မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြေကွဲဖွယ်အဖြစ်ဆိုးများကို ရင်ဆိုင်နိုင်ရန် ကျွန်မယုံကြည်ခြင်းက ကူညီပေးပုံ

ကြေကွဲဖွယ်အဖြစ်ဆိုးများကို ရင်ဆိုင်နိုင်ရန် ကျွန်မယုံကြည်ခြင်းက ကူညီပေးပုံ

ကြေကွဲဖွယ်အဖြစ်ဆိုးများကို ရင်ဆိုင်နိုင်ရန် ကျွန်မယုံကြည်ခြင်းက ကူညီပေးပုံ

စော်လဒဲကက်စ်တီယို ပြောပြသည်

ကျွန်မဘဝကို အထီးကျန်မှုက အနိုင်ယူသွားနိုင်တဲ့အခြေအနေတွေ ခဏခဏကြုံခဲ့ရပေမဲ့ လုံးဝအနိုင်ယူသွားတဲ့အထိ မဖြစ်ခဲ့ဘူး။ ကျွန်မအသက် ၃၄ နှစ်မှာ ကျွန်မသိပ်ချစ်ရတဲ့ခင်ပွန်း ဆုံးပါးသွားတယ်။ ခြောက်နှစ်ကြာတော့ အဖေဆုံးသွားတယ်။ အဖေဆုံးပြီး ရှစ်လကြာတော့ ကျွန်မရဲ့တစ်ဦးတည်းသောသားလေးမှာ ကုလို့မရနိုင်တဲ့ရောဂါရှိနေတာ သိလိုက်ရတယ်။

ကျွန်မနာမည်က “အထီးကျန်မှု” လို့အဓိပ္ပာယ်ရှိတဲ့ စော်လဒဲပါ။ ဒါပေမဲ့ ကျွန်မဘဝမှာ အထီးကျန်တယ်လို့ တစ်ခါမှ မခံစားခဲ့ဖူးဘူး။ ကြေကွဲဖွယ်အဖြစ်ဆိုးတွေ ရင်ဆိုင်ရတဲ့အခါ ကျွန်မနဲ့အတူ ယေဟောဝါဘုရားသခင်ရှိပြီး ‘ကျွန်မ မစိုးရိမ်ရအောင် ကျွန်မရဲ့လက်ယာလက်ကိုကိုင်ပြီး မစ’ နေတယ်ဆိုတာ ယုံကြည်တယ်။ (ဟေရှာယ ၄၁:၁၃) ကြေကွဲဖွယ်အဖြစ်ဆိုးတွေကို ကျွန်မဘယ်လိုအောင်မြင်ခဲ့ပြီး အဲဒါတွေကြောင့် ယေဟောဝါနဲ့ ဘယ်လိုပိုနီးကပ်လာတယ်ဆိုတာ ရှင်းပြပါရစေ။

ပြဿနာကင်းသော ပျော်ရွှင်ဖွယ်ဘဝ

၁၉၆၁၊ မေ ၃ ရက်မှာ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့က ဟိုစေးနဲ့စော်လဒဲတို့ရဲ့ တစ်ဦးတည်းသောသမီးအဖြစ် ကျွန်မမွေးဖွားလာတယ်။ ကျွန်မ အသက်ကိုးနှစ်မှာ အမေက ဘုရားသခင့်နှုတ်မြွက်တော်ထဲက အမှန်တရားကို သင်ယူသိရှိလာတယ်။ အမေက ဘာသာရေးမေးခွန်းတွေအတွက် အဖြေရှာခဲ့ပေမဲ့ ချာ့ခ်ျမှာ ကျေနပ်လောက်စရာအဖြေကို မရခဲ့ဘူး။ တစ်နေ့၊ ကျွန်မတို့အိမ်ကို ယေဟောဝါသက်သေနှစ်ယောက် ရောက်လာပြီး အမေ့မေးခွန်းတွေအားလုံးကို ကျမ်းစာနဲ့ဖြေဆိုပေးကြတယ်။ ဒါနဲ့ ကျမ်းစာသင်အံမှုကို အမေ ချက်ချင်းလက်ခံခဲ့တယ်။

အမေက အချိန်တိုအတွင်းမှာပဲ နှစ်ခြင်းခံပြီးသား ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်၊ နှစ်နည်းနည်းကြာတော့ အဖေလည်း သက်သေခံဖြစ်လာတယ်။ အမေ့ကို ကျမ်းစာလာသင်ပေးတဲ့ အယ်လီယာနာက ကျမ်းစာကို ကျွန်မ စိတ်ဝင်စားမှန်း သတိပြုမိတယ်။ ဒါနဲ့ ငယ်သေးပေမဲ့ ကျမ်းစာသင်လို့ရတယ်ဆိုတဲ့အကြောင်း သူပြောပြတယ်။ သူ့အကူအညီနဲ့ အမေ့အားပေးမှုကြောင့် အသက် ၁၃ နှစ်မှာ ကျွန်မ နှစ်ခြင်းခံခဲ့တယ်။

ဆယ်ကျော်သက်အရွယ်တစ်လျှောက်၊ အထူးသဖြင့် ဆုံးဖြတ်ချက်ချရတော့မယ့်အချိန်တွေမှာ ယေဟောဝါဆီ ကျွန်မဆုတောင်းလေ့ရှိတယ်။ ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ ပြဿနာသိပ်မရှိခဲ့ဘူး။ အသင်းတော်မှာလည်း သူငယ်ချင်းတွေအများကြီးရှိပြီး မိဘတွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်။ ၁၉၈၂ မှာတော့ ယေဟောဝါကိုအမှုဆောင်တဲ့နေရာမှာ ကျွန်မနဲ့ပန်းတိုင်တူတဲ့ သက်သေခံညီအစ်ကို ဖဲလီပါနဲ့ လက်ထပ်လိုက်တယ်။

သားလေးကို ယေဟောဝါအားချစ်မြတ်နိုးလာရန် ပြုစုပျိုးထောင်ပေးခြင်း

ငါးနှစ်ကြာတော့ ချစ်စရာသားလေးတစ်ယောက်ရလာပြီး စောလ်လို့အမည်ပေးခဲ့တယ်။ ဖဲလီပါနဲ့ကျွန်မ ဒီကလေးရလို့ သိပ်ပျော်တယ်။ သားလေးဟာ ဘုရားသခင်ကိုချစ်မြတ်နိုးပြီး ကျန်းမာတဲ့ကလေးအဖြစ် ကြီးပြင်းလာမယ်လို့ ကျွန်မတို့မျှော်လင့်ခဲ့တယ်။ ကျွန်မတို့ သူ့ကိုအချိန်အများကြီးပေးခဲ့တယ်၊ ယေဟောဝါအကြောင်း ပြောပြတယ်၊ အတူတူစားသောက်တယ်၊ ပန်းခြံကိုခေါ်သွားတယ်၊ အတူတူလည်း ကစားခဲ့ကြတယ်။ သားလေးက သူ့အဖေနဲ့အတူ ကျမ်းစာအကြောင်း တခြားသူတွေကို ပြောပြရတာ သိပ်ပျော်တယ်။ သူ့အဖေက သားလေးအတော်ငယ်ငယ်လေးကတည်းက လူခေါ်ခေါင်းလောင်းတီးတာတို့၊ ဝေစာဝေတာတို့ လုပ်ဖို့သင်ပေးပြီး ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်စေတယ်။

စောလ်ကလည်း ကျွန်မတို့ရဲ့မေတ္တာနဲ့ လေ့ကျင့်ပေးမှုကို ကောင်းကောင်းလက်ခံတယ်။ အသက်ခြောက်နှစ်အရွယ်မှာ ကျွန်မတို့နဲ့အတူ ဟောပြောခြင်းလုပ်ငန်းမှာ ပုံမှန်ပါဝင်နေပြီ။ ကျမ်းစာပုံပြင်တွေ နားထောင်ရတာကို သူသိပ်ကြိုက်ပြီး မိသားစုကျမ်းစာသင်အံမှုကိုလည်း မျှော်နေတတ်တယ်။ သိပ်မကြာခင်မှာပဲ ကျောင်းစတက်ရပြီး သေးငယ်တဲ့ကိစ္စတွေကို ကျမ်းစာအသိပညာနဲ့အညီ ဆုံးဖြတ်တတ်လာတယ်။

ဒါပေမဲ့ စောလ်အသက်ခုနစ်နှစ်မှာ ကျွန်မတို့မိသားစု အကြီးအကျယ်ပြောင်းလဲသွားတယ်။ ဖဲလီပါက အဆုတ်မှာ ဗိုင်းရပ်ပိုး ကူးစက်ခံရပြီး ကျန်းမာရေးချို့ယွင်းလာတယ်။ ၁၁ လလုံးလုံး ဒီရောဂါကိုတိုက်လှန်ခဲ့ရပြီး အလုပ်မလုပ်နိုင်တော့ဘဲ အိပ်ရာထဲလဲခဲ့ရတယ်။ ကျွန်မသိပ်ချစ်ရတဲ့ခင်ပွန်းဟာ အသက် ၃၆ နှစ်မှာ ဆုံးပါးသွားတယ်။

အဲဒီခက်ခဲတဲ့နှစ်ကို တွေးမိတိုင်း ငိုရတုန်းပါပဲ။ ကျွန်မခင်ပွန်း ရောဂါကို ပြန်မတိုက်နိုင်တော့ဘဲ တဖြည်းဖြည်းကျရှုံးနေတာကို ကျွန်မထိုင်ကြည့်နေခဲ့ရတယ်၊ ဘာမှမတတ်နိုင်ခဲ့ဘူး။ ကျွန်မမျှော်လင့်ထားတဲ့ မိသားစုဘဝလေးကို ဘယ်တော့မှပြန်မရနိုင်တော့ဘူးဆိုတာ သိနေပေမဲ့ သူ့ကို အတတ်နိုင်ဆုံးအားပေးခဲ့တယ်။ အဖွဲ့အစည်းထုတ်စာပေတွေကို ဖတ်ပြတယ်၊ ဒါက အစည်းအဝေးတွေမတက်နိုင်တဲ့ ကျွန်မတို့ကို အရမ်းအားရှိစေခဲ့တယ်။ သူသေဆုံးသွားတဲ့အခါ ကျွန်မရင်တစ်ခုလုံး ဗလာသက်သက်ဖြစ်သွားတော့တယ်။

ဒါပေမဲ့ ကျွန်မကို ယေဟောဝါခွန်အားပေးခဲ့တယ်။ ကျွန်မအပေါ် ကိုယ်တော်ရဲ့စွမ်းအားတော် သွန်းလောင်းပေးဖို့ အမြဲဆုတောင်းတယ်။ ဖဲလီပါနဲ့ကျွန်မတို့ရဲ့ ပျော်ရွှင်ဖွယ်အချိန်တွေနဲ့ ရှင်ပြန်ထမြောက်ရာကာလမှာ သူ့ကိုပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်အတွက် ကိုယ်တော့်ကို ကျွန်မ သိပ်ကျေးဇူးတင်တယ်။ ကျွန်မတို့အတူတူရှိခဲ့တဲ့အချိန်တွေရဲ့ အမှတ်တရလေးတွေနဲ့ ပျော်နေဖို့၊ ကျွန်မတို့ရဲ့ကလေးကို ခရစ်ယာန်စစ်တစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးနိုင်တဲ့ ဉာဏ်ပညာပေးဖို့ ဘုရားသခင်ဆီအမြဲ ဆုတောင်းတယ်။ ဒါကြောင့် အကြီးအကျယ်နာကျင်ကြေကွဲရပေမဲ့ နှစ်သိမ့်မှုခံစားခဲ့ရတယ်။

ကျွန်မမိဘတွေအပြင် အသင်းတော်မှာရှိတဲ့သူတွေက ကျွန်မကိုအရမ်းထောက်မပေးခဲ့တယ်။ အခုဆို စောလ်နဲ့ကျမ်းစာလေ့လာဖို့၊ ယေဟောဝါကို ဘယ်လိုအမှုဆောင်ရမယ်ဆိုတာ သင်ပေးဖို့ ကျွန်မပဲ ဦးဆောင်ရတော့မယ်။ အရင်အလုပ်ရှင်က ရုံးလုပ်ငန်းတစ်ခုလုပ်ဖို့ ကမ်းလှမ်းပေမဲ့ သားလေးကို အချိန်ပိုပေးနိုင်မယ့်၊ ကျောင်းပိတ်ရက်တွေမှာ သူနဲ့အတူရှိနေနိုင်မယ့် သန့်ရှင်းရေးအလုပ်ကိုပဲ ကျွန်မလုပ်ခဲ့တယ်။

“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” ဆိုတဲ့ကျမ်းချက်က သားလေးကို ဘုရားသခင့်နည်းလမ်းတော်နဲ့အညီ လေ့ကျင့်ပေးဖို့ အရမ်းအရေးကြီးတယ်ဆိုတာ အမှတ်ရစေတယ်။ (သု. ၂၂:၆) အဲဒီကျမ်းချက်က ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံကို သင်ကြားပေးဖို့ အတတ်နိုင်ဆုံးကြိုးစားမယ်ဆိုရင် ယေဟောဝါကောင်းချီးပေးမယ်ဆိုတဲ့ မျှော်လင့်ချက်ပေးတယ်။ ငွေကြေးပိုင်းမှာ စွန့်လွှတ်ရတာတွေရှိပေမဲ့ သားလေးနဲ့အချိန်ပိုသုံးဖို့လိုတယ်၊ ဒါက ကျွန်မအတွက် တခြားရုပ်ပစ္စည်းကြွယ်ဝမှုတွေထက် ပိုအရေးကြီးတယ်။

သားလေးအသက် ၁၄ နှစ်မှာ ကျွန်မအဖေဆုံးပါးသွားတယ်။ သားလေးရဲ့အဖိုးဆုံးတာက သူ့အဖေဆုံးတုန်းက နာကျင်မှုတွေကို ပြန်အမှတ်ရစေတဲ့အတွက် သူအရမ်းကြေကွဲခဲ့တယ်။ ကျွန်မအဖေက ယေဟောဝါကိုချစ်တဲ့နေရာမှာ ပုံသက်သေကောင်းချမှတ်ခဲ့တယ်။ သားက သူ့အဖိုးဆုံးပြီးတဲ့နောက် မိသားစုမှာ “ယောက်ျားလေး” ဆိုလို့ သူတစ်ယောက်ပဲရှိတော့တဲ့အတွက် အမေနဲ့အဖွားကိုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ခံစားလာရတယ်။

သွေးကင်ဆာကို တိုက်လှန်ခြင်း

အဖေဆုံးပြီး  ရှစ်လအကြာမှာ  စောလ်က အရမ်းအားယုတ်လာတဲ့အတွက် ဆေးရုံသွားပြဖို့ မိသားစုဆရာဝန်က ပြောတယ်။ အထပ်ထပ်ဆေးစစ်ပြီးတဲ့နောက် စောလ်မှာ သွေးဆဲလ်ဖြူ ကင်ဆာဖြစ်နေပြီလို့ ဆရာဝန်တွေကပြောတယ်။ *

နောက်နှစ်နှစ်ခွဲအတွင်းမှာ စောလ်က ကင်ဆာရောဂါနဲ့ အဲဒါကိုတိုက်ထုတ်ဖို့ ဆရာဝန်တွေသုံးတဲ့ ဓာတုကုထုံးကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားရင်း ဆေးရုံတက်လိုက်ဆင်းလိုက် လုပ်ခဲ့ရတယ်။ ခြောက်လကြာတဲ့ ပထမကုထုံးကြောင့် ရောဂါက ၁၈ လလောက် တန့်သွားတယ်။ ဒါပေမဲ့ ရောဂါပြန်ဖြစ်တဲ့အတွက် အရမ်းအားယုတ်စေတဲ့ ဓာတုကုထုံးနဲ့ နောက်တစ်ခါထပ်ကုရပြန်တယ်။ ကင်ဆာက ခဏလောက်ပဲ တန့်သွားတယ်၊ တတိယအကြိမ် ဓာတုကုထုံးကိုတော့ သူ မခံနိုင်တော့ဘူး။ သူ့ရဲ့အသက်တာကို ဘုရားသခင်ဆီ အပ်နှံခဲ့ပြီး ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံချင်တယ်လို့ ပြောခဲ့ပေမဲ့ အသက် ၁၇ နှစ်ပြည့်ပြီးရုံလေးမှာ သေဆုံးသွားခဲ့တယ်။

ဆရာဝန်တွေက ဓာတုကုထုံးရဲ့ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကို လျော့ပါးစေဖို့ သွေးသွင်းပါလို့ ခဏခဏပြောကြတယ်။ ဒါပေမဲ့ သွေးသွင်းတာက ရောဂါကိုမပျောက်စေနိုင်ပါဘူး။ သားလေး သွေးဆဲလ်ဖြူကင်ဆာဖြစ်နေပြီလို့ ဆရာဝန်တွေ စပြောတဲ့အချိန်မှာ သွေးသွင်းတဲ့ကုထုံးကို ကျွန်မတို့လက်မခံဘူးဆိုတဲ့အကြောင်း သားရော၊ ကျွန်မပါ သေချာရှင်းပြခဲ့ကြတယ်။ အကြောင်းကတော့ “အသွေးကို . . . ကြဉ်ရှောင်” ပါဆိုတဲ့ ယေဟောဝါရဲ့ပညတ်ကို နာခံချင်လို့ပဲ။ (တမန်တော် ၁၅:၁၉၊ ၂၀) ကျွန်မ မရှိတဲ့အချိန် အတော်များများမှာလည်း စောလ်က ဒီကိစ္စကို သူကိုယ်တိုင်ဆုံးဖြတ်တယ်ဆိုတဲ့အကြောင်း ဆရာဝန်တွေကို ပြောပြခဲ့တယ်။ (စာမျက်နှာ ၃၁ မှ လေးထောင့်ကွက်ကိုကြည့်ပါ။)

နောက်ဆုံး  ဆရာဝန်တွေက  ဒီရောဂါအကြောင်း ကောင်းကောင်းနားလည်နေပြီဖြစ်တဲ့ စောလ်ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ပေးလိုက်ကြတယ်။ ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်ကိုပြင်ဖို့ မပြတ်ဖိအားပေးခံနေရပေမဲ့ ကျွန်မတို့ရဲ့ရပ်တည်မှုကို သူတို့ လေးစားသွားပြီး သွေးမဲ့ကုထုံးနဲ့ ကုသပေးခဲ့ကြတယ်။ စောလ်က ဆရာဝန်တွေကို သူ့ရပ်တည်မှုအကြောင်း ရှင်းပြနေတာ တွေ့ရလို့ ကျွန်မ အရမ်းဂုဏ်ယူမိတယ်။ သူ့မှာ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေး ရှိတယ်ဆိုတာ သိပ်သေချာပါတယ်။

စောလ်ရဲ့ရောဂါအကြောင်း စသိခဲ့ရတဲ့ နွေရာသီအတွင်း ဘာစီလိုနာခရိုင်စည်းဝေးပွဲမှာ ယေဟောဝါထံချဉ်းကပ်လော့ဆိုတဲ့စာအုပ် ထွက်လာတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ ဒီစာအုပ်က မသေချာမရေရာတဲ့၊ ထိတ်လန့်စရာကောင်းတဲ့ အနာဂတ်ကို ရင်ဆိုင်နေရတဲ့ ကျွန်မတို့အတွက်တော့ ကျောက်ဆူးလိုပဲ ခိုင်ခိုင်မြဲမြဲရပ်တည်စေခဲ့တယ်။ ဆေးရုံတက်နေတဲ့အချိန်တွေမှာ အဲဒီစာအုပ်ကို ကျွန်မတို့ အတူတူဖတ်ကြတယ်။ ဒါကြောင့် အဲဒီနောက်ပိုင်း ရင်ဆိုင်ရတဲ့ ခက်ခဲတဲ့အချိန်တွေမှာ စာအုပ်ထဲကအချက်တွေကို ပြန်အမှတ်ရခဲ့ကြတယ်။ စာအုပ်နိဒါန်းမှာဖော်ပြထားတဲ့ ဟေရှာယ ၄၁:၁၃ က ကျွန်မတို့အတွက် အထူးအဓိပ္ပာယ်ရှိလာတဲ့အချိန်တွေပဲပေါ့။ အဲဒီမှာ “သင်၏ဘုရားသခင်. . .[ယေဟောဝါ]က ‘မစိုးရိမ်နှင့်။ ငါမစမည်’ ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကိုကိုင်မည်” လို့ပြောထားတယ်။

စောလ်၏ယုံကြည်ခြင်းက အခြားသူများကိုစိတ်ထိမိစေ

စောလ်ရဲ့ရင့်ကျက်မှုနဲ့ အပြုသဘောထားတွေက ဗာလ်ဒီဘရောန်ဆေးရုံမှာရှိတဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေကို စိတ်ထိမိစေခဲ့တယ်။ သူ့ကိုပြုစုပေးတဲ့အဖွဲ့တစ်ခုလုံးက သူ့ကိုအရမ်းချစ်ကြတယ်။ ကင်ဆာရောဂါသည်တွေကို ကုသပေးရတဲ့ သွေးရောဂါအထူးကုဆရာဝန်ကြီးက အဲဒီအချိန်ကစပြီး သွေးဆဲလ်ဖြူကင်ဆာရောဂါဖြစ်နေတဲ့ တခြားသက်သေခံကလေးတွေကို ကုသပေးပြီး သူတို့ကို တလေးတစားနဲ့ သိက္ခာရှိရှိဆက်ဆံခဲ့တယ်။ စောလ်က သူ့ ယုံကြည်ချက်တွေအတိုင်း အသက်ရှင်ဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး သေခြင်းတရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားတဲ့အပြင် ပျော်ပျော်နေတတ်တယ်လို့ အဲဒီဆရာဝန်က ပြောတယ်။ သူနာပြုအဖွဲ့ကလည်း ဒီအဆောင်မှာတွေ့ခဲ့ရသမျှ လူနာတွေထဲမှာ စောလ်ကအကောင်းဆုံးပဲလို့ ပြောကြတယ်။ သူက ဘယ်တော့မှ မညည်းညူဘူး၊ သေဆုံးခါနီးအချိန်မှာတောင် ဟာသဉာဏ်ရှိဆဲပဲလို့ သူတို့ပြောတယ်။

ဒီအသက်အရွယ်မှာ ဒီလိုရောဂါဆိုးခံစားနေရတဲ့ ကလေးအများစုက နာကျင်မှု၊ စိတ်ပျက်မှုတွေကြောင့် ဆရာဝန်နဲ့မိဘတွေကို ကလန်ကဆန်လုပ်တတ်တယ်လို့ စိတ်ပညာရှင်တစ်ယောက်က ပြောတယ်။ ဒါပေမဲ့ စောလ်ကတော့ အဲဒီလိုမဖြစ်တာကို သူ သတိထားမိတယ်။ စောလ်က အရမ်းတည်ငြိမ်ပြီး အပြုသဘောရှိလွန်းတာကို တွေ့ရတော့ သူအရမ်းအံ့သြသွားတယ်။ ဒါကြောင့် ယုံကြည်ချက်အကြောင်း သူ့ကိုသက်သေခံဖို့ သားလေးနဲ့ကျွန်မ အခွင့်အရေးရခဲ့တယ်။

အသင်းတော်က သက်သေခံတစ်ယောက်ကိုလည်း စောလ် မသိမသာကူညီပေးခဲ့တာ ကျွန်မမှတ်မိတယ်။ သူက စိတ်ကျရောဂါ ခံစားနေရတာ ခြောက်နှစ်လောက်ရှိပြီ၊ ဆေးကုသပေမဲ့လည်း အခြေအနေက မတိုးတက်လာဘူး။ ညတွေမှာ စောလ်ကို အကြိမ်အတော်များများ သူ လာစောင့်ပေးတယ်။ သွေးကင်ဆာဖြစ်နေတာတောင် စောလ်ရဲ့စိတ်ထားက အရမ်းအားကျစရာကောင်းတယ်လို့ ကျွန်မကိုပြောပြတယ်။ အရမ်းနွမ်းလျနေပေမဲ့ စောလ်က သူ့ဆီလာလည်ပတ်တဲ့သူတိုင်းကို အားပေးတာ သူသတိပြုမိတယ်။ ဒါကြောင့် “စောလ်ရဲ့ပုံသက်သေက စိတ်ဓာတ်ကျမှုကို တိုက်လှန်ဖို့ ကျွန်တော့်ကိုအားရှိစေတယ်” လို့ပြောခဲ့တယ်။

သားလေးဆုံးသွားတာ အခုဆို သုံးနှစ်ရှိပါပြီ။ ကျွန်မ ကြေကွဲဝမ်းနည်းရတုန်းပါပဲ။ ကျွန်မမှာ လုံးဝခွန်အားမရှိပေမဲ့ ဘုရားသခင်က ‘သာမန်ထက်ထူးကဲတဲ့ တန်ခိုး’ ပေးခဲ့တယ်။ (၂ ကောရိန္သု ၄:၇ကဘ) အခက်ခဲဆုံး၊ အကြေကွဲရဆုံးအဖြစ်အပျက်တွေမှာတောင် ရလဒ်ကောင်းရှိနိုင်တယ်ဆိုတာ ကျွန်မသိခဲ့ရတယ်။ ကျွန်မခင်ပွန်း၊ အဖေနဲ့ သား သေဆုံးတာတွေကို ရင်ဆိုင်ခံရပ်တတ်လာတာက အဲဒီလိုခံစားနေရတဲ့ တခြားသူတွေကို ပိုပြီးကိုယ်ချင်းစာပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့ ကူညီပေးခဲ့တယ်။ အရေးကြီးဆုံးကတော့ ယေဟောဝါနဲ့ ပိုရင်းနှီးလာစေတယ်။ ကျွန်မရဲ့ကောင်းကင်ခမည်းတော်က ကျွန်မကို ကူညီပေးနေတဲ့အတွက် အနာဂတ်ကို မကြောက်မရွံ့ရင်ဆိုင်နိုင်ပါပြီ။ ကိုယ်တော်ဟာ ကျွန်မရဲ့လက်ကို ဆုပ်ကိုင်ထားတုန်းပါပဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 သွေးဆဲလ်ဖြူများကို ဖျက်ဆီးပစ်သော ပြင်းထန်သည့်သွေးကင်ဆာတစ်မျိုးဖြစ်သည့် ပြန်ရည်ဆဲလ်သွေးဆဲလ်ဖြူကင်ဆာကို စောလ်ခံစားနေရခြင်းဖြစ်သည်။

[စာမျက်နှာ ၃၁ ပါလေးထောင့်ကွက်/ပုံ]

သင် စဉ်းစားဖူးပါသလော

ယေဟောဝါသက်သေများသည် သွေးသွင်းခြင်းကို လက်မခံကြောင်း သင်ကြားဖူးပေမည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရကြောင်း သင်စဉ်းစားဖူးပါသလော။

ကျမ်းစာအခြေပြုသော ထိုရပ်တည်ချက်ကို မကြာခဏ အထင်လွဲတတ်ကြသည်။ ယေဟောဝါသက်သေများသည် ဆေးကုသမှုအားလုံးကို ငြင်းပယ်သည် သို့မဟုတ် အသက်ကို တန်ဖိုးမထားသူများဖြစ်သည်ဟု လူတို့ တစ်ခါတစ်ရံ ယူဆကြသည်။ ယင်းတို့မှာ မမှန်ပါ။ ယေဟောဝါသက်သေများသည် သူတို့နှင့် သူတို့မိသားစုအတွက် ရရှိနိုင်သော အကောင်းဆုံးဆေးကုသမှုများကို ရှာဖွေကြသည်။ သို့သော် သွေးကိုအသုံးမပြုသော ဆေးကုသမှုကိုသာ ရှာဖွေကြသည်။ အဘယ်ကြောင့်နည်း။

ထိုရပ်တည်ချက်မှာ လူသားတို့အား ဘုရားသခင်ပေးခဲ့သော အခြေခံပညတ်ပေါ်တွင် အခြေပြုပါသည်။ နောဧခေတ်ရေလွှမ်းမိုးဘေးပြီးသည်နှင့် ဘုရားသခင်သည် နောဧနှင့်သူ၏မိသားစုအား တိရစ္ဆာန်တို့၏အသားကို စားခွင့်ပြုခဲ့သည်။ သို့သော် သွေးမစားရဟူသော ကန့်သတ်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄) လူသားမျိုးနွယ်အားလုံးသည် နောဧမှဆင်းသက်လာသောကြောင့် ထိုပညတ်သည် လူသားထုတစ်ရပ်လုံးနှင့်လည်း သက်ဆိုင်ပါသည်။ ယင်းကို ကိုယ်တော် တစ်ခါမျှ မပယ်ဖျက်ခဲ့ပါ။ ရာစုနှစ်ရှစ်ခုကျော် ကုန်လွန်ပြီးနောက် ဣသရေလ လူမျိုးအား သွေးသည် မြင့်မြတ်ကြောင်း၊ အသက်ကို ကိုယ်စားပြုကြောင်း ရှင်းပြခြင်းဖြင့် ထိုပညတ်ကို ဘုရားသခင် ထပ်မံအတည်ပြုခဲ့သည်။ (ဝတ်ပြုရာ ၁၇:၁၄) နှစ်ပေါင်း ၁,၅၀၀ ကျော်ကုန်လွန်ပြီးနောက် ခရစ်ယာန်တမန်တော်များသည် “အသွေးကို . . . ကြဉ်ရှောင်” ရန် ခရစ်ယာန်အားလုံးကို မိန့်မှာခဲ့သည်။ —တမန်တော် ၁၅:၂၈၊ ၂၉

ယေဟောဝါသက်သေများအနေဖြင့် ခန္ဓာကိုယ်ထဲ သွေးသွင်းမည်ဆိုလျှင် သွေးကိုကြဉ်ရှောင်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သူတို့သည် သွေးမဲ့ကုထုံးများကို တောင်းဆိုကြခြင်းဖြစ်သည်။ များသောအားဖြင့် ကျမ်းစာအခြေပြုသော ထိုရပ်တည်ချက်ကြောင့် သာ၍အရည်အသွေးကောင်းသော ဆေးကုသမှုများပင် ရရှိလေ့ရှိသည်။ ထို့ကြောင့်ပင် ယေဟောဝါသက်သေမဟုတ်သော လူများစွာသည်လည်း သွေးမဲ့ကုထုံးများ တောင်းဆိုကြခြင်းဖြစ်သည်မှာ ရှင်းပါသည်။

[စာမျက်နှာ ၂၉ ပါပုံ]

ကျွန်မခင်ပွန်း ဖဲလီပါ၊ သားလေးစောလ်နှင့်အတူ

[စာမျက်နှာ ၂၉ ပါပုံ]

ကျွန်မမိဘ ဟိုစေးနှင့်စော်လဒဲ

[စာမျက်နှာ ၃၀ ပါပုံ]

စောလ် မကွယ်လွန်မီ တစ်လတွင်