မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် သဲပေါ်တွင် တည်ဆောက် နေသလော သို့မဟုတ် ကျောက်ပေါ်တွင် တည်ဆောက်နေသလော

သင်သည် သဲပေါ်တွင် တည်ဆောက် နေသလော သို့မဟုတ် ကျောက်ပေါ်တွင် တည်ဆောက်နေသလော

သင်သည် သဲပေါ်တွင် တည်ဆောက် နေသလော သို့မဟုတ် ကျောက်ပေါ်တွင် တည်ဆောက်နေသလော

ကျမ်းစာဖတ်ရှုခြင်းကို သင် နှစ်သက်သလော။ ယေဟောဝါသက်သေတစ်ဦးနှင့်အတူ ကျမ်းစာကိုပုံမှန်လေ့လာရန် သင် အချိန်သီးသန့်ဖယ်ထားသလော။ သို့ဆိုလျှင် ကမ္ဘာပေါ်တွင် ဤမျှတိုင်ပြဿနာများပြားနေရသည့် အကြောင်းရင်းကို သင်နားလည်သဘောပေါက်ပေမည်။ (ဗျာ. ၁၂: ၈၊ ၉၊ ၁၂) ထို့ပြင် ဘဝအခက်အခဲများ ရင်ဆိုင်ရချိန်တွင် ကျမ်းချက်များစွာသည် သင့်ကို အမှန်နှစ်သိမ့်ပေးပြီး အနာဂတ်အတွက် မျှော်လင့်ချက်ရှိစေပေမည်။—ဆာလံ ၁၄၅:၁၃၊ ၁၄; ၁၄၇:၃; ၂ ပေတရု ၃:၁၃

တိကျမှန်ကန်သော ကျမ်းစာအသိပညာဆည်းပူးခြင်းသည် ခရစ်တော်၏နောက်လိုက်ဖြစ်လိုသူများအတွက် အရေးကြီးသောခြေလှမ်းဖြစ်သည်။ သို့သော် ယင်းသည် လုံလောက်ပြီလော။ မလုံလောက်ပါ။ ကျမ်းစာသင်သားတစ်ဦးသည် အထူးသဖြင့် ယုံကြည်ခြင်းစမ်းသပ်ခံရချိန်တွင် ခရစ်ယာန်စစ်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်ရန် ထပ်ဆင့်အရေးပါသော ခြေလှမ်းလှမ်းဖို့ လိုအပ်သည်။ ယင်းကား အဘယ်နည်း။ ထိုအဖြေကိုရရှိရန် ဂါလိလဲနယ်ရှိ တောင်ပေါ်တွင် ယေရှုဟောကြားခဲ့သည့် တရားတော်ကို အနည်းငယ်သုံးသပ်ကြည့်ကြစို့။—မဿဲ ၅:၁၊ ၂

အိမ်နှစ်လုံးစမ်းသပ်ခံရ

တောင်ပေါ်တရားတော်တွင် ပါဝင်သောအကြောင်းအရာများကို သင်အကျွမ်းတဝင်ရှိပါသလော။ ထိုထင်ရှားသော ဟောပြောချက်ကို မဿဲနှင့်လုကာခရစ်ဝင်ကျမ်းများတွင် သင်တွေ့ရှိနိုင်သည်။ (မဿဲ ၅:၁–၇:၂၉; လုကာ ၆:၂၀-၄၉) ထိုတရားတော်ကို အစအဆုံးဖတ်ပြီးရန် မိနစ် ၂၀ သာကြာသည်။ သို့သော် ယင်းတွင် တင်စားချက် ၅၀ ကျော်နှင့် ဟေဗြဲကျမ်းစောင်များမှကိုးကားချက် ၂၀ ကျော်ပါဝင်သည်။ ယေရှုသည် အိမ်နှစ်လုံးဆောက်လုပ်သည့် ပုံဥပမာပါဝင်သော တင်စားချက်တစ်ခုဖြင့် တောင်ပေါ်တရားတော်ကို နိဂုံးချုပ်ခဲ့သောကြောင့် ယင်းသည် ထူးခြား၏။ ထိုပုံဥပမာ၏အဓိပ္ပာယ်ကို သင်သဘောပေါက်ပါက ခရစ်တော်၏နောက်လိုက်တစ်ဦးအနေဖြင့် သင်ကြုံတွေ့ဖွယ်ရှိသည့် မည်သည့်ယုံကြည်ခြင်းစမ်းသပ်မှုကိုမဆို မည်သို့ဆက်၍ခံရပ်တည်ကြည်နိုင်ကြောင်း နားလည်လာပါလိမ့်မည်။

ယေရှုဤသို့ဆိုသည်– “ထို့ကြောင့် ငါဟောသော ဤစကားကို ကြား၍ လိုက်နာသောသူတိုင်းကို ကျောက်ဆောင်ပေါ်တွင် အိမ်ဆောက်သည့် သတိပညာရှိသောသူနှင့် ငါပုံခိုင်းမည်။ မိုးသည်းထန်စွာရွာပြီး ရေတက်လာကာ လေထန်၍ ထိုအိမ်ကို တိုက်ခတ်သော်လည်း ကျောက်ဆောင်ပေါ်တွင် တည်သောကြောင့် မပြိုမလဲဘဲနေ၏။ ငါဟောသော ဤစကားကိုကြား၍ မလိုက်နာဘဲနေသောသူတိုင်းကို သဲပေါ်တွင် အိမ်ဆောက်သည့် လူမိုက်နှင့် ငါပုံခိုင်းမည်။ မိုးသည်းထန်စွာရွာပြီး ရေတက်လာကာ လေထန်၍ ထိုအိမ်ကို တိုက်ခတ်သော် ထိုအိမ်သည် ပြိုလဲပျက်စီးသွား၏။”—မဿဲ ၇:၂၄-၂၇ကဘ။

‘နက်စွာတူးသောသူ’

ယေရှုသည် အိမ်ဆောက်သူနှစ်ဦး၏ပုံဥပမာဖြင့် အဘယ်အရေးကြီးသောအမှန်တရားကို တပည့်များအား သွန်သင်ပေးခဲ့သနည်း။ အဖြေရရန် ယေရှု၏စကားများကို သေချာသုံးသပ်ကြည့်ပါ။ ထိုအိမ်နှစ်လုံးနှင့်ပတ်သက်၍ သင်အဘယ်အရာ သတိပြုမိသနည်း။ အိမ်နှစ်ဆောင်စလုံးသည် တူညီသောဘေးဒဏ်ကို ရင်ဆိုင်ခဲ့ရ၏။ တူညီသောအိမ်ပုံစံ ဖြစ်ပေမည်။ ထို့ပြင် တူညီသောမြေအနေအထားပေါ်တွင် ဆောက်လုပ်ထားမည်။ ဘေးချင်းယှဉ်လျက်ပင် ဖြစ်နိုင်သည်။ သို့သော် အိမ်တစ်လုံးကို သဲပေါ်တွင်တည်ဆောက်ထားပြီး အခြားတစ်လုံးကိုမူ ကျောက်ပေါ်တွင် တည်ဆောက်ထား၏။ ယင်းသည် မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမှာ လုကာကျမ်းတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ထိုပညာရှိသည် ကျောက်လွှာအထိ ရောက်ရှိနိုင်ရန် “နက်စွာတူး” ခဲ့၍ဖြစ်သည်။ (လုကာ ၆:၄၈) ရလဒ်အနေဖြင့် ထိုပညာရှိ၏အိမ်သည် မပြိုမလဲခိုင်မြဲခဲ့သည်။

ယေရှုအလေးပေးလိုသည့်အချက်ကား အဘယ်နည်း။ ယေရှုသည် အိမ်ပုံစံ၊ မြေအနေအထား သို့မဟုတ် ပစ္စည်းအရည်အသွေးတို့ကိုမဟုတ်ဘဲ ထိုအိမ်ဆောက်သူနှစ်ဦး၏ အပြုအမူကို အလေးပေးဖော်ပြရန် ထိုပုံဥပမာကို မိန့်ဆိုနေခြင်းဖြစ်သည်။ လူတစ်ဦးသည် နက်ရှိုင်းစွာတူးသော်လည်း အခြားတစ်ဦးမှာမူ ထိုသို့မပြုချေ။ သင်သည် ထိုပညာရှိကဲ့သို့ မည်သို့ဖြစ်နိုင်ပြီး နက်ရှိုင်းစွာ မည်သို့တူးနိုင်မည်နည်း။ ယေရှုကိုယ်တိုင် ထိုပုံဥပမာ၏အဓိကအချက်ကို ဤသို့အကျဉ်းချုပ်ခဲ့သည်– “ငါ့စကားကို မလိုက်နာဘဲ အဘယ်ကြောင့် ငါ့ကို ‘သခင်၊ သခင်’ ဟုခေါ်ကြသနည်း။ ငါ့ထံသို့လာ၍ ငါ့စကားကို နာယူကျင့်သုံးသောသူတိုင်း မည်သူနှင့်တူကြောင်း ငါပြမည်။ အိမ်ကိုဆောက်သောအခါ နက်စွာတူး၍ ကျောက်ဆောင်ပေါ်မှာ အုတ်မြစ်ချသောသူနှင့် တူ၏။”—လုကာ ၆:၄၆-၄၈ကဘ။

မှန်ပါသည်၊ ကျမ်းစာသွန်သင်ချက်များကို နားထောင်ရုံ သို့မဟုတ် အိမ်တွင် ကျမ်းစာဖတ်ရှုရုံသက်သက်သည် တူးစရာမလိုသော အပေါ်ယံသဲလွှာပေါ်တွင် အိမ်ဆောက်ခြင်းနှင့် ဆင်တူသည်။ သို့သော် ခရစ်တော်၏သွန်သင်ချက်များကို လက်တွေ့လိုက်လျှောက်ရန်မူ ကြိုးစားအားထုတ်ဖို့ လိုအပ်သည်။ ယင်းသည် မာကျောသည့်ကျောက်လွှာအထိရောက်အောင် နက်ရှိုင်းစွာတူးခြင်းနှင့်တူသည်။

ထို့ကြောင့် သင်သည် ခရစ်တော်၏နောက်လိုက်တစ်ဦးအဖြစ် တည်ကြည်မှုရှိမရှိဟူသည် သင် ကြားနာခဲ့ရာများကို လက်တွေ့ကျင့်သုံးမသုံးပေါ်တွင် မူတည်သည်။ ကျမ်းစာလေ့လာခြင်းမှ သိရှိခဲ့ရာများကို နေ့စဉ်ဘဝအသက်တာတွင် လက်တွေ့ကျင့်သုံးလျှင် သင်သည် နက်ရှိုင်းစွာတူးသည့် ပညာရှိနှင့် တူပေမည်။ ထို့ကြောင့် ကျမ်းစာသင်သားတိုင်းသည် သေချာစဉ်းစားသုံးသပ်ပြီးနောက် မိမိကိုယ်ကိုဤသို့မေးသင့်သည်– ‘ငါဟာ နားထောင်ရုံသက်သက်လား ဒါမှမဟုတ် လက်တွေ့ကျင်သုံးသလား။ ကျမ်းစာကို ဖတ်ရှုလေ့လာရုံသက်သက်ပဲလား ဒါမှမဟုတ် ဆုံးဖြတ်ချက်တွေချတဲ့အခါ ကျမ်းစာပညတ်တွေကို ငါ လိုက်လျှောက်သလား။’

နက်စွာတူးခြင်း၏ အကျိုးကျေးဇူးများ

ဟိုစာ၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ကျမ်းစာ၏ မြင့်မားသောကျင့်ဝတ်စံနှုန်းများကို လေးမြတ်တတ်ရန် သူ့အား မိဘများသင်ပေးခဲ့သော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မည်သည့်အခါမျှ သူကိုယ်တိုင်လေ့လာခဲ့ခြင်းမရှိချေ။ သူဤသို့ဆို၏– “ကျွန်တော်အိမ်ခွဲသွားတဲ့အခါ လူကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ မကောင်းတဲ့အပေါင်းအသင်းတွေနဲ့ ပေါင်းသင်းမိခဲ့တယ်။ မူးယစ်ဆေးဝါး သုံးစွဲပြီး လိင်အကျင့်ယိုယွင်းခဲ့တယ်၊ ပြီးတော့ အခြားသူတွေနဲ့ အမြဲရန်ဖြစ်တယ်။”

နောက်ဆုံးတွင် ဟိုစာသည် သူ၏ဘဝပုံစံကို ပြောင်းလဲရန်ဆုံးဖြတ်ပြီး ကျမ်းစာကို စိတ်ဝင်တစားလေ့လာခဲ့သည်။ ဟိုစာဤသို့ပြောသည်– “ယေရှုရဲ့တောင်ပေါ်တရားတော်ကို ဖတ်ပြီးနားလည်သဘောပေါက်လာတာက ကျွန်တော့်ကို ပြောင်းလဲဖို့လှုံ့ဆော်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စရိုက်နဲ့ဘဝပုံစံကို ပြောင်းလဲဖို့ အချိန်အတော်ယူခဲ့ရတယ်။ ပထမတော့ ‘သူငယ်ချင်းတွေ’ ကျွန်တော့်ကို တစ်မျိုးထင်မှာစိုးရိမ်ခဲ့ပေမဲ့ အဲဒီစိတ်ကို ကျော်လွှားနိုင်တယ်။ လိမ်တတ်တဲ့အကျင့်နဲ့ ညစ်ညမ်းတဲ့စကားပြောဆိုတဲ့အကျင့်တွေကို စွန့်လွှတ်ပြီး ယေဟောဝါသက်သေတွေရဲ့အစည်းအဝေးတွေကို စတက်ခဲ့တယ်။ ယေရှုကတိပြုထားတဲ့အတိုင်းပဲ ရိုးရှင်းတဲ့ဘဝနဲ့အသက်ရှင်ပြီး ကျမ်းစာအကြံဉာဏ်တွေကို လိုက်လျှောက်တာက စစ်မှန်တဲ့ပျော်ရွှင်မှုရစေတယ်ဆိုတာ ကျွန်တော် သိလာတယ်။”—မဿဲ ၅:၃-၁၂

ကျောက်ပေါ်တွင်အိမ်ဆောက်ရန် နက်ရှိုင်းစွာတူးခြင်းဖြစ်သည့် ဘုရားသခင့်နှုတ်မြွက်တော်မှ သိရှိခဲ့ရာများကို ထက်သန်စွာကျင့်သုံးခြင်း၏ အကျိုးကျေးဇူးကားအဘယ်နည်း။ ယေရှုဤသို့ဖော်ပြသည်– “မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခက်သောအခါ ကျောက်ပေါ်မှာတည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။” (လုကာ ၆:၄၈) လေ့လာသိရှိခဲ့ရာများကို သင် ကောင်းစွာကျင့်သုံးပါက မုန်တိုင်းကဲ့သို့သောစမ်းသပ်မှုများသည် သင့်ယုံကြည်ခြင်းကို မဖျက်ဆီးနိုင်ရုံသာမက လှုပ်ခါသွားစေရန်ပင် တတ်နိုင်မည်မဟုတ်ပါ။ ယင်းကိုသိထားခြင်းက အမှန်ပင်အားရှိစေသည်။

ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကြားနာရုံသာမဟုတ်ဘဲ အမှန်တကယ်ကျင့်သုံးသော ကျမ်းစာသင်သားများရရှိမည့် နောက်ကောင်းချီးတစ်ခုကို ယေရှု၏မိတူဖကွဲညီ၊ တပည့်ဖြစ်သူယာကုပ်က ဤသို့ဖော်ပြသည်– ‘နှုတ်မြွက်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။ . . . လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား တရားနာ၍မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့် မိမိကျင့်သောအကျင့်၌ [“ပျော်ရွှင်၊” ကဘ] သောသူဖြစ်၏။’—ယာကုပ် ၁:၂၂-၂၅

ကျမ်းစာသွန်သင်ချက်များကို ကျင့်သုံးသူများသည် အမှန်ပင်ပျော်ရွှင်ကြသည်။ ထိုပျော်ရွှင်မှုသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သောဆည်းကပ်မှုကို စမ်းသပ်သော မုန်တိုင်းနှင့်တူသည့်အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခရစ်တော်၏နောက်လိုက်များအား ခွန်အားပေးသည်။

သင် အဘယ်အရာပြုလုပ်မည်နည်း

ယေဟောဝါဘုရားသခင်၏ အမှုတော်ဆောင်ခြင်းသည် အရာနှစ်ခုကို တစ်ချိန်တည်းတွင် တစ်ပြိုင်နက်လုပ်ဆောင်၍မရဘဲ တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်ရသည့်ကိစ္စဖြစ်လေ့ရှိကြောင်း တောင်ပေါ်တရားတော်ကို မိန့်ကြားစဉ် ယေရှု အလေးပေးဖော်ပြခဲ့သည်။ ဥပမာ၊ လူတစ်ဦးတွင် ရိုးရှင်းသောမျက်စိရှိနိုင်သည် သို့မဟုတ် ဆိုးညစ်သောမျက်စိရှိနိုင်သည်၊ သူသည် ဘုရားသခင့်အစေခံနိုင်သည် သို့မဟုတ် စည်းစိမ်ဥစ္စာ၏ အစေခံနိုင်သည်၊ လမ်းကျဉ်းပေါ်တွင် လျှောက်နိုင်သည် သို့မဟုတ် လမ်းကျယ်ပေါ်တွင် လျှောက်နိုင်သည်ဟု ယေရှုသွန်သင်ခဲ့သည်။ (မဿဲ ၆:၂၂-၂၄ကဘ; ၇:၁၃၊ ၁၄) ယေရှုသည် အိမ်ဆောက်သူနှစ်ဦး၏ ပုံဥပမာကို နိဂုံးချုပ်သောအခါ နောက်လိုက်များအား ပညာရှိကဲ့သို့ ပြုမူမည်လော သို့မဟုတ် လူမိုက်ကဲ့သို့ ပြုမူမည်လော ဟူ၍ရွေးချယ်စေခဲ့သည်။

သင်သည် ကျမ်းစာလေ့လာပြီး သိရှိခဲ့ရာများကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆက်လက်ကျင့်သုံးပါက ပညာရှိစွာပြုမူနေခြင်းဖြစ်သည်။ မှန်ပါသည်၊ ကျောက်ပေါ်တွင် အိမ်ဆောက်ရန် နက်စွာတူးခြင်းသည် ယခုနှင့်နောင်လာမည့်အနာဂတ်တွင် သင့်အား ကောင်းချီးများစွာရရှိစေပါလိမ့်မည်။—သု. ၁၀:၂၅

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ခံရပ်တည်ကြည်ခြင်းသည် လေ့လာသိရှိရာကို လက်တွေ့ကျင့်သုံးခြင်းအပေါ် မူတည်