မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ “စဉ်းစားဆင်ခြင်” ခဲ့

သူ “စဉ်းစားဆင်ခြင်” ခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

သူ “စဉ်းစားဆင်ခြင်” ခဲ့

မာရိသည် မြည်းပေါ် စီးနင်းလိုက်ပါလာစဉ် မပေါ့မပါးဖြစ်နေသောခန္ဓာကိုယ်ကို အသာအယာရွှေ့လိုက်သည်။ ၎င်းကို နာရီပေါင်းများစွာ စီးနင်းခဲ့ရသောကြောင့် ပင်ပန်းညောင်းညာနေပြီဖြစ်၏။ ယောသပ်မှာမူ ဝေးလံသော ဗက်လင်မြို့သို့သွားရာလမ်းအတိုင်း ရှေ့မှဦးဆောင်ရင်း တရွေ့ရွေ့သွားနေသည်။ ဗိုက်ထဲမှကလေး၏ လှုပ်ရှားမှုကို မာရိ ထပ်မံခံစားလိုက်ရပြန်၏။

မာရိသည် ကိုယ်ဝန် နေ့စေ့လစေ့ဖြစ်နေပြီ။ ကျမ်းစာက ထိုအချိန်ကို “ပဋိသန္ဓေအရင့်အမာရှိ၏” ဟုဖော်ပြထားသည်။ (လုကာ ၂:၅) လယ်ကွင်းတစ်ခုပြီးတစ်ခုကို ဖြတ်သွားစဉ် လယ်ထွန်နေသော သို့မဟုတ် ပျိုးကြဲနေသော လယ်သမားအချို့သည် သူတို့ကို အကဲခတ်ကြည့်နေကြပေမည်၊ ထို့ပြင် အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်နေ့စေ့လစေ့ဖြင့် အဘယ်ကြောင့် ခရီးသွားနေကြောင်း တွေးနေကြပေမည်။ မာရိသည် နာဇရက်မြို့ရှိအိမ်မှ အလွန်ဝေးလံသောနေရာသို့ အဘယ်ကြောင့်ထွက်ခွာလာခဲ့သနည်း။

အမှန်မှာ ယင်းတို့အားလုံးသည် လူ့သမိုင်းတွင် အထူးခြားဆုံးတာဝန်တစ်ခုကို ထိုဂျူးအမျိုးသမီး ရရှိချိန်၊ အစောပိုင်းလများတွင် အစပြုခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏သားတော်၊ မေရှိယဖြစ်လာမည့်သူကို သူဖွားမြင်ရမည်။ (လုကာ ၁:၃၅) မီးဖွားခါနီးအချိန်တွင် ထိုသို့ခရီးထွက်ခွာရန် အကြောင်းပေါ်လာသည်။ ခရီးစဉ်အတွင်း ယုံကြည်ခြင်းစမ်းသပ်မှုများကို မာရိ ရင်ဆိုင်ခဲ့ရသည်။ ယုံကြည်ခြင်းခိုင်မာနေရန် သူ့ကို အဘယ်အရာက ထောက်ကူပေးခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။

ဗက်လင်မြို့သို့ ခရီးနှင်ခြင်း

ယောသပ်နှင့်မာရိတို့သာ ခရီးထွက်ခဲ့ကြခြင်းမဟုတ်ပါ။ ကဲသာသြဂုတ္တုသည် လူတိုင်း မိမိတို့ဇာတိမြို့သို့ပြန်ကာ မှတ်ပုံတင်ရန် မကြာသေးမီက အမိန့်ထုတ်ခဲ့သည်။ ယောသပ် မည်သို့တုံ့ပြန်ခဲ့သနည်း။ “ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍ ထိမ်းမြားဆောင်နှင်းသောမယား မာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ ဂါလိလဲပြည်နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ [တက်] သွား၏” ဟုမှတ်တမ်းကဆိုသည်။—လုကာ ၂:၁-၄

ထိုအချိန်တွင် ကဲသာအမိန့်ထုတ်ခြင်းမှာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါ။ လွန်ခဲ့သောနှစ်ပေါင်း ၇၀၀ ခန့်တွင် ရေးသားခဲ့သော ပရောဖက်ပြုချက်က မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်မည်ဟု ကြိုဟောထားသည်။ ဖြစ်ပုံမှာ၊ ဗက်လင်ဟူ၍ အမည်တွင်သောမြို့သည် နာဇရက်မြို့မှ ခုနစ်မိုင်သာကွာဝေးသည်။ သို့သော် မေရှိယဖွားမြင်မည့်မြို့မှာ “ဗက်လင်ဧဖရတ်မြို့” ဖြစ်ကြောင်း ပရောဖက်ပြုချက်က တိတိကျကျဖော်ပြသည်။ (မိက္ခာ ၅:၂) ယနေ့ နာဇရက်မြို့မှ တောင်ပိုင်းရှိ ထိုမြို့လေးသို့ ၉၃ မိုင်ခန့်ကွာဝေးပြီး တောင်တက်တောင်ဆင်းခရီးဖြစ်သည်။ ထိုမြို့သို့ ယောသပ်သွားရမည်၊ အကြောင်းမှာ ယင်းသည် ယောသပ်နှင့်မာရိနှစ်ဦးစလုံး၏ မျိုးနွယ်ဖြစ်သော ဘုရင်ဒါဝိဒ်မျိုးနွယ်၏ ဘိုးဘွားပိုင်ဇာတိမြေဖြစ်သောကြောင့်တည်း။

ထိုသို့သွားမည့် ယောသပ်၏ဆုံးဖြတ်ချက်ကို မာရိသဘောတူပါမည်လော။ အမှန်မှာ ထိုခရီးသည် မာရိအတွက် ခက်ခဲပေမည်။ နှစ်၏ ဆောင်းဦးရာသီဖြစ်နိုင်ပြီး နွေအကုန်ဖြစ်သောကြောင့် မိုးအနည်းငယ် ရွာသွန်းနိုင်သည်။ ထို့ပြင် “ဂါလိလဲပြည် . . . မှ . . . [တက်] သွား၏” ဟူသောစကားစုသည် သင့်လျော်၏၊ အကြောင်းမှာ ဗက်လင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂,၅၀၀ ကျော်မြင့်သောကြောင့် အတက်လမ်းဖြစ်ပြီး ရက်ပေါင်းများစွာ ခက်ခက်ခဲခဲခရီးနှင်ရမည်။ မာရိသည် မကြာခဏ အနားယူရန် လိုအပ်မည်ဖြစ်သောကြောင့် ပုံမှန်ထက်ပို၍ ခရီးကြန့်ကြာပေမည်။ ယခုကဲ့သို့ မီးဖွားခါနီးအချိန်တွင် မိမိကိုကူညီရန် အသင့်ရှိသော မိသားစုနှင့်မိတ်ဆွေများ၏ အနီးအနားတွင် မာရိ နေလိုပေမည်။ ထို့ကြောင့် ဤခရီးထွက်ခွာရန် သတ္တိရှိဖို့လိုမည်မှာ သေချာသည်။

မည်သို့ပင်ဖြစ်စေ၊ ယောသပ်သည် “မာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ” သွားသည်ဟု လုကာမှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် မာရိကို “[ယောသပ်] ထိမ်းမြားဆောင်နှင်းသောမယား” ဟုလည်း ဖော်ပြထားသည်။ (လုကာ ၂:၄၊ ၅) ယောသပ်၏ဇနီးဖြစ်သည်ဟူသောအချက်က မာရိ၏ဆုံးဖြတ်ချက်များအပေါ် များစွာသြဇာသက်ရောက်ခဲ့သည်။ မာရိသည် သူ၏ခင်ပွန်းကို အိမ်ထောင်ဦးစီးအဖြစ် ရှုမြင်ပြီး ခင်ပွန်း၏ဆုံးဖြတ်ချက်များကို ထောက်မပေးခြင်းဖြင့် အထောက်အမဖြစ်ရန်ဟူသော ဘုရားပေးတာဝန်ကို လက်ခံခဲ့သည်။ * ထို့ကြောင့် ယုံကြည်ခြင်းစမ်းသပ်မှုဖြစ်နိုင်သော ထိုအခြေအနေကို နာခံမှုတင်ပြရုံဖြင့် မာရိအောင်မြင်ခဲ့သည်။

နာခံမှုတင်ပြရန် မာရိကို အခြားအဘယ်အရာကလည်း လှုံ့ဆော်ပေးနိုင်သနည်း။ မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်မည်ဟူသော ပရောဖက်ပြုချက်ကို မာရိသိပါသလော။ ကျမ်းစာက မဖော်ပြပါ။ သို့သော် ထိုပရောဖက်ပြုချက်ကို ဘာသာရေးခေါင်းဆောင်များအပြင် သာမန်လူများပင် သိထားကြောင်းထင်ရှားရာ မာရိလည်း သိပေမည်။ (မဿဲ ၂:၁-၇; ယောဟန် ၇:၄၀-၄၂) ထို့ပြင် မာရိသည် ကျမ်းစာအသိပညာကြွယ်သူဖြစ်၏။ (လုကာ ၁:၄၆-၅၅) မာရိ ခရီးထွက်ရန် ဆုံးဖြတ်သည်မှာ ခင်ပွန်းဖြစ်သူကို နာခံလိုသောကြောင့်လော၊ ဘုရင့်အမိန့်ကို နာခံလိုသောကြောင့်လော၊ ယေဟောဝါ၏ပရောဖက်ပြုချက်ကြောင့်လော သို့မဟုတ် ယင်းတို့အားလုံးကြောင့်လောဆိုသည်ကို မသိရသော်လည်း သူသည် ထူးခြားသောပုံသက်သေချမှတ်ခဲ့၏။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သူတို့၏ နှိမ့်ချနာခံတတ်သောသဘောထားကို ယေဟောဝါအလွန် တန်ဖိုးထားသည်။ နာခံမှုကို တန်ဖိုးမထားတော့သော ယနေ့ခေတ်တွင် မာရိ၏ပုံသက်သေသည် နေရာတိုင်းရှိ ယုံကြည်သူတိုင်းအား နာခံမှုတင်ပြရန် လှုံ့ဆော်ပေး၏။

ခရစ်တော်ဖွားမြင်ခြင်း

ဗက်လင်မြို့ကို အဝေးမှလှမ်းမြင်လိုက်ရချိန်တွင် မာရိ စိတ်အေးသွားကာ သက်ပြင်းချလိုက်ပေမည်။ မာရိနှင့်ယောသပ်သည် တောင်များကိုတက်ပြီး နောက်ဆုံးရိတ်သိမ်းသီးများကျန်ရှိနေသည့် သံလွင်တောအုပ်များကို ဖြတ်သွားစဉ် ဤမြို့လေး၏ သမိုင်းကြောင်းကို တွေးမိကြပေမည်။ ပရောဖက်မိက္ခာ ပြောခဲ့သည့်အတိုင်း ယင်းသည် ယုဒမြို့များတွင် အလွန်သေးငယ်သော်လည်း အစောပိုင်းအနှစ်တစ်ထောင်ကျော်မှ ဗောဇ၊ နောမိနှင့် နောက်ပိုင်း ဒါဝိဒ်တို့၏ ဇာတိမြို့လေးဖြစ်သည်။

မြို့လေးတွင် လူများ ပြည့်ကျပ်နေပြီ။ အခြားသူတို့သည် မှတ်ပုံတင်ရန် ယောသပ်နှင့်မာရိတို့ထက်အရင် ရောက်နှင့်နေကြပြီဖြစ်ရာ တည်းခိုရန် နေရာမရှိတော့ပေ။ * ထို့ကြောင့် နွားတင်းကုပ်တွင်သာ မဖြစ်မနေ တည်းခိုရတော့သည်။ တစ်ခါမျှမခံစားဖူးသော စူးရှပြင်းထန်သည့် နာကျင်မှုဝေဒနာကို ဇနီးဖြစ်သူ ခံစားနေရစဉ် ယောသပ်မည်မျှစိတ်ပူနေမည်ကို ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်သည်။ ဤနေရာတွင်မှ သားဖွားဝေဒနာကို မာရိ စတင်ခံစားလာရသည်။

အမျိုးသမီးတိုင်း မာရိကို ကိုယ်ချင်းစာပေးနိုင်ပါသည်။ အမွေခံရသောအပြစ်ကြောင့် အမျိုးသမီးအားလုံးသည် သားဖွားစဉ် ဝေဒနာခံစားရလိမ့်မည်ဟု အစောပိုင်းအနှစ် ၄,၀၀၀ ခန့်က ယေဟောဝါ ကြိုပြောခဲ့သည်။ (ကမ္ဘာဦး ၃:၁၆) မာရိ ဝေဒနာမခံစားခဲ့ရဟူသော အထောက်အထားမရှိပါ။ လုကာသည် မာရိခံစားရသောဝေဒနာကို တိတိကျကျမဖော်ပြထားပါ၊ “သားဦးကိုဖွားမြင် . . . ၏” ဟုသာဆိုသည်။ (လုကာ ၂:၇) မှန်ပါသည်၊ မာရိ၏ အနည်းဆုံး သားသမီးခုနစ်ဦးတွင် ‘သားဦးလေး’ ဖွားမြင်လေပြီ။ (မာကု ၆:၃) သို့သော် ဤသားဦးသည် ထူးခြား၏။ မာရိ၏ သားဦးသာမဟုတ်၊ ယေဟောဝါ၏ “[ဖန်ဆင်းရာ] အပေါင်းတို့တွင်လည်း သားဦးဖြစ်” ပြီး ကိုယ်တော်၏တစ်ပါးတည်းသောသားတော်ဖြစ်သည်။—ကောလောသဲ ၁:၁၅

မာရိသည် သူငယ်ကို “အဝတ်နှင့်ပတ်ရစ်ပြီးမှ . . . နွားစားခွက်၌သိပ်ထားလေ၏” ဟူသော ကျော်ကြားသည့်အချက်ကို မှတ်တမ်းက ဆက်ဖော်ပြသည်။ (လုကာ ၂:၇) ကမ္ဘာတစ်ဝန်းရှိ သူငယ်တော်ဖွားမြင်ခြင်းဆိုင်ရာ ပြဇာတ်များ၊ ပန်းချီများနှင့် ဇာတ်ကွက်များတွင် ယင်းကို သဘာဝမကျ၊ စိတ်ကူးယဉ်ဆန်ဆန်ဖြင့် ပုံဖော်ကြသည်။ သို့သော် အဖြစ်မှန်ကို သုံးသပ်ကြည့်ပါ။ ယောသပ်နှင့်မာရိသည် နွားတင်းကုပ်တွင် တည်းခိုနေခြင်းဖြစ်ရာ ယင်းသည် ထိုအချိန်တွင်ကော၊ ယခုတွင်ပါ လေဝင်လေထွက်ကောင်းပြီး ပိုးမွှားကင်းစင်သောနေရာ လုံးဝမဟုတ်ပါ။ သားဖွားရန် အခြားနေရာရှိခဲ့လျှင် ထိုနွားတင်းကုပ်ကို မည်သည့်မိဘက ရွေးချယ်ပါမည်နည်း။ မိဘအများစုမှာ သားသမီးများအတွက် အကောင်းဆုံးသာ ဖြစ်စေလိုသည်။ သို့ဆိုလျှင် ယောသပ်နှင့်မာရိသည် ဘုရားသခင်၏သားတော်အတွက် အကောင်းဆုံးကို သာ၍ပေးလိုကြမည်မဟုတ်လော။

သို့သော် သူတို့သည် မိမိတို့၏ကန့်သတ်ချက်များကြောင့် နာကျည်းဒေါသမဖြစ်ခဲ့ကြပါ၊ သူတို့တွင်ရှိသည့်အရာဖြင့် အကောင်းဆုံးလုပ်ဆောင်ခဲ့ကြသည်။ ဥပမာ၊ မာရိသည် သူငယ်ကို နွေးထွေးလုံခြုံနေစေရန် အနှီးနှင့်ပတ်ရစ်ပြီး နွားစားခွက်တွင် သေချာသိပ်ထားခြင်းဖြင့် ကိုယ်တိုင်ပြုစုသည်။ မာရိသည် သူငယ်ကို တတ်နိုင်သရွေ့ အကောင်းဆုံး မပြုစုတော့သည့်အထိ လက်ရှိအခြေအနေများကြောင့် စိုးရိမ်ကြောင့်ကြနေခြင်း မရှိခဲ့ပါ။ သူငယ်အတွက် ပြုလုပ်ပေးနိုင်သမျှတွင် အရေးကြီးဆုံးမှာ ဘုရားသခင်အားဝတ်ပြုရေးတွင် သူ့ကို ပြုစုပျိုးထောင်ပေးခြင်းဖြစ်ကြောင်း မာရိနှင့်ယောသပ်နှစ်ဦးစလုံး သိထားသည်။ (တရားဟောရာ ၆:၆-၈) ယနေ့လည်း ဘုရားသခင်အားဝတ်ပြုခြင်းကို တန်ဖိုးမထားတော့သော လောကတွင် သားသမီးများပြုစုပျိုးထောင်စဉ် ပညာရှိ မိဘများသည် အလားတူဦးစားထားရာများကို ချမှတ်ပေးကြသည်။

အားရှိစေသော လည်ပတ်မှု

ငြိမ်သက်နေသောဝန်းကျင်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ သိုးထိန်းများသည် နွားတင်းကုပ်ရှိမိသားစု၊ အထူးသဖြင့် သူငယ်ကို တွေ့လို၍ အပြေးတစ်ပိုင်းရောက်လာကြသည်။ သူတို့၏မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာမှုတို့ကို အထင်းသားတွေ့နိုင်သည်။ သူတို့သည် သိုးကျောင်းနေရာ တောင်ကုန်းများမှ ရောက်လာကြခြင်းဖြစ်သည်။ * သူတို့သည် ယခုလေးတင်တွေ့ကြုံခဲ့ရသော ဖြစ်ရပ်ဆန်းကို အံ့အားသင့်နေသောမိဘတို့အား ပြောပြကြသည်။ ညသန်းခေါင်တွင် ကောင်းကင်တမန်တစ်ပါး ရုတ်တရက်ပေါ်လာသည်။ ယေဟောဝါ၏ဘုန်းတော်သည် ဝန်းကျင်တစ်ဝိုက်တွင် ထွန်းတောက်နေပြီး ကောင်းကင်တမန်က ခရစ်တော် သို့မဟုတ် မေရှိယသည် ဗက်လင်မြို့တွင် ဖွားမြင်ပြီဟု သူတို့ကိုပြောလေသည်။ ထို့ပြင် သူငယ်ကို အနှီးနှင့်ပတ်ရစ်၍ နွားစားခွက်၌သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟုလည်း ပြောသည်။ ထို့နောက် ပို၍ထူးဆန်းသည်မှာ ကောင်းကင်ဗိုလ်ခြေအများတို့သည် ချက်ချင်းထင်ရှား၍ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ချီးမွမ်းသီချင်းဆိုကြလေသည်။

ထို့ကြောင့် ထိုနှိမ့်ချမှုရှိသူများသည် ဗက်လင်မြို့သို့ အမြန်ရောက်လာခြင်းမှာ အံ့အားသင့်စရာမဟုတ်ပေ။ မွေးကင်းစသူငယ်သည် ကောင်းကင်တမန် ပြောခဲ့သည့်အတိုင်း ရှိနေသည်ကို တွေ့ရသည့်အတွက် သူတို့ဝမ်းသာလိုက်မည်ဖြစ်ခြင်း။ သူတို့သည် ထိုသတင်းကောင်းကို မလျှို့ဝှက်ထားကြပါ။ “မိမိတို့ကြားသော . . . စကားကို အနှံ့အပြားပြောကြ၏။ သိုးထိန်းတို့ပြောသောစကားကို ကြားသောသူရှိသမျှတို့သည် အံ့သြခြင်းရှိကြ၏။” (လုကာ ၂:၁၇၊ ၁၈) ထိုအချိန်ရှိဘာသာရေးခေါင်းဆောင်များသည် သိုးထိန်းများကို အထင်သေးကြသည်။ သို့သော် ယေဟောဝါသည် နှိမ့်ချပြီး ယုံကြည်ခြင်းရှိသော ထိုအမျိုးသားများကို တန်ဖိုးထားမြတ်နိုးကြောင်း ထင်ရှားသည်။ သို့သော် ထိုလည်ပတ်မှုက မာရိအပေါ် မည်သို့သက်ရောက်မှုရှိသနည်း။

မာရိသည် မီးဖွားပြီးစဖြစ်သောကြောင့် မောပန်းနေသော်လည်း သူတို့ပြောသမျှကို အာရုံစိုက်နားထောင်ခဲ့သည်။ ထို့ထက်မကပေ၊ “မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။” (လုကာ ၂:၁၉) ထိုအမျိုးသမီးသည် ကောင်းစွာစဉ်းစားဆင်ခြင်တတ်သူဖြစ်၏။ ကောင်းကင်တမန်ထံမှ ထိုသတင်းစကားသည် အရေးပါကြောင်း သူသိသည်။ သူ၏သားသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထိုသား၏အရေးကြီးမှုကို သူ့အား ယေဟောဝါဘုရားသခင် သိရှိစေလိုသည်။ ထို့ကြောင့် နားထောင်ရုံထက်မက သူပြုလုပ်ခဲ့သည်။ နောက်ပိုင်း ထပ်ခါထပ်ခါပြန်တွေးတောနိုင်ရန် ထိုစကားအားလုံးကို မှတ်ကျုံးထားလေသည်။ ယင်းသည် မာရိ၏ဘဝတစ်လျှောက်လုံးတွင် တင်ပြခဲ့သော ယုံကြည်ခြင်း၏ သော့ချက်ပင်ဖြစ်၏။

မာရိ၏ပုံသက်သေကို သင်လိုက်လျှောက်မည်လော။ ယေဟောဝါသည် အရေးပါအမှန်တရားများကို မိမိနှုတ်မြွက်တော်တွင် ဖော်ပြထားသည်။ သို့သော် ထိုအမှန်တရားများကို ဦးစွာ အာရုံမစိုက်ပါက ယင်းတို့သည် ကျွန်ုပ်တို့ကို အကျိုးပြုနိုင်မည်မဟုတ်ပေ။ ကျမ်းစာကို စာပေတစ်ခုအဖြစ်သာမဟုတ်ဘဲ ဘုရားသခင်၏လမ်းညွှန်မှုဖြင့် ရေးထားသောကျမ်းအဖြစ် သဘောထားကာ မှန်မှန်ဖတ်ရှုခြင်းဖြင့် ထိုသို့အာရုံစိုက်နိုင်ပါသည်။ (၂ တိမောသေ ၃:၁၆) ထို့နောက် မာရိကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားများကို စိတ်တွင်မှတ်ကျုံးကာ ဆင်ခြင်ရန် လိုအပ်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာတွင် ဖတ်ရှုရသည့်အရာများနှင့် ယေဟောဝါ၏သွန်သင်ချက်ကို ပို၍အပြည့်အဝကျင့်သုံးနိုင်မည့် နည်းလမ်းများကို တွေးတောဆင်ခြင်မည်ဆိုလျှင် ယုံကြည်ခြင်းတိုးများလာပါလိမ့်မည်။

မှတ်ကျုံးမည့် နောက်ထပ်စကားများ

သူငယ်ရှစ်ရက်မြောက်သောနေ့တွင် မာရိနှင့်ယောသပ်သည် မောရှေ၏ပညတ်အတိုင်း သူငယ်ကို အရေဖျားလှီးပေးပြီး သူတို့ကိုမိန့်မှာထားသည့်အတိုင်း ယေရှုဟု အမည်ပေးခဲ့ကြသည်။ (လုကာ ၁:၃၁) ထို့နောက် ရက် ၄၀ တွင် ဗက်လင်မြို့မှ မိုင်အနည်းငယ်ကွာဝေးသော ယေရုရှလင်ရှိဝတ်ပြုရာအိမ်တော်သို့ ခေါ်ဆောင်သွားပြီး ပညတ်တရားက ဆင်းရဲသားများအတွက် ခွင့်ပြုထားသော ခိုနှစ်ကောင် သို့မဟုတ် ချိုးနှစ်ကောင်ကို စင်ကြယ်ရာယဇ်အဖြစ် ပူဇော်ခဲ့ကြသည်။ အခြားမိဘများ တတ်နိုင်သည့် သိုးတစ်ကောင်နှင့်ချိုးငှက်တစ်ကောင်ကို မပူဇော်နိုင်သည့်အတွက် သူတို့ ရှက်မည်ဆိုလျှင်ပင် ထိုခံစားချက်ကို ဘေးဖယ်ထားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ထိုတွင်ရှိစဉ် သူတို့ အလွန်အားပေးမှုရရှိခဲ့သည်။—လုကာ ၂:၂၁-၂၄

ရှုမောင်အမည်ရှိသော အသက်ကြီးသူတစ်ဦးသည် သူတို့ထံလာပြီး မာရိမှတ်ကျုံးမည့် နောက်ထပ်စကားများကို ပြောဆိုခဲ့သည်။ သူသည် မေရှိယကိုမမြင်မီ မသေရဟူသော ကတိတော်ကိုခံရသူဖြစ်ပြီး ယေဟောဝါ၏သန့်ရှင်းသောစွမ်းအားတော်က ထိုသူငယ်ယေရှုသည် ကြိုဟောထားသော ကယ်တင်ရှင်ဖြစ်ကြောင်း သူ့ကိုဖွင့်ပြခဲ့သည်။ နောင်တစ်နေ့တွင် မာရိခံစားရမည့်ဝေဒနာကိုလည်း ရှုမောင် သတိပေး၏။ မာရိ၏စိတ်နှလုံးကို သန်လျက်ခွင်းသကဲ့သို့ ခံစားရလိမ့်မည်ဟု သူဆို၏။ (လုကာ ၂:၂၅-၃၅) ထိုစကားများက နောင်အနှစ်သုံးဆယ်ကျော်အကြာတွင် ရောက်ရှိလာသောခက်ခဲချိန်တစ်လျှောက် မာရိကို ခံနိုင်ရည်ရှိစေခဲ့ပေမည်။ ရှုမောင်ပြီးနောက် အန္နအမည်ရှိသော ပရောဖက်မတစ်ဦးသည် သူငယ်ယေရှုကို မြင်သောအခါ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းအား ထိုသူငယ်၏အကြောင်းကို ပြောလေ၏။—လုကာ ၂:၃၆-၃၈

ယောသပ်နှင့်မာရိသည် သူငယ်အား ယေရုရှလင်ရှိ ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်သို့ ခေါ်သွားရန် ဆုံးဖြတ်ခြင်းမှာ မှန်လိုက်လေခြင်း။ သို့ဖြင့် သူတို့သည် သူငယ်အား ယေဟောဝါ၏အိမ်တော်ကို တစ်သက်တာလုံး သစ္စာရှိရှိသွားသည့် အသက်တာလမ်းစဉ်ကို အစပြုပေးခဲ့ကြသည်။ ထိုတွင်ရှိစဉ် သူတို့သည် ဘုရားသခင့်အမှုတော်ကို အတတ်နိုင်ဆုံး ထမ်းဆောင်ခဲ့ပြီး သွန်သင်ချက်နှင့်အားပေးမှုများ ရရှိခဲ့သည်။ ထိုနေ့ ဝတ်ပြုရာအိမ်တော်မှပြန်စဉ် မာရိ၏ယုံကြည်ခြင်း ပို၍ခိုင်မာလာမည်၊ ထို့ပြင် သူ၏နှလုံးတွင် တွေးတောဆင်ခြင်စရာ၊ အခြားသူများကို ဝေမျှစရာ အရေးကြီးစကားများ ပြည့်နေမည်မှာ သေချာသည်။

ယနေ့ ထိုပုံသက်သေကို မိဘများ လိုက်လျှောက်နေကြောင်း တွေ့မြင်ရသည်မှာ ကြည်နူးစရာပင်။ ယေဟောဝါသက်သေများကြားရှိ မိဘများသည် သူတို့၏သားသမီးများအား ခရစ်ယာန်အစည်းအဝေးများကို သစ္စာရှိရှိခေါ်သွားနေကြသည်။ ထိုသို့သောမိဘများသည် ဘုရားသခင့်အမှုတော်ကို အတတ်နိုင်ဆုံး ထမ်းဆောင်ပြီး ယုံကြည်သူချင်းများကို အားပေးနေကြသည်။ သူတို့သည် အစည်းအဝေးတစ်ခုတက်ပြီးတိုင်း ယုံကြည်ခြင်းပို၍ခိုင်မာလာပြီး ပို၍ပျော်ရွှင်လာကာ အခြားသူများကို ဝေမျှနိုင်မည့် ကောင်းသောအရာများစွာ ရှိနေကြသည်။ သူတို့နှင့်တွေ့ဆုံကြည့်ရန် သင့်ကို လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။ သင် ထိုသို့ ပြုလုပ်ပါက သင့်ယုံကြည်ခြင်းသည် မာရိကဲ့သို့ပင် ပို၍ခိုင်မာလာပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 10 ဤခရီးနှင့် ဧလိရှဗက်ထံလည်ပတ်ရန် “မာရိသည် ထ၍ . . . သွား” သည်ဟု ဖော်ပြထားသော အစောပိုင်းခရီးတို့၏ ခြားနားချက်ကို သတိပြုပါ။ (လုကာ ၁:၃၉) ထိုအချိန်တွင် စေ့စပ်ထားသော်လည်း လက်မထပ်ရသေးသောကြောင့် မာရိသည် ယောသပ်နှင့်မတိုင်ပင်ဘဲ သွားခဲ့ပေမည်။ သို့သော် လက်ထပ်ပြီးနောက် ဤခရီးကိုသွားရန် ဆုံးဖြတ်သူမှာ မာရိမဟုတ်ဘဲ ယောသပ်ဖြစ်သည်ဟု ဖော်ပြထားသည်။

^ အပိုဒ်၊ 14 ထိုခေတ်တွင် ခရီးသွားများနှင့် ကုန်သည်များ နားခိုရန် နေစရာစီစဉ်ပေးသည့် ဓလေ့ရှိသည်။

^ အပိုဒ်၊ 19 ထိုအချိန်တွင် ၎င်းသိုးထိန်းများသည် သိုးအုပ်နှင့်အတူ အိမ်အပြင်ဘက်စားကျက်တွင် ရောက်ရှိနေခြင်းက ကျမ်းစာသက္ကရာဇ်စဉ် ဖော်ပြသောအရာကို ပို၍ခိုင်လုံစေသည်– ခရစ်တော်သည် သိုးများ တင်းကုပ်တွင်သာရှိနေမည့် ဒီဇင်ဘာလတွင် မဖွားမြင်ခဲ့ပေ၊ ယင်းအစား အောက်တိုဘာလအစောပိုင်း တစ်ချိန်ချိန်တွင် ဖွားမြင်ခဲ့သည်။

[စာမျက်နှာ ၂၅ ပါပုံ]

ရှုမောင်သည် ကြိုဟောထားသောကယ်တင်ရှင်ကို တွေ့မြင်ခွင့် ရခြင်းဖြင့် ကောင်းချီးခံစားခဲ့ရ