် သစ္စာရှိရှိဆက်နေနိုင်အောင် ကိုယ်တော် အမြဲကူညီပေးခဲ့တယ်။” မှန်ပါသည်၊ ယေဟောဝါသည် မိမိကျေးကျွန်များကို ယုံကြည်ခြင်းနှင့်ခံနိုင်ရည်ခွန်အား ပေးတော်မူသည်။

မကြာမီတွင် ဘုရားသခင်သည် ကိုယ်တော်ကိုယုံကြည်ကြောင်းတင်ပြသူ၊ ကယ်လွှတ်ခံရရန် ကိုယ်တော်ကိုမျှော်ကိုးသူတို့၏ ကယ်တင်ရှင်ဖြစ်ကြောင်း သက်သေထူပါလိမ့်မည်။ ‘ငါတစ်ပါးသည် ထာဝရဘုရားသခင်ဖြစ်၍ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ’ ဟုကိုယ်တော်မိန့်ဆိုသည်။ (ဟေရှာယ ၄၃:၁၁) ‘အတိုင်းအဆမဲ့တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး’ တွင် ကိုယ်တော်သည် ဆိုးညစ်သူများကို ကမ္ဘာပေါ်မှ ဖယ်ရှား၍ ဖြောင့်မတ်သူများကို ကယ်တင်တော်မူမည်။ (ဗျာ. ၁၆:၁၄၊ ၁၅; သု. ၂:၂၁၊ ၂၂) “စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟု ယေဟောဝါအာမခံထားသည်။—ဆာလံ ၃၇:၁၁

‘ဘုရားသခင်၏သား’ ဖြစ်လာခြင်း

ပရောဖက်မာလခိလက်ထက်တွင် ဣသရေလလူတို့သည် ယေဟောဝါကို မိမိတို့၏ဖခင်အဖြစ် ပြောဆိုကြသည်။ သို့သော် သူတို့သည် ကိုယ်တော်အား ရိုသေလေးစားကြောင်း၊ အကြွင်းမဲ့ကိုးကွယ်ကြောင်း ဖော်ပြရာတွင် မစင်ကြယ်သောမုန့်၊ ကျိုးကန်းနေသောတိရစ္ဆာန်များကို ပူဇော်ကြသည်။ ထို့ကြောင့် ယေဟောဝါက “ငါသည် အဘမှန်လျှင် ငါ့ကိုအဘယ်သူရိုသေသနည်း” ဟုသူတို့ကိုမေးခဲ့ခြင်းဖြစ်သည်။—မာလခိ ၁:၆

သစ္စာမဲ့ဣသရေလလူတို့၏ အမှားမျိုးကို မကျူးလွန်ပါနှင့်။ ယင်းအစား ယေဟောဝါဘုရားသခင်၏အကြောင်းကို လေ့လာပြီး ကိုယ်တော့်ထံချဉ်းကပ်ရန် ကျွန်ုပ်တို့အားပေးပါသည်။ “ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်” ဟုယာကုပ် တိုက်တွန်းခဲ့သည်။—ယာကုပ် ၄:၈

ယေဟောဝါကို ဖခင်အဖြစ်သတ်မှတ်ရာတွင် လုပ်ဆောင်ရမည့်တာဝန်အချို့လိုက်ပါလာသည်။ သင်၏ဘဝကဏ္ဍတိုင်းတွင် ကိုယ်တော်၏စံနှုန်းများကို သစ္စာရှိစွာလိုက်နာခြင်းဖြင့် ကိုယ်တော့်ကိုဂုဏ်တင်ရန် ကြိုးစားပါက သင်၏လုပ်ဆောင်မှုများကို မေ့လျော့မည်မဟုတ်ပေ။ ယင်းအစား ကိုယ်တော်သည် ‘သေခြင်း၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်း’ မရှိတော့မည့် ကတိထားရာကမ္ဘာသစ်သို့ပို့ဆောင်သော လမ်းမှန်ပေါ် သင်လျှောက်လှမ်းနိုင်ရန် ကူညီပေးပါလိမ့်မည်။ (ဗျာ. ၂၁:၄) ထိုအချိန်တွင် နာခံမှုရှိသူအားလုံးသည် “ဘုရားသခင်သားတို့၏ ထူးမြတ်သော လွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စား” ကြပေလိမ့်မည်။—ရောမ ၈:၂၁

[စာမျက်နှာ ၅ ပါအကြောင်းအရာ အကျဉ်းချုပ်]

ဘုရားသခင်သည် ယေဟောဝါဟူသော မိမိနာမတော်ကို ကျွန်ုပ်တို့အား သိစေလို၊ ယင်း၏အဓိပ္ပာယ်မှာ “ကိုယ်တော် ဖြစ်လာစေသည်” ဟူ၍ဖြစ်

[စာမျက်နှာ ၆ ပါအကြောင်းအရာ အကျဉ်းချုပ်]

“ဒီလိုခက်ခဲတဲ့အချိန်တစ်လျှောက်လုံးမှာ ယေဟောဝါက ကျွန်တော့်ကို လုံးဝမစွန့်ခဲ့ဘူး။”—ဟန်ရစ်ခ်

[စာမျက်နှာ ၇ ပါအကြောင်းအရာ အကျဉ်းချုပ်]

“ကျွန်မတို့ ကျမ်းစာကို အတူတူဖတ်တယ်၊ အစည်းအဝေးတွေကို အတူတူတက်တယ်၊ သိရှိလာတာတွေကို တခြားသူတွေကို ဟောပြောတဲ့အတွက် ကျွန်မတို့ရဲ့ အိမ်ထောင်ရေးက ခိုင်ခံ့နေတယ်။” —ဇူဇန်နာ