မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေများသည် အိမ်ထောင် ဖြိုခွဲသူများလော

ယေဟောဝါသက်သေများသည် အိမ်ထောင် ဖြိုခွဲသူများလော

ယေဟောဝါသက်သေများသည် အိမ်ထောင် ဖြိုခွဲသူများလော

အိမ်ထောင်ဖက်တစ်ဦး ဘာသာပြောင်းလိုက်ရင် အိမ်ထောင်ပြိုကွဲသွားလိမ့်မယ်” ဟူ၍ လူအများစု ပြောလေ့ရှိ၏။ တစ်ခါတစ်ရံ၊ ယေဟောဝါသက်သေဖြစ်ရန် ဆုံးဖြတ်လိုက်သော အိမ်ထောင်ဖက်တစ်ဦးကို ထိုသို့သတိပေးကြသည်။ သို့သော် ထိုပြောဆိုချက်သည် အမြဲမှန်ကန်ပါသလော။

အိမ်ထောင်ဖက်တစ်ဦးသည် ဘာသာတရားတစ်ခုကို စတင်စိတ်ဝင်စားသောအခါ သို့မဟုတ် ယခင်ဘာသာရေးယုံကြည်ချက်များကို စတင်စွန့်ပယ်လိုက်သောအခါ ကျန်အိမ်ထောင်ဖက်တစ်ဦးအဖို့ အထိတ်တလန့်ဖြစ်မည်ဆိုလျှင် ဖြစ်လောက်ပါသည်။ ယင်းသည် စိုးရိမ်ပူပန်မှု၊ စိတ်ပျက်မှုနှင့် စိတ်နာကြည်းမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်သည်။

ဘာသာပြောင်းဖို့လိုသည်ဟု ဦးစွာခံစားရသူမှာ ဇနီးသည်များဖြစ်လေ့ရှိ၏။ သင်၏ဇနီးသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေလျှင် သင့်အိမ်ထောင်ကို မည်သို့ဂယက်ရိုက်နိုင်သနည်း။ သင်သည် ယေဟောဝါသက်သေများနှင့်ပူးပေါင်းနေသော ဇနီးတစ်ဦးဖြစ်လျှင် သင့်ခင်ပွန်းခံစားရနိုင်သော စိုးရိမ်သောကကို လျော့ပါးစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

လင်ယောက်ျားတစ်ဦး၏ ရှုမြင်ပုံ

ဩစတြေးလျနိုင်ငံတွင်နေထိုင်သော မာ့ခ်၏ အိမ်ထောင်သက် ၁၂ နှစ်တွင် ဇနီးဖြစ်သူမှာ ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာခဲ့သည်။ မာ့ခ် ဤသို့ပြောပြ၏– “ကျွန်တော်တို့အိမ်ထောင်က သာယာချမ်းမြေ့တယ်၊ ကျွန်တော့်မှာ ကျေနပ်စရာအလုပ်အကိုင်လည်းရှိတယ်။ ဘဝက ပန်းခင်းလမ်းပဲ။ နောက်ပိုင်း၊ ကျွန်တော့်ဇနီးက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာဖို့ ဆုံးဖြတ်လိုက်တယ်။ ရုတ်တရက်၊ ကျွန်တော့်ဘဝ ဗြောင်းဆန်သွားပြီလို့ ခံစားလိုက်ရတယ်။ အစကတော့ ကျွန်တော့်ဇနီး ကျမ်းစာစိတ်ဝင်စားနေတာကို ဘဝင်မကျရုံလောက်ပဲ၊ ဒါပေမဲ့ ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံဖို့ သူဆုံးဖြတ်လိုက်ပြီလို့ပြောတဲ့အခါ ကျွန်တော် အတော့်ကိုစိတ်ပူသွားတယ်။”

မာ့ခ်သည် ဇနီး၏ယုံကြည်ချက်အသစ်ကြောင့် မိမိတို့အိမ်ထောင် ပြိုကွဲသွားတော့မည်လောဟု တွေးပူရလေပြီ။ ကျမ်းစာမလေ့လာတော့ရန်၊ သက်သေခံများနှင့်မဆက်သွယ်တော့ရန် သူ၏ဇနီးကို ဖျောင်းဖျဖို့ စိတ်ကူးမိသည်။ သို့သော် သူသည် အတင်းအကျပ်မဆန့်ကျင်ဘဲ အချိန်ပေးခဲ့သည်။ သူတို့၏အိမ်ထောင် မည်သို့ဖြစ်သွားသနည်း။

“ဝမ်းသာစရာက ကျွန်တော်တို့ရဲ့အိမ်ထောင်နှောင်ကြိုး အရင်ကထက် ပိုခိုင်မြဲလာတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ကျွန်တော့်ဇနီး ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံတဲ့အချိန်ကစပြီး ပိုလို့တောင်အောင်မြင်ပျော်ရွှင်လာတယ်” ဟုမာ့ခ်ပြောပြသည်။ သူတို့၏အိမ်ထောင် အောင်မြင်ပျော်ရွှင်ရန် အဘယ်အရာက ကူညီပေးခဲ့သနည်း။ “ပြန်တွေးကြည့်ရင် အောင်မြင်ရတဲ့အကြောင်းရင်းအများစုကတော့ ကျမ်းစာမှာပါတဲ့ အကြံဉာဏ်ကောင်းတွေကို ကျွန်တော့်ဇနီးလိုက်နာတဲ့အတွက်ကြောင့်ပါပဲ။ သူ ကျွန်တော့်ကို အမြဲပဲ လေးလေးစားစား ပြောဆိုဆက်ဆံတယ်” ဟုမာ့ခ်ပြောပြသည်။

အောင်မြင်သောဇနီးများထံမှ အကြံဉာဏ်

သင်သည် ယေဟောဝါသက်သေများနှင့်ပူးပေါင်းနေသော ဇနီးတစ်ဦးဖြစ်လျှင် သင့်ခင်ပွန်းခံစားရနိုင်သော စိုးရိမ်သောကကိုလျော့ပါးစေရန် အဘယ်အရာပြောဆိုလုပ်ဆောင်နိုင်သနည်း။ ကမ္ဘာ့ဒေသအသီးသီးရှိ အမျိုးသမီးများ၏ပြောဆိုချက်များကို သုံးသပ်ကြည့်ပါ။

စာကီကို၊ ဂျပန်– “ကျွန်မအိမ်ထောင်သက် ၃၁ နှစ်ရှိပြီး သားသုံးယောက်ရှိတယ်။ ယေဟောဝါသက်သေဖြစ်တာ ၂၂ နှစ်ရှိပြီ။ ယုံကြည်ခြင်းမတူတဲ့ခင်ပွန်းနဲ့နေထိုင်ရတာ တစ်ခါတလေတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ “နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” ဆိုတဲ့ ကျမ်းစာအကြံဉာဏ်ကို ကျွန်မကြိုးစားလိုက်နာတယ်။ (ယာကုပ် ၁:၁၉) ကျွန်မခင်ပွန်းအပေါ် ကြင်နာဖို့၊ ကျမ်းစာမူတွေနဲ့မဆန့်ကျင်ဘူးဆိုရင် သူ့ရဲ့ဆန္ဒတွေကိုလိုက်လျောဖို့ ကြိုးစားတယ်။ အဲဒါက ကျွန်မတို့အိမ်ထောင်ရေးကို အောင်မြင်စေခဲ့တယ်။”

နာဒက်ဒါ၊ ရုရှား– “ကျွန်မ အိမ်ထောင်ကျတာ ၂၈ နှစ်ရှိပြီ၊ လွန်ခဲ့တဲ့ ၁၆ နှစ်က နှစ်ခြင်းခံပြီးတဲ့သက်သေခံတစ်ယောက်ဖြစ်လာတယ်။ ကျမ်းစာမလေ့လာခင်တုန်းက ကျွန်မအမျိုးသားကို အိမ်ထောင်ဦးစီးလို့ သဘောထားလို့မရဘူး။ ကိစ္စအတော်များများကို ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်တတ်တယ်။ ဒါပေမဲ့၊ ကျမ်းစာမူတွေကိုလိုက်နာတာက မိသားစုမှာ ပိုပြီးငြိမ်သက်ပျော်ရွှင်စေတယ်ဆိုတာ တဖြည်းဖြည်းသိလာတယ်။ (၁ ကောရိန္သု ၁၁:၃) ပြီးတော့ လက်အောက်ခံဖို့ တဖြည်းဖြည်း ပိုလွယ်ကူလာတယ်၊ ကျွန်မခင်ပွန်းလည်း ဒီအပြောင်းအလဲတွေကို သတိထားမိတယ်။”

မာလီ၊ ဘရာဇီး– “ကျွန်မအိမ်ထောင်သက် ၂၁ နှစ်ရှိပြီး သမီးနှစ်ယောက်ရှိတယ်။ လွန်ခဲ့တဲ့ဆယ့်ခြောက်နှစ်တုန်းက နှစ်ခြင်းခံပြီးတဲ့သက်သေခံတစ်ယောက်ဖြစ်လာတယ်။ အိမ်ထောင်သည်တွေ မခွဲခွာဘဲ အတူနေထိုင်ကြဖို့ ယေဟောဝါဘုရားသခင်လိုလားတယ်ဆိုတာ သိလာတယ်။ ဒါကြောင့် ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့၊ ယေဟောဝါနဲ့ကျွန်မခင်ပွန်းကို ပျော်ရွှင်အောင် ပြောဆိုပြုမူဖို့ ကျွန်မကြိုးစားတယ်။”

လာရီဆာ၊ ရုရှား– “လွန်ခဲ့တဲ့ ၁၉ နှစ်လောက်တုန်းက ကျွန်မ ယေဟောဝါသက်သေဖြစ်လာတဲ့အခါ ကျွန်မအတွက်အရေးကြီးဆုံးက ကျွန်မအသက်တာကို ပြောင်းလဲဖို့ပဲဆိုတာ သဘောပေါက်လာတယ်။ ကျွန်မကို ဇနီးကောင်းတစ်ယောက်ဖြစ်အောင်၊ ခင်ပွန်းကိုပိုလေးမြတ်အောင် ကျမ်းစာက ကူညီပေးတယ်ဆိုတာ ကျွန်မခင်ပွန်းသိလာတယ်။ အရင်တုန်းကတော့ ကလေးတွေကိုပြုစုပျိုးထောင်တာနဲ့ပတ်သက်ပြီး ကျွန်မတို့သဘောထားကွဲလွဲခဲ့ပေမဲ့ အဲဒါတွေကို ဖြေရှင်းခဲ့ကြတယ်။ ဘာသာရေးအစည်းအဝေးတွေ သွားတက်တဲ့အခါ ကလေးတွေကိုခေါ်သွားဖို့ ကျွန်မခင်ပွန်း ခွင့်ပြုခဲ့တယ်၊ အကြောင်းကတော့ အဲဒီမှာ သူတို့လေးတွေရဲ့အကျိုးအတွက်ပဲ သွန်သင်ပေးတယ်ဆိုတာ သူသဘောပေါက်လို့ပေါ့။”

ဗာကီရီယာ၊ ဘရာဇီး– “ကျွန်မအိမ်ထောင်သက် ၁၉ နှစ်ရှိပြီး သားတစ်ယောက်ရှိတယ်။ လွန်ခဲ့တဲ့ဆယ့်သုံးနှစ်တုန်းက ကျွန်မ ယေဟောဝါသက်သေဖြစ်လာတယ်။ အစပိုင်းတော့၊ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တာကို ကျွန်မအမျိုးသား မကြိုက်ဘူး။ ဒါပေမဲ့ သူ့ရဲ့စိုးရိမ်ပူပန်မှုကို ယဉ်ယဉ်ကျေးကျေးတုံ့ပြန်တတ်လာတယ်၊ ပြီးတော့ ကျမ်းစာက ကျွန်မရဲ့ကိုယ်ရည်ကိုယ်သွေးကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာ သူသိအောင် ကူညီတတ်လာတယ်။ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်တာက ကျွန်မအတွက် သိပ်အရေးကြီးတယ်ဆိုတာ သူ တဖြည်းဖြည်းနားလည်လာတယ်။ အခုတော့ ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ဆိုင်တဲ့လုပ်ဆောင်မှုတွေကို သူအပြည့်အဝကူညီပေးတယ်။ ကျေးလက်ဒေသတွေကိုသွားပြီး ကျမ်းစာသင်ပေးတဲ့အခါ သူ ကားမောင်းပို့ပြီး ကျွန်မကျမ်းစာသင်ပြီးတဲ့အထိ အပြင်ကနေ စိတ်ရှည်ရှည်နဲ့စောင့်ပေးတယ်။”

အိမ်ထောင်သာယာစေသော တွန်းအားတစ်ရပ်

သင့်အိမ်ထောင်ဖက်သည် ယေဟောဝါသက်သေများနှင့်ပူးပေါင်းနေလျှင် ယင်းကြောင့် သင့်အိမ်ထောင်ပြိုကွဲသွားမည်ကို မစိုးရိမ်ပါနှင့်။ ကမ္ဘာတစ်ဝန်းရှိ လင်ယောက်ျားနှင့်ဇနီးများစွာ သိရှိခဲ့ကြသည့်အတိုင်း သမ္မာကျမ်းစာသည် အိမ်ထောင်သာယာစေသော တွန်းအားတစ်ရပ်ဖြစ်သည်။

ယေဟောဝါသက်သေမဟုတ်သော လင်ယောက်ျားတစ်ဦး ဤသို့ရိုးသားစွာဝန်ခံသည်– “ယေဟောဝါသက်သေတွေရဲ့ယုံကြည်ချက်ကို ကျွန်တော့်ဇနီးလက်ခံတဲ့အခါ အစပိုင်းမှာ ကျွန်တော်စိတ်ထိခိုက်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီလို အနာခံခဲ့လို့ အခု အသာစံနေရပြီလို့ ခံစားမိတယ်။” နောက်တစ်ဦးကလည်း သူ့ဇနီးအကြောင်း ဤသို့ဆိုသည်– “ကျွန်တော့်ဇနီးရဲ့ သစ္စာရှိမှု၊ စိတ်ဓာတ်ခိုင်မာမှု၊ တည်ကြည်မှုတွေကြောင့် ယေဟောဝါသက်သေတွေကို ကျွန်တော် အတော်အထင်ကြီးလေးစားမိတယ်။ သူ့ရဲ့ဘာသာရေးယုံကြည်ချက်တွေက ကျွန်တော်တို့အိမ်ထောင်ကို အတော်အကျိုးပြုတယ်။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ထည့်တွက်စဉ်းစားပြီး ထာဝရလက်တွဲဖော်အဖြစ် သဘောထားကြတယ်။”

[စာမျက်နှာ ၁၃ ပါလေးထောင့်ကွက်/ရုပ်ပုံ]

ယေဟောဝါသက်သေများသည် အိမ်ထောင်ရေးကို မည်သို့ ရှုမြင်ကြသနည်း

ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကို ဘုရားသခင့်လမ်းညွှန်မှုဖြင့် ရေးသားထားသောကျမ်းအဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် အိမ်ထောင်နှင့်ပတ်သက်၍ ကျမ်းစာမိန့်ဆိုချက်ကို သူတို့အလေးအနက်ထားကြသည်။ အောက်ပါမေးခွန်းများကို ကျမ်းစာတွင် မည်သို့ဖြေဆိုထားကြောင်း သတိပြုကြည့်ပါ–

ယေဟောဝါသက်သေများသည် သက်သေခံမဟုတ်သောအိမ်ထောင်ဖက်နှင့် ခွဲနေရန် မိမိတို့အသင်းသားများကို အားပေးသလော။ အားမပေးပါ။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “တစ်စုံတစ်ယောက်သောညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍ ထိုမယားသည် မိမိခင်ပွန်းနှင့်နေခြင်းငှာအလိုရှိလျှင် မကွာစေနှင့်။ ထိုနည်းတူ မိန်းမသည်လည်း မယုံကြည်သောခင်ပွန်းရှိ၍ ထိုခင်ပွန်းသည် မိမိမယားနှင့်နေခြင်းငှာအလိုရှိလျှင် မကွာစေနှင့်။” (၁ ကောရိန္သု ၇:၁၂၊ ၁၃) ယေဟောဝါသက်သေများသည် ထိုမိန့်မှာချက်ကို လိုက်နာကြသည်။

▪ ယေဟောဝါသက်သေဇနီးတစ်ဦးသည် ယုံကြည်ခြင်းမတူသော လင်ယောက်ျား၏အလိုဆန္ဒများကို လျစ်လျူရှုရန် အားပေးခံရသလော။ အားပေးမခံရပါ။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– ‘မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်မြွက်တော်ကိုနားမထောင်သော ယောက်ျားအချို့ရှိလျှင် ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍ မိမိမယား၏အကျင့် အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။’ —၁ ပေတရု ၃:၁၊ ၂

လင်ယောက်ျားသာ အခွင့်အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟု ယေဟောဝါသက်သေများ သွန်သင်ပါသလော။ မသွန်သင်ပါ။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။” (၁ ကောရိန္သု ၁၁:၃) ခရစ်ယာန်ဇနီးတစ်ဦးသည် သူ၏ ခင်ပွန်းကို အိမ်ထောင်ဦးစီးအဖြစ် လေးစားရပါမည်။ သို့သော် လင်ယောက်ျားသည် အခွင့်အာဏာအရှိဆုံးပုဂ္ဂိုလ်မဟုတ်ပါ။ သူသည် ဘုရားသခင်နှင့်ခရစ်တော်ထံတွင် စာရင်းရှင်းရမည်။ ထို့ကြောင့် ဘုရားသခင့်ပညတ်နှင့်ဆန့်ကျင်ရာကို လုပ်ဆောင်ဖို့ လင်ယောက်ျားတစ်ဦးအမိန့်ပေးလာလျှင် ခရစ်ယာန်ဇနီးသည် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကိုနားထောင်” ပါလိမ့်မည်။—တမန်တော် ၅:၂၉

ယေဟောဝါသက်သေများသည် ကွာရှင်းခြင်းကိုမပြုအပ်ဟူ၍ သွန်သင်သလော။ မသွန်သင်ပါ။ “မတရားမေထုန်ပြုခြင်း [လိင်အကျင့်ယိုယွင်းခြင်း]မှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကိုကွာရှင်း၍ အခြားသူတစ်ဦးကိုထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်၏” ဟုယေရှုခရစ်ဆိုသည်။ (မဿဲ ၁၉:၉ကဘ) ထို့ကြောင့် အိမ်ထောင်ရေးဖောက်ပြန်လျှင် ကွာရှင်းနိုင်သည်ဟူသော ယေရှု၏ရှုမြင်ပုံကို ယေဟောဝါသက်သေများ လက်ခံကြသည်။ သို့သော် မခိုင်လုံသောအကြောင်းရင်းများဖြင့် မကွာရှင်းသင့်ကြောင်းကိုလည်း သူတို့အခိုင်အမာယုံကြည်သည်။ “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူ နှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။ . . . ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်” ဟူသော ယေရှု၏စကားများကို လိုက်နာရန် အသင်းသားများကို သူတို့အားပေးကြသည်။—မဿဲ ၁၉:၅၊ ၆