မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့”

“ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့”

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

“ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့”

ဧဖက် ၄:၃၂–၅:၂

နေ့အချိန်တွင် ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းစသော အရည်အသွေးများကိုတင်ပြသူ နည်းပါးလာခြင်းမှာ ဝမ်းနည်းစရာပင်။ သင်ကော မည်သို့နည်း။ မည်မျှပင်ကြိုးစားပါစေ ထိုအရည်အသွေးများကို တင်ပြနိုင်မည်မဟုတ်ဟု ခံစားဖူးပါသလော။ မိမိကိုယ်ကိုဝေဖန်တတ်သောသဘောက အမြစ်စွဲနေသည့်အကျင့်ဆိုးများ သို့မဟုတ် အတိတ်မှ နာကြည်းစရာဘဝအတွေ့အကြုံများစသော အတားအဆီးအချို့ကြောင့် နှစ်သက်ဖွယ်အရည်အသွေးများကို တင်ပြနိုင်မည်မဟုတ်ဟု ယူမှတ်စေပေမည်။ သို့သော် ကျွန်ုပ်တို့တွင် အရည်အသွေးကောင်းများ မွေးမြူတင်ပြနိုင်စွမ်းရှိသည်ကို ဖန်ဆင်းရှင်သိသည်ဟု ကျမ်းစာက သွန်သင်သည်၊ ယင်းသည် နှစ်သိမ့်မှုဖြစ်စေသော အမှန်တရားဖြစ်၏။

“ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟုဘုရားသခင့်နှုတ်မြွက်တော်က ခရစ်ယာန်စစ်များကို တိုက်တွန်းသည်။ (ဧဖက် ၅:၁) ထိုစကားများက ဘုရားသခင်အား ဝတ်ပြုသူတို့အပေါ် ကိုယ်တော့်ယုံကြည်စိတ်ချမှုကို ဖော်ပြလိုက်ခြင်းပင်။ အဘယ်ကြောင့်နည်း။ ယေဟောဝါဘုရားသခင်သည် မိမိပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းထားသောကြောင့်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇) ဘုရားသခင်သည် မိမိတွင်ရှိသောအရည်အသွေးများ ထည့်သွင်းကာ လူကိုဖန်ဆင်းထားသည်။ * ထို့ကြောင့် “ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟု ခရစ်ယာန်များကို ကျမ်းစာတိုက်တွန်းသည်မှာ အမှန်အားဖြင့် ယေဟောဝါဘုရားသခင်ကိုယ်တိုင် ဤသို့ဆိုနေသည့်နှယ်ဖြစ်သည်– ‘မင်းတို့ကို ငါယုံကြည်တယ်။ မင်းတို့ မစုံလင်ပေမဲ့ ငါ့လိုအရည်အသွေးတွေကို အတိုင်းအတာတစ်ခုအထိ တင်ပြနိုင်စွမ်းရှိတယ်ဆိုတာ ငါသိတယ်။’

ကျွန်ုပ်တို့အတုယူနိုင်သော ဘုရားသခင်၏အရည်အသွေးအချို့ကား အဘယ်နည်း။ ရှေ့နောက်အခန်းငယ်များက ဖြေဆိုသည်။ ရှေ့အခန်းငယ်တွင် ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ခွင့်လွှတ်ခြင်းတို့အကြောင်း ဖော်ပြထားသည်။ (ဧဖက် ၄:၃၂; ၅:၁) ထို့နောက် ဘုရားသခင်နည်းတူကျင့်ပါဟူသော တိုက်တွန်းချက်၏ နောက်အခန်းငယ်တွင် ပေါလုသည် ကိုယ်ကျိုးစွန့်သောမေတ္တာလမ်းစဉ်၌ ကျင်လည်ကြရန် ခရစ်ယာန်များကို တိုက်တွန်းထားသည်။ (ဧဖက် ၅:၂) မှန်ပါသည်၊ ကျေးဇူးပြုခြင်း၊ သနားစုံမက်ကြောင်း ဖော်ပြခြင်း၊ အခြားသူများကို လိုလိုလားလား ခွင့်လွှတ်ခြင်းနှင့် မေတ္တာပြခြင်းတို့တွင် အကြီးမြတ်ဆုံး စံနမူနာရှင် ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့ တုပနိုင်ပါသည်။

ဘုရားသခင်နည်းတူ ကျွန်ုပ်တို့ အဘယ်ကြောင့် ကျင့်လိုကြသနည်း။ “သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့” ဟူသော ပေါလု၏စကားများမှ တန်ခိုးပါသောလှုံ့ဆော်မှုကို သတိပြုကြည့်ပါ။ ယေဟောဝါသည် မိမိအားဝတ်ပြုသူတို့ကို မိမိချစ်မြတ်နိုးသည့်သားသမီးများအဖြစ် ရှုမြင်တော်မူသည်။ ယင်းသည် အမှန်ပင် စိတ်ထိမိစေသည်မဟုတ်လော။ သားငယ်သည် ဖခင်နှင့် တစ်ထေရာတည်းတူရန် ကြိုးစားသကဲ့သို့ ခရစ်ယာန်စစ်များသည်လည်း သူတို့၏ ကောင်းကင်ဖခင်နှင့်တူရန် အစွမ်းကုန်ကြိုးစားကြပါသည်။

ယေဟောဝါသည် လူသားများ မိမိနည်းတူကျင့်စေရန် အတင်းအကျပ်မပြုပေ။ ယင်းအစား ကျွန်ုပ်တို့အား လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားခြင်းဖြင့် ဂုဏ်တင်တော်မူသည်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင့်နည်းတူကျင့်မည်၊ မကျင့်မည်မှာ သင့်ဆန္ဒသာဖြစ်သည်။ (တရားဟောရာ ၃၀:၁၉၊ ၂၀) သို့သော် ဘုရားသခင်တွင်ရှိသော အရည်အသွေးများကို သင် တင်ပြနိုင်စွမ်းရှိကြောင်း လုံးဝမမေ့ပါနှင့်။ ဘုရားသခင်နည်းတူ ကျင့်နိုင်ရန်မှာ ဦးစွာ ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း သင်သိရမည်။ ထိုသို့ ဘုရားသခင်၏အရည်အသွေးနှင့် နည်းလမ်းတော်အားလုံးကို သင်ယူသိရှိနိုင်ရန် ကျမ်းစာက သင့်ကိုကူညီပေးနိုင်ပါသည်။ ဘုရားသခင်၏ ထိုပြိုင်စံရှားအရည်အသွေးများက လူသန်းပေါင်းများစွာအား ကိုယ်တော်နည်းတူကျင့်ရန် ဆွဲဆောင်လျက်ရှိပေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဘုရားသခင့်ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရခြင်းသည် ကိုယ်ရည်ကိုယ်သွေးများနှင့်သာသက်ဆိုင်ကြောင်း ကောလောသဲ ၃:၉၊ ၁၀ ကဖော်ပြသည်။ ဘုရားသခင့်မျက်နှာသာရလိုသူတိုင်းသည် “ဖန်ဆင်းတော်မူသောသူ [ဘုရားသခင်] ၏ပုံသဏ္ဌာန်နှင့်အညီ . . . အသစ်ပြုပြင်သော [“စရိုက်သစ်၊” ကဘ]” ကို ယူတင်ဝတ်ဆောင်ရန် တိုက်တွန်းခံရသည်။