မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူတစ်ဦးသေဆုံးသောအခါ အဘယ်အရာဖြစ်သွားသနည်း

လူတစ်ဦးသေဆုံးသောအခါ အဘယ်အရာဖြစ်သွားသနည်း

လူတစ်ဦးသေဆုံးသောအခါ အဘယ်အရာဖြစ်သွားသနည်း

“ဝိညာဉ်မှန်သမျှ မသေနိုင်၊ လူဆိုးများ၏ဝိညာဉ်ပင်လျှင် မသေနိုင်ပေ။ . . . သူတို့သည် အစဉ်တောက်လောင်နေသောမီးထဲတွင် အရှင်လတ်လတ်ဖြင့် ထာဝရအပြစ်ပေးခံရပြီး သူတို့၏စိတ်ဆင်းရဲမှုကို [အဆုံးသတ်ဖို့] လုံးဝမဖြစ်နိုင်ပါ။”—အေဒီဒုတိယနှင့်တတိယရာစုမှ စာရေးဆရာ၊ အလက်ဇန္ဒြီးယားမြို့သား ကလီးမင့်။

ငရဲသည် ထာဝစဉ်ညှဉ်းဆဲရာအရပ်ဖြစ်သည်ဟူသော သွန်သင်ချက်ကို အားပေးထောက်ခံသူတို့သည် လူ၌မသေနိုင်သောဝိညာဉ်ရှိသည်ဟု ကလီးမင့်ကဲ့သို့ပင် ယူဆကြသည်။ ထိုသွန်သင်ချက်ကို သမ္မာကျမ်းစာ ထောက်ခံပါသလော။ အောက်ပါမေးခွန်းများကို ကျမ်းစာတွင် မည်သို့ဖြေဆိုထားကြောင်း သုံးသပ်ကြည့်ပါ။

ပထမလူသားအာဒံသည် မသေနိုင်သောပုဂ္ဂိုလ်လော။ အာဒံကိုဖန်ဆင်းပြီးသည်နှင့် ဘုရားသခင် ဤသို့ပညတ်သည်– “ကောင်းမကောင်းကိုသိကျွမ်းရာအပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်။” (ကမ္ဘာဦး ၂:၁၆၊ ၁၇) ထို့ကြောင့် အာဒံသည် မသေနိုင်သောပုဂ္ဂိုလ်မဟုတ်ပါ။

အာဒံသည် အပြစ်ကျူးလွန်ပြီးနောက် နောက်ဆုံးတွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ဘုရားသခင်ချမှတ်လိုက်သောပြစ်ဒဏ်မှာ ငရဲတွင် ထာဝစဉ်ညှဉ်းဆဲခံရခြင်း မဟုတ်ပါ။ ယင်းအစား ခေတ်သုံးမြန်မာကျမ်းစာတွင် ဘုရားသခင်၏အမိန့်ကို ဤသို့ဆိုထားသည်– “သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရသည့်တိုင်အောင် မြေမှသီးနှံထွက်စေရန် ချွေးထွက်လျက် ပင်ပန်းစွာလုပ်ကိုင်ရမည်။ သင်သည် မြေမှဖြစ်လာ၍ မြေသို့ပြန်သွားရမည်။” (ကျွန်ုပ်တို့စာလုံးစောင်းထား၊ ကမ္ဘာဦး ၃:၁၉) ဘုရားသခင့်မိန့်ဆိုချက်သည် အာဒံသေဆုံးပြီးနောက် သူ၏အစိတ်အပိုင်းတစ်ခုခု ဆက်အသက်ရှင်နေမည်ဟူသော သဘောမသက်ရောက်ပေ။

မသေနိုင်သော လူတစ်ဦးဦး ရှိပါသလော။ မသေနိုင်သောလူဟူ၍ မရှိပါ။ “အလုံးစုံတို့သည် တစ်ခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ်သည်နှင့်အညီ မြေမှုန့်ထဲသို့ပြန်သွားတတ်ကြ၏” ဟု ဒေ. ၃:၂၀ ကဖော်ပြသည်။ “အပြစ်တရားသည် လူတစ်ယောက်[အာဒံ]ကြောင့် ဤကမ္ဘာလောကသို့ သက်ရောက်လာ၏။ ထိုသူ၏အပြစ်ကြောင့် သေခြင်းတရားပေါ်ပေါက်လာရ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ကျူးလွန်ကြသဖြင့် သေကြကုန်၏” ဟုတမန်တော်ပေါလုရေးခဲ့သည်။ (ရောမ ၅:၁၂ခမ) လူအားလုံးသည် အပြစ်သားများဖြစ်သောကြောင့် လူအားလုံးသေဆုံးကြသည်။

သေလွန်သူတို့သည် တစ်စုံတစ်ခုကို သိရှိခံစားနိုင်သလော။ “အသက်ရှင်သူများသည် မိမိတို့သေရမည်ကိုသိကြ၏။ လူသေများမူကား အဘယ်အရာကိုမျှမသိ” ဟုကျမ်းစာကဆိုသည်။ (ဒေ. ၉:၅ခမ) လူတို့သေဆုံးပြီးနောက် အဘယ်အရာဖြစ်သွားကြောင်း ကက်သလစ်ကျမ်းစာတွင် ဤသို့ဖော်ပြသည်– “သူတို့သည် သေဆုံးသောအခါ မြေကြီးသို့ပြန်သွားကြရ၏။ ထိုနေ့၌ပင် သူတို့၏အကြံအစည်တို့သည် ပျက်စီးကြကုန်၏။” (ဆာလံ ၁၄၆:၄) သေလွန်သူတို့သည် “အဘယ်အရာကိုမျှမသိ၊” “သူတို့၏အကြံအစည်တို့သည် ပျက်စီး” သွားလျှင် ငရဲတွင် ညှဉ်းဆဲခံရခြင်းကို မည်သို့သိရှိခံစားနိုင်ပါမည်နည်း။

ယေရှုခရစ်က သေခြင်းကို အသိစိတ်ရှိဆဲအခြေအနေတစ်ခုနှင့်မဟုတ်ဘဲ အိပ်ပျော်နေခြင်းနှင့် နှိုင်းယှဉ်ခဲ့သည်။ * (ယောဟန် ၁၁:၁၁-၁၄) သို့သော် ငရဲသည် မီးတောက်လောင်ရာအရပ်ဖြစ်ပြီး အပြစ်သားများ မီးငရဲထဲသို့ပစ်ချခံရမည်ဟု ယေရှုသွန်သင်ကြောင်း အချို့စောဒကတက်ကြပေမည်။ ငရဲနှင့်ပတ်သက်၍ ယေရှု အမှန်တကယ်မိန့်ဆိုခဲ့ရာကို သုံးသပ်ကြည့်ကြစို့။

[အောက်ခြေမှတ်ချက်]