မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကိုတော့ ဘယ်တော့မှ မမေ့နဲ့”

“တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကိုတော့ ဘယ်တော့မှ မမေ့နဲ့”

“တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကိုတော့ ဘယ်တော့မှ မမေ့နဲ့”

ယာကုပ်နိုဖဲလ် ပြောပြသည်

“ဘာပဲဖြစ်နေဖြစ်နေ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကိုတော့ ဘယ်တော့မှမမေ့နဲ့။” ဒီစကားတွေကို တွေးရင်းနဲ့ အနီးဆုံးရွာဆီကို သုံးမိုင်လမ်းလျှောက်ခဲ့တယ်။ ရွာကိုလည်းရောက်ရော ဦးဆုံးအိမ်ကိုဟောဖို့ သတ္တိမရှိပြန်ဘူး။ အတော်ကြိုးစားပြီးတဲ့နောက် ဟောပြောနိုင်အောင်ခွန်အားပေးဖို့ တောအုပ်ထဲသွားပြီး ဘုရားသခင်ဆီ အကြီးအကျယ်ဆုတောင်းခဲ့တယ်။ နောက်ဆုံး၊ အဲဒီအိမ်ကိုပြန်သွားပြီး ဟောနိုင်ခဲ့တယ်။

ပါရာဂွေးနိုင်ငံရဲ့လွင်တီးခေါင်ထဲက ဒီရွာမှာ ကျွန်တော်တစ်ယောက်ထဲ ဟောဖို့ကြိုးစားနေတယ်။ ကျွန်တော် ဘာကြောင့် ဒီကို ရောက်နေတာလဲဆိုတာ အစကနေ ပြောပြပါရစေ။ ၁၉၂၃၊ နိုဝင်ဘာလမှာ ဂျာမန်မဲန္နနိုက်အုပ်စုတွေနေထိုင်တဲ့ ယူကရိန်းနိုင်ငံက ကရော်န်စတယ်လ်ရွာလေးမှာ ကျွန်တော်မွေးဖွားလာတယ်။ ၁၇၀၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ မဲန္နနိုက်တွေက ဂျာမနီကနေ ယူကရိန်းကိုပြောင်းလာကြတယ်။ အဲဒီမှာ လွတ်လပ်စွာဝတ်ပြုကိုးကွယ်ခွင့် (ဘာသာပြောင်းစေတာတော့မပါ)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ စစ်မှုလွတ်ငြိမ်းခွင့်စတဲ့ အခွင့်အရေးတွေကို သူတို့ရခဲ့တယ်။

ဒါပေမဲ့ ကွန်မြူနစ်ပါတီ အာဏာရလာတော့ ဒီအခွင့်အရေးတွေအားလုံး ပြန်ရုပ်သိမ်းခံလိုက်ရတယ်။ ၁၉၂၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်းမှာ မဲန္နနိုက်တွေရဲ့လယ်ယာခြံကြီးတွေကို ပြည်သူပိုင်သိမ်းပြီး စီးပွားရေးလုပ်ငန်းတွေအဖြစ် ပြောင်းလိုက်တယ်။ လူတွေက အစိုးရနဲ့ မပူးပေါင်းမချင်း စားစရာမရဘူး၊ ဆန့်ကျင်တဲ့သူတွေလည်း ရက်ရက်စက်စက်ဆက်ဆံခံရတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ကေဂျီဘီ (ဆိုဗီယက်အစိုးရလုံခြုံရေးကော်မတီ) က အများအားဖြင့် ညတွေမှာ လူအတော်များများကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်။ ဒါကြောင့် ရွာအတော်များများမှာ ယောက်ျားလေးနည်းနည်းပဲ ကျန်တော့တယ်။ ကျွန်တော် အသက် ၁၄ နှစ်အရွယ်၊ ၁၉၃၈ မှာ ကျွန်တော့်အဖေလည်း အဖမ်းခံရပြီး နောက်လုံးဝပြန်မတွေ့ရတော့ဘူး၊ ဘာသတင်းမှလည်း မရတော့ဘူး။ နောက်နှစ်နှစ်အကြာမှာ ကျွန်တော့်အစ်ကိုလည်း အဖမ်းခံရပြန်တယ်။

၁၉၄၁ မှာ ဟစ်တလာရဲ့စစ်တပ် ယူကရိန်းကို ဝင်ရောက်လာတယ်။ ကျွန်တော်တို့အတွက်တော့ ဒါက ကွန်မြူနစ်အစိုးရအောက်က လွတ်မြောက်မှုပဲ။ ဒါပေမဲ့ ရွာထဲက ဂျူးမိသားစုရှစ်စုက ရုတ်တရက် ပျောက်သွားတယ်။ ဒီအတွေ့အကြုံတွေအားလုံးကြောင့် ကျွန်တော့်စိတ်ထဲမှာ မေးခွန်းတွေအများကြီး ပေါ်လာတယ်။ ဒါတွေ ဘာကြောင့်ဖြစ်နေရတာလဲ။

ရိုးသားမှုက ကျွန်တော့်အသက်ကို ကယ်တင်

၁၉၄၃ မှာ ဂျာမန်စစ်တပ်တွေ ဆုတ်သွားတယ်။ ဒါပေမဲ့ စစ်ကိုထောက်ပံ့ဖို့ ကျွန်တော့်မိသားစုဝင်တွေအပါအဝင် ဂျာမန်မိသားစုတွေကို ပြန်ခေါ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ရိုမေးနီးယားမှာရှိတဲ့ ဂျာမန်အက်စ်အက်စ် (ဟစ်တလာရဲ့လက်ရွေးစင်ကိုယ်ရံတော်တပ်ဖွဲ့) မှာ တာဝန်ထမ်းဆောင်ဖို့ အထူးခန့်အပ်ခံရပြီးဖြစ်တယ်။ အဲဒီအချိန်က အဖြစ်အပျက်လေးတစ်ခုက ကျွန်တော့်ဘဝကို အကြီးအကျယ်အကျိုးသက်ရောက်ခဲ့တယ်။

ကျွန်တော်တို့တပ်ဖွဲ့ရဲ့ တပ်ဗိုလ်က ကျွန်တော့်ရိုးသားမှုကို စမ်းသပ်ချင်တယ်။ ဒါကြောင့် သူ့ယူနီဖောင်းအိတ်ကပ်တစ်ခုထဲမှာ ပိုက်ဆံနည်းနည်းထည့်ပြီး အခြောက်လျှော်ပေးဖို့ ကျွန်တော့်ကိုပေးတယ်။ အိတ်ထဲမှာ ပိုက်ဆံတွေ့တော့ သူ့ကို ကျွန်တော်ပြန်သွားပေးတယ်။ သူက အိတ်ထဲမှာ ဘာမှမထည့်ထားပါဘူးလို့ ပြန်ပြောတယ်။ ကျွန်တော်ကလည်း သူ့အိတ်ထဲကတွေ့တာပါလို့ အတင်းပြန်ပြောတယ်။ အဲဒီနောက် သိပ်မကြာခင်မှာ သူ့ရဲ့လက်ထောက်အဖြစ် ကျွန်တော့်ကိုခန့်လိုက်ပြီး ရုံးလုပ်ငန်းတွေ၊ ရဲတွေကို တာဝန်ချတာအပြင် ငွေထိန်းသိမ်းရတာတွေကို ကြီးကြပ်ခဲ့ရတယ်။

တစ်ညမှာ ရုရှားစစ်တပ်က ကျွန်တော်တို့တစ်တပ်လုံးကို ဖမ်းလိုက်တယ်။ ကျွန်တော်ကတော့ တပ်ဗိုလ်အတွက် လုပ်ပေးစရာတွေကို လက်စသတ်ဖို့ အလုပ်ခန်းမှာရှိနေလို့ အဖမ်းမခံလိုက်ရဘူး။ ကျွန်တော့်ရိုးသားမှုကြောင့် အထူးတာဝန်ခန့်အပ်ခံရလို့ အဖမ်းမခံခဲ့ရတာကို ကျွန်တော်သိတယ်။ အဲဒီတာဝန်သာမရရင် ကျွန်တော်လည်း အဖမ်းခံရမှာ သေချာတယ်။

ဒါကြောင့် ၁၉၄၄ ခုနှစ်မှာ အချိန်အကန့်အသတ်မရှိ ခွင့်ရခဲ့တယ်။ ဒါနဲ့ ကျွန်တော် အမေ့ဆီသွားလည်တယ်။ တာဝန်နောက်တစ်ခုကို စောင့်ရင်း ပန်းရန်ဆရာတစ်ယောက်ဆီမှာ အလုပ်သင်ခဲ့တယ်။ အဲဒီလက်မှုပညာက နောက်ပိုင်းမှာ အရမ်းအသုံးဝင်လာတယ်။ ၁၉၄၅၊ ဧပြီလမှာ အမေရိကန်တပ်ဖွဲ့တွေက မဲဂ်ျဘာ့ဂ်မြို့အနီးက ကျွန်တော်တို့မြို့လေးကို ဝင်ရောက်လာတယ်။ တစ်လကြာတော့ စစ်ကြီး တရားဝင်ပြီးဆုံးသွားတယ်။ ကျွန်တော်တို့ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ အနာဂတ်ကလည်း တောက်ပနေပုံပဲ။

ဇွန်လရဲ့တစ်နေ့မှာတော့ “အမေရိကန်စစ်တပ်တွေ ညက ဆုတ်ခွာသွားပြီ၊ ဒီနေ့မနက် ၁၁ နာရီမှာ ရုရှားစစ်တပ်တွေ ရောက်လာလိမ့်မယ်” ဆိုတဲ့ကြေညာချက်ကို ကြားလိုက်ရတယ်။ ကွန်မြူနစ်လက်အောက်ကို ပြန်ရောက်သွားပြီဆိုတာ သိလိုက်ရလို့ ကျွန်တော်တို့စိတ်ပျက်ခဲ့ရတယ်။ ချက်ချင်းပဲ ကျွန်တော့်တစ်ဝမ်းကွဲညီနဲ့ကျွန်တော် ထွက်ပြေးဖို့စီစဉ်ခဲ့တယ်။ နွေခေါင်ခေါင်မှာ အမေရိကန်တွေရဲ့နယ်ကို ဖြတ်ကျော်ခဲ့ကြတယ်။ အဲဒီနောက် နိုဝင်ဘာမှာ အခက်အခဲတွေနဲ့ အသက်အန္တရာယ်ရှိတဲ့ကြားက ရုရှားပိုင်နက်ထဲ ပြန်ဝင်၊ မိသားစုကို တိတ်တိတ်လေးခေါ်ပြီး နယ်စပ်ကိုဖြတ်ကျော်ခဲ့ကြတယ်။

“အဲဒီမှာပြောတာကို သေချာနားထောင်ပြီး နှိုင်းယှဉ်ကြည့်ပါ”

အဲဒီတုန်းက အနောက်ဂျာမနီလို့ခေါ်တဲ့ဒေသမှာ ကျွန်တော်တို့ အခြေချခဲ့တယ်။ သိပ်မကြာခင်မှာ ကျမ်းစာကို ကျွန်တော် လေးမြတ်လာတယ်။ တနင်္ဂနွေနေ့တွေဆို တောအုပ်ထဲသွားပြီး ကျမ်းစာဖတ်တယ်။ ဒါပေမဲ့ ဖတ်ရတဲ့အရာတွေက သိပ်ထူးဆန်းပြီး အဖြစ်အပျက်တွေကလည်း ဟိုးရှေးရှေးတုန်းက ဖြစ်ခဲ့ပုံပဲ။ မဲန္နနိုက်တစ်ယောက်အဖြစ် နှစ်ခြင်းခံဖို့ ပြင်ဆင်တဲ့အနေနဲ့ ဘာသာရေးအမေးအဖြေသင်တန်းတွေကိုလည်း တက်ရောက်ခဲ့တယ်။ အမေးအဖြေစာအုပ်ထဲက အချက်တချို့ကိုတွေ့လိုက်ရတဲ့အခါ ကျွန်တော်မှင်တက်သွားမိတယ်။ အဲဒီမှာ “ခမည်းတော်သည် ဘုရားသခင်၊ သားတော်သည် ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်၏” လို့ပါပြီး “ဘုရားသခင်သုံးပါး ရှိသလော” ဆိုတဲ့မေးခွန်းမေးထားတယ်။ အဲဒီနောက် “မရှိပါ၊ ထိုသုံးပါးမှာ တစ်ပါးတည်းဖြစ်၏” ဆိုတဲ့အဖြေကို အောက်မှာပုံနှိပ်ဖော်ပြထားတယ်။ ဒါဘယ်လိုဖြစ်နိုင်မှာလဲလို့ ဓမ္မဆရာကို မေးကြည့်တော့ သူက “ဒီအကြောင်းတွေကို အရမ်းလေးလေးနက်နက် မစဉ်းစားသင့်ဘူး၊ တချို့ဆို ဒီအကြောင်းကို စဉ်းစားလွန်းလို့ ရူးသွားကြတယ်” လို့ပြန်ဖြေတယ်။ ဒါကြောင့် နှစ်ခြင်းမခံဖို့ ကျွန်တော်ချက်ချင်းဆုံးဖြတ်လိုက်တယ်။

ရက်နည်းနည်းကြာပြီးတော့ ကျွန်တော့်အစ်မတစ်ဝမ်းကွဲကို သူစိမ်းတစ်ယောက် လာစကားပြောနေတာ ကြားမိတယ်။ သိချင်စိတ်ကြောင့် အဲဒီစကားဝိုင်းကိုသွားပြီး မေးခွန်းတွေမေးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော်မသိပေမဲ့ အဲဒီသူစိမ်းက ဗာဗဲလ်စ်ဘာ့ဂ်ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ အဲရစ်နီကိုလက်ဇစ်ဖြစ်တယ်။ ကျမ်းစာကိုနားလည်ချင်သလားလို့ သူမေးတယ်။ နားလည်ချင်တာပေါ့လို့ ကျွန်တော်ဖြေတော့ သူက သူသင်ပေးတဲ့အရာအားလုံးကို ကျွန်တော့်ကျမ်းစာနဲ့သက်သေပြပါ့မယ်လို့ ကတိပေးတယ်။

အကြိမ်အနည်းငယ် လည်ပတ်ပြီးတဲ့နောက် ယေဟောဝါသက်သေတွေရဲ့ ခရိုင်စည်းဝေးကြီးတစ်ခုကိုတက်ဖို့ ကျွန်တော့်ကိုဖိတ်တယ်။ အဲဒါက စစ်ပြီးတဲ့နောက် ဦးဆုံးအကြိမ် ပြန်စုရုံးတဲ့စည်းဝေးပွဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အရမ်းသဘောကျသွားပြီး ဟောပြောသူတွေဖတ်တဲ့ ဒါမှမဟုတ် ပြောတဲ့ကျမ်းချက်တိုင်းကို ရေးမှတ်ထားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျမ်းစာသွန်သင်ရာတွေကို သိလာတာနဲ့အမျှ တာဝန်တွေလည်း လိုက်ပါလာတယ်ဆိုတာကို နားလည်လာတော့ သင်အံမှုကိုရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ စစ်မှန်တဲ့ဘာသာ တစ်ခုပဲရှိနိုင်တယ်ဆိုတဲ့အချက်ကို ကျွန်တော်နားလည်ရခက်နေတယ်။ အရင်ချာ့ခ်ျကို ပြန်သွားတက်ဖို့ ဆုံးဖြတ်တာကို အဲရစ်သိသွားတော့ “အဲဒီမှာပြောတာကို သေချာနားထောင်ပြီး နှိုင်းယှဉ်ကြည့်ပါ” လို့ကျွန်တော့်ကို အကြံပေးတယ်။

ကျွန်တော့်ချာ့ခ်ျက ဓမ္မဆရာတွေဆီကို နှစ်ကြိမ်ပဲသွားလည်ပြီးတဲ့နောက် သူတို့ပြောတဲ့အရာကို သူတို့ကိုယ်တိုင်နားမလည်ဘူး၊ သူတို့ဆီမှာ အမှန်တရား လုံးဝမရှိဘူးဆိုတာကို ကျွန်တော်သိလာတယ်။ ဓမ္မဆရာအတော်များများဆီကို စာရေးပြီးတော့လည်း ကျမ်းစာမေးခွန်းတွေမေးခဲ့တယ်။ “သင်က ဒုတိယမွေးဖွားခြင်းမခံရသူဖြစ်တဲ့အတွက် ကျမ်းစာကို လေ့လာဆန်းစစ်ခွင့်မရှိဘူး” လို့တစ်ယောက်က ပြန်ဖြေတယ်။

ကျွန်တော်ပိုးပန်းနေတဲ့အမျိုးသမီးက ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့ ကျွန်တော့်ကိုဖိအားပေးခဲ့တယ်။ သူက ဒုတိယမွေးဖွားခြင်းဆိုတဲ့ မဲန္နနိုက်အသင်းဝင်တစ်ယောက်ဖြစ်တယ်။ ယေဟောဝါသက်သေတွေကိုမုန်းတဲ့ သူ့မိသားစုရဲ့ဖိအားကြောင့် ဒီဘာသာအသစ်ကို ကျွန်တော်မမေ့ပစ်ဘူးဆိုရင် ကျွန်တော့်ကို အဆက်ဖြတ်ပစ်မယ်လို့ သူပြောလာတယ်။ အဲဒီအချိန်မှာ အမှန်တရားတစ်ခုပဲရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိလာတဲ့အတွက် သူနဲ့ကျွန်တော် အဆက်ဖြတ်လိုက်တယ်။

မကြာခင်မှာပဲ ကျွန်တော့်ဆီ အဲရစ် ပြန်လာတယ်။ နောက်တစ်ပတ်မှာ နှစ်ခြင်းခံတဲ့အစီအစဉ်ရှိမှာဖြစ်လို့ နှစ်ခြင်းခံချင်သလားလို့ ကျွန်တော့်ကိုမေးတယ်။ ယေဟောဝါသက်သေတွေက အမှန်တရားကို သွန်သင်တယ်ဆိုတာ ကျွန်တော်သိပြီး ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ချင်တဲ့အတွက် သူ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်။ ဒီလိုနဲ့ ၁၉၄၈၊ မေလမှာ ရေချိုးကန်တစ်ခုထဲမှာ နှစ်ခြင်းခံခဲ့တယ်။

နှစ်ခြင်းခံပြီး မကြာခင်မှာ ကျွန်တော့်မိသားစုက တောင်အမေရိကမှာရှိတဲ့ ပါရာဂွေးနိုင်ငံကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ အမေက သူတို့နဲ့လိုက်ခဲ့ပါလို့ ကျွန်တော့်ကိုတောင်းပန်တယ်။ နောက်ထပ်ကျမ်းစာလေ့လာမှုနဲ့ လေ့ကျင့်မှုတွေ လိုအပ်တဲ့အတွက် ကျွန်တော်ချီတုံချတုံဖြစ်နေတယ်။ ဝီစ်ဘာဒင်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို သွားလည်တော့ ဩဂတ်စ်ပီတာနဲ့ဆုံဖြစ်တယ်။ မိသားစုကိုစောင့်ရှောက်ဖို့လိုတယ်ဆိုတဲ့ တာဝန်အကြောင်း ကျွန်တော့်ကို သူပြောပြတယ်။ “ဘာပဲဖြစ်နေဖြစ်နေ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုကိုတော့ ဘယ်တော့မှမမေ့နဲ့။ တကယ်လို့ မေ့သွားရင် ခရစ်ယာန်ဘောင်တွေနဲ့ တူသွားလိမ့်မယ်” လို့လည်း ကျွန်တော့်ကိုအကြံပေးခဲ့တယ်။ အဲဒီအကြံပေးချက်ရဲ့ အရေးကြီးမှုနဲ့ ‘တစ်အိမ်မှတစ်အိမ်’ ဟောဖို့လိုတယ်ဆိုတဲ့အချက်ကို ဒီနေ့အချိန်အထိ ကျွန်တော်အသိအမှတ်ပြုနေတုန်းပဲ။—တမန်တော် ၂၀:၂၀၊ ၂၁

ပါရာဂွေးမှ “ပရောဖက်အတုအယောင်” တစ်ယောက်

ဩဂတ်စ်ပီတာနဲ့တွေ့ပြီး မကြာခင်မှာ ကျွန်တော့်မိသားစုနဲ့အတူ တောင်အမေရိကမှာရှိတဲ့ ပါရာဂွေးနိုင်ငံကို သင်္ဘောနဲ့ထွက်ခွာခဲ့တယ်။ ပါရာဂွေးနိုင်ငံက မဲန္နနိုက်တွေနေထိုင်တဲ့ ဂရန်ခါကိုဒေသမှာ အခြေချခဲ့တယ်။ ကျွန်တော်တို့ရောက်ပြီး နှစ်ပတ်အကြာမှာ အစပိုင်းမှာပြောခဲ့သလို အနားကရွာတစ်ရွာမှာသွားဟောဖို့ အဲဒီခက်ခဲတဲ့ခရီးကို ကျွန်တော်တစ်ယောက်တည်း သွားခဲ့တယ်။ အသစ်ရောက်လာတဲ့သူတွေထဲမှာ “ပရောဖက်အတုအယောင်” တစ်ယောက်ပါတယ်ဆိုတဲ့သတင်းက ချက်ချင်းဆိုသလို ပျံ့နှံ့သွားတယ်။

အရင်တုန်းကသင်ယူခဲ့တဲ့ ပန်းရန်အလုပ်က အခုတော့ အရမ်းအသုံးဝင်လာပြီ။ ပြောင်းရွှေ့လာတဲ့သူတိုင်း နေစရာအိမ် လိုအပ်တဲ့အတွက် နေလှန်းအုတ်၊ သက်ကယ်အမိုးနဲ့ အိမ်ဆောက်ပေးရတယ်။ နောက်ခြောက်လလုံးလုံး ပန်းရန်အလုပ်ရတဲ့အတွက် အလွတ်သဘောသက်သေခံဖို့ အခွင့်အရေးအများကြီးရခဲ့တယ်။ လူတွေက ယဉ်ကျေးသိမ်မွေ့ကြပေမဲ့ အိမ်နံရံတွေလည်း အချောကိုင်ပြီးရော ကျွန်တော့်ကို မခေါ်ချင်ကြတော့ဘူး။

အဲဒီအတောအတွင်း ဂျာမနီက မဲန္နနိုက်ဒုက္ခသည်တွေ သင်္ဘောတွေနဲ့ ထပ်ရောက်လာပြန်တယ်။ အဲဒီအထဲမှာ ကက်ထရီနာရှာလဲန်ဘာ့ဂ်ဆိုတဲ့ မိန်းကလေးတစ်ယောက်လည်းပါတယ်။ သူက သက်သေခံတွေနဲ့ အဆက်အသွယ်နည်းနည်းရှိခဲ့ပြီး သူတို့သွန်သင်တဲ့အရာက အမှန်တရားဖြစ်တယ်ဆိုတာကို ချက်ချင်းသိခဲ့သူတစ်ယောက်ဖြစ်တယ်။ နှစ်ခြင်းမခံသေးပေမဲ့ သူ့ကိုယ်သူ ယေဟောဝါသက်သေပါလို့ သင်္ဘောပေါ်မှာ ပြောတဲ့အတွက် ဂျာမန်အုပ်စုနဲ့ ဆက်လိုက်ခွင့်မရတော့ဘဲ ပါရာဂွေးနိုင်ငံရဲ့မြို့တော် အစွန်းစယောန်မှာ ပစ်ထားခံခဲ့ရတယ်။ ဒါနဲ့ အိမ်ဖော်အလုပ်လုပ်ပြီး စပိန်စကားသင်တယ်၊ သက်သေခံတွေကို လိုက်ရှာပြီး နှစ်ခြင်းခံခဲ့တယ်။ ၁၉၅၀၊ အောက်တိုဘာမှာ သတ္တိရှိတဲ့ ဒီမိန်းကလေးကို ကျွန်တော်လက်ထပ်ခဲ့တယ်။ သူက နှစ်တွေတစ်လျှောက် ဘယ်လိုအခြေအနေမျိုးမှာမဆို ကျွန်တော့်ကို အားပေးထောက်မခဲ့တဲ့ တကယ်ကောင်းတဲ့အထောက်အမဖြစ်ခဲ့တယ်။

အချိန်တိုအတွင်းမှာ မြင်းနှစ်ကောင်ဆွဲတဲ့ရထားလုံးကို ဝယ်နိုင်ခဲ့ပြီး ဟောပြောခြင်းလုပ်ငန်းမှာ အသုံးပြုခဲ့တယ်၊ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ရင်း ညီအစ်ကိုပီတာရဲ့အကြံဉာဏ်ကို အမြဲအမှတ်ရခဲ့တယ်။ အဲဒီအချိန်လောက်မှာ သက်သေခံဖြစ်လာတဲ့ ညီမလေးလည်း ကျွန်တော်တို့နဲ့ပူးပေါင်းလာတယ်။ ကျွန်တော်တို့အားလုံး မနက် ၄:၀၀ အိပ်ရာထ၊ လေးနာရီကြာ ခရီးနှင်ပြီး နှစ်နာရီ၊ သုံးနာရီလောက် ဟောပြောပြီးတဲ့နောက် အိမ်ပြန်လေ့ရှိကြတယ်။

လူထုဟောပြောချက်တွေ ကျင်းပတယ်ဆိုတာကို အဖွဲ့အစည်းထုတ်စာပေတွေမှာ ဖတ်ရတဲ့အတွက် လူထုဟောပြောချက်ပေးဖို့ စီစဉ်ခဲ့တယ်။ ဂျာမနီမှာ အသင်းတော်အစည်းအဝေးတွေကို တစ်ခါမှမတက်ဖူးတဲ့အတွက် အဲဒါကို ဘယ်လိုကိုင်တွယ်ပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း ဘယ်လိုပြောရမယ်ဆိုတာကို မှန်းဆရုံပဲလုပ်နိုင်ခဲ့တယ်။ အဲဒီအစည်းအဝေးကို လူရှစ်ယောက် လာတက်တယ်။ ဒါပေမဲ့ အဲဒီအရေအတွက်က မဲန္နနိုက်ချာ့ခ်ျက ဓမ္မဆရာတွေအတွက်တော့ သိပ်များတယ်။ ဒါကြောင့် လူတွေကို ဝေငှထားတဲ့ ကျမ်းစာစာပေတွေကို လိုက်သိမ်းဖို့နဲ့ ကျွန်တော်တို့ကို လုံးဝမနှုတ်ဆက်ရဘူးလို့ လိုက်ပြောဖို့ ကင်ပိန်းတစ်ခုကို သူတို့စီစဉ်ခဲ့ကြတယ်။

အဲဒီနောက် ကျွန်တော့်ကို အုပ်ချုပ်ရေးမှူးရုံးကို ဆင့်ခေါ်ပြီး အုပ်ချုပ်ရေးမှူးအပြင် ကနေဒါကလာလည်တဲ့ ဓမ္မဆရာနှစ်ယောက်က နာရီပေါင်းအတော်ကြာကြာ မေးမြန်းစစ်ဆေးခဲ့တယ်။ နောက်ဆုံး သူတို့ထဲကတစ်ယောက်က “မင်းကြိုက်တာကို မင်းယုံကြည်နိုင်တယ်၊ ဒါပေမဲ့ မင်းယုံကြည်ချက်အကြောင်း တခြားသူတွေကို မပြောပါဘူးလို့ ကတိပေးရမယ်” ဆိုပြီး ပြောတယ်။ ကျွန်တော်မပေးနိုင်တာလည်း အဲဒီကတိပဲ။ ဒါနဲ့ “သစ္စာရှိတဲ့ညီအစ်ကိုချင်းတွေ” ကြားမှာ “ပရောဖက်အတုအယောင်” ကိုမရှိစေချင်တဲ့အတွက် အုပ်စုထဲကနေထွက်သွားဖို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်ကငြင်းလိုက်တော့ မိသားစုတစ်စုလုံးအတွက် သယ်ယူပို့ဆောင်ရေးစရိတ်တွေကို ပေးမယ်လို့ပြောတယ်။ ကျွန်တော်ကတော့ ဆုံးဖြတ်ပြီးဖြစ်တဲ့အတွက် မထွက်သွားနိုင်ဘူးလို့ ငြင်းခဲ့တယ်။

၁၉၅၃၊ နွေရာသီရောက်တော့ အစွန်းစယောန်မှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးကို ကျွန်တော်သွားတက်တယ်။ အဲဒီမှာ ဘရွတ်ကလင်၊ နယူးယောက်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနချုပ်ကလာတဲ့ နေသန်နောရ်နဲ့ ကျွန်တော်စကားပြောခဲ့တယ်။ မဲန္နနိုက်အုပ်စုမှာ ဟောပြောခြင်းလုပ်ငန်းကို သိပ်မတုံ့ပြန်တဲ့အတွက် မြို့တော်ကိုပြောင်းလာပြီး အဲဒီမှာရှိတဲ့ ခရစ်ယာန်သာသနာပြုအုပ်စုလေးနဲ့အတူ အမှုဆောင်ဖို့ ကျွန်တော့်ကို သူအကြံပေးတယ်။

ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားခြင်း

အဲဒီအချိန်တုန်းက ပါရာဂွေးတစ်နိုင်ငံလုံးမှာ သက်သေခံ ၃၅ ယောက်လောက်ပဲရှိသေးတယ်။ ကျွန်တော့်ဇနီးကိုပြောကြည့်တော့ မြို့ကြီးကို သူ မပြောင်းရွှေ့ချင်ပေမဲ့ လိုလိုလားလားပဲ အသစ်ကနေပြန်စခဲ့တယ်။ ၁၉၅၄ မှာ ကက်ထရီနာနဲ့ကျွန်တော် နှစ်ယောက်တည်း အားလပ်ချိန်လေးတွေမှာ အုတ်အိမ်လေးတစ်လုံး ဆောက်ခဲ့ကြတယ်။ အဲဒီအချိန်အတွင်းမှာ အစည်းအဝေးတစ်ခုမှ မပျက်ဘဲ စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း ဟောပြောခြင်းလုပ်ငန်းမှာ အမြဲပါဝင်ခဲ့ကြတယ်။

ကျွန်တော်ရရှိခဲ့တဲ့အခွင့်အရေးတစ်ခုကတော့ နယ်လှည့်အမှုဆောင်ဖြစ်တဲ့ တိုက်နယ်ကြီးကြပ်မှူးက ပါရာဂွေးမှာရှိတဲ့ ဂျာမန်စကားပြောအုပ်စုတချို့ကို သွားလည်တဲ့အခါ စကားပြန်အဖြစ် အမှုဆောင်ပေးဖို့ဖြစ်တယ်။ ကျွန်တော်က စပိန်စကားနည်းနည်းတတ်ပေမဲ့လည်း ဟောပြောချက်တစ်ခုကို စပိန်ကနေ ဂျာမန်လို ဦးဆုံးအကြိမ် ဘာသာပြန်ရတာက ရရှိခဲ့သမျှမှာ အခက်ခဲဆုံးတာဝန်ပဲ။

ကျွန်တော့်ဇနီးရဲ့ကျန်းမာရေးကြောင့် ၁၉၅၇ မှာ ကနေဒါနိုင်ငံကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီနောက် ၁၉၆၃ မှာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ပြန်တယ်။ ကျွန်တော်တို့ ဘယ်နေရာမှာပဲရှိပါစေ ဘဝမှာ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားဖို့ အမြဲကြိုးစားတယ်။ (မဿဲ ၆:၃၃) ကျွန်တော် ငယ်ရွယ်သေးတဲ့အချိန်မှာပဲ ကျမ်းစာအမှန်တရားတွေကို သင်ယူခွင့်ပေးခဲ့တဲ့အတွက် ယေဟောဝါဘုရားသခင်ကို အရမ်းကျေးဇူးတင်တယ်။ ကျွန်တော်ရရှိခဲ့တဲ့ ကျမ်းစာလေ့ကျင့်မှုတွေက ဘဝတစ်လျှောက်လုံးမှာ နည်းမျိုးစုံနဲ့ ကူညီပေးခဲ့တယ်။

ကျွန်တော့်ကို အရမ်းနှစ်သိမ့်မှုပေးခဲ့တဲ့ ကျမ်းစာထဲက အံ့ဖွယ်အမှန်တရားတွေအကြောင်း တခြားသူတွေသိလာအောင် ကူညီပေးရတာကလည်း တကယ့်အခွင့်ထူးပဲ။ ကျွန်တော့်သားသမီးတွေနဲ့ မြေးတွေအားလုံး ကလေးဘဝကတည်းက ကျမ်းစာလေ့ကျင့်မှုကနေ အကျိုးကျေးဇူးခံစားနေရတာကို တွေ့ရတာက ကျွန်တော့်အတွက် အကြီးမားဆုံးရွှင်လန်းမှုပါပဲ။ “ဘာပဲဖြစ်နေဖြစ်နေ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုကိုတော့ ဘယ်တော့မှ မမေ့နဲ့” ဆိုတဲ့ ညီအစ်ကိုပီတာရဲ့အကြံပေးချက်ကို သူတို့အားလုံး လိုက်နာနေကြတယ်။

[စာမျက်နှာ ၂၂ ပါအကြောင်းအရာ အကျဉ်းချုပ်]

ကျွန်တော့်သားသမီးတွေနဲ့ မြေးတွေအားလုံး ကလေးဘဝကတည်းက ကျမ်းစာလေ့ကျင့်မှုကနေ အကျိုးကျေးဇူးခံစားနေရတာကို တွေ့ရတာက ကျွန်တော့်အတွက် အကြီးမားဆုံးရွှင်လန်းမှုပါပဲ

[စာမျက်နှာ ၂၁ ပါပုံ]

၁၉၅၀ ၌ ကက်ထရီနာနှင့်ကျွန်တော် လက်မထပ်မီလေးတွင်

[စာမျက်နှာ ၁၉၅၂ ပါပုံ]

၁၉၅၂ တွင် ပါရာဂွေးရှိ ကျွန်တော်တို့အိမ်၌ ဦးဆုံးကလေးနှင့်အတူ

[စာမျက်နှာ ၂၃ ပါပုံ]

ယနေ့ ကျွန်တော့်မိသားစု

[အသိအမှတ်ပြုစာ]

Photo by Keith Trammel © 2000

[စာမျက်နှာ ၁၉ ပါပုံအသိအမှတ်ပြုစာ]

Photo by Keith Trammel © 2000