မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နီးကပ်နေသောအနာဂတ်ကို ကြိုဟောခြင်း

နီးကပ်နေသောအနာဂတ်ကို ကြိုဟောခြင်း

နီးကပ်နေသောအနာဂတ်ကို ကြိုဟောခြင်း

လူသားတို့နှင့်ကမ္ဘာမြေ၏ အနာဂတ်အကြောင်းပြောဆိုရာတွင် တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် [ဘုရားသခင်၏]ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။” (၂ ပေတရု ၃:၁၃) “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” နှင့်ဆိုင်သောကတိတော်ကို ပရောဖက်ဟေရှာယမှတစ်ဆင့် ဦးစွာပေးခဲ့ပြီးဖြစ်၏။ (ဟေရှာယ ၆၅:၁၇; ၆၆:၂၂) ထိုပရောဖက်ပြုချက်ကို ပေတရုကိုးကားခြင်းက ယင်းသည် သူ့အချိန်တွင် လုံးလုံးမပြည့်စုံသေးကြောင်း ဖော်ပြသည်။

နောက်ပိုင်း၊ အေဒီ ၉၆ ခန့်၌ တမန်တော်ယောဟန်မြင်တွေ့ခဲ့သော အဆင်းအာရုံတွင် “မြေကြီးသစ်” ကို ဘုရားသခင့်နိုင်ငံတော်အောက်ရရှိမည့် ကောင်းချီးများနှင့် ဆက်စပ်ဖော်ပြထားသည်။ (ဗျာ. ၂၁:၁-၄) ဘုရားသခင့်နိုင်ငံတော်မလာမီ ဖြစ်ပျက်မည့် ကမ္ဘာ့အခြေအနေများနှင့်ပတ်သက်သော ယေရှုနှင့်တမန်တော်ပေါလု၏စကားများသည် ယခုပြည့်စုံနေသည်။ ထို့ကြောင့် မကြာမီ ထိုနိုင်ငံတော်သည် ကမ္ဘာသစ်ဆောင်ကြဉ်းပေးမည်ကို ကျွန်ုပ်တို့မျှော်လင့်နိုင်သည်။ ကမ္ဘာသစ်သည် အဘယ်အရာနှင့်တူမည်နည်း။ ဟေရှာယကျမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာသစ်တွင်ရရှိမည့်ကောင်းချီးများ

ကမ္ဘာချီငြိမ်သက်မှုနှင့် စည်းလုံးသောဝတ်ပြုမှု။ “သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၂-၄

လူနှင့်တိရစ္ဆာန်များစပ်ကြား ငြိမ်းချမ်းမှု။ ‘တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကိုပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ . . . ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားသခင်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။’—ဟေရှာယ ၁၁:၆-၉

လူခပ်သိမ်းအတွက် အစားအသောက်အလျှံပယ်ရှိခြင်း။ ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်သည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။’—ဟေရှာယ ၂၅:၆

သေဘေးမရှိတော့။ ‘သေခြင်းကို နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ ထာဝရဘုရားသခင်သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားသခင် အမိန့်တော်ရှိ၏။’—ဟေရှာယ ၂၅:၈

သေလွန်သူများ ရှင်ပြန်ထမြောက်မည်။ “ကိုယ်တော်၏လူသေတို့သည် . . . ထမြောက်ကြပါလိမ့်မည်။ မြေမှုန့်၌နေသောသူတို့ နိုး၍ သီချင်းဆိုကြလော့။ . . . မြေသည်လည်း မိမိသင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။”—ဟေရှာယ ၂၆:၁၉

ဖြောင့်မတ်သောတရားသူကြီး မေရှိယ။ “ထိုသူသည် . . . မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။”—ဟေရှာယ ၁၁:၃၊ ၄

မျက်မမြင်နှင့် နားမကြားသူများ ကုသခံရ။ “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့်လွတ်ကြလိမ့်မည်။”—ဟေရှာယ ၃၅:၅

လွင်တီးခေါင်သည် သီးပွင့်ဖြစ်ထွန်းလာမည်။ “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။”—ဟေရှာယ ၃၅:၁၊ ၂

မြေကြီးသစ်။ ‘မိုးကောင်းကင်သစ် [ကောင်းကင်အစိုးရသစ်] နှင့် မြေကြီးသစ် [ဖြောင့်မတ်သောလူ့ဘောင်သစ်] ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ . . . ထိုသူတို့ [ဘုရားသခင်ကတိပြုထားသော ကမ္ဘာသစ်တွင်နေထိုင်မည့်သူများ] သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။ ငါရွေးကောက်သောသူတို့သည် အချည်းနှီးမလုပ်မဆောင်ရကြ။ အသက်တိုသောသားကို မဖွားမမြင်ရကြ။ ကိုယ်တိုင်မှစ၍ အမျိုးအနွယ်တို့သည် ထာဝရဘုရားသခင်ပေးတော်မူသော ကောင်းချီးမင်္ဂလာကို ခံရသောသူဖြစ်ကြလိမ့်မည်။ ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။’ ‘“ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့၌တည်သကဲ့သို့ သင်တို့၏အမျိုးအနွယ်နှင့် သင်တို့၏နာမသည်လည်း တည်ရလိမ့်မည်” ဟု ထာဝရဘုရားသခင်မိန့်တော်မူ၏။’—ဟေရှာယ ၆၅:၁၇-၂၅; ၆၆:၂၂

ကောင်းမွန်သောအနာဂတ်နှင့်ပတ်သက်၍ ကြိုဟောခြင်း

ဟေရှာယကျမ်းတစ်ခုတည်းသာ အနာဂတ်ကောင်းချီးများကို ကြိုဟောခဲ့ခြင်းမဟုတ်ပါ။ ခရစ်တော်လက်အောက်ရှိ နိုင်ငံတော်အားဖြင့် ဘုရားသခင်ပြီးမြောက်စေမည့် အံ့ဖွယ်အမှုများနှင့်ပတ်သက်သော ပရောဖက်ပြုချက်များစွာ သမ္မာကျမ်းစာတွင် ပါရှိသည်။ * ထိုအခြေအနေအောက်တွင် သင်နေထိုင်လိုပါသလော။ သင်နေထိုင်နိုင်ပါသည်။ အနာဂတ်နှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်ကောင်းများနှင့်ဆိုင်သည့် သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာကို ရှာဖွေ၍ ထိုတွင် သင်မည်သို့နေထိုင်နိုင်မည်ကို လေ့လာပါ။ ယေဟောဝါသက်သေများက သင့်ကို ဝမ်းမြောက်ဝမ်းသာကူညီပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းကပြီးမြောက်စေမည့်အရာနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် စာမျက်နှာ ၇၆-၈၅ ကိုကြည့်ပါ။

[စာမျက်နှာ ၈ ပါပုံ]

လူသားအချင်းချင်းအပြင် လူနှင့်တိရစ္ဆာန်စပ်ကြား ငြိမ်ချမ်းမှုရှိလိမ့်မည်

[စာမျက်နှာ ၉ ပါပုံ]

သေလွန်သူတို့သည် အသက်ပြန်ရှင်လာ ပါလိမ့်မည်

[စာမျက်နှာ ၁၀ ပါပုံ]

ကမ္ဘာတစ်ခွင် ပရဒိသုဖြစ်လာလိမ့်မည်