မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘တာရှု သင်္ဘောများ’ ထွန်းကားခဲ့သောယဉ်ကျေးမှု၏ ပဲ့တင်သံများ

‘တာရှု သင်္ဘောများ’ ထွန်းကားခဲ့သောယဉ်ကျေးမှု၏ ပဲ့တင်သံများ

‘တာရှု သင်္ဘောများ’ ထွန်းကားခဲ့သောယဉ်ကျေးမှု၏ ပဲ့တင်သံများ

“တာရှုသင်္ဘောတို့သည် သင်၏ကုန်ကိုဆောင်လျက် [ပင်လယ်အလယ်၌] သွားလာ . . . လေ၏။” —ယေဇကျေလ ၂၇:၂၅

တာရှုသင်္ဘောများက ဘုရင်ရှောလမုန်ကို ကြွယ်ဝချမ်းသာလာစေသည်။ ၎င်းတို့ကို တည်ဆောက်သူများသည် ဂရိနှင့်ရောမအက္ခရာများ ဖြစ်ပေါ်လာရေးတွင် အလွန်အရေးပါအရာရောက်သူများဖြစ်ကြသည်။ သူတို့သည် ဘီဘလို့စ်ဟူသောမြို့ကိုလည်း တည်ခဲ့ကြ၏၊ ယင်းအမည်သည် ဘာသာစကားများစွာတွင် ကျမ်းစာအတွက်ပေးသောအမည်၏ အခြေခံဖြစ်လာသည်။

တာရှုသင်္ဘောများကို မည်သူတို့က တည်ဆောက်ပြီး ရွက်လွှင့်ခဲ့ကြသနည်း။ တာရှုသင်္ဘောဟူ၍ အဘယ်ကြောင့် အမည်တွင်ခဲ့သနည်း။ ထိုသူတို့နှင့် သူတို့၏သင်္ဘောများပါဝင်သော ဖြစ်ရပ်များက ကျမ်းစာ၏တိကျမှန်ကန်မှုကို မည်သို့သက်သေထူသနည်း။

မြေထဲပင်လယ်ဒေသ၏အရှင်သခင်များ

ဖိုနီးရှားလူမျိုးတို့တည်ဆောက်သော သင်္ဘောများကို တာရှုသင်္ဘောများဟု လူသိများလာသည်။ ဖိုနီးရှားတို့သည် ခရစ်တော်မပေါ်မီ အနှစ်တစ်ထောင်ခန့်ကပင် ကျွမ်းကျင်သောသင်္ဘောသားများဖြစ်ကြသည်။ သူတို့၏ဇာတိမြေမှာ လက်ရှိလက်ဘနွန်နိုင်ငံဖြစ်ဖွယ်ရှိသော ရှည်လျားကျဉ်းမြောင်းသည့် ကမ်းရိုးတန်းဒေသဖြစ်သည်။ ထိုဒေသ၏ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် အခြားနိုင်ငံများတည်ရှိသည်။ အနောက်ပိုင်းတွင် ကျယ်ပြန့်သောမြေထဲပင်လယ်ရှိသည်။ ဖိုနီးရှားတို့သည် ထိုမြေထဲပင်လယ်တစ်ဝိုက်တွင်နေထိုင်သူများနှင့် ကုန်သွယ်ခြင်းဖြင့် ကြီးပွားချမ်းသာလာရန် မျှော်လင့်ကြသည်။

ဖိုနီးရှားသင်္ဘောသားများသည် ကုန်သည်သင်္ဘောတစ်စင်းကို အောင်မြင်စွာဆောက်လုပ်နိုင်ခဲ့ကြသည်။ အမြတ်အစွန်းများများရလာပြီး နည်းပညာတိုးတက်လာသည်နှင့်အမျှ ရေကြောင်းခရီးရှည်များ သွားလာနိုင်သည့် သင်္ဘောကြီးများကို သူတို့တည်ဆောက်ခဲ့သည်။ သူတို့သည် စိုက်ပရပ်စ်၊ ဆာဒီးနီးယားနှင့် ဘယ်လီအာရစ်ကျွန်းများသို့ ရောက်ရှိပြီးနောက် အာဖရိကမြောက်ပိုင်းကမ်းရိုးတန်းအတိုင်း အနောက်ဘက်သို့ရွက်လွှင့်ခဲ့ရာ စပိန်သို့ရောက်သည့်အထိဖြစ်သည်။ (ပူးတွဲပါမြေပုံကိုကြည့်ပါ။)

ဖိုနီးရှားလူမျိုး သင်္ဘောတည်ဆောက်သူတို့သည် ပေတစ်ရာရှည်သောသင်္ဘောများကို ဆောက်လုပ်ခဲ့ကြသည်။ ထိုပင်လယ်ကူးသင်္ဘောများသည် ဖိုနီးရှားမှ တာရှုမြို့တည်ရာဖြစ်နိုင်သည့် စပိန်တောင်ပိုင်းသို့ မိုင် ၂,၅၀၀ ခရီးနှင်နိုင်သောကြောင့် ယင်းတို့ကို “တာရှုသင်္ဘောများ” ဟုခေါ်ခဲ့ပုံရသည်။ *

ဖိုနီးရှားတို့၏ဆန္ဒသည် ကမ္ဘာကိုမစိုးမိုးလိုဘဲ ငွေကြေးကြွယ်ဝလိုခြင်းသာ ဖြစ်ပေမည်။ ကုန်သွယ်ရေးဌာနများ တည်ထောင်ခြင်းဖြင့် ထိုသို့ကြွယ်ဝစေရန်ပြုလုပ်ကြသည်။ သို့သော် ကုန်သည်များအနေဖြင့် သူတို့သည် မြေထဲပင်လယ်ဒေသ၏အရှင်သခင်များဖြစ်လာသည်။

မြေထဲပင်လယ်ကိုကျော်လွန်၍

အမြတ်အစွန်းများများရရန် ဖိုနီးရှားစူးစမ်းရှာဖွေရေးသမားများသည် အတ္တလန္တိတ်သမုဒ္ဒရာသို့ စွန့်စားသွားရောက်ခဲ့ကြသည်။ သူတို့၏သင်္ဘောများသည် တာတဲစက်စ်ဟုခေါ်သောဒေသသို့ရောက်သည့်အထိ စပိန်၏တောင်ဘက်ကမ်းရိုးတန်းအတိုင်း ခရီးနှင်လာသည်။ ဘီစီ ၁၁၀၀ ခန့်တွင် ဂါဒါဟူသောမြို့ကို တည်ခဲ့ကြသည်။ ထိုဆိပ်ကမ်းမြို့သည် ယခု စပိန်နိုင်ငံ၊ ကာဒစ်ဇ်မြို့ဖြစ်ပြီး အနောက်ဥရောပ၏ ဦးဆုံးမြို့ကြီးတစ်မြို့ဖြစ်သည်။

ဖိုနီးရှားတို့သည် ဆား၊ ဝိုင်၊ ငါးခြောက်၊ ထင်းရှူး၊ သတ္တု၊ ဖန်၊ ပန်းထိုးထည်၊ ချည်ချောထည်၊ ကျော်ကြားသောခရမ်းရောင်ဆိုးဆေးထည်များကို ကုန်သွယ်ကြသည်။ စပိန်ကလည်း သူတို့ကို မည်သို့ တစ်ဖန်ကြွယ်ဝချမ်းသာစေခဲ့သနည်း။

မြေထဲပင်လယ်ဒေသတွင် စပိန်တောင်ပိုင်းသည် ငွေနှင့်အခြားအဖိုးတန်သတ္တုများ အကြွယ်ဝဆုံးနေရာဖြစ်လာသည်။ ဖိုနီးရှားတို့၏ အဓိကဆိပ်ကမ်းမြို့ဖြစ်သော တုရုမြို့နှင့်ပတ်သက်၍ ပရောဖက်ယေဇကျေလ ဤသို့ဆိုသည်– “သင်သည် မိမိ၏များမြောင်သောကုန်စည်တို့ကို တာရှုမြို့ [စပိန်] တွင် ငွေ၊ သံ၊ သံဖြူ၊ ခဲတို့နှင့် လဲလှယ်ကာ ကုန်သွယ်မှုကိုပြု၏။”—ယေဇကျေလ ၂၇:၁၂ခမ။

ဖိုနီးရှားတို့သည် ကာဒစ်ဇ်မြို့နှင့်သိပ်မဝေးသော ဂွာဒယ်ကွီဗာမြစ်အနီးတွင် မကုန်ခန်းနိုင်ပုံရသော ထိုသတ္တုတွင်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယခု ရီယိုတန်တိုဟုခေါ်သော ထိုဒေသမှ အဆိုပါသတ္တုများ ထွက်ရှိနေဆဲဖြစ်သည်။ ထိုသတ္တုတွင်းများသည် အရည်အသွေးမြင့် သတ္တုရိုင်းများကို ထုတ်လုပ်ပေးနေသည်မှာ နှစ်ပေါင်းသုံးထောင်ခန့်ရှိပေပြီ။

စပိန်-ဖိုနီးရှားသင်္ဘောလိုင်းများ ခိုင်မာစွာတည်ထောင်လာသည်နှင့် စပိန်၏ငွေထည်ကုန်သွယ်ရေးကို ဖိုနီးရှားတို့က လုံးဝကြီးစိုးလိုက်ကြသည်။ ထို့ကြောင့် ငွေထည်များသည် ဖိုနီးရှားအပြင် အနီးရှိအစ္စရေးသို့ပါ တစ်ဟုန်ထိုးဝင်ရောက်လာသည်။ အစ္စရေးဘုရင်ရှောလမုန်သည် ဖိုနီးရှားဘုရင်ဟိရံနှင့် အကျိုးတူစီးပွားရေးလုပ်ရန် ပူးပေါင်းလိုက်သည်။ ထို့ကြောင့် ရှောလမုန်ခေတ်တွင် ငွေကို “အလျှင်းပမာဏမပြု” ကြခြင်းဖြစ်သည်။—၃ ဓမ္မရာဇဝင် ၁၀:၂၁ *

ဖိုနီးရှားတို့သည် အောင်မြင်သောကုန်သည်များဖြစ်လာသော်လည်း ရက်စက်ကြမ်းတမ်းသူများဖြစ်နိုင်သည်။ တစ်ခါတစ်ရံ သူတို့သည် ကုန်စည်များပြမည်ဟု လူတို့ကိုလှည့်ဖြားခေါ်ဆောင်သွားကာ ကျွန်ခံစေကြသည်ဟု အဆိုရှိသည်။ နောက်ဆုံး သူတို့သည် ယခင်စီးပွားဖက်ဖြစ်သော အစ္စရေးလူတို့ကိုပင် လှည့်ဖြားပြီး ကျွန်အဖြစ်ရောင်းစားကြသည်။ ထို့ကြောင့် ဟေဗြဲပရောဖက်များက ဖိုနီးရှားမြို့ဖြစ်သော တုရုမြို့ပျက်စီးခြင်းအကြောင်း ကြိုဟောခဲ့ကြသည်။ ထိုပရောဖက်ပြုချက်များသည် နောက်ဆုံး ဘီစီ ၃၃၂ တွင် မဟာအလက်ဇန္ဒားအားဖြင့် ပြည့်စုံခဲ့လေသည်။ (ယောလ ၃:၆; အာမုတ် ၁:၉၊ ၁၀) ထိုပျက်စီးခြင်းသည် ဖိုနီးရှားတို့ကြီးစိုးမှု၏ ဇာတ်သိမ်းခန်းဖြစ်သည်။

ဖိုနီးရှားတို့၏အမွေအနှစ်

စီးပွားရေးသမားကောင်းအားလုံးနည်းတူ ဖိုနီးရှားကုန်သည်များသည် သူတို့၏သဘောတူညီမှုများကို စာဖြင့်ရေးသားထားကြသည်။ ရှေးခေတ်ဟေဗြဲအက္ခရာနှင့် လွန်စွာဆင်တူသော အက္ခရာကို သူတို့အသုံးပြုခဲ့ကြသည်။ ဖိုနီးရှားအက္ခရာ၏ အားသာချက်များကို အခြားတိုင်းပြည်များက တွေ့ရှိခဲ့၏။ ဂရိတို့သည် ယင်းတို့ကို အနည်းငယ်ပြုပြင်ပြောင်းလဲလိုက်ရာ ဂရိအက္ခရာ၏အခြေခံဖြစ်လာသည်။ ထိုမှတစ်ဖန် ယနေ့ ကျယ်ပြန့်စွာအသုံးပြုနေသော ရောမအက္ခရာ၏အခြေခံလည်းဖြစ်လာလေသည်။

ထို့ပြင် ဖိုနီးရှားတို့၏အရေးပါသောမြို့ဖြစ်သည့် ဘီဘလို့စ်မြို့သည် ယနေ့ခေတ်သုံး စက္ကူများ၏ ရှေ့ပြေးဖြစ်သော ကျူစက္ကူထုတ်လုပ်ဖြန့်ဖြူးသည့် ဗဟိုမြို့ဖြစ်လာသည်။ စာအရေးအသားတွင် ကျူစက္ကူများ အသုံးပြုရာမှ စာအုပ်များ ဖြစ်ပေါ်လာသည်။ အမှန်မှာ ကမ္ဘာတွင် အဖြန့်ဝေရဆုံးစာအုပ်ဖြစ်သည့် ကျမ်းစာ၏အင်္ဂလိပ်ဝေါဟာရမှာ ဘီဘလို့စ်ဟူသောအမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ မှန်ပါသည်၊ ဖိုနီးရှားတို့၏သမိုင်းကြောင်းနှင့် သင်္ဘောတို့က သမ္မာကျမ်းစာသည် အဖြစ်မှန်များပေါ်တွင် အခြေပြုသည်ဟူသော ယုံကြည်စိတ်ချမှုကို တိုးများလာစေသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 အချိန်ကြာလာသည်နှင့်အမျှ “တာရှုသင်္ဘောများ” ဟူသောအသုံးအနှုန်းသည် ပင်လယ်ခရီးရှည်နှင်နိုင်သည့် သင်္ဘောအမျိုးအစားကို ဆိုလိုလာသည်။

^ အပိုဒ်၊ 15 ရှောလမုန်၏ “တာရှုသင်္ဘော” များသည် ဟိရံ၏သင်္ဘောများနှင့်အတူ ဧဇယုန်ဂါဗာမြို့မှထွက်ကာ ပင်လယ်နီနှင့်အနီးတစ်ဝိုက်တွင် ကုန်သွယ်ကြခြင်းဖြစ်နိုင်သည်။—၃ ဓမ္မရာဇဝင် ၁၀:၂၂

[စာမျက်နှာ ၂၇ ပါ မြေပုံ]

(စာစောင်တွင်ကြည့်ပါ)

ဖိုနီးရှားတို့၏ ကုန်သွယ်ရေး လမ်းကြောင်းများ

စပိန်

တာတဲစက်စ်

ဂွာဒယ်ကွီဗာမြစ်

ဂါဒါ

ကော်စီကာကျွန်း

ဘယ်လီအာရစ်ကျွန်းများ

ဆာဒီးနီးယား

စစ္စလီ

ကရေတေ

ဆိုက်ပရပ်စ်

ဘီဘလို့စ်

တုရု

ဧဇယုန်ဂါဗာ

မြေထဲပင်လယ်

ပင်လယ်နီ

အာဖရိက

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဖိုနီးရှားတို့ အခြေချခဲ့သော စပိန်နိုင်ငံ၊ ကာဒစ်ဇ်မြို့အပျက်အယွင်းများ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဘီစီသုံးရာစုမှ လေးရာစုရှိ ဖိုနီးရှားသင်္ဘောပုံရေးဆွဲထားသော ဒင်္ဂါးပြား

[စာမျက်နှာ ၂၆ ပါ Picture Credit Line ]

Museo Naval, Madrid

[စာမျက်နှာ ၂၇ ပါ Picture Credit Line ]

Coin: Museo Arqueológico Municipal. Puerto de Sta. María, Cádiz; remains: Yacimiento Arqueológico de Doña Blanca, Pto. de Sta. María, Cádiz, España