မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာဒံသည် စုံလင်သူဖြစ်ပါက မည်သို့ အပြစ်ပြုနိုင်ပါမည်နည်း

အာဒံသည် စုံလင်သူဖြစ်ပါက မည်သို့ အပြစ်ပြုနိုင်ပါမည်နည်း

စာရှုသူများအမေး

အာဒံသည် စုံလင်သူဖြစ်ပါက မည်သို့ အပြစ်ပြုနိုင်ပါမည်နည်း

အာဒံသည် အပြစ်ကျူးလွန်မိနိုင်၏၊ အကြောင်းမှာ ဘုရားသခင်သည် အာဒံကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ထည့်သွင်းဖန်ဆင်းခဲ့သောကြောင့်ဖြစ်သည်။ ထိုဆုကျေးဇူးသည် အာဒံ စုံလင်သူဖြစ်သည်ဟူသောအချက်နှင့် လုံးဝမဆန့်ကျင်ချေ။ အမှန်မှာ ဘုရားသခင်သာလျှင် အပြည့်ဝဆုံးသဘောဖြင့် စုံလင်တော်မူသည်။ (တရားဟောရာ ၃၂:၃၊ ၄; ဆာလံ ၁၈:၃၀; မာကု ၁၀:၁၈) မည်သည့်လူသား သို့မဟုတ် အခြားမည်သည့်အရာမဆို၏ ပြီးပြည့်စုံလင်မှုသည် အကန့်အသတ်ရှိ၏။ ဥပမာ၊ ဓားတစ်လက်သည် အသားလှီးရန်အကောင်းဆုံးဖြစ်နိုင်သော်လည်း ယင်းကို စွပ်ပြုတ်သောက်ရန် အသုံးပြုပါမည်လော။ တစ်စုံတစ်ခုသည် ယင်းကိုပြုလုပ်ထားသည့်ရည်ရွယ်ချက်နှင့်အညီ လုပ်ဆောင်နိုင်မှသာ စုံလင်ကောင်းမွန်သည်ဟု ဆိုနိုင်ပေမည်။

သို့ဆိုလျှင် ဘုရားသခင်သည် အာဒံကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းခဲ့သနည်း။ လွတ်လပ်စွာရွေးချယ်နိုင်သော အသိဉာဏ်ရှိလူသားမျိုးနွယ်သည် အာဒံမှတစ်ဆင့် ပေါ်ပေါက်လာရန် ဖြစ်သည်။ ဘုရားသခင်နှင့် ကိုယ်တော့်နည်းလမ်းတော်များကို ချစ်မြတ်နိုးစိတ် မွေးမြူလိုသူများသည် ကိုယ်တော့်ပညတ်များကိုနာခံရန် ရွေးချယ်ခြင်းဖြင့် ထိုလွတ်လပ်ခွင့်ကို ပြသကြပေမည်။ လူ့ ဉာဏ်စွမ်းကို စက်ရုပ်ဆန်ဆန် အလိုအလျောက်နာခံတတ်စေရန် ပုံစံပြုထားခြင်းမဟုတ်ပါ၊ ယင်းအစား နာခံမှုသည် ကိုယ်ပိုင်ရွေးချယ်မှုကြောင့် နှလုံးထဲမှ စိတ်လိုကိုယ်လျောက်ပေါ်ပေါက်လာသည့်အရာ ဖြစ်ပေမည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃; ၃၀:၁၉၊ ၂၀) ထို့ကြောင့် အာဒံသည် မနာခံရန် ရွေးချယ်နိုင်စွမ်း မရှိ လျှင် မစုံလင်သူ လူသားတစ်ဦး ဖြစ်ပေလိမ့်မည်။ အာဒံသည် “ကောင်းမကောင်းကိုသိကျွမ်းရာအပင်” နှင့်ပတ်သက်သည့် ဘုရားသခင်၏ပညတ်ကို မနာခံသော သူ့ဇနီး၏လမ်းစဉ်နောက်လိုက်ရန် လွတ်လပ်စွာရွေးချယ်ခဲ့ကြောင်း ကျမ်းစာမှတ်တမ်းက ဖော်ပြသည်။—ကမ္ဘာဦး ၂:၁၇; ၃:၁-၆

သို့ဆိုလျှင် ဘုရားသခင်သည် အမှားအမှန်ရွေးချယ်မှုဆိုင်ရာ အားနည်းချက်တစ်စုံတစ်ရာဖြင့် အာဒံကိုဖန်ဆင်းခဲ့သောကြောင့် အာဒံတွင် မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်စွမ်း သို့မဟုတ် သွေးဆောင်မှုကို တွန်းလှန်နိုင်စွမ်းမရှိခဲ့ခြင်းလော။ အာဒံအပြစ်မကျူးလွန်မီ ယေဟောဝါဘုရားသခင်သည် ပထမလူသားမောင်နှံအပါအဝင် မြေကြီးပေါ်ရှိဖန်ဆင်းရာအားလုံးကို ကြည့်ရှုစစ်ဆေးပြီးနောက် “အလွန်ကောင်းသည်” ဟုသတ်မှတ်ခဲ့သည်။ (ကမ္ဘာဦး ၁:၃၁) ထို့ကြောင့် အာဒံအပြစ်ကျူးလွန်ခြင်းက ဘုရားသခင်သည် သူ့ကိုဖန်ဆင်းရာတွင် ချွတ်ယွင်းချက်ရှိခဲ့သည်ဟူသည့်သဘော မသက်ရောက်ချေ။ ယင်းအစား အာဒံကိုသာ လုံးဝအပြစ်တင်ထိုက်သည်။ (ကမ္ဘာဦး ၃:၁၇-၁၉) အာဒံသည် အရာအားလုံးထက် ဘုရားသခင့်စကားကိုနာခံသည်အထိ ကိုယ်တော်နှင့်မှန်ကန်ရာကို ချစ်မြတ်နိုးစိတ်မရှိခဲ့ချေ။

ယေရှုလည်း အာဒံကဲ့သို့ပင် မြေကြီးပေါ်တွင် စုံလင်သူလူသားတစ်ဦးဖြစ်ခဲ့ကြောင်းကို အမှတ်ရပါ။ ယေရှုသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် သန္ဓေတည်ခဲ့သောကြောင့် အာဒံ၏အခြားသားစဉ်မြေးဆက်များကဲ့သို့ သွေးဆောင်မှုကို မတွန်းလှန်နိုင်သည့် အားနည်းချက်များ အမွေမခံခဲ့ရပါ။ (လုကာ ၁:၃၀၊ ၃၁; ၂:၂၁; ၃:၂၃၊ ၃၈) ယေရှုသည် အပြင်းထန်ဆုံးစမ်းသပ်မှုများကြား ကိုယ်ပိုင်လွတ်လပ်စွာရွေးချယ်မှုဖြင့် ဘုရားသခင်ကို ဆက်လက်တည်ကြည်ခဲ့သည်။ အာဒံသည် ယေဟောဝါ၏ပညတ်ကိုမနာခံရန် လွတ်လပ်စွာရွေးချယ်ခဲ့ရာ ယင်းလုပ်ရပ်အတွက် သူကိုယ်တိုင်တာဝန်ရှိသည်။

သို့သော် အာဒံသည် ဘုရားသခင်ကိုမနာခံရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း။ တစ်နည်းနည်းဖြင့် သူ့အခြေအနေပိုကောင်းလာမည်ဟု ယူဆခြင်းကြောင့်လော။ မဟုတ်ပါ၊ အကြောင်းမှာ “အာဒံသည် လှည့်ဖြားခြင်းကိုမခံ” ဟုပေါလုရေးခဲ့၏။ (၁ တိမောသေ ၂:၁၄) အာဒံသည် တားမြစ်ထားသည့်အပင်၏အသီးကိုစားရန် ဦးစွာရွေးချယ်ခဲ့သူ ဇနီး၏အလိုဆန္ဒကို လိုက်လျောခဲ့ခြင်းဖြစ်သည်။ ဇနီး၏အလိုဆန္ဒကို လိုက်လျောလိုစိတ်သည် ဖန်ဆင်းရှင်၏စကားကို နာခံလိုစိတ်ထက် ပိုများခဲ့သည်။ အမှန်အားဖြင့် အာဒံသည် တားမြစ်ထားသောအသီးကိုစားရန် တိုက်တွန်းခံရသောအခါ မနာခံမှုကြောင့် ဘုရားသခင်နှင့်ဆက်ဆံရေး ပျက်ပြားသွားနိုင်သည့်အဖြစ်ကို စဉ်းစားဆင်ခြင်သင့်သည်။ အာဒံသည် ဘုရားသခင်အပေါ် နက်ရှိုင်းခိုင်မြဲသောမေတ္တာ မရှိသောကြောင့် ဇနီး၏ဖိအားကို မတွန်းလှန်နိုင်ခဲ့ချေ။

အာဒံသည် သားသမီးမထွန်းကားမီ အပြစ်ပြုခဲ့သောကြောင့် သူ၏သားစဉ်မြေးဆက်အားလုံး မစုံလင်မှုကိုအမွေခံခဲ့ရသည်။ သို့သော် ကျွန်ုပ်တို့လည်း အာဒံနည်းတူ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းမြတ်ခြင်းကို လေးမြတ်စွာတွေးတောဆင်ခြင်ပြီး နာခံမှုနှင့်ဝတ်ပြုကိုးကွယ်မှုခံထိုက်သူ ဘုရားသခင်ကို နက်ရှိုင်းစွာချစ်သည့်မေတ္တာမွေးမြူရန် ရွေးချယ်နိုင်ကြပါစေ။—ဆာလံ ၆၃:၅၊ ၆; မဿဲ ၂၂:၃၆၊ ၃၇