မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ခေတ်အတွက် ကြိုဟောခဲ့သောဖြစ်ရပ်များ

ကျွန်ုပ်တို့ခေတ်အတွက် ကြိုဟောခဲ့သောဖြစ်ရပ်များ

ကျွန်ုပ်တို့ခေတ်အတွက် ကြိုဟောခဲ့သောဖြစ်ရပ်များ

ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ထာဝစဉ်တည်မြဲသော ငြိမ်းချမ်းမှုနှင့်ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးမည်ဟု ကျမ်းစာတွင် ကြိုပြောထားသည်။ (ဒံယေလ ၂:၄၄၊ ၄၅) “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုဆုတောင်းရန် တပည့်များကို ယေရှုသင်ပေးခဲ့သည်။ (မဿဲ ၆:၁၀) သံလွင်တောင်ပေါ်တွင် တပည့်များကိုပေးခဲ့သော လူသိများသည့်ပရောဖက်ပြုချက်၌ မြေကြီးပေါ် ထိုနိုင်ငံတော်မတည်ထောင်မီလေးတွင် ဖြစ်ပျက်မည့် သတ်သတ်မှတ်မှတ်ဖြစ်ရပ်များနှင့် အခြေအနေများကို ယေရှုကြိုမိန့်ဆိုခဲ့သည်။ ထိုအခြင်းအရာများသည် စိတ်ရင်းမှန်သူအားလုံး ရှင်းလင်းစွာသိမြင်နိုင်မည့် စုပေါင်းနိမိတ်တစ်ခုဖြစ်သည်။ အောက်ပါနိမိတ်လက္ခဏာများအနက် မည်မျှကို သင်ကိုယ်တိုင် တွေ့မြင်နေရသနည်း။

နိုင်ငံတကာစစ်ပွဲများ။ “လူတစ်မျိုးနှင့်တစ်မျိုး၊  တစ်နိုင်ငံနှင့်တစ်နိုင်ငံ  ရန်ဘက်ပြုကြလိမ့်မည်” ဟုယေရှုကြိုဟောခဲ့သည်။ (မဿဲ ၂၄:၇) ၁၉၁၄၊ ပထမကမ္ဘာစစ်မတိုင်မီတွင် ဒေသအလိုက်သာ စစ်ဖြစ်ပွားလေ့ရှိသည်။ သို့သော် ပထမကမ္ဘာစစ်တွင် ကမ္ဘာ့ဒေသအများစုပါဝင်ခဲ့ရုံမက လူ့သမိုင်းတွင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော လက်နက်များကိုလည်း အရှိန်အဟုန်မြှင့်၍ ထုတ်လုပ်ခဲ့ကြသည်။ ဥပမာ၊ မြို့သားများအပေါ် ဗုံးကြဲချရန် ဗုံးကြဲလေယာဉ်များကို တီထွင်ခဲ့သည်။ လက်နက်များ အကြီးအကျယ်ထုတ်လုပ်မှုကြောင့် ယခင်က စိတ်ကူး၍ပင်မရနိုင်သည့်နှုန်းဖြင့် လူတို့ကိုအစုလိုက်အပြုံလိုက်သေစေရာ စစ်သား ၆၅ သန်း၏ထက်ဝက်ခန့်မှာ သေဆုံးခဲ့ သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ၂၀ ရာစုရောက်လာသည်နှင့်အမျှ အစုလိုက်အပြုံလိုက်သေကြေနှုန်းမှာ ပိုများပြားလာသည်။ သမိုင်းပညာရှင်တစ်ဦးအဆိုအရ ဒုတိယကမ္ဘာစစ်တွင် သေဆုံးခဲ့သော စစ်သားနှင့်အရပ်သားတို့ကို “မည်သည့်အခါမျှ ရေတွက်နိုင်မည်မဟုတ်ပေ။” ယခုပင် စစ်ပွဲများဖြစ်ပွားနေဆဲဖြစ်၏။

မထိန်းချုပ်နိုင်သောငတ်မွတ်မှု။ ‘အစာခေါင်းပါးခြင်း . . . ဖြစ်လိမ့်မည်’ ဟုယေရှုကြိုဟောခဲ့သည်။ (မဿဲ ၂၄:၇) ၂၀၀၅ ခုနှစ်ထုတ် သိပ္ပံမဂ္ဂဇင်းက “ကမ္ဘာပေါ်တွင် ရေရှည် သို့မဟုတ် ပြင်းထန်သောအာဟာရချို့တဲ့မှုဒဏ် ခံစားနေရသူ ၈၅၄ သန်း (လူဦးရေ၏ ၁၄ ရာခိုင်နှုန်းခန့်) ရှိနေသည်” ဟုဖော်ပြ၏။ ၂၀၀၇ တွင် နိုင်ငံပေါင်း ၃၃ နိုင်ငံသည် လူတို့ကိုကျွေးမွေးရန် အစားအစာအလုံအလောက်မရှိဟု ကုလသမဂ္ဂအဖွဲ့တစ်ခုကဆိုသည်။ ကမ္ဘာပေါ်တွင် ကောက်နှံထွက်နှုန်း မြင့်တက်နေလျက်ရှိရာ ယင်းသည် မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းရင်းတစ်ခုမှာ လူတို့ကိုကျွေးမွေးရန် အသုံးပြုနိုင်သော စိုက်ပျိုးမြေနှင့်ကောက်နှံများကို အီသနောလောင်စာဆီထုတ်လုပ်ရန် အသုံးပြုသောကြောင့်ဖြစ်၏။ “လေးဘီးယက်ကားကြီးတစ်စီးတွင် တစ်ကြိမ်ဖြည့်ရန် လိုအပ်သောအီသနောပမာဏသည် လူတစ်ဦး တစ်နှစ်ပတ်လုံးစားသုံးနိုင်သော ကောက်နှံပမာဏနှင့် ညီမျှသည်” ဟုတောင်အာဖရိကသတင်းစာတစ်စောင်က ဖော်ပြသည်။ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများတွင်လည်း အစားအစာဈေးနှုန်းမြင့်မားလာသောကြောင့် လူများစွာသည် ညစာဝယ်ရမည်လော သို့မဟုတ် ဆေးဝါး၊ အနွေးပေးစက်စသော အခြားလိုအပ်ရာများ ဝယ်ရမည်လောဆိုသည်ကို ဝေခွဲမရဖြစ်နေကြသည်။

အင်အားပြင်းငလျင်များ။ ‘ကြီးစွာသောမြေလှုပ်ခြင်း . . . ဖြစ်လိမ့်မည်’ ဟုယေရှုကြိုဟောခဲ့သည်။ (လုကာ ၂၁:၁၁) ယခု လူတို့သည် ယခင်ကထက် မြေငလျင်ဒဏ်ခံနေရသည်ဟု သင်သတိပြုမိလျှင် သင့်ယူဆချက်မှာ မှန်ပါသည်။ “ကမ္ဘာချီငလျင်ဘေးများ ရုတ်တရက် တိုးများလာသည်ကို ကျွန်ုပ်တို့မြင်တွေ့နေရသည်။ သို့သော် အကြောင်းရင်းကို မည်သူမျှမသိကြပေ” ဟုအိန္ဒိယမှ ငလျင်ပညာရှင် အာရ်ကေချဒါက ၂၀၀၇ ခုနှစ်တွင် ဆိုခဲ့သည်။ ထို့ပြင် ငလျင်ကြောများတွင် လူနေထူထပ်လာခြင်းက ထိုကပ်ဘေးများကြောင့် သေဆုံးသူဦးရေ တိုးများစေသည်။ အမေရိကန်ပြည်ထောင်စု၊ ဘူမိဗေဒလေ့လာမှု၏အဆိုအရ ၂၀၀၄ တွင် အိန္ဒိယသမုဒ္ဒရာ၌ဖြစ်ပွားခဲ့သော ငလျင်နှင့် နောက်ဆက်တွဲဆူနာမီသည် ထိုနှစ်ကို “အနှစ် ၅၀၀ နီးပါးအတွင်း ငလျင်ကြောင့် သေကြေမှုအများဆုံးနှစ်၊” “သမိုင်းတွင် ဒုတိယ အသေအပျောက်အများဆုံးနှစ်” ဖြစ်စေခဲ့သည်။

မထိန်းချုပ်နိုင်သော ရောဂါများ။ “ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်” ဟုယေရှုကြိုဟောခဲ့သည်။ (လုကာ ၂၁:၁၁) ကမ္ဘာတစ်ဝန်းတွင် လူတို့သည် ရောဂါအဟောင်းနှင့်အသစ်များကို တစ်ခါနှင့်မျှမတူအောင် တိုး၍ခံစားနေရပြီး ပျောက်ကင်းနိုင်မည့်မျှော်လင့်ချက်လည်း နည်းလှသည်။ ဥပမာ၊ ငှက်ဖျားသည် မထိန်းချုပ်နိုင်သော ရောဂါဖြစ်နေဆဲဖြစ်သောကြောင့် နိုင်ငံတကာမှ ငှက်ဖျားရောဂါအမြစ်ဖြတ်ရေးစီမံကိန်းများ အကြိမ်ကြိမ်တပ်ခေါက်ခဲ့ရသည်။ တီဘီ၊ အေ့ဒ်စ်နှင့် အခြားရောဂါအသစ်အဆန်းများကြောင့် လူသန်းနှင့်ချီ သေဆုံးနေရသည်။ “ကမ္ဘာ့လူဦးရေ၏သုံးပုံတစ်ပုံသည် လောလောဆယ် တီဘီပိုးကူးစက်ခံနေရသည်” ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစီရင်ခံသည်။ ထို့ပြင် နိုင်ငံများစွာတွင် တီဘီရောဂါပျံ့နှံ့ရသည့်အကြောင်းရင်းတစ်ခုမှာ အိပ်ခ်ျအိုင်ဗွီပိုးကြောင့်ဟူ၍လည်း ဖော်ပြသည်။ တစ်စက္ကန့်လျှင် လူတစ်ဦး တီဘီရောဂါကူးစက်ခံရပြီး ယင်းသည် ပို၍ဆေးယဉ်ပါးလာနေသည်။ ၂၀၀၇ တွင် ဥရောပတိုက်မှ လူနာတစ်ဦးသည် “ကျွန်ုပ်တို့တွင်ရှိသော ဆေးမှန်သမျှနှင့် ယဉ်ပါးနေသော” တီဘီရောဂါရှိနေသည်ဟု မဂ္ဂဇင်းတစ်စောင်က ဆိုသည်။

ကိုယ်ကျင့်တရားနှင့် လူမှုရေးဖောက်ပြန်မှုများ။ “မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုယေရှုကြိုဟောခဲ့သည်။ (မဿဲ ၂၄:၁၂) ထို့ပြင် တမန်တော်ပေါလုလည်း လူမှုရေးနှင့်ကိုယ်ကျင့်တရားစံနှုန်းများ ကျဆင်းလာမည့်အကြောင်း ပြောဆိုခဲ့သည်။ ဤလောကစနစ်ကိုအဆုံးတိုင်စေမည့် ဘုရားသခင့်နိုင်ငံတော် မလာမီအချိန်လေးတွင် ဖြစ်ပျက်မည့် ခဲယဉ်းသော ‘နောက်ဆုံးကာလ’ အကြောင်း သူပြောဆိုခဲ့သည်။ ‘လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားသခင်ဝတ်၌ မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။’ (၂ တိမောသေ ၃:၁-၅) လူတို့သည် ထိုစရိုက်ဆိုးများကို ပို၍ပို၍တင်ပြလာကြောင်း သင်သတိပြုမိသည်မဟုတ်လော။

ဤလောကအခြေအနေဆိုးများအတွက် အပြစ်မကင်းသော သမိုင်းကြောင်း၊ လူမှုရေး၊ နိုင်ငံရေးအချက်အလက်အားလုံးကို ယေရှုနှင့်ပေါလု မဖော်ပြခဲ့ပါ။ မည်သို့ပင်ဖြစ်စေ၊ သူတို့၏ပရောဖက်ပြုချက်များက ယနေ့ ကျွန်ုပ်တို့မြင်တွေ့နေရသော ဖြစ်ရပ်များနှင့် သဘောထားများကို တိတိကျကျဖော်ပြသည်။ အနာဂတ်နှင့်ပတ်သက်၍ကော။ မေရှိယကြွလာခြင်းကိုကြိုဟောခဲ့သော ဟေရှာယ၏ပရောဖက်ပြုချက်သည် ကမ္ဘာပေါ်တွင် ဘုရားသခင့်နိုင်ငံတော်ဆောင်ကြဉ်းပေးမည့် ကောင်းကျိုးများကိုလည်း ဖော်ပြသည်။ ယင်းတို့ကို နောက်ဆောင်းပါးတွင် သုံးသပ်ကြည့်ကြစို့။

[စာမျက်နှာ ၆ ပါပုံ]

“လူတစ်မျိုးနှင့် တစ်မျိုး၊ . . . ရန်ဘက်ပြုကြလိမ့်မည်”

[စာမျက်နှာ ၇ ပါပုံ]

“ကာလနာများပြားခြင်းတို့သည် ဖြစ်ကြလိမ့်မည်”

[Credit Line]

© WHO/P. Virot