မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်သည် အဖိုးတန်လှကြောင်း ကျွန်တော်သိခဲ့ရ

အသက်သည် အဖိုးတန်လှကြောင်း ကျွန်တော်သိခဲ့ရ

အသက်သည် အဖိုးတန်လှကြောင်း ကျွန်တော်သိခဲ့ရ

၂၀၀၇၊ ဧပြီလ ၁၆ ရက် မနက်ပိုင်းမှာပေါ့။ ဗာဂျီးနီးယား စက်မှုတက္ကသိုလ်ကျောင်းဝင်းထဲက နောရစ်အဆောက်အအုံကြီးရဲ့ တတိယထပ်ရုံးခန်းထောင့်လေးမှာ ဆောင့်ကြောင့်ထိုင်နေရင်း အဖိုးတန်လှတဲ့ အသက်ရှင်ခွင့်နေ့ရက်တိုင်းအတွက် ဘယ်လောက်ထိကျေးဇူးတင်သင့်တယ်ဆိုတာ ထပ်ပြီးသိခဲ့ရပြန်တယ်။

ကျွန်တော့်ရုံးခန်းကနေ ဒုတိယထပ်ကို စာတွေသွားယူဖို့လုပ်နေတုန်း ပါမောက္ခက ကွန်ပျူတာပျက်နေလို့ သူ့ရုံးခန်းထဲမှာလာပြင်ပေးဖို့ ကျွန်တော့်ကိုပြောတယ်။ သူ့ရုံးခန်းကိုသွားနေတုန်း ဒုတိယထပ်ကနေ သေနတ်သံတွေဆက်တိုက်ကြားရတယ်။ ဘာတွေဖြစ်နေမှန်းမသိတော့ဘဲ သူ့ရုံးခန်းထဲကို ကျွန်တော်တို့အမြန်ဝင်၊ တံခါးကိုသော့ခတ်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာ စိုးရိမ်တကြီးစောင့်နေမိတယ်။ အခန်းထောင့်မှာ ကျွန်တော်ပုန်းနေရင်းနဲ့ ဆက်ဖြစ်လာမယ့်အရာတွေကို ရင်ဆိုင်နိုင်ဖို့ လမ်းညွှန်ပေးပါလို့ ယေဟောဝါဘုရားသခင်ဆီ ဆုတောင်းမိတယ်။

ကျွန်တော်တို့စောင့်နေတုန်း လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က အဖြစ်အပျက်တချို့ကို ပြန်အမှတ်ရလာတယ်။ အဲဒီတုန်းက ကျွန်တော်က ကားပြင်စက်ရုံမှာ စက်ပြင်ဆရာတစ်ယောက်ပါ။ အလုပ်ဖော်တစ်ယောက်ရဲ့ လက်ထဲမှာကိုင်ထားတဲ့ ဓာတ်ဆီခွက် မီးထလောင်တယ်။ သူကြံရာမရဖြစ်ပြီး မီးတောက်နေတဲ့ဓာတ်ဆီခွက်ကို ကျွန်တော့်မျက်နှာတည့်တည့် မတော်တဆပစ်မိတယ်။ မီးခိုးငွေ့တွေကို ကျွန်တော်ရှူရှိုက်မိပြီး ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဆိုးရွားတဲ့မီးလောင်ဒဏ်ရာ ရခဲ့တယ်။ မီးလောင်ဒဏ်ရာကုသတဲ့ဆေးရုံကို ရဟတ်ယာဉ်နဲ့ ခေါ်သွားပြီး အထူးကြပ်မတ်ကုသဆောင်မှာ သုံးလခွဲကျော်ကြာအောင် မနည်းဆေးကုခဲ့ရတယ်။ ငါးလကျော်ဆေးကုပြီး ပြန်နာလန်ထူလာတဲ့နောက် အိမ်ပြန်နိုင်ခဲ့တယ်။ အသက်ရှင်ခွင့်ရတာ ကျေးဇူးတင်စရာပဲ။ အဲဒီတွေ့ကြုံမှုက နေ့စဉ်အသက်ရှင်ခွင့်ရခြင်းရဲ့ တန်ဖိုးကြီးပုံကို နားလည်စေတယ်။ ပြီးတော့ အသက်ပေးရှင်ယေဟောဝါရဲ့ လုပ်ငန်းတော်မှာ ကိုယ်တော်ရဲ့သက်သေတစ်ဦးအနေနဲ့ ကျွန်တော့်ဘဝကို အသုံးပြုသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ခိုင်မာစေခဲ့တယ်။—ဆာလံ ၉၀:၁၂; ဟေရှာယ ၄၃:၁၀

မီးလောင်ဒဏ်ရာကနေ ထပ်တိုးလာတဲ့ရောဂါကြောင့် ကားပြင်ဆရာအလုပ် ဆက်မလုပ်နိုင်တော့ဘူး။ ဒါနဲ့ ကွန်ပျူတာသင်ပြီး ဗာဂျီးနီးယားစက်မှုတက္ကသိုလ်မှာ အလုပ်ရခဲ့တယ်။ ဒါကြောင့် အဲဒီနေ့မှာ နောရစ်အဆောက်အအုံထဲ ကျွန်တော်ရောက်နေတာပေါ့။

သေနတ်ပစ်သံတွေ ဆက်တိုက်ထွက်နေတယ်။ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အင်မတန်ကြောက်စရာကောင်းတဲ့ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ရဲ့အောက်တစ်ထပ်မှာဖြစ်ပျက်နေမှန်း ကျွန်တော်နဲ့ပါမောက္ခ မသိခဲ့ကြဘူး။ သေနတ်သမားက အပြစ်မဲ့သူ ၃၂ ယောက်ကို ရက်ရက်စက်စက်ပစ်သတ်ပြီးနောက် သူ့ကိုယ်သူလည်း ပစ်သတ်လိုက်တယ်။ အဲဒီလိုစဖြစ်ချိန်ကနေ မိနစ် ၂၀ လောက်ကြာပြီးတဲ့နောက် ရဲတွေရောက်လာတယ်။ သူတို့ကို ကျွန်တော်တို့အကူအညီတောင်းတော့ လုံခြုံတဲ့နေရာကို အစောင့်အကြပ်တွေနဲ့ ခေါ်သွားတယ်။

ဘဝက တိုတောင်းပြီး မရေရာဘူးဆိုတာ ဒီထိတ်လန့်စရာအတွေ့အကြုံကနေ ကျွန်တော်သိခဲ့ရတယ်။ (ယာကုပ် ၄:၁၄) အသက်သခင်ယေဟောဝါဘုရားသခင်ကို ယုံကြည်ကိုးစားပြီး အသက်ရှင်ခွင့်ရတဲ့နေ့ရက်တိုင်းဟာ ကိုယ်တော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့လက်ဆောင်ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုဖို့ အရေးကြီးလှတယ်။—ဆာလံ ၂၃:၄; ၉၁:၂

[စာမျက်နှာ ၃၀ ပါပုံအသိအမှတ်ပြုစာ]

Ap Photo/The Roanoke Times, Alan Kim