မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

ယေရှုအချိန်တွင် ဂျူးတို့ အဘယ်ကြောင့် ဤမျှတိုင်ကွဲလွင့်နေကြသနည်း။

ယေရှုက မိမိစကားကို နားထောင်နေသောလူအုပ်အား မိမိသွားရာအရပ်သို့ သူတို့မရောက်နိုင်ကြဟု မိန့်ဆိုသောအခါ သူတို့က ‘သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသ [ဂရိ] လူတို့တွင် အရပ်ရပ်သို့ကွဲပြားလျက်နေသော [ဂျူး] တို့ ရှိရာသို့သွား . . . လိမ့်မည်လော’ ဟုဆိုကြ၏။ (ယောဟန် ၇:၃၂-၃၆) များမကြာမီ ခရစ်ယာန်သာသနာပြုများသည် မြေထဲပင်လယ်ဒေသတစ်လျှောက် ကွဲလွင့်နေသော ဂျူးတို့ကို သတင်းကောင်းဟောပြောခဲ့သည်။—တမန်တော် ၂:၅-၁၁; ၉:၂; ၁၃:၅၊ ၁၃၊ ၁၄; ၁၄:၁; ၁၆:၁-၃; ၁၇:၁; ၁၈:၁၂၊ ၁၉; ၂၈:၁၆၊ ၁၇

ထိုသို့ကွဲလွင့်သွားရခြင်းမှာ ဂျူးတို့ကို ဘီစီ ၇၄၀ တွင်အနိုင်ရသော အဆီးရီးယားနှင့် ဘီစီ ၆၀၇ တွင်အနိုင်ရသော ဗာဗုလုန်လူမျိုးတို့က နေရင်းပြည်မှ နယ်နှင်လိုက်သောကြောင့်ဖြစ်သည်။ နယ်နှင်ခံရသူအကြွင်းအကျန်သာ အစ္စရေးသို့ပြန်လာခဲ့ကြသည်။ (ဟေရှာယ ၁၀:၂၁၊ ၂၂) အခြားသူတို့မူ မိမိတို့အခြေချပြီးသောဒေသတွင်သာ ဆက်နေထိုင်သွားကြသည်။

ထို့ကြောင့် ဘီစီငါးရာစုတွင် ပါးရှားအင်ပါယာ၏ ခရိုင် ၁၂၇ ခုတွင် ဂျူးတို့အခြေချနေထိုင်နေခြင်းဖြစ်သည်။ (ဧသတာ ၁:၁; ၃:၈) ဂျူးတို့၏ ဘာသာသွင်းရန် ကြိုးပမ်းမှုကြောင့် လူများစွာသည် ယေဟောဝါအကြောင်း၊ ဂျူးတို့ကို ကိုယ်တော်ပေးခဲ့သောပညတ်တရားအကြောင်းတို့ကို တီးခေါက်မိလာကြသည်။ (မဿဲ ၂၃:၁၅) ဒေသများစွာမှ ဂျူးများသည် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရုရှလင်၌ရောက်ရှိနေရာ ယေရှုနှင့်ပတ်သက်သောသတင်းကောင်းကို ကြားနာခဲ့ကြရသည်။ ထို့ကြောင့် ရောမအင်ပါယာတစ်ခွင်တွင် ဂျူးတို့ကွဲလွင့်နေခြင်းက ခရစ်ယာန်အယူဝါဒကို လျင်မြန်စွာပျံ့နှံ့စေခဲ့သည်။

ဘုရင်ရှောလမုန်သည် ရွှေမည်မျှပိုင်ဆိုင်သနည်း။

တုရုဘုရင်ဟိရံနှင့် ရှေဘမိဖုရားသည် ရှောလမုန်ထံ ရွှေလေးတန်စီဆက်သခဲ့ပြီး ရှောလမုန်၏သင်္ဘောများသည် သူ့ထံသို့ ဩဖိရမြို့မှ ရွှေတစ်ဆယ့်ငါးတန် ဆောင်ခဲ့ကြောင်း ကျမ်းစာကဖော်ပြသည်။ “ရှောလမုန်ထံသို့ တစ်နှစ်တစ်နှစ်လျှင် ရောက်သောရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ့်ခြောက်ပိဿာ” သို့မဟုတ် ၂၅ တန်ကျော်ဖြစ်သည်ဟု မှတ်တမ်းကဆိုသည်။ (၃ ဓမ္မရာဇဝင် ၉:၁၄၊ ၂၈; ၁၀:၁၀၊ ၁၄) ယင်းသို့ဖြစ်နိုင်ပါသလော။ ထိုအချိန်များအတွင်း နန်းတော်တွင်ရှိသောရွှေပမာဏ မည်မျှများပြားသနည်း။

စစ်မှန်သည်ဟု ကျမ်းပညာရှင်များယူဆသော ရှေးခေတ်ကျောက်စာတစ်ခုတွင် အီဂျစ်ဘုရင် တတိယမြောက်ဖာရောထူးမို့စ် (ဘီစီနှစ်ထောင်) သည် ရွှေ ၁၃.၅ တန်ခန့်ကို ကာနက်မြို့ရှိ အမွန်ရာဗိမာန်၌ ဆက်သကြောင်း ဖော်ပြထားသည်။ ဘီစီရှစ်ရာစုအတွင်း အဆီးရီးယားဘုရင် တတိယမြောက်တိဂလတ်ပိလေသာသည် တုရုမြို့မှ ရွှေ ၄ တန်ကျော်ကို ဆက်ကြေးရပြီး ဒုတိယမြောက်သာဂုန်သည် အလားတူရွှေပမာဏကို ဗာဗုလုန်နတ်ဘုရားများထံ ဆက်သခဲ့သည်။ မက်စီဒိုးနီးယားဘုရင် ဒုတိယမြောက်ဖိလစ် (ဘီစီ ၃၅၉-၃၃၆) သည် သရေးစ်ဒေသရှိ ပန်ဂျာအမ်မိုင်းတွင်းများမှ နှစ်စဉ်ရွှေတန်ချိန် ၂၈ တန်ကျော်ရရှိသည်။

ဖိလစ်၏သား မဟာအလက်ဇန္ဒား (ဘီစီ ၃၃၆-၃၂၃) သည် ပါးရှားနိုင်ငံ၊ စူးစားမြို့ကို သိမ်းပိုက်စဉ် ထိုမြို့မှ ရွှေတန်ချိန်ပေါင်း ၁,၁၈၀ ခန့်နှင့် ပါးရှားတစ်နိုင်ငံလုံးမှ တန်ပေါင်း ၇,၀၀၀ နီးပါးကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ထိုမှတ်တမ်းများနှင့်ယှဉ်လျှင် ဘုရင်ရှောလမုန်၏ရွှေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကျမ်းစာဖော်ပြချက်မှာ အကျယ်ချဲ့ထားခြင်းမဟုတ်ပေ။