မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ပါ

‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ပါ

‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ပါ

ကျွန်ုပ်တို့၏ ဘဝခရီးတစ်လျှောက်တွင် ရွေးချယ်စရာများစွာရှိသည်။ တစ်စုံတစ်ခုသောလမ်းစဉ်ကို မရွေးချယ်မီ လမ်းဆုံး၌အဘယ်အရာဖြစ်မည်ကို လေ့လာခြင်းက အမှန်ပင် ပညာရှိရာရောက်သည်။ အချို့သည် သူတို့ရွေးချယ်သောလမ်းစဉ်အတွက် အလွန်ယူကျုံးမရဖြစ်ခဲ့ကြသည်။ ‘နောက်ဆုံးမှာ ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိခဲ့ရင် ဒါကို လုံးဝလုပ်မိမှာမဟုတ်ဘူး’ ဟုသင်ဆိုကောင်းဆိုပေမည်။

ခရီးသွားအတွေ့အကြုံရှိသူတစ်ဦးအနေဖြင့် အဘယ်လမ်းကြောင်းသည် အဘယ်သို့ဦးတည်နေသည်ကို သိလိုသည်။ ထို့ကြောင့် သူသည် မြေပုံကိုရှာဖွေကြည့်ရှုမည်၊ ထိုဒေသအကြောင်းသိရှိထားသူများကို မေးမြန်းပေမည်။ လမ်းတစ်လျှောက်ရှိ လမ်းညွှန်ဆိုင်းဘုတ်များကိုလည်း သတိပြုမည်မှာ သေချာသည်။ သို့သော် ဘဝခရီးတွင် မည်သည့်လမ်းစဉ်ကိုလျှောက်လှမ်းခြင်းက အကောင်းဆုံးဖြစ်ကြောင်း သင်မည်သို့သေချာသိနိုင်သနည်း။ ရှေးဣသရေလလူတို့နှင့်ပတ်သက်၍ မောရှေမှတစ်ဆင့် ယေဟောဝါဤသို့ဆိုသည်– ‘[သူတို့သည်] ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေသော။ နောက်ဆုံး၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသော။’—တရားဟောရာ ၃၂:၂၉

အကောင်းဆုံးအကြံဉာဏ်

ဘဝလမ်းခရီး၏ ‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်ကို ကျွန်ုပ်တို့ပူပန်နေစရာမလိုပါ။ ဘုရားသခင်သည် လူခပ်သိမ်းအတွက် အကောင်းဆုံးလမ်းစဉ်ကို အကြံပေးနိုင်သည့် အကောင်းဆုံးအနေအထားတွင်ရှိသည်။ လူတို့ရွေးချယ်သည့်လမ်းစဉ်များနှင့် ယင်း၏ရလဒ်များကို ကိုယ်တော်တွေ့မြင်တော်မူသည်။ ထို့ကြောင့် ‘လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားသခင် မျက်မှောက်တော်၌ရှိကြ၍ သွားလာသမျှသောအခြင်းအရာတို့ကို စူးစမ်းတော်မူ၏’ ဟူ၍ကျမ်းစာတွင် ဖော်ပြထား၏။—သု. ၅:၂၁

ယေဟောဝါသည် မိမိကိုချစ်မြတ်နိုးသူတို့အား ဂရုစိုက်တော်မူသည်။ ကိုယ်တော်၏နှုတ်မြွက်တော် သမ္မာကျမ်းစာအားဖြင့် လူသားတို့အတွက် အကောင်းဆုံးလမ်းစဉ်ကို လမ်းညွှန်ပေးနေသည်။ “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်” ဟုကျမ်းစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် လမ်းစဉ်တစ်ခုပေါ် ခြေမချမီ “ကိုယ်သွားရမည့်လမ်းကို သိစေတော်မူပါ” ဟုဆုတောင်းခဲ့သော ရှေးဣသရေလဘုရင်ဒါဝိဒ်ကဲ့သို့ ယေဟောဝါ၏အကြံဉာဏ်ကို ရှာဖွေခြင်းက ပညာရှိရာရောက်သည်။—ဆာလံ ၃၂:၈; ၁၄၃:၈

ယုံကြည်စိတ်ချရပြီး ခရီးသွားအတွေ့အကြုံရှိသူတစ်ဦး လမ်းပြပေးသော ခရီးစဉ်အတိုင်းသွားခြင်းက သင့်ကို ယုံကြည်စိတ်ချမှုနှင့် လုံခြုံမှုရှိစေနိုင်သည်။ ခရီးလမ်းသည် အဘယ်သို့ဦးတည်ကြောင်း သင်စိုးရိမ်နေမည်မဟုတ်ပေ။ ဒါဝိဒ်သည် ယေဟောဝါ၏လမ်းညွှန်မှုကို တောင်းခံပြီး လိုက်လျှောက်ခဲ့သည်။ ရလဒ်အနေနှင့် ဆာလံအခန်းကြီး ၂၃ တွင် လှပစွာဖော်ကျူးထားသည့်အတိုင်း စိတ်ငြိမ်သက်မှုကို သူခံစားခဲ့ရသည်။ သူဤသို့ရေးခဲ့သည်– ‘ထာဝရဘုရားသခင်သည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။ စိမ်းလန်းသောကျက်စားရာအရပ်၌ ငါ့ကိုအိပ်စေတော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏။ ငါ့ဝိညာဉ်ကိုအားဖြည့်၍ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။ အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။’—ဆာလံ ၂၃:၁-၄

သူတို့၏အနာဂတ် မည်သို့ရှိမည်နည်း

ဘဝခရီးသည်တစ်ဦးဖြစ်သော အာသပ် သို့မဟုတ် သူ၏သားမြေးတစ်ဦးဦးဖြစ်မည့် ဆာလံဆရာသည် လမ်းစဉ်မှန်မှ “ခြေရာလွဲလု” နီးပါးဖြစ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ မရိုးသားသူ၊ ဆိုးညစ်သူတို့ ကြီးပွားချမ်းသာနေသည်ကို သူမြင်တွေ့ရပြီး “မိုက်သောသူတို့ကိုပင်” သူငြူစူမိသည်။ သူတို့သည် “အစဉ်ကောင်းစား” နေပုံရသည်။ ပိုဆိုးသည်မှာ ဆာလံဆရာသည် သူရွေးချယ်ခဲ့သော ဖြောင့်မတ်ခြင်းတရားလမ်းအတိုင်း လိုက်လျှောက်ခြင်း၏ပညာရှိမှုကို သံသယဝင်စပြုလာသည်။—ဆာလံ ၇၃:၂၊ ၃၊ ၆၊ ၁၂၊ ၁၃

ထို့နောက် ဆာလံဆရာသည် ယေဟောဝါ၏သန့်ရှင်းရာဌာနသို့ဝင်၍ အသေအချာဆုတောင်းကာ လူဆိုးတို့၏ဇာတ်သိမ်းကို သုံးသပ်ခဲ့သည်။ “သူတို့၏အဆုံးကို နားလည်” လိုသည်ဟု သူဆိုသည်။ ထို့ပြင် သူ မနာလိုငြူစူခဲ့သူတို့၏အလားအလာကိုလည်း တွေးတောဆင်ခြင်သည်။ သူတို့၏အနာဂတ်ကား အဘယ်အရာဖြစ်မည်နည်း။ သူတို့သည် “ချောသောအရပ်၌” ရှိနေပြီး “ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်” တော့မည်ကို သူသဘောပေါက်ခဲ့သည်။ ဆာလံဆရာရွေးချယ်ခဲ့သော လမ်းစဉ်ကော။ ယေဟောဝါသည် “နောက်တစ်ဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်” ဖြစ်ကြောင်း သူနားလည်ခဲ့သည်။—ဆာလံ ၇၃:၁၇-၁၉၊ ၂၄

ဖြတ်လမ်းနည်း သို့မဟုတ် မရိုးသားသည့်နည်းဖြင့် ကိုယ်ကျိုးရှာအမြတ်ထုတ်ကာ ကြီးပွားချမ်းသာနေသူများ၏ အကျိုးဆက်ကို တွေးတောခြင်းက မိမိ၏လမ်းစဉ်သည် မှန်ကန်ကြောင်း ဆာလံဆရာကို စိတ်ချစေသည်။ “အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏” ဟုသူကောက်ချက်ချခဲ့သည်။ ယေဟောဝါဘုရားသခင်နှင့်ရင်းနှီးစွာနေခြင်းသည် ထာဝရကောင်းကျိုးများ အစဉ်ရရှိစေသည်။—ဆာလံ ၇၃:၂၈

‘သင်သွားရာလမ်းကို စူးစမ်းလော့’

ယနေ့၊ ကျွန်ုပ်တို့တွင်လည်း အလားတူရွေးချယ်စရာများရှိပေမည်။ ဝင်ငွေကောင်းသောစီးပွားရေးတစ်ခု လုပ်ဆောင်ရန်၊ ရာထူးတိုးရန်၊ အမြတ်အစွန်းများမည့်လုပ်ငန်းတွင် ပူးပေါင်းရန် သင့်အား ကမ်းလှမ်းပေမည်။ လုပ်ငန်းအသစ်ဟူသည် အရှုံးပေါ်စရာအကြောင်းရှိစမြဲပင်။ သို့သော် ‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်လာနိုင်ကြောင်း သုံးသပ်ခြင်းက ပညာရှိရာရောက်သည်မဟုတ်လော။ ဖြစ်နိုင်ဖွယ်အကျိုးဆက်အချို့ကား အဘယ်နည်း။ အိမ်နှင့်ခွဲ၍ အလုပ်လုပ်ရမည်လော၊ ယင်းက သင့်အိမ်ထောင်ဖက် သို့မဟုတ် သင့်အတွက် စိတ်ဖိစီးမှုဖြစ်စေနိုင်သည်။ စီးပွားဖက်များ သို့မဟုတ် ဟိုတယ်နှင့် အခြားတစ်နေရာရာမှ မကောင်းသောအပေါင်းအသင်းများနှင့် ထိတွေ့ဆက်ဆံရမည့်အခြေအနေရှိသလော။ လမ်းခရီးသည် အဘယ်သို့ဦးတည်နေကြောင်း အသေအချာဆန်းစစ်ခြင်းဖြင့် ပညာရှိရှိဆုံးဖြတ်ချက်ချနိုင်ပါလိမ့်မည်။ ‘သင်သွားရာလမ်းကိုစူးစမ်းလော့’ ဟူသော ရှောလမုန်၏အကြံပေးချက်ကို နာခံပါ။—သု. ၄:၂၆

ကျွန်ုပ်တို့အားလုံး အထူးသဖြင့် လူငယ်များသည် ထိုအကြံဉာဏ်ကို ကောင်းစွာသုံးသပ်သင့်သည်။ လူငယ်တစ်ဦးသည် လိင်စိတ်ကိုနှိုးဆွပေးသောဇာတ်ကွက်များပါသည့် ဗီဒီယိုခွေကို ငှားခဲ့သည်။ ယင်းကိုကြည့်ရှုပြီးနောက် လိင်စိတ်ကြွလာပြီး အနီးအနားတွင်နေထိုင်သော ပြည့်တန်ဆာတစ်ဦးထံသွားခဲ့ကြောင်း နောက်ပိုင်းတွင် သူပြန်ပြောပြ၏။ နောက်ဆုံး၊ သူသည် ကိုယ်ကိုယ်ကိုယ်သိစိတ် ညစ်ညမ်းလာပြီး ရောဂါတစ်ခုခုရလာမည်ကို စိုးရိမ်ပူပန်ခဲ့ရသည်။ “နွားသည် အသေခံရာသို့ လိုက်သကဲ့သို့ . . . လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားတတ်၏” ဟူသော ကျမ်းစာဖော်ပြချက်အတိုင်းဖြစ်၏။ သူသည် ‘နောက်ဆုံး၌’ အဘယ်အရာဖြစ်မည်ကို သုံးသပ်ခဲ့လျှင် ယင်းအဖြစ်ဆိုးကို ရှောင်နိုင်ပေမည်။—သု. ၇:၂၂၊ ၂၃

လမ်းညွှန်ဆိုင်းဘုတ်များကို ယုံကြည်စိတ်ချပါ

လမ်းညွှန်ဆိုင်းဘုတ်များကို လျစ်လျူရှုခြင်းသည် ပညာရှိရာမရောက်ကြောင်း လူအများစု လက်ခံကြပေမည်။ ဝမ်းနည်းစရာမှာ အချို့က ဘဝခရီးတွင် ရရှိသောလမ်းညွှန်ချက်များသည် မိမိတို့၏စိတ်ကြိုက်မဟုတ်လျှင် ယင်းတို့ကိုလျစ်လျူရှုတတ်ကြသည်။ ယေရမိခေတ်ရှိ ဣသရေလလူအချို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူတို့သည် မည်သည့်လမ်းစဉ်လိုက်မည်ကို ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်ရာ ယေဟောဝါဘုရားသခင်က “ရှေးလမ်းဟောင်းတို့ကိုရှာဖွေလျက် ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းသို့လိုက်ကြလော့” ဟုအကြံပြုသည်။ သို့သော် သူတို့သည် ခေါင်းမာစွာဖြင့် ထိုလမ်းသို့ “မလိုက်” ခဲ့ကြပေ။ (ယေရမိ ၆:၁၆) သူတို့၏ပုန်ကန်သောလမ်းစဉ်သည် ‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်သွားသနည်း။ ဘီစီ ၆၀၇ တွင် ဗာဗုလုန်လူမျိုးသည် ယေရုရှလင်မြို့ကို လုံးလုံးဖျက်ဆီးလိုက်ပြီး မြို့သားများကို သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားကြသည်။

ဘုရားသခင်ချမှတ်ထားသော လမ်းညွှန်ဆိုင်းဘုတ်များကို လျစ်လျူရှုခြင်းသည် ကျွန်ုပ်တို့အတွက် အကျိုးမဖြစ်ထွန်းစေပါ။ ‘ထာဝရဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားသခင်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်’ ဟုကျမ်းစာက တိုက်တွန်းထားသည်။—သု. ၃:၅၊ ၆

ဘုရားသခင်၏သတိပေးချက်အချို့မှာ “မဝင်ရ” ဟူသောဆိုင်းဘုတ်နှင့် ဆင်တူသည်။ ဥပမာ၊ ကျမ်းစာတွင် ‘လူဆိုးတို့၏လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့် အတူမလိုက်နှင့်’ ဟုဖော်ပြထားသည်။ (သု. ၄:၁၄) အန္တရာယ်ရှိသောလမ်းတစ်ခုကို နယပုံပြင် ၅:၃၊ ၄ တွင် ဖော်ပြထား၏– “အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍ သူပြောသောစကားသည် ဆီထက်ချောသော်လည်း အဆုံး၌ကား သူသည် ဘင်းခါးရွက်ကဲ့သို့ခါး၍ သန်လျက်နှင့်အမျှထက်၏။” ပြည့်တန်ဆာ သို့မဟုတ် အခြားသူတစ်ဦးနှင့် အကျင့်ယိုယွင်းခြင်းသည် အချို့အတွက် စိတ်လှုပ်ရှားစရာကောင်းပေမည်။ သို့သော် ကိုယ်ကျင့်တရားကိုထိန်းကျောင်းပေးသည့် “မဝင်ရ” ဟူသောဆိုင်းဘုတ်ကို လျစ်လျူရှုခြင်းက အဖြစ်ဆိုးသို့သာ ဦးတည်စေနိုင်သည်။

ထိုသို့သောလမ်းစဉ်သို့ ခြေမချမီ ‘ဒီလမ်းအတိုင်းသွားရင် ငါ ဘယ်ရောက်သွားမလဲ’ ဟုကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်ကို ခဏအချိန်ယူကာ ချင့်ချိန်သုံးသပ်ခြင်းက ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သောလမ်းစဉ်သို့ ခြေမချမိရန် သင့်ကို ကာကွယ်ပေးနိုင်သည်။ အေ့ဒ်စ်နှင့် အခြားလိင်ဆိုင်ရာကူးစက်ရောဂါများ၊ မလိုအပ်ဘဲကိုယ်ဝန်ရခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ဆက်ဆံရေးပျက်ပြားခြင်း၊ ကိုယ်ကိုယ်ကိုယ်သိစိတ်ညစ်ညူးခြင်းတို့သည် လမ်းညွှန်ဆိုင်းဘုတ်များဖြစ်သော ဘုရားသခင့်သတိပေးချက်များကို လျစ်လျူရှုသူတို့၏လမ်းစဉ်တွင် ကြုံနေကျဖြစ်သည်။ အကျင့်ပျက်သူတို့၏လမ်းဆုံးနှင့်ပတ်သက်၍ တမန်တော်ပေါလုက သူတို့သည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ” ဟုရှင်းရှင်းလင်းလင်းမိန့်ဆိုသည်။—၁ ကောရိန္သု ၆:၉၊ ၁၀

“ဤမည်သောလမ်းသည် မှန်၏”

တစ်ခါတစ်ရံ မည်သည့်လမ်းသည် မည်သည့်နေရာသို့ဦးတည်ကြောင်း သိရှိရန် ခက်ခဲသည်။ ထို့ကြောင့် ယေဟောဝါ၏မေတ္တာပါသောစိုးရိမ်မှု၊ ရှင်းလင်းသောလမ်းညွှန်မှုအတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြသည်။ “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌သွားလော့” ဟုယေဟောဝါမိန့်ဆိုသည်။ (ဟေရှာယ ၃၀:၂၁) ယေဟောဝါလမ်းညွှန်သောခရီးလမ်း၏ အဆုံးတွင် အဘယ်အရာရှိသနည်း။ ထိုလမ်းသည် ကျဉ်းမြောင်းပြီး ခက်ခဲသော်လည်း ထာဝရအသက်သို့ ပို့ဆောင်ပေးသည်ဟု ယေရှုမိန့်ဆိုသည်။—မဿဲ ၇:၁၄

သင်လျှောက်လှမ်းနေသောလမ်းစဉ်သည် မှန်ကန်သောလမ်းစဉ်လော၊ အဘယ်ဆီသို့ဦးတည်နေသနည်းစသည်ဖြင့် သုံးသပ်ကြည့်ပါ။ ထို့နောက် လမ်းညွှန်မှုအတွက် ယေဟောဝါထံဆုတောင်းပါ။ ‘လမ်းပြမြေပုံ’ နှင့်တူသော သမ္မာကျမ်းစာကို လေ့လာပါ။ ခရီးသွားအတွေ့အကြုံရှိသူ၊ တစ်နည်းအားဖြင့် ဘုရားသခင်၏လမ်းစဉ်တွင် ကြိုးစားလျှောက်လှမ်းနေသူနှင့် တိုင်ပင်ဖို့လိုသည်ဟုပင် သင်ယူဆပေမည်။ လမ်းစဉ်ပြောင်းဖို့လိုသည်ဟု သင်ယူဆလျှင် ချက်ချင်းပြောင်းလိုက်ပါ။

ခရီးသွားတစ်ဦးသည် သူ၏လမ်းစဉ် မှန်ကန်ကြောင်းဖော်ပြသော လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့သည့်အခါ အားတက်လေ့ရှိသည်။ သင်လည်း သင့်ဘဝလမ်းစဉ်ကို ဆန်းစစ်ပြီးနောက် ဖြောင့်မတ်သောလမ်းစဉ်တွင် လျှောက်လှမ်းနေကြောင်း သိရှိရလျှင် အားတင်းကာ ဆက်လျှောက်ပါ။ ခရီး၏အကောင်းဆုံးအပိုင်းမှာ ရှေ့လက်တစ်ကမ်းတွင် ရှိနေသည်။—၂ ပေတရု ၃:၁၃

လမ်းတိုင်းသည် တစ်နေရာရာသို့ ဦးတည်သည်ချည်းပင်။ သင်ရွေးချယ်လိုက်သောလမ်းစဉ်၏ လမ်းဆုံးသို့ရောက်လာသောအခါ သင်အဘယ်နေရာတွင် ရောက်ရှိနေမည်နည်း။ ထိုအချိန်ရောက်မှ ‘အိုး၊ တခြားလမ်းကို ငါရွေးခဲ့ရင် အကောင်းသား’ ဟုညည်းတွားခြင်းဖြင့် အဘယ်အကျိုးကျေးဇူးမျှ ရမည်မဟုတ်ပါ။ ထို့ကြောင့် ဘဝလမ်းခရီးတွင် နောက်ထပ်ခြေလှမ်းမလှမ်းမီ “‘နောက်ဆုံး၌’ အဘယ်သို့ဖြစ်မည်နည်း” ဟု သင့်ကိုယ်သင်မေးကြည့်ပါ။

[စာမျက်နှာ ၁၀ ပါလေးထောင့်ကွက်/ပုံများ]

‘နောက်ဆုံး၌’ အဘယ်အရာဖြစ်မည်နည်း

လူငယ်များသည် ရေပန်းစားပုံရသောအရာများကို လက်တည့်စမ်းရန် သွေးဆောင်ခံရ၊ ဖိအားပေးခံရလေ့ရှိသည်။ အောက်ပါတို့မှာ ဖြစ်နိုင်ခြေအချို့ဖြစ်သည်။

စီးကရက်မသောက်ရဲဟု တစ်စုံတစ်ဦးက သင့်ကိုစိန်ခေါ်လိုက်သည်။

တက္ကသိုလ်တွင်အဆင့်မြင့်ပညာဆည်းပူးရန် စိတ်ရင်းကောင်းသောဆရာတစ်ဦးက သင့်ကိုတိုက်တွန်းသည်။

အရက်နှင့်မူးယစ်ဆေးများ စိတ်ကြိုက်ရယူနိုင်မည့် ပါတီပွဲတစ်ခုတက်ရန် သင့်ကိုဖိတ်ခေါ်သည်။

“မင်းရဲ့အကြောင်းကို အင်တာနက်ပေါ် တင်လိုက် ပါလား” ဟုတစ်စုံတစ်ဦးက သင့်ကိုအကြံပြုသည်။

အကြမ်းဖက်မှု သို့မဟုတ် အကျင့်ယိုယွင်းမှုပါသောရုပ်ရှင်ကို ကြည့်ရှုရန် မိတ်ဆွေတစ်ဦးက သင့်ကို ဖိတ်ခေါ်သည်။

အထက်ပါအခြေအနေတစ်ခုခုကို သင်ရင်ဆိုင်ရပါက အဘယ်အရာလုပ်ဆောင်မည်နည်း။ သင်အလျှော့ပေးမည်လော သို့မဟုတ် ‘နောက်ဆုံး၌’ အဘယ်အရာဖြစ်မည်ကို အသေအချာသုံးသပ်မည်လော။ “လူသည် အဝတ်မလောင်ဘဲ မီးကိုပိုက်ဖက်နိုင်သလော။ ခြေမလောင်ဘဲ မီးခဲပေါ်မှာနင်းနိုင်သလော” ဟုသင့်ကိုယ်သင်မေးကြည့်လျှင် ပညာရှိရာရောက်ပေမည်။ —သု. ၆:၂၇၊ ၂၈